မင်္ဂလာအခမ်းအနား ပြီးဆုံးပြီးနောက် ရှစ်ချင်းချင်း၏ စိတ်ခံစားချက်များသည် အနည်းငယ် ငြိမ်သက် သွားခဲ့သည်။
ထိုအချိန်၌ ရှမ့်လန်နှင့် ကျန်းလီတို့၏ နောက်ဆုံးတိုက်ပွဲ စတင်ရန် ခြောက်ရက်သာ လိုတော့သည့် အချိန် ဖြစ်၏။
နောက်တစ်နေ့တွင် ရှမ့်လန်နှင့် ရှစ်ချင်းချင်းတို့သည် ရွှမ်ဝူမြို့ထဲ၌ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ဤနေရာရှိ အဆောက်အအုံအများစုမှာ ပျက်စီးသွားခဲ့ရသော်လည်း ယခုအခါ အားလုံးကို ပြန်လည် တည်ဆောက် ထားခဲ့ကြပြီး ဖြစ်သည်။ အဆောက်အအုံများသည် စွမ်းအင်သစ် ယဉ်ကျေးမှု၏ ပုံစံနှင့် လုံး ကိုက်ညီမှု ရှိသည်။ ပြောင်းလဲခြင်းမရှိသည့် တစ်ခုတည်းသော အရာမှာ ကျင်းမိသားစု၏ ရွှမ်ဝူ အိမ်တော်သာ ဖြစ်သည်။ သူတို့နှစ်ဦး သည် ရွှမ်ဝူမြို့မှနေ၍ နယ်စားကြီး အိမ်တော်သို့ လမ်းလျှောက်လာခဲ့ကြသည်။
ရှစ်ချင်းချင်းက ရုတ်တရက် ပြောလိုက်၏။ “အရင် လောကကြီးက ပိုကောင်းပါတယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဘာလို့လဲ။”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “အရင် လောကကြီးက လွတ်လပ်မှု ပိုရှိတယ်။ ကျွန်မတို့ လိုချင်တာ မှန်သမျှ လုပ်လို့ရတယ်။ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်။ ဒီလောကမှာတော့ လူတိုင်းက တာဝန်တစ်ခု အတွက် တိုက်ခိုက်နေကြရတယ်။ လူနည်းစုကလွဲရင် ကျန်တဲ့လူတွေအကုန်လုံးက တန်ဖိုးမဲ့သွားသလိုပဲ။ စက်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားသလိုပဲ။”
ရှစ်ချင်းချင်း သက်ပြင်းချမိသည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူမသည် ကုန်သည်တစ်ဦးဖြစ်ပြီး ဤလောကတွင် တော်ဝင်ချန်အင်ပါယာဖြစ်စေ၊ ကျန်းအင်ပါယာဖြစ်စေ ကုန်သည်များအတွက် နေရာမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသုံးကုန်ပစ္စည်း အားလုံးကို ခွဲဝေဖြန့်ဖြူးပေးထားပြီး လူတိုင်းနီးပါးတွင် ကိုယ်ပိုင် တာဝန်များ ရှိကြကာ အမိန့်ကို နာခံကြရသောကြောင့် ဖြစ်သည်။
စွမ်းအင်တစ်စက်မှ အလေအလွင့် အဖြစ်ခံ၍ မရသကဲ့သို့ ကုန်ထုတ်စွမ်းအားတစ်ခုမှလည်း အဆုံးရှုံးခံ၍ မရပေ။ ထို့ကြောင့် လူတိုင်းသည် ဧရာမ စက်ကြီးတစ်လုံး၏ အစိတ်အပိုင်းများသဖွယ် အမှန်တကယ် ဖြစ်နေကြခြင်းပင်။ အားလုံးတို့သည် မိမိတို့ကိုယ်ကို ဝက်အူရစ်ကလေးများသဖွယ် ခံစားနေကြရ၏။
ရှစ်ချင်းချင်းက တိုးညှင်းစွာ ပြောလိုက်သည်။ “ကျွန်မ အဖမ်းခံရပြီးနောက် အေးခဲတိုက်ထဲ ရောက်သွား ခဲ့တယ်။ မူလန် နဲ့ ချောင်ယောင်းအာ တို့ကို မတွေ့ရဘူး။ စိတ်မကောင်းပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ကိစ္စ မရှိပါဘူး။”
