ယောင်ယောင်သည် တကယ်ကို ရှမ့်လန်၏ အထူးခြားဆုံး သွေးသားရင်း ဖြစ်ပေသည်။ မိုင်ပေါင်း ထောင်ချီ ဝေးကွာနေသော်လည်း ရှမ့်လန်၏ ပြန်လည်ရှင်သန်မှုကို အာရုံခံနိုင်ခဲ့သည်။ ထို့ကြောင့် မှော်သလင်းကျောက် စွမ်းအင် ထိန်းချုပ်ရေး စင်တာက လွန်ခဲ့သည့် ဆယ်ရက်ခန့်က တွင်းနက် အက်ကွဲကြောင်းထံမှ အချက်ပြမှု ရာပေါင်းများစွာကို လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သူတို့သည် တည်နေရာ ပေါ်သွားမည်ကို မစိုးရိမ်ကြပေ။
အကြောင်းမှာ တွင်းနက် အက်ကွဲကြောင်းသည် ဟိုးအရင်တည်းက ပေါ်နေပြီးသား ဖြစ်သည်။ သို့သော်ငြား ပြီးပြည့်စုံသော ကာကွယ်ရေး စနစ် ရှိနေသဖြင့် အင်ပါယာ ကျန်းလီ၏ စစ်သည်များ ဝင်ရောက်၍ မရနိုင်ချေ။
ဤသည်မှာ ဉာဏ်ပညာနှင့် သိပ္ပံပညာ၏ စွမ်းအားပင် ဖြစ်သည်။ တွင်းနက် အက်ကွဲကြောင်းတွင် ကောင်းကင် စောင့်ကြည့်ရေး ရုပ်တုနှင့် ရှေးဟောင်း စွမ်းအင်ဗဟိုချက် မရှိသော်လည်း စွမ်းအားသည် မိုကျင်းထက် များစွာ သာလွန်သည်။ ၎င်းသည် ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် ရပ်တည်နေခြင်း ဖြစ်သည်။
ရှယ်လီက အကျဉ်းချုပ် ရှင်းပြလိုက်သော်လည်း တွင်းနက်အက်ကွဲကြောင်းသည် မီးနတ်ဘုရားဂိုဏ်း သူပုန်တပ်များ နှင့် အင်ပါယာ ကျန်းလီမှ ရှေးဟောင်း လူသားသစ် ရာပေါင်းများစွာကို အနိုင်ယူခဲ့သည် ဟူသော အချက်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။
ရှမ့်လန် အမိန့်ပေးလိုက်၏။ “မဟာပညာရှင်တွိုင်း... မှတ်တမ်းတင်ထားလိုက်...”
“အမိန့်တော်အတိုင်းပါ အရှင်...” မဟာပညာရှင် တွိုင်းက ဒူးထောက်လိုက်သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဟိုက်ဒရိုဂျင်ဗုံး စီမံကိန်း စတင်မယ်။ နျူကလီးယား ပေါင်းစပ်ခြင်း သီအိုရီတွေ အကုန် ကျုပ် ပေးမယ်။ အချိန်တိုအတွင်းမှာ အစစ်အမှန် လောကပျက် လက်နက်ကို ဖန်တီးရမယ်။ ဒါက မြောက်ဝင်ရိုးစွန်းကို တိုက်ခိုက်ပြီး ကျန်းလီကို အနိုင်ယူမဲ့ ကျုပ်ရဲ့ ဝှက်ဖဲပဲ ဖြစ်တယ်။”
ထိုအချိန်၌ “ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...”
