မြောက်ဝင်ရိုးစွန်းတွင် ကျန်းလီနှင့် ယှဉ်ပြိုင်ရမည့် ရှမ့်လန်၏ တိုက်ပွဲမတိုင်မီ နောက်ဆုံးနေ့...
ဤနေ့တွင် မိသားစုတစ်ခုလုံး၌ သူ၏တာဝန်တစ်ခုတည်းသာ ရှိသည်။ ကောင်မလေး ရှမ့်နန်နန်ကို ရေခဲမုန့် လုပ်နည်း သင်ပေးရန်နှင့် ညစာကောင်းကောင်း ချက်ပြုတ်ရန် ဖြစ်သည်။
နေ့လယ်မှ ညအထိ မိသားစု တစ်ခုလုံး ဘာကိုမှ ဂရုမစိုက်ဘဲ အတူတကွ နေထိုင်ခဲ့ကြ၏။ မိသားစုတစ်ခုလုံး အလုပ် လုပ်ကြရ၏။ အလုပ်အများဆုံး သိပ္ပံပညာရှင် ဂရက်ဂိုရီကိုပင် အတင်း ဆွဲခေါ်လာခဲ့ကြသည်။ သူသည် သူ၏ ဓာတ်ခွဲခန်းမှ နိုက်ထရိုဂျင် အရည်များကိုပါ ယူဆောင်လာခဲ့ရသည်။ နိုက်ထရိုဂျင် အရည် မပါသော ရေခဲမုန့်က ပြည့်စုံမှု မရှိနိုင်၍ပင်။
ဂရက်ဂိုရီသည် ထိုအချိန်တွင် ကြက်ဥ ခေါက်နေရသည်။ သူ၏ အကြည့်နှင့် မျက်နှာအမူအရာသည် ရှင်သန်ရန် မျှော်လင့်ချက် ကုန်ဆုံးနေသကဲ့သို့ ဖြစ်နေသည်။ သူ၏နှလုံးသား ကွဲအက်သံကိုပင် သူ ပြန်ကြား နေရသလိုပင်။
‘အလဟဿ ဖြစ်သွားတဲ့ မိနစ်တိုင်း စက္ကန့်တိုင်းကို စမ်းသပ်မှုတွေ၊ တွေးခေါ်မှုတွေအတွက် အသုံးပြုလိုက်ရင်၊ ဘယ်လောက် ကောင်းလိုက်မလဲ။ အခုတော့ ခင်ဗျားတို့က ကျုပ်ကို ကြက်ဥ ခေါက်ခိုင်းနေတယ်ပေါ့။ ဘဝတစ်ခုလုံးကို ဖြုန်းတီးလိုက်တာပဲ။’
ရှယ်လီက မေးလိုက်သည်။ “ငါးနှစ်တောင် ရှိပြီ။ သား အိမ်ပြန်ခဲ့ဖူးလား။”
သူမက ဆက်ပြောလိုက်၏။ “သား... ဒီငါးနှစ်အတွင်းမှာ ဒါက ငါတို့သားအမိ အကြာကြီး တွေ့ဆုံရတဲ့ ပထမဆုံးအကြိမ်ပဲ မဟုတ်လား။”
ဂရက်ဂိုရီက ပြောလိုက်သည်။ “သား မှတ်မိသလောက်ဆိုရင် သားတို့ အတူတူ ထမင်းစားခဲ့တာ ၃၅ ကြိမ် ရှိပါတယ်။”
ရှယ်လီက ပြောလိုက်၏။ “အမေ သားရဲ့ ဓာတ်ခွဲခန်းကို ထမင်းဘူး လာပို့တာ ၃၅ ကြိမ် ရှိပြီ။ ၃၄ ကြိမ်မှာ သားက အမေ့ကို လက်ထောက်အဖြစ် ဆက်ဆံခဲ့တာလေ။”
“ဟမ်...”
ဂရက်ဂိုရီသည် နောက်တစ်ကြိမ် လန့်ဖျပ်သွားသည်။ သူသည် ကြက်ဥအနှစ်ကို စက်ရုပ် တစ်ရုပ်ကဲ့သို့ မွှေနေသော်လည်း သူ၏ဦးနှောက်ကမူ သလင်းဦးနှောက် တည်ဆောက်ပုံအသစ်ကို စတင် ဖန်တီးနေခဲ့ပြီ ဖြစ်သည်။
ရှယ်လီက ကြက်ဥခွက်ကို ယူလိုက်၏။ “ပေးစမ်းပါ။ ဒီငတုံးလေးတော့ ...”
