ငရဲသလင်းကျောက်၏ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်း အဆင့်မြှင့်တင်မှု ပြီးစီးသွားသည်နှင့် တပြိုင်နက် ငရဲသလင်းကျောက် အသစ်သည် နျူကလီးယား ပေါင်းစည်းခြင်းနှင့် နျူကလီးယား ဖြိုခွင်းခြင်း စွမ်းအင် များကို ဝါးမြိုနိုင်စွမ်း ရှိလာပေလိမ့်မည်။ ထိုအခါ ကျန်းလီ၏ စွမ်းအားသည် ပိုမို အဆုံးအစမဲ့ ဖြစ်လာမှာ ဖြစ်ပြီး ရှမ့်လန်သည် သူ့ကို လုံးဝ ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။ သို့သော်ငြား နှမြောစရာ ကောင်းသည်မှာ ကျန်းလီ အဆင့်မြှင့်တင်မှု မပြီးစီးခင်မှာပင် ရှမ့်လန် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ထိုသို့ ဖြစ်နေလင့်ကစား ကျန်းလီသည် သူ၏ကိုယ်ပိုင် နယ်မြေကို စွန့်ခွာပြီး လကမ္ဘာကို စစ်မြေပြင် အဖြစ် ရွေးချယ်ခဲ့သည်။ အတိုင်းအတာ တစ်ခုအထိ ပြောရလျှင် လကမ္ဘာသည် ရှမ့်လန်၏ အိမ်ကွင်း ဖြစ်သည်။ ဤနေရာတွင် သူသည် သူ၏ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း နတ်ဘုရား စွမ်းအားများကို ထုတ်ဖော်နိုင်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း မျိုးရိုးဗီဇတွင် နျူကလီးယား စွမ်းအင် ပါဝင်နေသောကြောင့် ဖြစ်သည်။
သူနှင့် တန်းတူတိုက်ခိုက်နိင်ရန် ကျန်းလီက ရှမ့်လန်အား အခွင့်အရေးပေးခြင်းဖြစ်နိုင်၏။ ကျန်းလီသည် မည်သည့်အချိန်တည်းက တရားမျှတမှုကို ဂရုစိုက်သွားသနည်း။ သူ့အတွက် သိက္ခာသမာဓိနှင့် တရားမျှတမှု ဆိုသည်မှာလည်း အလွန် နိမ့်ကျသော စည်းမျဉ်းနှင့် စိတ်ခံစားမှု တစ်ခုသာ ဖြစ်သင့်သည် မဟုတ်ပါလား။
... ...
ရှမ့်လန်က ပြောလိုက်သည်။ “အရှင် ကျန်းလီ... ကျုပ်ရဲ့ ဒုတိယ တိုက်ကွက် လာတော့မယ်။”
ကျန်းလီက ပြောလိုက်၏ “လုပ်ပါ။ မင်း မှာနှစ်ကွက် ကျန်သေးတယ်။”
ထို့နောက် သူသည် မလှုပ်မယှက် ဆက်လက် ရပ်နေပြီး ရှမ့်လန်၏ ဒုတိယ တိုက်ကွက်ကို စောင့်ဆိုင်းနေ သည်။
ရှမ့်လန်သည် အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်သွား၏။ သူသည် အရာအားလုံးကို နောက်တစ်ကြိမ် ရူးသွပ်စွာ ဝါးမျိုလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ မိုင် ၁၀၀၀ ပတ်လည်လောက်သာ မကတော့ပေ။
ပထမအကြိမ် နျူကလီးယား ပေါက်ကွဲမှုကြောင့် လကမ္ဘာ၏ ကောင်းကင်ယံတွင် အဆုံးအစမဲ့သော ရောင်ခြည်သင့် ဖုန်မှုန့်များ ပြည့်နှက်နေသည်။ ရှမ့်လန်၏ နတ်ဘုရားစွမ်းအားသည် အဆပေါင်း မရေမတွက်နိုင်အောင် ကျယ်ပြန့်သွားခဲ့၏။ နာရီဝက်တိတိ ကြာပြီးနောက် သူသည် ကီလိုမီတာ ၂၀၀၀ ကျော် ပတ်လည်အတွင်းရှိ ယူရေနီယမ် အားလုံးကို ရူးသွပ်စွာ ထုတ်ယူလိုက်ပြီးဖြစ်သည်။
ထို့အပြင် လကမ္ဘာပေါ်တွင် လေးလံသည့် ဟိုက်ဒရိုဂျင် သိပ်မများသော်လည်း အနည်းငယ်တော့ ရှိသည်။ လကမ္ဘာပေါ်တွင် အထူးခြားဆုံးနှင့် အဖိုးတန်ဆုံး ဒြပ်စင်မှာ ဟီလီယမ်-၃ ဖြစ်၏။ ဟီလီယမ်-၃ သည် ထိန်းချုပ်နိုင်သော နျူကလီးယား ပေါင်းစည်းခြင်း ကုန်ကြမ်းဖြစ်ပြီး လုံးဝ သန့်ရှင်းသော စွမ်းအင် အရင်းအမြစ် ဖြစ်သည်။ ၎င်း၏ နျူကလီးယား ပေါင်းစည်းခြင်း ဓာတ်ပြုမှုသည် ဟိုက်ဒရိုဂျင်ဗုံးလောက် ပေါက်ကွဲအား မပြင်းထန်ပေ။