အနက်ရောင် အရိပ်များ လျင်မြန်စွာ ပျံသန်း ဝင်ရောက်လာကြသည်။ “ရန်သူ လာပြီ။ ရန်သူ လာပြီ။ အင်ပါယာကျန်းလီ တိုက်ခိုက်လာပြီ။”
ရှမ့်လန် မျက်လုံးမှိတ်ကာ အလွန်တရာ အားကောင်းသော ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး အက်ကွဲကြောင်း အပြင်ဘက်၊ အဆုံးမဲ့ ပင်လယ်ပြင်နှင့် ကောင်းကင်ယံအထိ ဖြန့်ကြက်လိုက်သည်။ ထို့နောက် သူ မြင်လိုက်ရ၏။
ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားစေသည့် အင်ပါယာကျန်းလီ၏ စစ်တပ်ကြီးသည် တောင်ဘက် တွင်းနက် အက်ကွဲကြောင်းဆီသို့ ဦးတည် ချီတက်လာနေကြသည်။
နဂါးတစ်ကောင်လည်း ပါသည်။ ထိုနဂါးမှာ ရှမ့်လန်အပေါ် သစ္စာရှိခဲ့သော ကျန်းကလန် နဂါးကြီး ဖြစ်သည်။ နဂါးပေါ်တွင် စီးနင်းလာသူမှာ မည်သူနည်း။ ကျန်းလီနှင့် ရုပ်ချင်း ထပ်တူညီနေ၏။
ရှမ့်လန် ချက်ချင်း သိလိုက်သည်။ ၎င်းမှာ ကျန်းလီ မဟုတ်၊ သူ၏ အရိပ် ကိုယ်ပွား ကွေ့ဝူ သာ ဖြစ်သည်။
ရန်သူချင်း ထိပ်တိုက် တွေ့ကြပြီဖြစ်၏။ ရှမ့်လန်သည် မူလက အရှေ့ပိုင်း အင်ပါယာသို့ သွားရောက်ပြီး နဂါးကို ပြန်လည်ရယူကာ ကွေ့ဝူကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်ငြား နဂါးရော၊ ကွေ့ဝူပါ သူ၏အိမ်ပေါက်ဝသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
... ...
“ကျန်းလီရဲ့ အရိပ်ကို သွားတိုက်ကြတာပေါ့။” ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။
မင်းသမီး ကျိရွှမ်က တုံ့ပြန်၏။ “ကောင်းပါပြီ။ ကျွန်မ စစ်သည်တွေကို စုစည်းလိုက်ပါ့မယ်။”
ကွေ့ဝူ၏စစ်တပ် ရောက်လာရန် တစ်နာရီခန့် လိုသေးသည်။ ရှမ့်လန်သည် အက်ကွဲကြောင်း၏ အရေးကြီးသော နေရာများသို့ တည်ငြိမ်စွာ လှမ်းလျှောက် သွားလိုက်သည်။ မည်သည့်နေရာတွင် ရှိနေသည် ဖြစ်စေ၊ အက်ကွဲကြောင်း အောက်ခြေရှိ အမှောင်ပိရမစ်ကြီးကို လှမ်းမြင်နေရသည်။
ရှယ်လီက ဆက်ပြောလိုက်သ။ “အရှင်... ဒီအက်ကွဲကြောင်းကြီးက ဒီလောကမြေရဲ့ ဒဏ်ရာတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျွန်မ ထင်တာ မမှားဘူးဆိုရင် ပထမဆုံး ပျက်သုဉ်းခြင်း ခေတ်က ကျန်ရစ်ခဲ့တာ ဖြစ်မယ်။
ပြီးတော့ ဒီအက်ကွဲကြောင်း အလယ်မှာရှိတဲ့ မျက်လုံးကနေ အလွန်ပြင်းထန်တဲ့ စွမ်းအင် မုန်တိုင်းတွေ မကြာခဏ ထွက်ပေါ်လာပြီး အက်ကွဲကြောင်း တစ်ခုလုံးကို ကပ်ဘေး သက်ရောက်စေခဲ့တယ်။ မင်းသမီးလေး ယောင်ယောင်က ဒီပိရမစ်နဲ့ ပတ်သက်ဆက်နွယ်ပြီး အက်ကွဲကြောင်းရဲ့ အဓိက ဗဟိုစွမ်းအင်ကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ စွမ်းအင်မုန်တိုင်းတွေကို အနိုင်ယူနိုင်ခဲ့ရုံမက တွင်းနက် ပြည်နယ်တစ်ခုလုံးရဲ့ အကြီးမားဆုံး စွမ်းအင် အရင်းအမြစ် ဖြစ်လာခဲ့တယ်။”