နောက်ဆုံးတွင် ဂရက်ဂိုရီ၏ လက်များသည် ကြက်ဥခွက်နှင့် လွတ်မြောက်သွားသည်။ ထို့နောက် သူသည် မီးဖိုချောင်အလယ်တွင် တစ်ယောက်တည်း ရပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
ရှမ့်လန်သည် သစ်သီးများကို ပုံဖော်လှီးဖြတ်နေပြီး သမင်သား စတိတ်ပြားကို ကိုယ်တိုင် နှပ်နေသည်။ စတိတ်ပြားကို နှပ်ထားရန် မလိုအပ်သော်လည်း သမင်သားစတိတ်ပြားကမူ နှပ်ထားမှသာ အရသာ ရှိပေလိမ့်မည်။ ပြီးစီးသွားချိန်မှာတော့ ရှမ့်လန်သည် အိမ်ရှင်မတစ်ဦးကဲ့သို့ ဟိတ်ဟန်ထုတ်နေ၏။
ထို့နောက် သူသည် နင်ဟန်နှင့် ရှစ်ချင်းချင်းတို့ကို ကြည့်လိုက်၏။ ထိုအမျိုးသမီး နှစ်ယောက်အနက် တစ်ယောက်က ဟင်းသီးဟင်းရွက်များကို ငေးငိုင်စွာ ကြည့်နေပြီး နောက်တစ်ယောက်က ငါးကို ငေးငိုင်စွာ ကြည့်နေသည်။
နင်ဟန်က ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်၏။ “မေးပါရစေ။ ဒီဟင်းရွက်ကို ဘယ်လို ဆေးရမလဲ။ အရွက်ကို စားရမှာလား ၊ ရိုးတံကို စားရမှာလား။”
ရှစ်ချင်းချင်းက ဆက်မေးလိုက်သည်။ “ဒါနဲ့... ဒီငါးကို ဘယ်လို သတ်ရမလဲ။”
ဟုတ်ပေသည်။ ဤအမျိုးသမီးနှစ်ယောက်က ချက်ပြုတ်နည်းကို နားမလည်ကြပေ။ ကျင်းမူလန်လည်း မချက်တတ်သလို နင်ယန်ကလည်း မချက်တတ်ချေ။ မိသားစုထဲတွင် ရှောင်ပင်း တစ်ယောက်သာ ချက်ပြုတ် တတ်ပြီး သူမ၏ လက်ရာက အလွန် ကောင်းမွန်သည်။ သူမ ဤနေရာ၌ မရှိသည်မှာ နှမြောစရာပင်။
ရှမ့်လန်သည် အမျိုးသမီးနှစ်ယောက်ကို အားမလိုအားမရ ကြည့်လိုက်ပြီး ပြောလိုက်မိ၏။ “ဟမ်... ငါတို့ မိသားစုထဲမှာ ငါတစ်ယောက်တည်းပဲ ချက်တတ်တာလား။”
ရှယ်လီက လက်ထောင်လိုက်သည်။ “ကျွန်မ ချက်တတ်တယ်။”
မင်းသမီးလေးရှမ့်မီကလည်း လက်ထောင်လိုက်၏။ “သမီးရောပဲ။”
ရှမ့်လန်သည် နင်ဟန်အတွက် ဟင်းသီးဟင်းရွက် အားလုံးကို ကူဆေးပေးရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ ထို့နောက် သူသည် ရှစ်ချင်းချင်းအတွက် ငါးအားလုံးကို ကူသတ်ပေးလိုက်ရပြန်သည်။
ရှယ်လီက ပြောလိုက်၏။ “ကျန်တာ ကျွန်မတို့ တာဝန်ထားလိုက်။ မီမီလေးနဲ့ ကျွန်မ ချက်လိုက်မယ်။ ဘာပဲဖြစ်ဖြစ် ရေခဲမုန့်က လုပ်ပြီးနေပြီပဲ။”
လုပ်ပြီးရုံတင် မကပေ။ ကုန်ခါနီးနေပြီ ဖြစ်သည်။ ရှမ့်နန်နန် ဆိုသည့် ဝက်ပုတ်မလေးသည် သူမ လုပ်သမျှ ရေခဲမုန့်တိုင်းကို စားပစ်သည်။ ဘာကြောင့်မှန်းမသိသော်လည်း သူမ လုပ်သည့် ရေခဲမုန့်သည် အထူးပင် အရသာ ရှိနေသည်။
နင်ဟန်က သတိပေးလိုက်၏။ “သမီးလေး ဗိုက်ဝနေပြီနော်။ နောက်ကျမှ အရသာရှိတာတွေ မစားနိုင်ရင် အမေ့ကို အပြစ်မတင်နဲ့။”