ထို့နောက် သူသည် သူ၏ ခြံဝင်းဆီသို့ ပြန်လျှောက်သွားပြီး ရန်သူများ၏ အမည်စာရင်းရှေ့တွင် ရပ်လိုက်သည်။ သူသည် စာရင်းပေါ်တွင် ကျန်ရှိနေသေးသော တစ်ခုတည်းသော အမည်ကို ကြည့်လိုက်သည်။
“ကျန်းလီ”
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် ထိုအမည်ကို ဖျက်ပစ်လိုက်၏။
ရှစ်ချင်းချင်းက မေးလိုက်သည်။ “ဘာလဲ။ ရှင် အမုန်းတရားတွေကို လွှတ်ချလိုက်ပြီလား။”
ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။”
သူက ဆက်ပြောသည်။”ဒီတစ်ခါ အဆုံးအဖြတ် တိုက်ပွဲမှာ နိုင်ခဲ့ရင် ရန်သူ သေသွားမှာပဲ။ တကယ်လို့ ရှုံးခဲ့ရင် ဒီရန်သူ့နာမည်ကို ဒီမှာထားတာက ဘာအဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူးလေ။”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “ယောက်ျား ... အရူးတစ်ယောက်ရဲ့ အားသာချက်က ဘာလဲဆိုတာ ရှင် သိလား။”
ရှမ့်လန် ပြန်မေးလိုက်သည်။ “ဘာလဲ။”
ရှစ်ချင်းချင်းက ပြောလိုက်၏။ “သူ့မှာ ရူးသွပ်တဲ့ အာရုံခံစားမှုမျိုး ရှိတယ်။ ပြီးတော့ သူ့စကားတွေအတွက် သူ တာဝန်ယူစရာ မလိုဘူး။”
ရှမ့်လန် ပြောလိုက်သည်။ “ပြောပါအုံး။”
ရှစ်ချင်းချင်းက ထပ်ပြော၏။ “ကျွန်မ ထင်တယ်။ ရှင် အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့။”
ထိုစကားကိုပြောချိန်တွင် သူမသည် အလွန် လေးနက်တည်ကြည်နေသည်။ သူမသည် ရှမ့်လန်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။
ရှမ့်လန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်းရဲ့ မင်္ဂလာရှိတဲ့ စကားတွေအတွက် ကျေးဇူးပါပဲ။”
... ...
မြောက်ဝင်ရိုးစွန်း၌ ကျန်းလီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည့် ရှမ့်လန်၏ နောက်ဆုံးတိုက်ပွဲ ရောက်ရှိရန် သုံးရက်သာ လိုတော့၏။
မဟာပညာရှင်တွိုင်းက ပြောလိုက်သည်။ “အရှင်... ဟိုက်ဒရိုဂျင် ဗုံးတွေ အားလုံး ထုတ်လုပ်ပြီးပါပြီ။”
သူက ဆက်ပြောလိုက်၏။ “အရှင်က အလုံးတစ်ရာဆို လုံလောက်ပြီလို့ ပြောခဲ့ပေမဲ့ ကျုပ်တို့ စုစုပေါင်း ငါးရာ ထုတ်လုပ်ခဲ့ပါတယ်။”
တန်ချိန် တစ်သန်း အဆင့်ရှိသော ဟိုက်ဒရိုဂျင် ဗုံး အလုံးငါးရာ ဖြစ်သည်။ ပေါက်ကွဲအားသည် ပြင်းအားမြင့်ယမ်း တန်ချိန် သန်းငါးဆယ်နှင့် ညီမျှသည်။
