ရှမ့်လန်နှင့် ကျန်းလီ၏ နောက်ဆုံးတိုက်ပွဲက မည်သို့ ဖြစ်မည်နည်း။ ထိုအရာသည် စစ်တုရင် ကစားသည်နှင့် တူသည်။ ခြေလှမ်းတိုင်းက ရှင်းလင်းပြတ်သားနေ၏။ ပထမခြေလှမ်းတွင် ဘာလုပ်ရမည်၊ ဒုတိယ ခြေလှမ်းတွင် ဘာလုပ်ရမည် ဆိုသည်မှာ ရှင်းလင်းနေသည်။
ဤတိုက်ပွဲနှင့် ပတ်သက်၍ ရှမ့်လန်သည် သူ့စိတ်ဝိညာဉ်ထဲတွင် အကြိမ်တစ်သန်းခန့် ပုံဖော် တိုက်ခိုက် ကြည့်ခဲ့ဖူး၏။ အကြိမ်တိုင်း သူ ရှုံးနိမ့်ခဲ့သည်။ တစ်ကြိမ်မှ မနိုင်ခဲ့ပေ။ အမှန်စင်စစ် သူ နိုင်,နိုင်သည့် တစ်ကြိမ်တည်းသော အခွင့်အရေးကိုမူ ရှမ့်လန် ပုံဖော်မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် ပုံဖော်ကြည့်၍ မရနိုင်သလို ထပ်တူကူးချ၍လည်း မရနိုင်သောကြောင့် ဖြစ်သည်။ ထိုအရာသည် ကံကြမ္မာ၏ လက်ဆောင်တစ်ခုကဲ့သို့ ဖြစ်ပြီး အခွင့်အရေး တစ်ကြိမ်သာ ရှိ၏။
ဤသည်မှာ သေခြင်းနှင့် ရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် တစ်ခုတည်းသော စစ်မှန်သည့် တိုက်ပွဲ ဖြစ်၏။ ရှမ့်လန်သည် ကျန်းလီ၏စွမ်းအင်က သူ့ထက် အဆပေါင်း တစ်သောင်း၊ သို့မဟုတ် တစ်သန်းခန့် များပြားမည် ဟု မူလက ထင်မှတ်ထားခဲ့သည်။ သို့သော်ငြား လက်တွေ့တွင်မူ ကွာခြားချက်မှာ ထိုထက် များစွာ ကြီးမားနေသည်။
ပထမအဆင့်အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ပစ်လွှတ်ပြီး စတုရန်းကီလိုမီတာ ထောင်ပေါင်းများစွာ အတွင်းရှိ ငရဲသလင်းကျောက်များကို အရည်ပျော်စေမည်။ ဤသို့ဖြင့် စွမ်းအင် လေဟာနယ် တစ်ခု ဖန်တီးကာ ကျန်းလီအား စွမ်းအင် ဝါးမြိုခြင်း မပြုနိုင်အောင်၊ သူ၏ နတ်ဘုရား စွမ်းအားများ အသုံးမပြုနိုင်အောင် တားဆီးရမည်။
ဒုတိယအဆင့် အနေဖြင့် ရှမ့်လန်နှင့် ဧရာမ နဂါးကြီး ပူးပေါင်းကာ ကျန်းလီနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲ ဆင်နွှဲရမည်။
တတိယအဆင့်မှာမူ မသိရသေးပေ။ ရှမ့်လန်နှင့် ကျန်းလီ၏ သေခြင်းရှင်ခြင်းကို အမှန်တကယ် ဆုံးဖြတ်ပေးမည့်အရာမှာ မသိရသေးသော ထိုတတိယအဆင့်ပင် ဖြစ်ပေလိမ့်မည်။
နောက်တစ်ဆင့်အနေဖြင့် ရှမ့်ရိလုံအား “စမယ်” ဟု ပြောလိုက်သည်နှင့် ရီလုံသည် ဟိုက်ဒရိုဂျင်ဗုံးများကို စတင် ဖောက်ခွဲတော့မည်။ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀။ ထိုအရာများသည် မြောက်ဝင်ရိုးစွန်းတွင် စက္ကန့်ဝက်ခန့် ကြာမည့် စွမ်းအင် လေဟာနယ် တစ်ခုကို ဖန်တီးမည်။
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်...”