ရှမ့်နန်နန်က လျှာထုတ်ပြလိုက်၏။ ဟင်းပွဲတွေက အရသာရှိမှာ မှန်သော်လည်း ထိုအရာက အနာဂတ် ကိစ္စဖြစ်သည်။ လောလောဆယ်တွင် ရေခဲမုန့်က အကောင်းဆုံး ဖြစ်နေဆဲပင်။
ရှမ့်လန်သည် ဝိုင်နှစ်ခွက် ယူကာ ဂရက်ဂိုရီ ထံသို့ လျှောက်သွားလိုက်သည်။ သူသည် ထိုနေရာတွင် ငေးငိုင်စွာ ရပ်နေဆဲ ဖြစ်၏။ ဓာတ်ခွဲခန်းမှ ထွက်လာပြီးနောက် သူ၏ ခြေလက်များကို မည်သည့်နေရာတွင် ထားရမှန်းမသိ ဖြစ်နေသည်။ တခြားနေရာသို့ သွားရန်မပြောပါက သူသည် မိုးချုပ်သည်အထိ ထိုနေရာတွင် ရပ်နေမည့်ပုံ ပေါက်နေသည်။
ရှမ့်လန်က ပြောလိုက်၏။ “အပြင်ထွက်ပြီး ထိုင်ရအောင်။”
ဂရက်ဂိုရီက ပြန်ဖြေသည်။ “ဟုတ်... ကျေးဇူးပါ ဖေဖေ”
သူသည် ရှမ့်လန်၏အနောက်မှ လိုက်ပါသွားပြီး လသာဆောင်သို့ ရောက်ရှိလာခဲ့သည်။ သားအဖ နှစ်ယောက်သည် လသာဆောင်ရှိ ကုလားထိုင်များပေါ်တွင် ထိုင်လိုက်ကြ၏။ ရှမ့်လန်က ဝိုင်တစ်ခွက် ကမ်းပေးလိုက်သည်။
ဂရက်ဂိုရီသည် အလိုအလျောက် လှမ်းယူလိုက်ပြီး ကော်ဖီသောက်သကဲ့သို့ တစ်ငုံတည်း မော့ချလိုက်သည်။ ထို့နောက် တုန်တက်သွား၏။ “ဘာ... ဘာကြီးလဲ ဒါက။”
ဤအရာက သူ ပထမဆုံးအကြိမ် အရက်သောက်ဖူးခြင်း ဖြစ်သည်။ အသက် သုံးဆယ်အရွယ်ကျမှ ပထမဆုံး အကြိမ် သောက်ဖူးခြင်း ဖြစ်၏။ သူသည် အရက်ကို ကောင်းကောင်း မသောက်နိုင်ပေ။ သောက်ပြီးသည်နှင့် မူးသွားခဲ့သည်။
ဂရက်ဂိုရီက ပြောလိုက်၏။ “ဝါး... ဒီအရာက နတ်ဆိုးပဲ။ လုံးဝ မထိသင့်ဘူး။ ဒါက သားရဲ့ ဉာဏ်ပညာနဲ့ အချိန်တွေကို သတ်ပစ်လိမ့်မယ်။”
ဂရက်ဂိုရီက ထိုသို့ ပြောလိုက်သော်လည်း ပြောပြီးသည်နှင့် နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ အနုပညာရှင်တွေက ဒါကို ကြိုက်ကြတယ်။”
ဂရက်ဂိုရီက ပြောလိုက်သည်။ “အနုပညာရှင်တွေက ရူးသွပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ သားတို့ သိပ္ပံပညာရှင်တွေက ကျိုးကြောင်းဆီလျော်ဖို့ လိုအပ်တယ်။”
ရှမ့်လန်က ပြောလိုက်၏ “ငါက အရူးတစ်ယောက်ပဲ။ ဒါပေမဲ့ ကျန်းလီကတော့ ကျိုးကြောင်း ဆီလျော်တဲ့ လူတစ်ယောက်ပါ။”
ဂရက်ဂိုရီက ပြောလိုက်သည်။ “မဖြစ်နိုင်ပါဘူး။ သား ထင်တာတော့ ကျန်းလီက ဖေဖေ့ထက် ပိုရူးလိမ့်မယ်။ ဒါပေမဲ့ သူက အစွန်းရောက်အောင် ရူးသွပ်တာ။ ဒါကြောင့် ကျိုးကြောင်းဆီလျော်တဲ့ လူတစ်ယောက်နဲ့ တူတယ်။”