ယောင်ယောင် မည်သို့ လုပ်ဆောင်ခဲ့ကြောင်း တွေးကြည့်၍ပင် မရနိုင်ပေ။
“ဂရက်ဂိုရီက ဉာဏ်ကောင်းပေမဲ့ ယောင်ယောင်က ပိုပြီး ထူးချွန်ပါတယ်။ သူက ရှေးဟောင်းကျမ်းစာတွေကို တစ်ခေါက်လောက် ဖတ်ရုံနဲ့ ရေးသားသူတွေထက် ပိုပြီး တိကျစွာ နားလည်နိုင်တယ်။ စွမ်းအင်ရဲ့ အနှစ်သာရကို တိုက်ရိုက် အာရုံခံ နိုင်သူပါ။ ကံမကောင်းတာက သူ့ခန္ဓာကိုယ်က အရမ်း အားနည်းနေတာပါပဲ။ မဟုတ်ရင် သူ့ရဲ့ အောင်မြင်မှုက ဒီထက်မက ကြီးမားနေမှာပါ။”
ရှမ့်လန် အံ့ဩသွားရသည်။ ယောင်ယောင်သည် မည်သည့် နဂါးဉာဏ်အလင်းပွင့်ခြင်းကိုမှ မခံယူထားပေ။ သူသည် ကိုယ့်အားကိုယ်ကိုးသည့် ပါရမီရှင်စစ်စစ် ဖြစ်သည်။ ဘုရင်မ မီဒူဆာ နာလူ၏ ဝိညာဉ် ဉာဏ်ပညာကို အမွေဆက်ခံထားသည် ဆိုသော်လည်း သူသည် လွန်စွာ ထူးချွန်လွန်းနေသည်။
ရှမ့်လန်သည် ဘုရင်မမီဒူဆာနှင့် ထိတွေ့ ဆက်ဆံဖူးသည်။ သူသည် ပြိုင်ဘက်ကင်းသော စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား ရှိသော်လည်း စွမ်းအင် ယဉ်ကျေးမှုနှင့် ပတ်သက်၍ နားလည်မှုမှာ သာမန်မျှသာ ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရှယ်လီ... မင်း ဒီဆယ်စုနှစ်တွေအတွင်းမှာ တော်တော် ပင်ပန်းခဲ့မှာပဲ။”
သူမ တကယ်ပင် ပင်ပန်းခဲ့ရသည်။ မီးနတ်ဘုရားဂိုဏ်း၏ မဟာယဇ်ပုရောဟိတ် ဖြစ်သော်လည်း တော်ဝင်ချန် အင်ပါယာဘက်တွင် ရပ်တည်ပေးခဲ့ရ၏။
ရှယ်လီက ပြုံး၍ ပြောလိုက်သည်။ “မပင်ပန်းပါဘူး။ ကိုယ့် ယုံကြည်ချက်အတိုင်း ရပ်တည်ခဲ့တာပဲလေ။ ကျွန်မတို့ရဲ့ယုံကြည်ချက်က လောကကြီးကို ကယ်တင်ဖို့လို့ ပြောကြတယ်။ လူအများကြီး ဦးနှောက်ဆေး ခံထားရပေမဲ့ ဦးနှောက်ဆေးခံရပြီးနောက်ပိုင်း ယုံကြည်ချက်ကလည်း ယုံကြည်ချက်ပါပဲ။”
ဓာတ်ခွဲခန်းကို ဖြတ်သွားချိန်တွင် ရှမ့်လန်သည် သူ၏ အငယ်ဆုံးသားဖြစ်သူ ဂရက်ဂိုရီကို တွေ့လိုက်ရ၏။ သူသည် ကိုယ်ပိုင် စမ်းသပ်မှုတစ်ခုကို အာရုံစိုက် လုပ်ဆောင်နေသည်။ ဤစမ်းသပ်မှုမှာ အလွန် အဆင့်မြင့် လှသည်။ သူသည် စွမ်းအင်ဒိုင်းငယ်တစ်ခုကို ဖန်တီးနေခြင်း ဖြစ်၏။
‘ဒီကောင်လေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။’