သူက ဆက်ပြော၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်း ဟိုက်ဒရိုဂျင်ဗုံး တစ်လုံး ဖောက်ခွဲခဲ့တယ်။ အဲဒီတုန်းက ပေါက်ကွဲအားက အရမ်း ပြင်းထန်လွန်းလို့ ကျုပ် တုန်လှုပ်သွားခဲ့ရတယ်။ အခု မင်းက ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ တောင် ယူလာခဲ့ပြီး စွမ်းအင် လေဟာနယ် ဖန်တီးချင်တာမလား။ ဒီဂြိုဟ်ရဲ့ စွမ်းအင်တွေနဲ့ မရေမတွက်နိုင်တဲ့ ငရဲသလင်းကျောက်တွေကို ဝါးမျိုလို့ မရအောင် လုပ်ချင်တာမလား။ ငါ့ရဲ့ အဆုံးအစမဲ့တဲ့ နတ်ဘုရား စွမ်းအားတွေကို ဆုံးရှုံးသွားစေချင်တာ မဟုတ်လား။”
ဟုတ်ပေသည်။ ဤခြေလှမ်းက သိသာလွန်းနေသည်။ ရှမ့်လန် မလှုပ်ရှားရသေးခင်မှာပင် ကျန်းလီက သအကဲခတ်မိသွားခဲ့ပြီ ဖြစ်၏။ မိမိကိုယ်ကိုယ် သိရှိပြီး ရန်သူကို သိရှိခြင်းသည် အောင်ပွဲ ဆိုသည်မှာ ဤအရာကို ပြောခြင်းလား။
‘ဘာလုပ်မလဲ။ သူ့အကြံကို ရိပ်မိသွားပြီ ဆိုတော့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို မဖောက်ခွဲသင့်တော့ဘူးလား။’
ကျန်းလီက ဆက်ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်း ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ဖောက်ခွဲ လိုက်တာနဲ့ စွမ်းအင် လေဟာနယ်တစ်ခုကို အမှန်တကယ် ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါက ငါ နဲ့ ငရဲသလင်းကျောက်တွေရဲ့ ဆက်သွယ်မှုကို ၀.၃ စက္ကန့်လောက် ပြတ်တောက်သွားစေပြီး ငါ့ရဲ့ နတ်ဘုရား စွမ်းအားတွေကို ဆုံးရှုံးစေပါလိမ့်မယ်။ အဲဒီအခါ ငါက ငါ့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ပဲ မင်းကို တိုက်ခိုက်ရလိမ့်မယ်။”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင်ကော”
ကျန်းလီက ပြောလိုက်၏။ “ဒါဆိုရင် ပထမအဆင့် အောင်မြင်သွားပြီလို့ သဘောထားလိုက်ကြရအောင်... မင်းက ငါ့ရဲ့ စွမ်းအင်ကို ဖြတ်တောက်ဖို့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ ကို ဖောက်ခွဲလိုက်ပြီလို့ သဘောထား လိုက်ကြမယ်။ မူလကတော့ မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ က စွမ်းအင် လေဟာနယ်ကို ၀.၃ စက္ကန့်လောက်ပဲ ဖန်တီးပေးနိုင်မှာပါ။ ဒါပေမဲ့ အခု မင်းရဲ့ စွမ်းအင် လေဟာနယ်က ထာဝရ တည်မြဲနေတယ်လို့ သဘောထားလိုက်ကြမယ်။ ဒါကြောင့် ပထမအဆင့်ကို ကျော်ပြီး ဒုတိယအဆင့်ကို သွားကြရအောင်။”
‘ဟမ်...’
