ဤကမ္ဘာ၏ လသည် ကမ္ဘာမြေ၏လနှင့် အလွန် တူညီသည်။ တစ်ဖက်တွင် မီးတောင်ဝများနှင့် တွင်းချိုင့်များ ပြည့်နှက်နေပြီး အခြားတစ်ဖက်မှာမူ အလွန် ညီညာပြန့်ပြူးနေသည်။ သို့သော်ငြား ညီညာသောဘက်သည် လောကကြီးနှင့် လုံးဝ ကျောခိုင်းထားသောကြောင့် မြင်တွေ့ရခြင်း မရှိပေ။ သူတို့နှစ်ဦးသည် လကမ္ဘာ မျက်နှာပြင်ပေါ်သို့ ဆင်းသက်လိုက်ကြ၏။ နေရာတိုင်းတွင် မီးတောင်ဝများနှင့် တွင်းချိုင့်များ ရှိနေ၏။
ကျန်းလီသည် သူ့နဂါးသစ်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။ “မင်း ပြန်တော့။”
သူက ဆက်ပြောလိုက်၏။ “လဝက်နေရင် ပြန်လာခဲ့။ အဲဒီအချိန်ကျရင် ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်နေလိမ့်မယ်။ ငါနဲ့ အရှင်ရှမ့်လန်ကြားမှာ တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်။ ဘယ်သူပဲ အသက်ရှင်ကျန်ရစ်ပါစေ။ ကျန်ခဲ့သူက မင်းရဲ့သခင် ဖြစ်လာလိမ့်မယ်။”
ကျန်းလီ၏ နဂါးသစ်သည် ကိုယ်ထင်ပြလာပြန်၏။ ထိုနဂါးသည် ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး ကျန်းလီကို ကြည့်ကာ ငိုကြွေးမြည်တမ်းလိုက်သည်။
ရှမ့်လန်က ရှမ့်ရိလုံ ကို ပြောလိုက်၏။ “ပြန်တော့။”
သူက ဆက်ပြောလိုက်သည်။ “လဝက်နေရင် ပြန်လာခဲ့။ အဲဒီအချိန်ကျရင် ငါနဲ့ အရှင် ကျန်းလီ ကြားမှာ တစ်ယောက်ပဲ အသက်ရှင်ခွင့် ရှိတယ်။ ဘယ်သူပဲ အသက်ရှင်ကျန်ရစ်ပါစေ။ ကျန်ရစ်သူက မင်းရဲ့ သခင် ဖြစ်လာလိမ့်မယ်။”
ရှမ့်ရိလုံသည် သူ၏ ဧရာမ ခေါင်းကြီးဖြင့် ရှမ့်လန်၏ လက်ဖဝါးကို ပွတ်သပ်လိုက်၏။ “သွားကြ... သွားကြ။”
ဧရာမ နဂါးကြီး နှစ်ကောင်သည် မလိုလားစွာဖြင့် လကမ္ဘာမှ ထွက်ခွာသွားကြပြီး လောကကြီးဆီသို့ ပြန်လည် ပျံသန်းသွားကြသည်။ မကြာမီတွင် နဂါးနှစ်ကောင်သည် ရှမ့်လန်နှင့် ကျန်းလီ၏ အမြင်အာရုံမှ ပျောက်ကွယ် သွားကြသည်။
အထီးကျန်လကမ္ဘာထက်တွင် ရှမ့်လန်နှင့် ကျန်းလီသာ ကျန်ရစ်ခဲ့သည်။ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။ တစ်ဦးက တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး အခြားတစ်ဦးက ပုံမှန်အတိုင်းသာ ရှိ၏။
ရှမ့်လန်သည် ဤဂြိုဟ်လောကကြီးကို ကြည့်လိုက်သည်။ ဤသည်မှာ သူ လောကကြီးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ဤသည်မှာ အာကာသယာဉ်မှူး တစ်ဦး၏ အခွင့်အရေးဟု ယူဆနိုင်သည်။ ကမ္ဘာမြေတွင် အမ်းစထရောင်း နှင့် အခြား လူနည်းစုသာ ကမ္ဘာမြေကို လကမ္ဘာပေါ်မှ မြင်ဖူးခဲ့ကြသည်။