ရှယ်လီက ရှင်းပြသည်။ “အဒေါ့ဖ်ရဲ့ဝိညာဉ်က အရှင်အပေါ် သစ္စာရှိပါတယ်။ တွင်းနက် အက်ကွဲကြောင်းကို ရောက်လာပြီးနောက် သူက ကြီးမားတဲ့ လက်ဆောင်တစ်ခု ယူလာပေးတယ်။ အဲဒါကတော့ မြို့တော်ဖြူရဲ့ စွမ်းအင်ဒိုင်း ပုံကြမ်းပါပဲ။”
ရှယ်လီက ဆက်ပြော၏။ “မီးနတ်ဘုရားဂိုဏ်း ပုန်ကန်မှုအတွင်းမှာ မင်းသမီးလေး ယောင်ယောင် က ရှေးဟောင်းလူသားသစ် သုံးရာကျော်ကို အနိုင်ယူခဲ့တယ်။ သူတို့ ဝိညာဉ် အများစု ထွက်ပြေးသွားပေမဲ့ ဝိညာဉ် တချို့နဲ့ ငရဲသလင်းကျောက်တချို့ကို ဖမ်းဆီးထားနိုင်ခဲ့တယ်။ မဟာပညာရှင်တွိုင်းနဲ့ ဂရက်ဂိုရီ တို့ရဲ့ နောက်ထပ် စီမံကိန်းက ငရဲသလင်းကျောက်ကို နျူကလီးယား ပြိုကွဲခြင်း သုံးပြီး လုံးဝ ဖျက်ဆီးပစ်ဖို့ပါပဲ။ ဒါက ပထမ အဆင့်ပါ။
ဒုတိယအဆင့်ကတော့ ငရဲသလင်းကျောက်၊ မြို့တော်ဖြူ စွမ်းအင်ဒိုင်းနဲ့ နျူကလီးယား ပြိုကွဲခြင်း စွမ်းအင်ကို ပေါင်းစပ်ပြီး နဂါးသွေးခြင်ဆီကို လုံးဝ အစားထိုးနိုင်မဲ့ မကြုံစဖူး စွမ်းအင်ဗဟိုချက် အသစ် တည်ဆောက်ဖို့ပါပဲ။”
ရှမ့်လန် ကြောင်အသွားရသည်။ ရှက်တတ်ပြီး အနေအေးသည့် သားဖြစ်သူကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
‘သူက ဒီလောက်တောင် ပါရမီ ပါသလား။’
ဤသည်မှာ ရှေးဟောင်း ယဉ်ကျေးမှုနှင့် နည်းပညာယဉ်ကျေးမှု၏ အထွတ်အထိပ် ပေါင်းစပ်မှု ဖြစ်ပေလိမ့်မည်။ သူသည် နျူကလီးယား စွမ်းအင်ဗဟိုချက်ကို တည်ဆောက်ပြီး သတ္တုဟိုက်ဒရိုဂျင် စွမ်းအင် ဗဟိုချက်ကို လုံးဝ စွန့်ပစ်ချင်နေခြင်း ဖြစ်သည်။
အဓိက အချက်မှာ ဤနည်းလမ်းသည် သီအိုရီအရ ဖြစ်နိုင်ခြေ ရှိနေသည်။ ငရဲသလင်းကျောက်နှင့် မြို့တော်ဖြူ အမိုးခုံး စွမ်းအင်ဒိုင်းကို အကာအကွယ်အဖြစ် အသုံးပြုပြီး အိမ်မက်ဆိုးကျောက်တုံးနှင့် လျှို့ဝှက်သတ္တုကို လျှပ်ကူးနှင့် ထိန်းချုပ်ရေးစနစ်အဖြစ် အသုံးပြုပါက ဤနျူကလီးယားစွမ်းအင် စက်ပစ္စည်းသည် ကမ္ဘာမြေ ပေါ်ရှိ ပစ္စည်းများထက်ပင် ပိုမို ဘေးကင်း စိတ်ချရပေမည်။
အောင်မြင်သွားပါက ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာသည် ရှေးဟောင်း ယဉ်ကျေးမှုကို လုံးဝ ကျော်တက် သွားပေလိမ့်မည်။ ရှေးဟောင်း စွမ်းအင် ဗဟိုချက် အားလုံးကို စွန့်ပစ်လိုက်နိုင်မည်။ အကြောင်းမှာ ၎င်းတို့သည် ဝန်ပိလွန်းပြီး မကြာခဏ စွမ်းအင် ဖြည့်တင်းပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။