ရှမ့်လန် နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ ‘ဒါက စစ်မှန်တဲ့ လူကြီးလူကောင်းလို တိုက်ပွဲလား။ တကယ် တိုက်ခိုက်ဖို့တောင် မလိုတော့ဘူးလား။ ပုံဖော်ကြည့်ရုံနဲ့ ပြီးပြီလား။’
ကျန်းလီက ဆက်ပြောလိုက်၏။ “ဒါကြောင့် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကို မဖောက်ခွဲပါနဲ့။ ငါက ငရဲသလင်းကျောက်တွေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပြီး နတ်ဘုရား စွမ်းအင်တွေကို ဖြတ်တောက်လိုက်မယ်။ ငါ့ရဲ့ ကိုယ်ပိုင်အင်အားကိုပဲ သုံးမယ်။ ဒါဆို မျှတတယ် မဟုတ်လား။”
သူက ဆက်ပြောလိုက်သည်။ “ဒါဆိုရင် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံး ၅၀၀ လည်း အလဟဿ မဖြစ်တော့ဘူး။ ငါ့ရဲ့ ငရဲသလင်းကျောက်တွေလည်း အလဟဿ မဖြစ်တော့ဘူးပေါ့။”
မျှတသည်လား။ မျှတရုံမျှမက ရှမ့်လန်အတွက် အသာစီးအရဆုံး အခြေအနေပင် ဖြစ်နေသည်။ ရှမ့်လန်သည် ကျန်းလီနှင့် ငရဲသလင်းကျောက်များကြားမှ စွမ်းအင် ဆက်သွယ်မှုကို ဖြတ်တောက်ပြီး ကျန်းလီ၏ အဆုံးမဲ့ နတ်ဘုရား စွမ်းအင်များကို ဆုံးရှုံးစေရန် ဟိုက်ဒရိုဂျင်ဗုံးများကို ဖောက်ခွဲရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်မည့် အချိန်သည်ပင် စက္ကန့်ဝက် မပြည့်ပေ။ ယခုမူ ကျန်းလီက စတင်၍ ဖြတ်တောက်ပေးလိုက်ပြီ ဖြစ်၏။
ကျန်းလီက မေးလိုက်သည်။ “အဆင်ပြေရဲ့လား။”
ရှမ့်လန်က ပြော၏။ “ပြေတယ်။”
ကျန်းလီ၏ ခန္ဓာကိုယ်သည် အမှောင်ပလ္လင်ထက်မှ ထွက်ခွာလာခဲ့ပြီး ဤဂြိုဟ်နှင့် ငရဲသလင်းကျောက်များ ကြားမှ စွမ်းအင် ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်လိုက်သည်။ ထိုအခါ အမှောင်ပလ္လင်တွင် စွမ်းအင်များ အဆက်မပြတ် ယိုစိမ့်ထွက်နေသော အပေါက်ငယ်တစ်ခု ရှိနေကြောင်း ရှမ့်လန် မြင်လိုက်ရသည်။
ကျန်းလီသည် ရှမ့်လန်ကို ကြည့်၍ လက်ကို ယောင်ယမ်းကာ ဖြန့်ပြပြီး ပြောလိုက်၏။ “ဒါကလည်း ငါ နှစ် ၃၀ လုံးလုံး ခြေတစ်လှမ်းမှ မရွေ့နိုင်ခဲ့တဲ့ အကြောင်းရင်းပဲ။ ပြီးတော့ ငါ့ ခန္ဓာကိုယ် ကြီးထွားလာရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်။ ဒီစွမ်းအင်တွေကို ငါ့ ဒီအတိုင်း အလဟဿ အဖြစ်မခံနိုင်ဘူးလေ။”
လုံးဝ အေးစက်ပြီး ခံစားချက်မဲ့သော လူတစ်ယောက်က ဤသို့သောစကားကို ပြောလိုက်ခြင်းသည် တကယ့်ကို ဟာသပင် ဖြစ်သည်။
ကျန်းလီက ပြောလိုက်၏။ “ကဲ... ဒါဆို တိုက်ပွဲရဲ့ ဒုတိယအဆင့်ကို သွားကြရအောင်။”
သူက ဆက်ပြောလိုက်သည်။ “ငါ နဲ့ ငရဲသလင်းကျောက်တွေကြားက စွမ်းအင် ဆက်သွယ်မှုကို ဖြတ်တောက်ပြီးတဲ့နောက် မင်းက မင်းရဲ့ နဂါးနဲ့ ပေါင်းပြီး ငါ့ကို တိုက်ခိုက်တော့မယ် မဟုတ်လား။”