အရက်သည် အမှန်တကယ်ပင် ဆန်းကြယ်သော အရာ ဖြစ်သည်။ ၎င်းသည် ဂရက်ဂိုရီအား ဤကဲ့သို့သော စကားမျိုးကို ပြောထွက်စေခဲ့၏။ ထိုသို့မဟုတ်ပါက သူသည် သိပ္ပံပညာအကြောင်းမှလွဲ၍ အခြားမည်သည့် အရာကိုမှ ပြောလိမ့်မည် မဟုတ်ပေ။ ဂရက်ဂိုရီသည် ကျန်းလီကို တစ်ခါမှမတွေ့ဖူးသကဲ့သို့ ဆက်ဆံဖူးခြင်းလည်း မရှိပေ။ သို့သော်ငြား သူသည် ကျန်းလီအကြောင်းကို ကောင်းစွာ သိနားလည်နေပုံ ရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့တစ်ခေါက်က ငါ မင်းကို ပြောခဲ့တဲ့ကိစ္စ မင်း စိတ်ထဲ ရှိစေးလား။”
ဂရက်ဂိုရီက ပြောလိုက်၏။ “မိန်းမယူဖို့ ကိစ္စလား။ သား ရှာဖွေကြည့်နေပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျုပ်နဲ့ တန်တဲ့သူက အရမ်း ရှားလွန်းနေတယ်။”
ယခင်က အရမ်းရှက်တတ်သော်လည်း ယခု အရက်သောက်ပြီးနောက် ဂရက်ဂိုရီ၏ လေသံက ရိုင်းစိုင်းလာခဲ့ သည်။ သို့သော်ငြား ရှမ့်လန်သည် ဂရက်ဂိုရီ ဆိုလိုသည်ကို နားလည်သည်။ သူနှင့် တန်သည်ဟု ပြောခြင်းမှာ နောက်ခံမျိုးရိုးအကြောင်း မဟုတ်သလို အလှအပနှင့် ခန္ဓာကိုယ်အကြောင်းလည်း မဟုတ်ပေ။ အိမ်ထောင်ဖက်၏ ဉာဏ်ရည်ဉာဏ်သွေးအကြောင်းသာ ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “မင်း အချစ်ကြောင့် လက်ထပ်မှာလား။”
“အချစ်...” ဂရက်ဂိုရီက ပြောလိုက်သည်။ “သုတေသန ပရောဂျက် တစ်ခုတည်းမှာ လုပ်နေတဲ့ သားတို့ နှစ်ယောက်ကြားက ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ဆွဲဆောင်မှုကြောင့်လား။ ဒါဆိုရင်တော့ သားတို့ လက်ထပ် ရမှာပေါ့။ အဲဒီလို လက်ထပ်ခြင်းမျိုးက တစ်ပေါင်းတစ် ညီမျှခြင်း နှစ် ထက် ပိုပါတယ်။ သားတို့က တစ်ခုခု ဖန်တီးနိုင်မှာပါ။”
“ကောင်းပြီ။ မင်း အဲဒါကို အချစ်လို့ ထင်ရင်လည်း ပြီးတာပါပဲ။”
ရှမ့်လန်၏မိသားစုသည် ကြီးမား ကျယ်ပြန့်သည့်အတွက် မည်သည့်ကလေးကိုမဆို လက်ခံနိုင်စွမ်း ရှိသည်။ ထိုကလေးသည် အနည်းငယ် ထူးဆန်းနေလျှင်တောင်မှပေါ့။
ဂရက်ဂိုရီက မေးလိုက်သည်။ “ဖေဖေ... နောက်ထပ် တစ်ခွက်လောက် ရနိုင်မလား။”
ရှမ့်လန်သည် ပုလင်းကို ယူလိုက်ပြီး နောက်ထပ် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ဂရက်ဂိုရီသည် သုံးပုံတစ်ပုံခန့် သောက်လိုက်၏။ ပြီးနောက် ပြော၏။ “ဒါက နတ်ဆိုးပဲ။ နောင်ကျရင် လုံးဝ မထိရဘူး။ မထိရဘူး။”
ထို့နောက် သူသည် နောက်ထပ် သုံးပုံတစ်ပုံ ထပ်သောက်လိုက်ပြန်၏။ မကြာမီမှာပဲ တတိယ ဝိုင်ခွက် ကုန်သွားခဲ့သည်။
ဂရက်ဂိုရီသည် ရုတ်တရက် ရှမ့်လန်ကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်၏။ “အဖေ... သားကို မွေးဖွားပေးခဲ့တဲ့အတွက်၊ ဒီလို အံ့သြစရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ခွင့် ပေးခဲ့တဲ့အတွက် ဖေဖေနဲ့ မေမေ့ကို အရမ်း အရမ်း ကျေးဇူးတင်ပါတယ်။”