ဤကမ္ဘာသည် ကမ္ဘာမြေ မဟုတ်သော်လည်း ကမ္ဘာမြေနှင့် အလွန် တူညီသည်။ ၎င်းသည် ပိုမို ကြီးမားနေခြင်းသာ ကွာခြား၏။ ဤဂြိုဟ်၏ အချင်းသည် ကမ္ဘာမြေထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမို ကြီးမား သည်။ သို့သော်ငြား လကမ္ဘာ၏ အရွယ်အစားမှာမူ ကမ္ဘာမြေ၏ လနှင့် အတူတူလောက်ပင် ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “လှလိုက်တာ။ အပြာရောင်ဂြိုဟ်လေးက အရမ်း လှတာပဲ။ အဆုံးမဲ့ သက်ရှိစွမ်းအားတွေ ပြည့်နေတာပဲ။”
ကျန်းလီက ပြောလိုက်၏။ “စကြဝဠာထဲက ဂြိုဟ်အများစုက ဒီလို မဟုတ်ကြဘူး။ ဒီလို ရှားပါးတဲ့ ဂြိုဟ်တစ်လုံးကို ရွေးချယ်ခြင်းက သက်ရှိတွေရဲ့ ကျိုးပဲ့လွယ်မှုနဲ့ ယဉ်ကျေးမှုရဲ့ ကျိုးပဲ့လွယ်မှုကို ကိုယ်စားပြု နေတယ်။ ငါတို့ ရပ်နေတဲ့ ဒီဂြိုဟ်ကမှ စကြဝဠာရဲ့ ပုံမှန် အခြေအနေပါ။”
“ကောင်းပါပြီ။ ခင်ဗျား ပြောတာ မှန်ပါတယ်။”
စကြဝဠာထဲရှိ ၉၉.၉၉၉၉ ရာခိုင်နှုန်းသော ဂြိုဟ်များသည် သက်မဲ့များ ဖြစ်ကြ၏။ ကျောက်တုံးများ၊ ဓာတ်ငွေ့များ၊ ထူးဆန်းသော သတ္တုများ၊ သို့မဟုတ် စိန်များ ဖြစ်ကြသည်။ သို့သော်ငြား ကမ္ဘာမြေကဲ့သို့ သက်ရှိများနှင့် ရေများ ပြည့်နှက်နေသော ဂြိုဟ်ပေါင်းများစွာလည်း ရှိသည်။
ကျန်းလီက ပြောလိုက်၏။ “ငါတို့မြင်သမျှ အရာအားလုံးက နေမင်းကြီး ပေးတဲ့ လက်ဆောင်တွေပဲ။ သူက ပေးနိုင်သလို ပြန်လည်း ရုတ်သိမ်းသွားနိုင်တယ်။ နေမင်းကြီးကို အနိုင်ယူနိုင်မှသာ ယဉ်ကျေးမှုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်လိမ့်မယ်။”
ရှမ့်လန်သည် မည်သည့်စကားကိုမှ ပြန်မပြောဘဲ ငြင်းဆန်ခြင်းလည်း မပြုခဲ့ပေ။ သူ ဘာပြောချင်သည်ကို ကျန်းလီ အနေဖြင့် ရှင်းလင်းစွာ သိပြီး ဖြစ်သည်။ နေမင်းကြီးကို အနိုင်ယူလိုလျှင် ဦးစွာပထမ နေမင်းကြီးကို နားလည် သဘောပေါက်ရမည်။ ထို့နောက် နေမင်းကြီးကို တုပရမည်။ နောက်ဆုံးအဆင့်ကျမှ နေမင်းကြီးကို အနိုင်ယူရမည် ဖြစ်သည်။
ယခုအချိန်တွင် ထိုစကားများကို ပြောဆိုနေခြင်းသည် မည်သည့် အဓိပ္ပာယ်မှ မရှိတော့ချေ။ ရှမ့်လန်နှင့် ကျန်းလီ နှစ်ဦးကြားတွင် တစ်ဦးသာ အသက်ရှင်ခွင့် ရှိသည်။ ဤသည်မှာ ကံကြမ္မာပင် ဖြစ်၏။
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်း ကြည့်ချင်သလောက် ကြည့်နိုင်ပါတယ်။ လဝက်အချိန် ရှိတယ်။ မင်း ပြီးပြီလို့ ထင်တဲ့အချိန် ငါတို့ စကြတာပေါ့။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ပြီးပြီ။”