ရှမ့်လန် ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဟုတ်တယ်။”
ကျန်းလီက ပြောလိုက်၏။ “အရှင်ရှမ့်လန်... မင်း စဉ်းစားလို့ ရလောက်မှာပါ။ မင်းမှာနဂါး ရှိသလို ငါ့မှာလည်း နဂါး ရှိတယ်။ အဲဒါက ကျန်း နဲ့ ကျိ နဂါးမျိုးနွယ်တွေရဲ့ မျိုးဆက်သစ်ပဲ။ နဂါးနှစ်ကောင်ရဲ့ အားသာချက်တွေကို လုံးဝ ပေါင်းစပ်ထားတာ။ နျူကလီးယား ဖြိုခွင်းခြင်းကို ထိန်းချုပ်နိုင်ရုံသာမကဘူး။ ငရဲသလင်းကျောက်တွေရဲ့ စွမ်းအင်ကိုလည်း ထိန်းချုပ်နိုင်တယ်။”
ရှမ့်လန် ကြောင်အသွားသည်။ နျူကလီးယား ဖြိုခွင်းခြင်းနှင့် ငရဲသလင်းကျောက်များသည် တစ်ခုနှင့် တစ်ခု လုံးဝ ဆန့်ကျင်ဘက် စွမ်းအင်များ ဖြစ်ကြသည်။ ဂရက်ဂိုရီသည် ထိုသဘောတရားကို အသုံးပြုပြီး အလွန် တည်ငြိမ်သော နျူကလီးယား စွမ်းအင် ကိရိယာကို တီထွင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ ကျန်းလီ၏ နဂါးသည် ထိုစွမ်းအင်နှစ်မျိုးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည် ဟုဆို၏။ ထိုနဂါးသည် မည်သို့သော စွမ်းအင်မျိုး ဖြစ်သနည်း။
ကျန်းလီက ပြောလိုက်သည်။ “မင်း တွေးတာ မှန်တယ်။ နျူကလီးယား ဖြိုခွင်းခြင်းနဲ့ ငရဲသလင်းကျောက် တွေက ဆန့်ကျင်ဘက်တွေပဲ။ ဒါကြောင့် ဒီနဂါးဥကွဲလာတုန်းက သုည အခြေအနေ ဖြစ်နေခဲ့တယ်။ မရှိသလောက်ကို အားနည်းနေခဲ့တာ။ ဒါဆိုရင် ငါ ဘာလုပ်ခဲ့တယ်ဆိုတာကို မင်း ခန့်မှန်းကြည့်လို့ ရလောက်မှာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲမှာ ခင်ဗျားရဲ့ နဂါးသစ် ဝိညာဉ်ကို နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းလုပ်ခဲ့တာပေါ့။”
ကျန်းလီက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါက ငါ့ရဲ့ ငရဲသလင်းကျောက် အဆင့်မြှင့်တင်တဲ့ လမ်းစဉ်ပဲ။ တကယ်တော့ မင်းသာ လအနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် မင်းရဲ့ ဟိုက်ဒရိုဂျင်ဗုံးက ငါ့ရဲ့ ငရဲသလင်းကျောက်တွေကို အရည်ပျော်စေနိုင်မှာ မဟုတ်ဘူး။ အဲဒီအစား ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုက ရလာတဲ့ စွမ်းအင်အားလုံးကို နိဗ္ဗာန ဝင်ပြီးသား ငရဲသလင်းကျောက်တွေက ဝါးမြိုပစ်လိုက်ကြမှာ။ အဲဒီအချိန်ကျရင် ငရဲသလင်းကျောက်တွေက ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်တော့တဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။”