သိပ္ပံပညာရှင် တစ်ယောက်က အရက်သောက်ပြီးနောက် ကဗျာဆရာ ဖြစ်သွားခဲ့သည်လား။ ရှမ့်လန်သည် နောက်တစ်ခွက် ထပ်ငှဲ့ပေးလိုက်ပြီး သားအဖ နှစ်ယောက် ခွက်ချင်း တိုက်လိုက်ကြသည်။
ရှမ့်လန်က ပြောလိုက်၏။ “ငါ့မှာ သားတွေ အများကြီး ရှိတယ်။ မင်းအစ်ကို ရှမ့်ယီက အရမ်း ထူးချွန်တယ်။ သူက အင်ပါယာရဲ့ ပြီးပြည့်စုံလုနီးပါးဖြစ်တဲ့ ဆက်ခံသူပဲ။ သူက ငါ့ရဲ့ ဂုဏ်ယူမှုပေါ့။”
သူက ဆက်ပြောလိုက်သည်။ “အခု မင်းကလည်း ငါ့ရဲ့ အကြီးမားဆုံး ဂုဏ်ယူမှုတွေထဲက တစ်ခု ဖြစ်လာပြီ။ အနာဂတ်မှာ လောကကြီးအတွက် မင်းရဲ့ပံ့ပိုးမှုက မင်းအစ်ကိုထက် မလျော့နည်းစေရဘူး။ သာတောင် သာလွန်လိမ့်မယ်။ တစ်နေ့ကျရင် လူတွေက ပြောကြလိမ့်မယ်။ မင်းက ရှမ့်လန်ရဲ့သားမဟုတ်ဘဲ ငါက ဂရက်ဂိုရီရဲ့ အဖေပါလို့။”
ဂရက်ဂိုရီသည် နောက်ထပ် တစ်ငုံ မော့သောက်လိုက်သည်။ ထို့နောက် သူသည် စားပွဲပေါ်တွင် မှောက်လျက် ငြိမ်သက်သွား၏။ သူ လုံးဝ မူးသွားခဲ့ပြီ ဖြစ်သည်။ မူးနေသော ဂရက်ဂိုရီသည် စားပွဲပေါ်တွင် မှောက်လျက် ငိုကြွေးရင်း ပြောလိုက်၏။
“ဖေဖေ... ဖေဖေ အသက်ရှင်လျက် ပြန်လာရမယ်နော်။ အသက်ရှင်လျက် ပြန်လာရမယ်။ ဒါမှမဟုတ်ရင် သားတို့မှာ အနာဂတ် ရှိတော့မှာ မဟုတ်ဘူး။” သူသည် ဘဝတွင် တစ်ခါမှ မငိုခဲ့ဖူးပေ။ အမှန်စင်စစ် သူ တစ်ခါမှလည်း မမူးခဲ့ဖူးပေ။
ရှမ့်လန်သည် ဂရက်ဂိုရီ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်လာခဲ့သည်။ သူ ဟင်းချက် ရမည့် အချိန် ရောက်နေပြီ။
ထို့နောက်တွင် မိသားစုသည် ပျော်ရွှင်ချမ်းမြေ့ဖွယ် ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ ဂရက်ဂိုရီသည် ဆိုဖာပေါ်တွင် မူးမှောက်နေဆဲ ဖြစ်ပြီး ဟောက်သံများပင် ကျယ်လောင်စွာ ထွက်ပေါ်နေလျက် ရှိ၏။
ရှမ့်နန်နန်သည် ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် စိတ်ကောက်ကာ ထိုင်နေသည်။ သူမ အလွန်တရာ နောင်တရ နေမိ၏။ ယနေ့တွင် ဤမျှ အရသာရှိသော ဟင်းပွဲများ ရှိမည်မှန်းသာ ကြိုသိခဲ့ပါက သူမ ရေခဲမုန့် အများကြီး စားခဲ့မိမည် မဟုတ်ပေ။ ယခုမူ သူမ ဗိုက်ပြည့်နေပြီဖြစ်ရာ အရသာရှိသော အစားအစာများကို မစားနိုင်တော့ချေ။
မိခင်ဖြစ်သူ နင်ဟန်က ထိုအဖြစ်ကို မြင်ချိန်မှာတော့ ပြုံးစစဖြင့် ပြောသည်။ “မေမေ ပြောသားပဲ။”
ရှမ့်လန်သက်ပြင်းချလိုက်မိသည်။ သူတို့သည် အမှန်တကယ်ပင် သွေးသားရင်းချာများ ဖြစ်ကြသည်။
“ဘိုးဘိုး နဲ့ ဘွားဘွား အတွက်...”