ဤစွမ်းအားသည် ပြိုင်ဘက်ကင်းဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ နိုင်ငံတစ်နိုင်ငံကို လုံးဝ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ အကယ်၍ ဤဟိုက်ဒရိုဂျင်ဗုံး ငါးရာသာ မြောက်ဝင်ရိုးစွန်းတွင် ပေါက်ကွဲခဲ့ပါက၊ မြောက်ဝင်ရိုးစွန်း၏ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာသည် အဆုံးမဲ့ မီးလျှံများ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
ထိုအရာသည် မရေမတွက်နိုင်သော ငရဲသလင်းကျောက်များကို အရည်ပျော်သွားစေနိုင်ပြီး စတုရန်း ကီလိုမီတာ သိန်းချီ ကျယ်ဝန်းသော စွမ်းအင်လေဟာနယ်တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည်။ ငရဲသလင်းကျောက်များကို ဖိနှိပ်ထားရန် ထိုပမာဏသည် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးစီသည် တန်ချိန် နှစ်ဆယ်ကျော် လေးလံရာ အလုံးငါးရာဆိုလျှင် တန်ချိန် တစ်သောင်း ရှိပေလိမ့်မည်။
ဤလောက၌ ဤမျှလေးလံသောဝန်ကို သယ်ဆောင်နိုင်သည့် ကောင်းကင်ခံတပ်ရှိမည် မဟုတ်ချေ။ အကယ်၍ ဟိုက်ဒရိုဂျင်ဗုံးများကို မြောက်ဝင်ရိုးစွန်းသို့ သယ်ဆောင်သွားလိုပါက အနည်းဆုံး ဧရာမ ကောင်းကင် ခံတပ် အစင်းတစ်ရာခန့် လိုအပ်ပေလိမ့်မည်။
သို့သော်ငြား မြောက်ဝင်ရိုးစွန်းသည် ကျန်းလီ၏ပိုင်နက်နယ်မြေ ဖြစ်သည်။ ထိုနေရာတွင် အလွန်များပြားသော ငရဲသလင်းကျောက်များ ရှိနေပြီး တော်ဝင်ချန်အင်ပါယာ၏ ကောင်းကင်ခံတပ်များ သည် ထိုနေရာသို့ မရောက်ရှိမီမှာပင် ပျက်စီးသွားကြပေလိမ့်မည်။ ထို့ကြောင့် ဤဟိုက်ဒရိုဂျင်ဗုံး အလုံးငါးရာ ကို နဂါးတစ်ကောင်ထံသို့ အပ်နှံရပေမည်။
ရှမ့်ရိလုံသည် သွားဖြဲ၍ ရယ်မောပြီး တန်ချိန် တစ်သောင်းခန့် ရှိသော ဟိုက်ဒရိုဂျင်ဗုံး တောင်ပုံရာပုံကြီးကို ကြည့်လိုက်သည်။ ထိုအရာတို့ကို မြောက်ဝင်ရိုးစွန်းသို့ သယ်ဆောင်သွားရန် ပြဿနာ မရှိသော်လည်း အနည်းငယ်တော့ ကို့ရို့ကားယား နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ဝင်ရိုးစွန်းသို့ မပျံသန်းမီ ဤဟိုက်ဒရိုဂျင်ဗုံးများကို သူ၏ ဗိုက်ထဲသို့ အကုန်အစင် မျိုချထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
ကျိလုံအာသည်လည်း မြောက်ဝင်ရိုးစွန်းသို့ လိုက်ပါ တိုက်ခိုက်လိုသော်လည်း ရှမ့်လန်က သူမကို ခေါ်သွား၍ မရနိုင်ပေ။ ဤတိုက်ပွဲကြီး၏ အဆင့်အတန်းသည် မြင့်မားလွန်းလှပြီး ကျိလုံအာသည် အဆင့်မြင့် နဂါး နားလည်သဘောပေါက်ခြင်းဖြင့် ပြန်လည်မွေးဖွားမှုကို မရရှိထားသောကြောင့် ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
ရှမ့်လန်က ပြောလိုက်သည်။ “ရိလုံ .... စမ်းကြည့်လိုက်။”
ရှမ့်ရိလုံသည် သခင်ဖြစ်သူကို သနားစရာမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ကျိလုံအာဘက်သို့ လှမ်းဟိန်းလိုက်သည်။ အဓိပ္ပာယ်မှာ “မြန်မြန် သွားစမ်းပါ။ ကျုပ်ရဲ့အရှက်ရစရာ မြင်ကွင်းကို အမြင်မခံနိုင်ဘူး။” ဟူ၍ ဖြစ်၏။