ကျန်းလီက မေး၏။ “ဒါဆို လရဲ့ အမှောင်ဘက်ခြမ်းကို သွားကြမလား။ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲကို ဘယ်သူ့ကိုမှ မမြင်စေတာ အကောင်းဆုံးပဲ။”
ရှမ့်လန်က ပြန်ပြောသည်။ “ကောင်းပြီ။”
နာရီအနည်းငယ် ကြာပြီးနောက် ရှမ့်လန်နှင့် ကျန်းလီတို့သည် လ၏ အမှောင်ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့ ကြသည်။ မည်သူမှ မမြင်နိုင်သော နေရာ၌ သူတို့၏ နောက်ဆုံးတိုက်ပွဲကို ဆင်နွှဲကြပေတော့မည်။
ကျန်းလီက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... စလိုက်ကြရအောင်။ မင်း အရင် စပါ။ အရှင်ရှမ့်လန်... ငါ မင်းကို သုံးကွက် အခွင့်အရေး ပေးမယ်။ ငါ ဘာကိုဆိုလိုတယ်ဆိုတာ မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်။”
ကျန်းလီက ရှမ့်လန်ကို ပထမ သုံးကွက် အခွင့်အရေး ပေးသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ တရားမျှတမှု ရှိစေရန်လား။ မဟုတ်ပေ။ လုံးဝ မဟုတ်ပေ။
ကျန်းလီ၏ မျက်လုံးထဲတွင် တရားမျှတမှု ဆိုသည်မှာ မရှိပေ။ ဤလောကကြီးတွင် တရားမျှတမှု ဆိုသည်မှာ မရှိဟု သူ ခံယူထားသည်။
ကျန်းလီသည် ရှမ့်လန်၏ ဖခင် ဖြစ်သောကြောင့် ပထမ သုံးကွက် အခွင့်အရေး ပေးခြင်းလည်း မဟုတ်ပေ။ သူ့မျက်လုံးထဲတွင် သားအဖ သံယောဇဉ် ဆိုသည်မှာ မရှိတော့ချေ။ သူသည် နိမ့်ကျသော စိတ်ခံစားမှုဟု ခေါ်ဆိုကြသည့် အရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ ကျောက်စိမ်းဖြူမြို့တော် ဘုရင်မသည် အနည်းဆုံးတော့ သူ့မိန်းမ ဖြစ်ခဲ့သော်လည်း သူသည် လက်တစ်ချောင်းတည်းဖြင့် သူမကို သတ်ဖြတ်ပစ်ခဲ့၏။
ကျန်းလီက ရှမ့်လန်အား ပထမ သုံးကွက် အခွင့်အရေး ပေးရခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိသည်။ ပထမ အကြောင်းရင်းမှာ သူသည် မိမိ၏ အင်အားအပေါ် အလွန်အမင်း ယုံကြည်မှု လွန်ကဲနေခြင်း ဖြစ်သည်။ သူသာ စတင် တိုက်ခိုက်လိုက်လျှင် ရှမ့်လန်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရှမ့်လန်ကို ပထမ သုံးကွက် အခွင့်အရေး ပေးခြင်းသည် ရှမ့်လန်အား မိမိတတ်စွမ်းသမျှ စွမ်းရည်များကို ထုတ်သုံးခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ဆရာကြီး ခေးအော့စ် ရှမ့်လန်ကို ရွေးချယ်ခဲ့သည့် အကြောင်းအရင်းကို သူ သိချင်သည်။ ရှမ့်လန်၏ စွမ်းရည်ကို သူ သိချင်သည်။
‘မင်းမှာရှိတဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်စမ်းပါ။ ဒါက မင်း မသေခင် ရမဲ့ နောက်ဆုံး အခွင့်အရေးပဲ။’
... ...