ထိုသို့ ပြောပြီးနောက် ကျန်းလီသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ခန်းမကြီး၏ ဝေဟင်ထက်တွင် ဧရာမ နဂါးကြီး တစ်ကောင် ပေါ်လာခဲ့သည်။ ထိုနဂါးသည် ရုတ်တရက် ပေါ်လာခြင်း မဟုတ်ပေ။ ဤနေရာတွင် အမြဲ ရှိနေခဲ့ခြင်း ဖြစ်၏။ ရှမ့်လန်က နဂါး၏ တည်ရှိမှုကို သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ ဤအရာက တကယ့်ကို အံ့မခန်းပင်။
ရှမ့်လန် တကယ်ပဲ တုန်လှုပ်သွားခဲ့ရ၏။ ကျန်းလီ၏ နဂါးသစ်သည် ကိုယ်ပျောက်နေရုံသာမက ရိုးရိုးမဟုတ်ဘဲ စွမ်းအင်နှင့် ကိုယ်ပျောက်နေခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန်နှင့် ရှမ့်ရိလုံ တို့သည် ထိုနဂါး၏ တည်ရှိမှုကို အမှန်တကယ် သတိမထားမိခဲ့ကြပေ။
ထို့နောက် နဂါး၏အကြည့်သည် စူးရှလာပြီး ရှမ့်လန်နှင့် ရှမ့်ရိလုံ တို့ဘက်သို့ ဝေ့ကြည့်လိုက်သည်။ နဂါး၏ ခန္ဓာကိုယ်သည် အရောင် ပြောင်းလဲလာ၏။ ရွှေရောင်မှ အပြာရောင်သို့၊ နောက်ဆုံးတွင် လုံးဝ အရောင်မဲ့သွားပြီး အမြင်အာရုံမှ လုံးဝ ပျောက်ကွယ်သွားသည်။ အမြင်အာရုံမှ ပျောက်ကွယ်သွားရုံသာမက စွမ်းအင် အမြင်အာရုံမှပါ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ရှမ့်လန်သည် တစ်ချက်ကြည့်ရုံဖြင့် ကျန်းလီ၏ နဂါးသစ်သည် ရှမ့်ရိလုံထက် များစွာ ပိုမို အားကောင်းကြောင်း သိလိုက်သည်။ ထိုနဂါးသည် ရှမ့်ရိလုံ၏ သား ဖြစ်နေသည် ဆိုလျှင်တောင်မှ ပို၍ အားကောင်းနေသည်။ ကျန်းလီ၏ နဂါးသစ်သည် ရှေးဦး နဂါးကန်တစ်ခုလုံးနှင့် မရေမတွက်နိုင်သော ငရဲသလင်းကျောက်များကို ဝါးမြိုထားခဲ့ခြင်း ဖြစ်၏။
ကျန်းလီက ပြောလိုက်သည်။ “ဒီနှစ်တွေ အတွင်းမှာ ငါ့ရဲ့နဂါးသစ်က ယူရေနီယမ် တန်ချိန် သန်းပေါင်းများစွာ နဲ့ ညီမျှတဲ့ ငရဲသလင်းကျောက် ပမာဏကို ဝါးမျိုခဲ့ပြီးပြီ။ ဒါကြောင့် ငါ့ရဲ့ ဒီနဂါးက မင်းနဂါးထက် အများကြီး၊ အများကြီး ပိုသန်မာနေလိမ့်မယ်။”
ရှမ့်ရိလုံ ဘာမှ မပြောပေ။ နဂါးသစ် ရှိရာ ဘက်သို့သာ လှမ်းကြည့်နေလိုက်၏။ သခင်ပြောသလိုဆိုလျှင် ဤနဂါးသည် သူ၏ သားဖြစ်၏။
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ငါ့နဂါးက မင်းနဂါးထက် အများကြီး ပိုအားကောင်းတယ်။ ပြီးတော့ သူက နဂါး ဉာဏ်အလင်းပွင့်ခြင်းအတွင်းမှာ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ခံယူခဲ့ပြီးပြီ။ ငါ့အပေါ်ထားတဲ့ သူ့သစ္စာတရားက မင်းအပေါ်ထားတဲ့ မင်းနဂါးရဲ့ သစ္စာတရားနဲ့ အတူတူပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်လောက်ပါတယ်။”
ကျန်းလီက ပြောလိုက်သည်။ “နဂါးနှစ်ကောင်ရဲ့ အင်အားက ရခဲပါတယ်။ အလဟဿ မဖြစ်စေသင့်ဘူး။ ဒါကြောင့် အဆုံးအဖြတ်တိုက်ပွဲရဲ့ ဒုတိယအဆင့်ကို ကျော်လိုက်ကြရင် မကောင်းဘူးလား။”
“ဟမ်....”