ကျိလုံအာသည် ပွဲကြည့်ရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရင်း ထိုနေရာ၌ တုံးအစွာ ရပ်နေဆဲ ဖြစ်သည်။ ရှမ့်ရိလုံ သည် ရှေ့သို့တိုးသွားပြီး အမြီးဖြင့် ကျိလုံအာ၏ လည်ပင်းကို ရစ်ပတ်ကာ တိုက်ရိုက်ပင် ဆွဲခေါ်သွားလိုက်သည်။ ဤတစ်ကြိမ်တွင်မူ မိုင်ထောင်ချီ ဝေးကွာသည့် နေရာအထိ ပျံသန်းသွားခဲ့ခြင်း ဖြစ်သည်။ အတိုချုပ် ပြောရလျှင် ဤနဂါးမလေးကို သူ၏ အရှက်ရစရာ မြင်ကွင်းအား အမြင်မခံချင်ပေ။
ကျိလုံအာကို မောင်းထုတ်ပြီးနောက် ရှမ့်ရိလုံ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာပြီး အဆုံးအစမဲ့ ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။ သူသည် ဧရာမ နဂါးပါးစပ်ကြီးကို ဖွင့်ဟ၍ စုပ်ယူပြီး ဟိုက်ဒရိုဂျင်ဗုံး အလုံးငါးရာကို သူ၏ ဗိုက်ထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။
တစ်စက္ကန့်အတွင်းမှာပဲ အားလုံး ပြီးစီး သွားခဲ့၏။ ထို့အပြင် အပြင်ပန်းမှကြည့်လျှင် ရှမ့်ရိလုံသည် လုံးဝ ပြောင်းလဲသွားပုံ မရသကဲ့သို့ စပါးအုံးမြွေက သိုးတစ်ကောင်ကို မျိုထားသလို ဖောရောင်နေသည့် ပုံစံမျိုးလည်း မရှိပေ။
ရှမ့်လန်သည် လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ “မဆိုးဘူး။ မဆိုးဘူး။”
သူက ဆက်ပြောလိုက်၏။ “နောက်သုံးရက်နေရင် ငါတို့ ဒီပုံစံအတိုင်း မြောက်ဝင်ရိုးစွန်းကို သွားကြမယ်။”
“ဖြောင်း ဖြောင်း ဖြောင်း...” ရှမ့်လန် လက်ခုပ်တီးပြီးသည့်နောက်တွင် လက်ခုပ်သံများ ထပ်မံ ထွက်ပေါ်လာခဲ့ သည်။
ရှမ့်ရိလုံ၏ မျက်လုံးများက လက်ခုပ်သံ ထွက်ပေါ်ရာ အရပ်သို့ လျှပ်စီးလက်သကဲ့သို့ ကြည့်လိုက်၏။ နောက်ဆုံးတွင်မူ ထိုအရာသည် တချောင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ တချောင်သည် သူ့ကို ဖားလိုသော အကြည့်ဖြင့် ကြည့်ကာ အစွမ်းကုန် အားစိုက်၍ အတောင်ပံများကို ရိုက်ခတ် လက်ခုပ်တီးနေခြင်း ဖြစ်သည်။
‘မင်းနဲ့ ဘာဆိုင်လို့လဲ။ မင်းက ဘာကိစ္စ ဒီလာပြီး ပွဲကြည့်နေရတာလဲ။’
ရှမ့်ရိလုံသည် ဟိန်းဟောက် ခြိမ်းခြောက်လိုက်ချင်သော်လည်း မေ့ထားလိုက်တော့သည်။ သူက ဘာကိစ္စ ငှက်အ တစ်ကောင်နှင့် ဖက်ပြီး အဆင့်အတန်း နှိမ့်ချ ရန်လုပ်နေရမည်နည်း။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ ရိလုံ... မင်း အရင် ပြန်ထွေးထုတ်ထားလိုက်အုံး။ သုံးရက်နေမှ ပြန်မျိုချပေါ့။”