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ကျေးဇူးတင်ပါတယ် အရှင်ကျန်းလီ... ဒါဆို ကျုပ် အားနာ မနေတော့ဘူး။”
ထို့နောက် ရှမ့်လန်သည် သူ၏ ပထမဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ “နျူကလီးယား ဖြိုခွင်းခြင်း”
လကမ္ဘာပေါ်တွင်လည်း ယူရေနီယမ်များ ရှိသည်။ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲတွင် ရှမ့်လန်သည် မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ ယူရေနီယမ် အားလုံးကို ဝါးမျိုလိုက်၏။ ယူရေနီယမ် ပမာဏသည် အံ့မခန်း များပြားလှသည်။ ထိုအရာတို့သည် ယူရေနီယမ် တန်ချိန် ဆယ်ချီ၊ ရာချီ၊ ထောင်ချီ၍ပင် စုစည်းသွားခဲ့သည်။ ထို့အပြင် သန့်စင်ပြီး ယူရေနီယမ်များ ဖြစ်ကြသည်။ ဤပမာဏသည် နျူကလီးယားဗုံး ထောင်ပေါင်းများစွာနှင့် ညီမျှ၏။
ဤနေရာသည် အမှန်တကယ်အားဖြင့် ကျန်းလီအတွက် အားနည်းချက် ဖြစ်စေသော နေရာ ဖြစ်သည်။ ရှမ့်လန်သည် စွမ်းအင် အရင်းအမြစ်အဖြစ် ယူရေနီယမ်ကို စုပ်ယူနိုင်သော်လည်း ကျန်းလီ၏ ငရဲ သလင်းကျောက် သည် ဤနေရာတွင် မည်သည့်အရာကိုမှ စုပ်ယူ၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ငရဲသလင်းကျောက်သည် ဂြိုလ်အူတိုင်မှ စွမ်းအင်ကို စုပ်ယူရန် နှစ်သက်သောကြောင့် ဖြစ်သည်။
လကမ္ဘာသည် သေဆုံးနေပြီ ဖြစ်၏။ ဂြိုလ်အူတိုင် လှုပ်ရှားမှု မရှိသလို သံလိုက်စက်ကွင်းလည်း မရှိပေ။ ကျန်းလီ အားကိုးရသည်မှာ ဤခန္ဓာကိုယ်ကြီးသာ ဖြစ်သည်။ ခန္ဓာကိုယ်ကြီးတွင် မည်သည့်အရာ ပါဝင်နေသနည်း။
ငရဲသလင်းကျောက်တွင် အဆုံးအစမဲ့ စွမ်းအင်များနှင့် လူသန်းပေါင်းများစွာ၏ ဝိညာဉ်များ ပါဝင်နေ၏။ လွန်ခဲ့သော နှစ် ၃၀ က ငရဲသလင်းကျောက် အူတိုင်သည် အမှောင်ဘုရင်မ၏ သေမင်းတမန်တိုက်ခိုက်မှု ကြောင့် အပေါက်ဖောက်ခံခဲ့ရသည်။ ထို့နောက် ကျန်းလီသည် စွမ်းအင်ယိုစိမ့်မှုကို တားဆီးရန် အမှောင် ပလ္လင်ပေါ်တွင် ထိုင်နေခဲ့ရပြီး ဤယိုစိမ့်လာသော စွမ်းအင်များဖြင့် သူ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားလာသည်အထိ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ် ကြီးမားနေခြင်းသည် ကြွားဝါလို၍ မဟုတ်ဘဲ အခြား ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်ဟု သူ ပြောခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ် ၃၀ ကျော်က ကျန်းလီ၏ ခန္ဓာကိုယ်သည် အလွန်များပြားသော စွမ်းအင်များနှင့် ငရဲသလင်းကျောက်များကို အသုံးပြု၍ ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား နောက်ပိုင်းတွင် သူသည် ငရဲသလင်းကျောက်ကို စတင် ဖိသိပ်ခဲ့သောကြောင့် သူ၏ခန္ဓာကိုယ် ကြီးထွားမှု ရပ်တန့်သွားခဲ့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ငရဲသလင်းကျောက်များသည် အလွန် သိပ်သည်းနေ၏။
ကျန်းလီ၏ ခန္ဓာကိုယ်ထဲတွင် ငရဲသလင်းကျောက် မည်မျှ ရှိသနည်း။ များပြားလွန်းသဖြင့် တိုင်းတာ၍ပင် မရနိုင်ပေ။ ထို့အပြင် ကျန်းလီ၏ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ထိန်းချုပ်မှုအောက်တွင် ထုတ်ဖော်ပြသနိုင်သည့် တိုက်ခိုက်နိုင်စွမ်းသည် စိတ်ကူး၍ပင် မရနိုင်အောင် ဖြစ်ပေမည်။