ဤစီမံကိန်းကို ရှမ့်လန် အဆိုပြုခဲ့ခြင်း မဟုတ်သလို လမ်းညွှန်မှုလည်း မပေးခဲ့ပေ။ မဟာပညာရှင် တွိုင်းနှင့် ဂရက်ဂိုရီတို့ ကိုယ်တိုင် တွေးခေါ် ကြံဆခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန် မကြည့်ဘဲ မနေနိုင်တော့ပေ။ ဤသည်မှာ သူ လိုချင်သည့် အနာဂတ် ဖြစ်၏။
နဂါးတွင် သားကိုးယောက် ရှိသည်။ ဤအချက်တွင် ရှမ့်လန်သည် အလွန် ဂုဏ်ယူနိုင်ပေသည်။ သူ၏ သားသမီးအားလုံးသည် အလွန် ထူးချွန်ကြသည်။ ဤသည်မှာ ရှမ့်လန်နှင့် ကျန်းလီကြား အကြီးမားဆုံး ကွာခြားချက် ဖြစ်ပေလိမ့်မည်။ ကျန်းလီ၏ ထိန်းချုပ်လိုစိတ်မှာ ပြင်းထန်လွန်းသည်။ သူသည် အရာအားလုံး ကို ဝါးမျိုပြီး ထိန်းချုပ်ချင်သည်။ အရာအားလုံးကို သူ တစ်ယောက်တည်း လုပ်ဆောင်ချင်သည်။
သို့သော်ငြား ရှမ့်လန်မှာမူ ကွဲပြားသည်။ သူသည် ယဉ်ကျေးမှုနှင့် ဉာဏ်ပညာကို အမှန်တကယ် လွတ်လပ်ခွင့် ပေးခဲ့သူ ဖြစ်သည်။ လူအများစု၏ ဉာဏ်ပညာကို အပြည့်အဝ အသုံးချစေပြီး သူက လမ်းပြရုံ၊ ကာကွယ်ပေးရုံသာ ဆောင်ရွက်ခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “သူက မင်းဘဝရဲ့ ဂုဏ်ယူစရာ ဖြစ်လာမှာပါ။ သူက ထီးနန်းကို ဆက်ခံမှာ မဟုတ်ပေမဲ့ ဒီလောကကြီးရဲ့ သမိုင်းမှာ သူ့နာမည် ကမ္ပည်းတင်ကျန်ရစ်လိမ့်မယ်။”
ထိုစကားကို ကြားချိန်မှာတော့ ရှယ်လီသည် အလွန် ပျော်ရွှင်သွားပြီး ရှမ့်လန်ကို ကိုင်းညွှတ်ကာ နမ်းလိုက်သည်။ သူမ အသက် မငယ်တော့ပေ။
ရှမ့်လန် နိုးထလာပြီးနောက် မင်းသမီးနင်ဟန်သည် ငယ်ရွယ်နုပျိုပြီး ပိုမို လှပလာကြောင်း တွေ့ရသည်။ ယောင်ယောင်လေးသည်လည်း ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကဲ့သို့ ဖြစ်နေ၏။
သို့သော်ငြား ရှယ်လီနှင့် မင်းသမီး ကျိရွှမ်တို့ အပေါ်တွင် အချိန်ကာလ၏ ခြေရာလက်ရာများ ထင်ကျန်နေခဲ့ပြီ ဖြစ်သည်။ ရှမ့်လန် ကိုယ်တိုင်လည်း အပါအဝင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်နှင့် မျက်နှာသည် အသက် ၃၀ ထက် မပိုသော လူရွယ် တစ်ဦးကဲ့သို့ နုပျိုနေဆဲ ဖြစ်သော်လည်း သူ၏ အကြည့်နှင့် ကိုယ်ရောင်ကိုယ်ဝါမှာ အသက် ၂၀ ကျော် လူငယ်တစ်ဦးနှင့် မတူတော့ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မဖြစ်ခင်က ငါ မျှော်လင့်ချက် မျိုးစေ့တွေ အများကြီး စိုက်ပျိုးခဲ့တယ်။ အဲဒီ မျိုးစေ့တွေ အကုန်လုံး ပွင့်လန်းလာခဲ့ပြီ။ မင်း ပိုင်ဆိုင်ထားတဲ့ အပွင့်ကတော့ အတောက်ပဆုံးနဲ့ အလန်းဆန်းဆုံးပါပဲ။ ကဲ... ကွေ့ဝူ ကို သွားတွေ့လိုက်ကြရအောင်။”
တွင်းနက် အက်ကွဲကြောင်း အထက် ပင်လယ်ပြင်၌ ...