ရှမ့်ရိလုံ ခေါင်းခါလိုက်သည်။ မျိုချပြီးမှတော့ ဗိုက်ထဲမှာပဲ ထားလိုက်တော့မည်။ ပြန်ထွေးထုတ်ပြီး သုံးရက်ကြာမှ ပြန်မျိုချရလျှင် ပို၍ပင် အရှက်ရစရာ ကောင်းနေပေလိမ့်မည်။
ရိလုံသည် ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာပြီး ပင်လယ်ရေအောက်သို့ တိုးဝင်သွားကာ ပင်လယ်ရေဖြင့် သူ၏ခန္ဓာကိုယ်ကို လုံးဝ ဖုံးကွယ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ မြောက်ဝင်ရိုးစွန်းသို့ မထွက်ခွာမီ အပြင်ထွက်လာတော့မည် မဟုတ်ပေ။
ရှမ့်လန် မြောက်ဝင်ရိုးစွန်းသို့ မထွက်ခွာမီ ဒုတိယနောက်ဆုံးနေ့၌ တော်ဝင်ချန်အင်ပါယာ၏ အတိုင်ပင်ခံ လွှတ်တော်၌ အစည်းအဝေးငယ် တစ်ခု ပြုလုပ်ခဲ့သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အကြိမ်ကြိမ် ပျောက်သွားခဲ့ဖူးတယ်ဆိုတာ အားလုံး သိတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျုပ် အသက်ရှင်လျက် ပြန်ရောက်လာခဲ့တယ်။”
သူက ဆက်ပြောလိုက်သည်။ “အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က မြောက်ဝင်ရိုးစွန်း အပြောင်းအလဲကြီး တုန်းကပေါ့။ လူတိုင်းက ကျုပ်သေပြီလို့ ထင်ခဲ့ကြပေမဲ့ နောက်ဆုံးမှာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။”
အရေးပါသော အရာရှိကြီးအားလုံးသည် ရှမ့်လန် ပြောသည်ကို တိတ်ဆိတ်စွာ နားထောင်နေကြပြီး မည်သည့် စကားမှ မဆိုကြပေ။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “အရင်တုန်းက ကျုပ်က လမ်းလျှောက်သင်ကာစ ကလေးလေးလိုပဲ။ ကျုပ် နောက်မှာ အမြဲတမ်း လူကြီးတစ်ယောက် ရှိနေခဲ့တယ်။ ကျုပ်ကို အချိန်တိုင်း ကာကွယ်ပံ့ပိုးပေးခဲ့ကြတယ်။ အရေးကြီးတဲ့အချိန်တွေဆိုရင် ကျုပ်ကို ကယ်ဖို့ သူတို့အသက်ကိုတောင် စတေးခဲ့ကြတယ်။ သူတို့က အချိန်တိုင်း ပေါ်မလာခဲ့ကြလို့ ခင်ဗျားတို့အားလုံး သူတို့ရှိမှန်း မသိခဲ့ကြပေမဲ့ပေါ့။”
ရှမ့်လန် ဤစကားများကို ပြောလိုက်ချိန်မှာတော့ လူအချို့၏ ပုံရိပ်များသည် သူ၏စိတ်ထဲတွင် ပေါ်လာခဲ့ သည်။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်၊ ဘုရင်မ မီဒူဆာနှင့် ဆရာကြီး ခေးအော့စ်တို့ပင်။
ရှမ့်လန် တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့အားလုံး လုံးဝ ပေးဆပ်စတေးခဲ့ကြပြီးပြီ။ ဒါကြောင့် အရေးကြီးတဲ့အချိန်မှာ ကျုပ်ကို ကယ်တင်မယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။”
သူက ဆက်ပြောလိုက်၏။ “ဒီတစ်ခါ ကျန်းလီနဲ့ အဆုံးအဖြတ်တိုက်ပွဲမှာ ကျုပ်ကိုကျုပ် လုံးဝ အားကိုး ရတော့မယ်။”