ဤတိုက်ပွဲသည် အလွန့် အလွန် ကွာခြားနေမည်ကို ရှမ့်လန် သိလိုက်သည်။ သို့သော်ငြား အလွန် ထူးခြားနေပြန်၏။ ဤသည်မှာ လူကြီးလူကောင်း တိုက်ပွဲတစ်ခုမျှသာ မဟုတ်ပေ။ စာရွက်ပေါ်တွင် တိုက်ခိုက်သော တိုက်ပွဲနှင့် တူနေသည်။ စစ်တုရင် ကစားပွဲတစ်ခုကဲ့သို့ပင်။ စစ်မှန်သော တိုက်ပွဲ ဖြစ်ပွားရန်ပင် မလိုအပ်တော့ပေ။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒုတိယအဆင့်ကိုလည်း ကျော်လိုက်ကြတာပေါ့။”
သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သူနှင့် ကျန်းလီတို့ သားအဖနှစ်ယောက် သရုပ်ဆောင်နေရခြင်းက လုံလောက်နေပြီ ဖြစ်၏။ ရှမ့်ရိလုံနှင့် သူ့သားကို ထိုသို့ အဖြစ်မခံလိုတော့ပေ။
ကျန်းလီက ပြောလိုက်သည်။ “ဒါဆို တတိယအဆင့်ကို တန်းသွားကြမယ်။ စစ်မှန်တဲ့ မင်းနဲ့ စစ်မှန်တဲ့ ငါတို့ရဲ့ အဆုံးစွန် တိုက်ပွဲပေါ့။”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။”
ကျန်းလီက ပြောလိုက်သည်။ “ဒါပေမဲ့ ဒါက မမျှတသေးဘူး။ ဒီနေရာက မြောက်ဝင်ရိုးစွန်း၊ ငါ့ရဲ့ အိမ်ကွင်းလည်း ဖြစ်နေတယ်။ ဒါကြောင့် ငါတို့က စစ်မှန်တဲ့ ကြားနေနယ်မြေ တစ်ခုကို ရှာဖို့ လိုတယ်။”
ရှမ့်လန်က မေးလိုက်၏။ “ဘယ်နေရာလဲ။”
ကျန်းလီက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။ “ဟိုနေရာဆို ဘယ်လိုလဲ။”
ရှမ့်လန် လှမ်းကြည့်လိုက်သည်။ ‘လကမ္ဘာ... တကယ်ကြီး လကမ္ဘာ ပေါ်မှာလား။’
ထိုနေရာသည် လောကမြေ၊ ငရဲသလင်းကျောက်များနှင့် လုံးဝ ဝေးကွာနေသည့် နေရာဖြစ်၏။ အမှန်တကယ်ပင် လုံလောက်အောင် မျှတပေသည်။ ထို့အပြင် လကမ္ဘာပေါ်မှ တိုက်ပွဲ ဆိုသည်မှာလည်း လွန်စွာ ကြီးကျယ်ခမ်းနားသည် မဟုတ်ပါလား။
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ အဲဒီနေရာ မဆိုးဘူးပဲ။ အရှင် ကျန်းလီ... ကြွပါ။”
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ကြွပါ။”