“အဘိုး နင်ယွမ်ရှန်း၊ အဘိုး နဲ့ အဘွား အတွက်...”
“အမေ၊ အဒေါ်၊ အစ်ကိုကြီး၊ အစ်မကြီး နဲ့ ညီမလေး အတွက်...”
မိသားစုသည် စကားစမြည် ပြောဆိုရင်း အယ်လ်ကိုဟော ပါဝင်မှုနည်းသော ဝိုင်ကို သောက်နေခဲ့ကြသည်။ ခွက်ချင်းတိုက်သံများကို ကြားလိုက်ရချိန်မှာတော့ ဂရက်ဂိုရီသည် ရုတ်တရက် ထထိုင်လိုက်ပြီး သူ့ရှေ့ရှိ ခွက်ကို မြှောက်လိုက်၏။
“အဖေ့ အတွက်... လောကကြီး အတွက်... အနာဂတ် အတွက်...”
ထို့နောက် သူသည် တစ်ငုံတည်း မော့ချလိုက်သည်။ “ဒါက နတ်ဆိုးပဲ။ မသောက်ရဘူး။ လုံးဝ မသောက်ရဘူး။”
ထို့နောက် သူသည် ဆိုဖာပေါ်သို့ ပြန်လည် ခွေကျသွားပြီး အိပ်ပျော်သွားခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ယောင်ယောင်... ပုံဆွဲစက္ကူကို ယူပြီး ဒီနေ့မြင်ကွင်းကို ဆွဲထားလိုက်။”
ယောင်ယောင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ကာ ပုံဆွဲစက္ကူကို ထုတ်ယူလိုက်သည်။ သူမသည် လွန်စွာ လျင်မြန်စွာ၊ သေသပ်လှပစွာ ဆွဲနိုင်စွမ်း ရှိ၏။ နာရီဝက်ပင် မကြာလိုက်ဘဲ ပန်းချီကားတစ်ချပ်လုံး ပြီးစီးသွားခဲ့သည်။ အရောင်စုံလင်သော ပန်းချီကားတစ်ချပ် ဖြစ်၏။
ထိုပန်းချီကားထဲတွင် ရှမ့်လန်၏ မိသားစု ထမင်းစားနေပုံ၊ ကျယ်လောင်စွာ ဟောက်နေသော ဂရက်ဂိုရီ၊ ရှမ့်လန်၏ရင်ခွင်ထဲတွင် ထိုင်ကာ လူကြီးများ စားသောက်နေသည်ကို ကြည့်နေသော ရှမ့်နန်နန် တို့ ပါဝင်သည်။ ထို့အပြင် ပန်းချီဆွဲနေသော သူမကိုယ်တိုင်လည်း ပါဝင်သည်။
ပို၍ ဆန်းကြယ်သည်မှာ ပန်းချီကားထဲရှိ ယောင်ယောင် ဆွဲနေသော ပန်းချီကားထဲ၌လည်း ရှမ့်လန်၏ မိသားစု ထမင်းစားနေပုံ ပါဝင်နေခြင်း ဖြစ်သည်။ ပန်းချီကားထဲတွင် ပန်းချီကား... ထိုပန်းချီကားထဲတွင် နောက်ထပ် ပန်းချီကားတစ်ချပ်... ထိုအရာသည် အဆုံးအစမရှိ သွားနေသကဲ့သို့ ဖြစ်နေ၏။
ထို့နောက် ယောင်ယောင်သည် ထိုပန်းချီကားကို အမည်ပေးလိုက်သည်။ “သာမန် မိသားစု ညစာစားပွဲ”