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ကျန်းလီ... ဒါက ကျုပ်ရဲ့ ပထမ တိုက်ကွက်ပဲ။”
ကျန်းလီက ပြောလိုက်၏။ “ကြွပါ။”
ရှမ့်လန်သည် သူ၏ ပထမဆုံးတိုက်ကွက် ဖြစ်သော နျူကလီးယား ဖြိုခွင်းခြင်းကို ထုတ်လွှတ်လိုက်သည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
နျူကလီးယားဗုံးအဆင့်ရှိသော ဖြိုခွင်းခြင်း စွမ်းအင်ထောင်ပေါင်းများစွာသည် ကျန်းလီထံသို့ ဝင်ရောက် တိုက်ခိုက်လိုက်ကြ၏။
တစ်ခဏအတွင်းမှာပဲ လ၏ ကျောဘက်ခြမ်းတစ်ခုလုံးသည် တုန်လှုပ်ဖွယ်ရာ အလင်းရောင်ဖြင့် လင်းထိန် သွားခဲ့သည်။ လ၏ကျောဘက်ခြမ်းတွင် ဖြစ်သော်လည်း လောကမြေပြင်ပေါ်ရှိ လူများသည် ထိုအလင်းရောင် ကို မြင်တွေ့နေရ၏။ လမင်းကြီးသည် ရုတ်တရက် လက်ခနဲ လင်းလက်သွားခဲ့သည်။
မင်းသမီးလေးရှမ့်မီ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူမ၏ အစ်မလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား လိုက်မိ၏။ ရှမ့်မီ သာမက တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်မှ လူအများအပြားသည်လည်း အပြင်သို့ ထွက်လာပြီး လမင်းကြီးရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအလင်းရောင် သည် အလွန် ထူးဆန်းနေသောကြောင့် ဖြစ်၏။
......
လ၏ ကျောဘက်ခြမ်းတွင် ရှမ့်လန်၏ ပထမ တိုက်ကွက်သည် ပြင်းအားမြင့် သန့်စင်ထားသော ယူရေနီယမ် တန်ချိန် ထောင်ပေါင်းများစွာကို ဖောက်ခွဲလိုက်ခြင်းဖြစ်ပြီး ကျန်းလီ၏ကိုယ်ပေါ်တွင် နျူကလီးယားဗုံး ထောင်ပေါင်းများစွာ ပေါက်ကွဲသွားသည်နှင့် ညီမျှသည်။
တစ်ခဏအတွင်းမှာပဲ မီးလုံးကြီးသည် အချင်းဝက် မီတာ ကိုးထောင်ကျော်နှင့် အမြင့် မီတာ တစ်သောင်းနီးပါး ရှိလာခဲ့၏။ ကီလိုမီတာ နှစ်ရာ ပတ်လည်အတွင်းရှိ အရာအားလုံးသည် ပြာမှုန့် ဖြစ်သွားခဲ့သည်။
လ၏ ကျောဘက်ခြမ်းတွင် မီးတောင်ဝ အနည်းငယ်သာ ရှိသော်လည်း ယခုအခါ ဧရာမ တွင်းကြီးတစ်တွင်း ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ မီတာ သောင်းချီ ပတ်လည်အတွင်းရှိ ကျောက်တုံးများ အားလုံးသည် ချော်ရည် များအဖြစ် လောင်ကျွမ်း အရည်ပျော်သွားကြ၏။
ကျန်းလီ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားသော်လည်း ယခုအချိန်တွင်မူ သူသည်လည်း အဆုံးအစမဲ့သော နျူကလီးယားဖြိုခွင်းခြင်း မီးလျှံများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ပေါက်ကွဲထွက်လာသော အလင်းရောင်သည် တောက်ပလွန်းလှသောကြောင့် နေမင်းကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို လင်းလက်နေသည်။ ထို့ကြောင့် ကျန်းလီ၏ ပုံရိပ်သည် မီးလျှံများထဲတွင် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ထင်ရ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် တုန်လှုပ်ဖွယ်ရာ နျူကလီးယား ဖြိုခွင်းခြင်း မီးလျှံများ ပျောက်ကွယ် သွားခဲ့သည်။