“ဝုန်း... ဝုန်း... ဝုန်း.. ဝုန်း...”
မူလက တည်ငြိမ်နေသော ပင်လယ်ပြင်သည် ရုတ်တရက် လှိုင်းထန်လာသည်။ ထို့နောက် ပင်လယ်ရေထု သည် ဘီလူးကြီးများ သဏ္ဍာန် စုစည်းလာပြီး စစ်သည်တော် ထောင်ပေါင်းများစွာကဲ့သို့ ပင်လယ်ပြင်ပေါ်တွင် မတ်မတ် ရပ်လိုက်ကြသည်။
ထိုအချိန်၌ “ရွှစ်... ရွှစ်... ရွှစ်... ရွှစ်... ရွှစ်...”
မရေမတွက်နိုင်သော ကောင်းကင်ခံတပ်များသည် တွင်းနက် အက်ကွဲကြောင်းထဲမှ ပျံသန်း ထွက်ခွာလာ ကြသည်။ ဤကောင်းကင်ခံတပ်များသည် အင်ပါယာကျန်းလီရှိ ခံတပ်များလောက် မကြီးမားသော်လည်း အလွန် လျင်မြန်စွာ ပျံသန်းနိုင်ကြသည်။ သို့သော်ငြား လက်ရှိတွင် ထိုအရာတို့သည် ရွေ့လျားရန် ရှေးဟောင်း စွမ်းအင် ဗဟိုချက်ကို အားကိုးနေရဆဲ ဖြစ်သည်။ အင်ပါယာကျန်းလီ၏ ခံတပ်များထက် ခေတ်နောက်ကျသည်ဟု ဆိုနိုင်၏။
သို့သော်ငြား အသုံးပြုထားသော ပစ္စည်းများမှာ အလွန် ခေတ်မီသည်။ အကြောင်းမှာ တွင်းနက် အက်ကွဲကြောင်းထဲတွင် အလွန် ဆန်းကြယ်သော သတ္တုရိုင်း တစ်မျိုး ရှိနေသောကြောင့်ပင်။ ထိုအရာမှာ ‘အထူး လျှပ်ကူး သံလိုက် သတ္တုရိုင်း’ ပင် ဖြစ်သည်။ ဤအရာကြောင့်ပင် တွင်းနက် အက်ကွဲကြောင်း၌ ဤမျှ ရှုပ်ထွေးဆန်းကြယ်သော စွမ်းအင်ကွင်းများ ရှိနေပြီး စွမ်းအင် မုန်တိုင်းများ အချိန်မရွေး ပေါက်ကွဲထွက်လာ တတ်ခြင်း ဖြစ်သည်။
ဤအထူးသတ္တုကို ကောင်းကင်ခံတပ်များ၏ အပြင်ခွံနှင့် အိမ်မက်ဆိုးကျောက်တုံး ထိန်းချုပ်ရေး ဗဟိုချက် အဖြစ် အသုံးပြုခြင်းသည် အလွန် ပြောင်မြောက်သော လုပ်ဆောင်မှုပင် ဖြစ်သည်။ ထို့ကြောင့် စွမ်းအင် ဗဟိုချက်သည် အင်ပါယာကျန်းလီလောက် မပြင်းထန်သော်လည်း တွင်းနက်အက်ကွဲကြောင်းမှ ကောင်းကင် ခံတပ်များသည် ပိုမို လျင်မြန်စွာ ပျံသန်းနိုင်ကြ၏။
ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာသည် ကောင်းကင်ယံတွင် စီတန်းလျက် စစ်ကြောင်းပုံစံ ဖွဲ့လိုက် ကြသည်။ ထို့နောက် ရှမ့်လန်သည် တချောင်ကို စီးနင်းလျက် ကောင်းကင်သို့ ဖြည်းညင်းစွာ ပျံတက်သွား လိုက်သည်။