ဟုတ်ပေသည်။ ထိုအရာသည် နောက်ဆုံးညစာ မဟုတ်ဘဲ သာမန် ညစာစားပွဲ တစ်ခုသာ ဖြစ်သည်။ “နောက်ဆုံးညစာ” ဆိုသည့် အဓိပ္ပာယ်ကို လုံးဝ ဖျောက်ဖျက်ပစ်ရန် သူမသည် ပန်းချီကားထဲတွင် ပန်းချီကားကို ထပ်ဆင့်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အဆုံးအစမရှိ ဖြစ်နေမည် ဆိုပါက ဤထမင်းစားပွဲ သည် ဘယ်တော့မှ ပြီးဆုံးမည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။ ဖခင်ဖြစ်သူသည် ဘေးကင်းစွာဖြင့် သေချာပေါက် ပြန်လာနိုင်လိမ့်မည်ဟု အဓိပ္ပာယ်ရ၏။
ထမင်းစားပြီးနောက် သူတို့သည် အချိုပွဲနှင့် ရေခဲမုန့်များကို စားခဲ့ကြ၏။ ထိုအချိန်တွင် ရှမ့်နန်နန်သည် အစာအနည်းငယ် ကြေသွားပြဖြစ်သောကြောင့့်် ဗိုက်ပြန်ဆာလာခဲ့သည်။ သို့သော်ငြား အရသာရှိသော အစားအစာများ အားလုံး ကုန်သွားခဲ့ပြီ ဖြစ်၏။ အလွန်ပင် ဒေါသထွက်စရာ ကောင်းလှသည်။
မိသားစုသည် အသေးအဖွဲ ကိစ္စလေးများကိုသာ ပြောဆိုနေခဲ့ကြသည်။ တိုင်းပြည်အရေးကို တစ်ခွန်းမှ မပြောခဲ့ကြသလို ရှမ့်လန် ဆင်နွှဲတော့မည့် နောက်ဆုံးတိုက်ပွဲ အကြောင်းကိုလည်း တစ်ခွန်းမှ မဟကြပေ။
“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”
ခေါင်းလောင်းသံ ဆယ်ချက် မြည်လာခဲ့သည်။ ည ဆယ်နာရီ တိတိ ရှိပြီ ဖြစ်၏။ ရှမ့်နန်နန်သည် ငိုက်မြည်းနေခဲ့ပြီ ဖြစ်သည်။
ရှမ့်လန် ပြုံးပြီး ပြောလိုက်၏။ “ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။ သွားတော့မယ်။”
နင်ဟန်က မေးလိုက်သည်။ “အခု သွားတော့မလို့လား။”
ရှယ်လီက ဝင်ပြော၏။ “စောစော ပြန်လာခဲ့နော်။”
ရှမ့်လန်သည် ခရီးဝေး တစ်ခု ထွက်သွားသကဲ့သို့သာ ရှိပြီး လောကကြီး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရန် သွားခြင်းမျိုးနှင့် မတူပေ။
“ကောင်းပြီ။ မင်းတို့လည်း စောစော အိပ်ကြတော့။” ရှမ့်လန် ထရပ်လိုက်ပြီး မိသားစုကို လက်ပြ နှုတ်ဆက်သည်။ မည်သည့် မှာကြားချက်၊ မည်သည့် လေးနက်သော နှုတ်ဆက်စကားမှ မရှိခဲ့ပေ။
နင်ဟန်က ပြောလိုက်သည်။ “ဖေဖေ့ကို နှုတ်ဆက်လိုက်အုံးလေ။”
ရှမ့်နန်နန်၏ မျက်လုံးများသည် ဝေဝါးနေပြီ ဖြစ်၏။ သူမသည် ငိုက်မြည်းစွာဖြင့် လက်ပြလိုက်ပြီး မိခင်ဖြစ်သူ၏ လည်ပင်းကို ဖက်ကာ အိပ်ပျော်သွားခဲ့၏။
“တာ့တာ... ဖေဖေ”
... ...
***