မည်သို့ပင်ဖြစ်စေ ရှမ့်လန်သည် အလွန် များပြားသော ယူရေနီယမ်၊ လေးလံသည့် ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်-၃ တို့ကို ထုတ်ယူလိုက်သည်။ ဒုတိယအကြိမ် တိုက်ခိုက်မှု လှိုင်းသည် ပထမအကြိမ်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်ပြီး အဆပေါင်းများစွာ ပိုမို အားကောင်းသည်။
အောက်ဘက်ရှိ လောကတွင် ရှမ့်လန်သည် သူ၏ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း နတ်ဘုရား စွမ်းအားကို တစ်ခါမှ ထုတ်မပြခဲ့ဖူးပေ။ ထို့ကြောင့် သူသည် လောကကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားမျိုး ပိုင်ဆိုင်ထားပုံ မရခဲ့ချေ။ သို့သော်ငြား လက်တွေ့တွင်မူ သူ့၌ ထိုကဲ့သို့သော နတ်ဘုရား စွမ်းအားမျိုး ရှိနေသည်။ သူ ထုတ်မသုံးခဲ့ခြင်းသာ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အောက်ဘက်ရှိ လောကသည် သူ မှီခိုရှင်သန်ရသော ဂြိုဟ်ဖြစ်သည့်အတွက် ဤမျှ ကြီးမားသော စွမ်းအားပမာဏကို အသုံးပြုပြီး ဖျက်ဆီးပစ်ရန် အမှန်တကယ် မလိုလားခဲ့သောကြောင့် ဖြစ်သည်။
နာရီဝက်တိတိ ကြာပြီးနောက် ရှမ့်လန်သည် ဒုတိယ တိုက်ကွက်အတွက် စုစည်းမှု ပြီးစီးသွားခဲ့သည်။ မှန်ပေသည်။ ဝါးမျိုရန် နာရီဝက်ကြာပြီး စုစည်းရန် နောက်ထပ် နာရီဝက် ကြာမြင့်ခဲ့၏။ ကျန်းလီသည် ထိုနေရာတွင် ဤအတိုင်း ရပ်စောင့်နေခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်ကျန်းလီ... ကျုပ်ရဲ့ ဒုတိယ တိုက်ကွက် လာပြီ။”
ကျန်းလီက ပြော၏။ “လုပ်ပါ။”
ထို့နောက် ရှမ့်လန်သည် ဒုတိယတိုက်ကွက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။ အလွန် များပြားသော နျူကလီးယား ဖြိုခွင်းခြင်းနှင့် နျူကလီးယား ပေါင်းစည်းခြင်း ဖြစ်သည်။ နျူကလီးယား ပေါင်းစည်းခြင်း တစ်မျိုးတည်း မဟုတ်ပေ။ ဤအရာက နေမင်းကြီး၏ စွမ်းအင်နှင့် အမှန်တကယ် တူညီသည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း...”
ဤပေါက်ကွဲမှုသည် နျူကလီးယားဗုံး အလုံးရေ မည်မျှ၊ ဟိုက်ဒရိုဂျင်ဗုံး အလုံးရေ မည်မျှနှင့် ညီမျှသနည်း။ သူ မတွက်ချက်ချင်တော့ပေ။ အဆုံးအစ မရှိပေ။
မည်သို့ပင်ဖြစ်စေ ဤအချိန်၌ လတစ်စင်းလုံးသည် ပြင်းထန်စွာ တုန်ခါသွားပြီး လောကမြေမျက်နှာပြင်နှင့် ပိုမို နီးကပ်လာခဲ့သည်။ ဤပြင်းထန်သော စွမ်းအားသည် လောကမြေမျက်နှာပြင်နှင့် လကြားရှိ ဆွဲငင်အားကိုပင် ကမောက်ကမ ဖြစ်စေခဲ့၏။
တစ်ခဏအတွင်းမှာပဲ လောကမြေမျက်နှာပြင်ပေါ်ရှိ ဒီရေများသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ လောကပျက်မတတ် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့၏။ ကံကောင်းထောက်မစွာဖြင့် လောကတစ်ခုလုံး၏ သမုဒ္ဒရာများသည် အေးခဲနေသောကြောင့် ဒီရေ၏ စွမ်းအားသည် အတိုင်းအဆမဲ့ လျော့နည်းသွားခဲ့သည်။ ထိုသို့မဟုတ်ပါက လောကပျက်မတတ် ဆူနာမီ လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပေလိမ့်မည်။