မြောက်ဘက်တွင် ကွေ့ဝူသည် အင်ပါယာကျန်းလီ၏ သိန်းပေါင်းများစွာသော စစ်တပ်ကြီးကို ဦးဆောင်၍ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်သည်။ မိုင်တစ်ရာခန့်အကွာသို့ ရောက်ချိန်မှာတော့ ကွေ့ဝူ လက်ဝှေ့ယမ်းလိုက်ရာ အင်ပါယာ ကျန်းလီ၏ စစ်တပ်ကြီး ရပ်တန့်သွားသည်။
သူတို့ဘက်တွင်လည်း ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာ ပါဝင်ပြီး အင်ပါယာကျန်းလီ၏ ခံတပ်များမှာ ပိုမို ကြီးမားသည်။ ကောင်းကင်ခံတပ် တစ်ခုစီသည် ရဲတိုက်ကြီး တစ်ခုမျှ ရှိသည်။ ထိုခံတပ်များ၏ စွမ်းအင် စနစ်မှာ ပိုမို ရှုပ်ထွေးသည်။ ရှေးဟောင်း စွမ်းအင် ဗဟိုချက်နှင့် ငရဲသလင်းကျောက် ဗဟိုချက်တို့ ပါဝင်၏။
အင်ပါယာကျန်းလီ၏ ကောင်းကင်ခံတပ်များတွင် အားအကောင်းဆုံးအချက်မှာ ငရဲသလင်းကျောက် စွမ်းအင်ဒိုင်းပင် ဖြစ်သည်။ မည်သည့် လက်နက်ကမှ ဖောက်ထွင်း၍ မရနိုင်သလောက်ပင်။
အင်ပါယာ ကျန်းလီ၏ ကြီးမားသော ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာသည် မိုင်ရာချီ ရှည်လျားစွာ တန်းစီနေ ကြသည်။ ပျံသန်းလာချိန်မှာတော့ နေရောင်ခြည်ပင် မထိုးဖောက်နိုင်တော့ပေ။
သို့သော်ငြား သူတို့သည် နဂါးကြီးနှင့် ကွေ့ဝူကို မတွေ့ရချေ။ နောက်တစ်ခဏ၌ ...
“ဝုန်း...” ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်တစ်ခုလုံး တွန့်လိမ် ရှုံ့တွသွားသကဲ့သို့ ဖြစ်သွားပြီး ပင်လယ်ပြင် တစ်ခုလုံး တုန်ခါသွားသည်။
နဂါးကြီးသည် တခဏချင်းမှာပဲ သူတို့ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။ ကွေ့ဝူသည် နဂါးကြီးကို စီးနင်းထား၏။ သူသည် ကျန်းလီ၏ မျက်နှာကို ယူထားဆဲပင်။
“အရှင်ရှမ့်လန်... နေကောင်းလား။” ကွေ့ဝူက နှုတ်ဆက်လိုက်သည်။
ရှမ့်လန်က ပြန်ပြော၏။ “သူက ခင်ဗျားကို သူ့မျက်နှာနဲ့ ပေးထွက်တယ်ပေါ့။”
ကွေ့ဝူက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်းလည်း ကိုယ်ပွားမှန် ရှိနေတာကို ဂရုမစိုက်ဘူး မဟုတ်လား။”
***