သူက ဆက်ပြောပြန်သည်။ “ကျုပ်ဆိုလိုချင်တာက ကျုပ်နဲ့ ကျန်းလီကြားက တိုက်ပွဲမှာ တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်လိမ့်မယ်။ တကယ်လို့ ကျုပ်ပြန်မလာနိုင်ခဲ့ရင် နောက်ထပ် ဘာအံ့ဖွယ်ရာမှ ရှိလာတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ခင်ဗျားတို့အားလုံး ဒီအမှန်တရားကို လက်ခံကြရလိမ့်မယ်။”
လူတိုင်း၏ မျက်နှာအမူအရာများသည် အလွန်တရာ လေးနက်တည်ကြည် သွားကြ၏။
ရှမ့်လန်သည် နန်းဆောင်သခင် ကျိုးရှီကို ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျုပ် ပြောခဲ့သလိုပဲ။ ကျုပ် နိုင်ခဲ့ရင် အနာဂတ်က ကျုပ်လမ်းစဉ်အတိုင်း ဖြစ်လာလိမ့်မယ်။ ကျုပ် ရှုံးခဲ့ရင်တော့ ဒီလောကကြီးကို ကျန်းလီလက်ထဲ လုံးဝ အပ်လိုက်ရုံပဲ ရှိတော့တယ်။ ကျုပ် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ အဲဒီအချိန်ကျရင် မြေမှုန့်က မြေမှုန့်ဆီသို့ ပြန်သွားရုံပဲ ရှိတော့တယ်။ လောကကြီးရဲ့ ကိစ္စတွေကို ကျုပ် ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ခင်ဗျားတို့အားလုံး ဘာလုပ်ကြမလဲ။”
သူက ဆက်ပြောလိုက်၏။ “ကျုပ် အကြံပေးချက်ကို နားထောင်ပါ။ အသက်ရှင်နေထိုင်ခြင်းက ဘာနဲ့မှ မလဲနိုင်အောင် အရေးကြီးတယ်။ ခင်ဗျား အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေအုံးမှာပဲ။”
ချက်ချင်းပဲ ကျူးဟုန်ရွှဲ့က အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “အရှင်... အဲဒီလို စကားမျိုး မပြောပါနဲ့။ အရှင် သေချာပေါက် နိုင်မှာပါ။ အရင်ကလည်း ဒီလိုပါပဲ။ အခုလည်း ဒီလိုပဲ ဖြစ်ရမယ်။ အနာဂတ်မှာလည်း ဒီလိုပဲ ဖြစ်ရပါလိမ့်မယ်။ တကယ်လို့ အရှင်သာ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် ကျုပ်လည်း မြေမှုန့်က မြေမှုန့်ဆီ ပြန်တဲ့လမ်းကိုပဲ လျှောက်လှမ်းလိုက်ပါတော့မယ်။”
ရှမ့်လန်က အပြုံးဖြင့် ပြောလိုက်၏။ “ပုံမှန်အားဖြင့်တော့ အဆိုးဆုံး စကားကို အရင်ပြောရစမြဲပဲ။ ဒါကြောင့် အဆိုးဆုံး အခြေအနေကို ကျုပ် ပြောပြရတာပေါ့။ ခင်ဗျားတို့အားလုံးအပေါ်ထားတဲ့ ကျုပ်ရဲ့ မျှော်လင့်ချက်က တစ်ခုတည်းပါ။ နောက်ဆုံးတိုက်ပွဲမှာ ကျုပ် ပြန်မလာနိုင်ရင်တောင် ခင်ဗျားတို့အားလုံး အသက်ရှင်ဖို့ ကြိုးစားကြပါ။”
“ဒါပေမဲ့...”
ရှမ့်လန် ပြုံးလိုက်သည်။ “ကျန်းလီရဲ့အင်အားက ကျုပ်ထက် အဆပေါင်း တစ်သောင်းမက သာလွန်နေရင်တောင် ဒီတိုက်ပွဲကို ကျုပ် နိုင်ကောင်း နိုင်,နိုင်ပါသေးတယ်။ အနာဂတ်အတွက် အမြဲတမ်း မျှော်လင့်ချက် ပြည့်ဝနေခြင်းက ကျုပ်တို့ တော်ဝင်ချန်အင်ပါယာရဲ့ ရိုးသားဖြူစင်မှုပဲ မဟုတ်လား။”
သူက နိဂုံးချုပ်လိုက်၏။ “ဒီလောက်ပါပဲ။ အစည်းအဝေး ပြီးပြီ။”
***