ထို့နောက် သူတို့နှစ်ဦးသည် ဧရာမ နဂါးကြီးများကို စီးနင်းလျက် မြောက်ဝင်ရိုးစွန်း နန်းတော်ထဲမှ ပျံသန်း ထွက်ခွာလာခဲ့ကြသည်။ သူတို့၏ အလျင်သည် ပို၍ ပို၍ မြန်ဆန်လာ၏။ နောက်ဆုံးတွင် သူတို့သည် ဂြိုဟ်၏ ဆွဲငင်အားမှ လုံးဝ ရုန်းထွက်နိုင်ခဲ့ပြီး လကမ္ဘာဆီသို့ ဦးတည် ပျံသန်းသွားကြ၏။
ကျန်းလီသည် သူ့ကိုယ်ပိုင်အင်အားဖြင့် လကမ္ဘာသို့ မပျံသန်းနိုင်၍လား။ သေချာပေါက် မဟုတ်ပေ။ နှစ်ဦးစလုံးသည် အင်ပါယာဘုရင်များ ဖြစ်ကြ၏။ သေချာပေါက် သူတို့၏ နဂါးများကို စီးနင်း၍ ပျံသန်းရမည်။ ဤလောကနှင့် လကမ္ဘာကြား အကွာအဝေးသည် ကီလိုမီတာ ၅ သိန်းကျော် ကွာဝေးသည်။ ရက်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ဦးသည် နဂါးနှစ်ကောင်ကို စီးနင်းလျက် လကမ္ဘာသို့ ချဉ်းကပ် လာခဲ့ကြသည်။
ထိုအချိန်တွင် ယောင်ယောင်သည် ပန်းချီ ဆွဲနေဆဲ ဖြစ်၏။ သာမန် မိသားစု ညစာစားပွဲ ပုံပင် ဖြစ်သည်။ ဤသည်မှာ ပြီးဆုံးနိုင်ခြင်း မရှိသော ပန်းချီကားတစ်ချပ် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယောင်ယောင်သည် ပန်းချီကားထဲတွင် ပန်းချီဆွဲနေသောကြောင့် ဖြစ်သည်။ ပန်းချီကားထဲတွင် ပန်းချီကား ပါဝင်နေ၏။ အဆုံးအစ မရှိပေ။
ယောင်ယောင်သည် ဖခင်ဖြစ်သူ ပြန်မလာမချင်း ဆက်လက် ဆွဲနေမည် ဖြစ်သည်။ နောက်ဆုံးတွင် သူမသည် စတုရန်းစင်တီမီတာ တစ်ကွက်မျှပင် မရှိသော စက္ကူလေးပေါ်တွင် ဆွဲနေခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ထိုပန်းသည် သာမန် မိသားစု ညစာစားပွဲပုံ ဖြစ်နေဆဲပင်။
သူမ ပန်းချီဆွဲနေရင်း ရုတ်တရက် အခန်းထဲမှ ပြေးထွက်သွားပြီး လသာဆောင်သို့ ရောက်ရှိသွားကာ လမင်းကြီးကို မော့ကြည့်လိုက်သည်။ ယောင်ယောင်နှင့် သူမ၏ ဖခင်ကြားတွင် ဝိညာဉ်ချင်း ဆက်နွယ်မှု ရှိနေ၏။ ထို့နောက် သူမသည် လသာဆောင်ပေါ်တွင် ဆက်လက် ရပ်နေပြီး လမင်းကြီးကို မော့ကြည့်နေ သည်။
ရှမ့်မီကလည်း ပြေးထွက်လာပြီး မေးလိုက်၏။ “အစ်မ... ဘာဖြစ်လို့လဲ။”
ယောင်ယောင်သည် ကောင်းကင်ပေါ်ရှိ လမင်းကြီးကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။ “ဖေဖေ”
... ...
***