မီတာသောင်းချီ ပတ်လည်အတွင်းရှိ လ၏မျက်နှာပြင်သည် လုံးဝ နီရဲနေ၏။
‘ကျန်းလီ ဘယ်ရောက်သွားပြီလဲ။ ပြာမှုန့် ဖြစ်သွားပြီလား။’
လုံးဝ မဟုတ်ပေ။ သူသည် ဧရာမ နျူကလီးယား ဖြိုခွင်းခြင်း တွင်းကြီးထဲတွင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ ဘေးကင်းလုံခြုံစွာ ရှိနေသော်လည်း သူ့ခန္ဓာကိုယ်သည် သုံးပုံတစ်ပုံခန့် ကျုံ့သွားခဲ့သည်။ မှန်ပေသည်။ သုံးပုံတစ်ပုံခန့်သာ ကျုံ့သွားခြင်း ဖြစ်သည်။
အကယ်၍ ရှမ့်လန်သာ လအနည်းငယ် နောက်ကျပြီးမှ ရောက်လာခဲ့ပါက ဤလောကပျက်မတတ် ပြင်းထန်သော နျူကလီးယား ဖြိုခွင်းခြင်းသည် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ရုံသာမက သူကပင် ပြန်လည် ဝါးမျိုပစ်နိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ငရဲသလင်းကျောက်သည် အဆင့်မြှင့်တင်ခြင်း ပြီးပြည့်စုံလုနီးပါး ဖြစ်နေသောကြောင့်ပင်။
ထိုအချိန်တွင် သူသည် နျူကလီးယား ဖြိုခွင်းခြင်းစွမ်းအင်နှင့် သဟဇာတ ဖြစ်နေမည်ဖြစ်ပြီး ဆန့်ကျင် နေမည် မဟုတ်ပေ။
သို့သော်ငြား အနည်းဆုံး လောလောဆယ်တွင်မူ ငရဲသလင်းကျောက်ကို အရည်ပျော်စေနိုင်သေး၏။
ကျန်းလီသည် မရှိတော့သော သူ၏ဝတ်ရုံလက်များကို ဝှေ့ယမ်းလိုက်ပြီး မီးလျှံ၏ အစအနများကို သုတ်သင်လိုက်သကဲ့သို့ ပြုမူ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “နှစ်ကွက် ကျန်သေးတယ်။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ လကမ္ဘာသည် ရှမ့်လန်အတွက် အမှန်တကယ် မင်္ဂလာမြေ ဖြစ်၏။ ဤနေရာတွင် ကျန်းလီသည် ထိန်းချုပ်နိုင်သော နတ်ဘုရားစွမ်းအား မရှိသော်လည်း ရှမ့်လန်တွင်မူ အဆုံးအစမဲ့ နတ်ဘုရား စွမ်းအားများ ရှိနေ၏။
ဤနေရာတွင် ကျန်းလီသည် ဂြိုလ်အူတိုင် စွမ်းအင် သို့မဟုတ် သံလိုက်စွမ်းအင် အနည်းငယ်မျှကိုပင် ဝါးမျိုနိုင်စွမ်း မရှိပေ။ သို့သော်ငြား ရှမ့်လန်သည် ဤနေရာမှ ယူရေနီယမ်နှင့် အဆုံးအစမဲ့သော နျူကလီးယား ပေါင်းစည်းခြင်း ကုန်ကြမ်းများကို ထုတ်ယူနိုင်စွမ်း ရှိသည်။
အမှန်စင်စစ် ကျန်းလီသည် ဤအချက်ကို ကောင်းစွာ သိရှိပြီး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူလွှတ်၍ နျူကလီးယား ဖြိုခွင်းခြင်းနှင့် သက်ဆိုင်သော အချက်အလက် အားလုံးကို ခိုးယူခဲ့ဖူးသောကြောင့် ဖြစ်သည်။ နျူကလီးယား ပေါင်းစည်းခြင်း ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲမှုကိုပင် သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ဖူး၏။
ထို့ကြောင့် သူသည် ကျန်းကလန် ဧရာမနဂါးနှင့် ကျိကလန် ဧရာမနဂါးတို့ကို မျိုးစပ်စေပြီး နဂါးသစ် တစ်ကောင်ကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုနဂါးသစ်သည် နျူကလီးယား ပေါက်ကွဲမှု စွမ်းအားနှင့် ငရဲသလင်းကျောက်ကို ပေါင်းစပ်နိုင်ပြီး နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းဖြင့် ငရဲသလင်းကျောက် အသစ်ကို အဆင့်မြှင့်တင်နိုင်မည်။
***