ထို့အပြင် လောကမြေမျက်နှာပြင်ပေါ်ရှိ လူများသည်လည်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။ လမင်းကြီးသည် ပြိုင်ဘက်ကင်း မျက်စိကျိန်းလောက်သော အလင်းရောင်ဖြင့် ပေါက်ကွဲသွားသည်။ ဤခဏတာအတွင်း လမင်းကြီးသည် နေမင်းကြီး ဖြစ်သွားသကဲ့သို့ပင်။
လ၏ အမှောင်ဘက်ခြမ်းမှ အလင်းရောင်သည်ပင် လောက၏ တစ်ခြမ်းလုံးနီးပါးကို လင်းထိန်စေပြီး နေ့ဘက်ကဲ့သို့ လင်းလက်သွားစေသည်။
လူတိုင်း တုန်လှုပ်နေကြ၏။ လမင်းကြီးသည် နေမင်းကြီးကဲ့သို့ လင်းလက်လာခဲ့သည်။ ဤအရာက နေမင်းကြီးကို အဆုံးစွန် တုပလိုက်ခြင်းလား။
ထို့အပြင် ဤအလင်းရောင်သည် အလွန် ကြာမြင့်စွာ တည်ရှိနေသည်။ ရှမ့်လန်၏ ဒုတိယ နျူကလီးယား ပေါင်းစည်းခြင်း တိုက်ခိုက်မှုသည် ၁၅ မိနစ်တိတိ ကြာမြင့်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် အဆုံးအစမဲ့သော ဟီလီယမ်-၃ များသည် ဆက်လက် ပေါင်းစည်းနေသောကြောင့် ဖြစ်၏။
“ဘုန်း ဘုန်း ဘုန်း...”
ဤသည်မှာ ရှမ့်လန်၏ အိမ်ကွင်း ဖြစ်သည်။ သူသည် နျူကလီးယား ဖြိုခွင်းခြင်းနှင့် နျူကလီးယား ပေါင်းစည်းခြင်း နတ်ဘုရား စွမ်းအားများကို ထိန်းချုပ်ထား၏။ အဆုံးအစမဲ့သော နေမင်းကဲ့သို့ မီးလျှံများနှင့် နျူကလီးယား ပေါက်ကွဲမှု မီးလျှံများသည် ကျန်းလီထံသို့ ရူးသွပ်စွာ ဝင်ရောက် တိုက်ခိုက်နေကြသည်။ အဆုံးအစမဲ့သော စွမ်းအားများကို သွန်းလောင်းချနေပြီး သူသည် မရပ်မနား တိုက်ခိုက်နေခဲ့သည်။
ကျန်းလီ၏ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်သည် တရစပ် ကျုံ့ဝင်နေပြီး ဆက်လက်၍ ကျုံ့ဝင်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော အထူးငရဲသလင်းကျောက်များသည် တရစပ် ပြာမှုန့် ဖြစ်သွားပြီး အရည်ပျော်ကျနေ၏။
ထိုအချိန်၌ လတစ်စင်းလုံးသည် နေမင်းကြီးကဲ့သို့ အဆုံးအစမဲ့သော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့၏။
၁၅ မိနစ်တိတိ ကြာပြီးနောက် လောကမြေမျက်နှာပြင်ပေါ်ရှိ ညဉ့်ကာလသည် နေ့ဘက်အဖြစ် ပြောင်းလဲ သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် လနှင့် နေသည် ကောင်းကင်တစ်ခုတည်းတွင် အတူ ရှိမနေခဲ့ပေ။ မဟုတ်ပါက လူတိုင်း၏ အမြင်အာရုံထဲတွင် နေနှစ်စင်း ရှိနေပေလိမ့်မည်။ ထိုအချိန်တွင် အရှေ့ဘက် လောကရှိ လူတိုင်းသည် မိမိတို့၏ အခန်းများထဲမှ ထွက်လာကြသည်။ တော်ဝင်ချန် အင်ပါယာမှဖြစ်စေ၊ ကျန်းအင်ပါယာမှဖြစ်စေ သူတို့အားလုံးသည် ကောင်းကင်ကို မော့ကြည့်ပြီး လမင်းကြီး ရှိရာဘက်သို့ မျှော်ကြည့်နေကြ၏။
ယခုအခါ ရှမ့်လန်နှင့် ကျန်းလီတို့သည် လကမ္ဘာမျက်နှာပြင်ပေါ်တွင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲနေကြကြောင်း လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို သူတို့ စိတ်ကူး၍ပင် မရနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် ဤတိုက်ပွဲသည် လောကမြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပွားခြင်း မဟုတ်ပေ။ မဟုတ်ပါက အင်ပါယာ တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
၁၅ မိနစ် ကြာပြီးနောက် ရှမ့်လန်၏ ဒုတိယ တိုက်ကွက် ပြီးဆုံးသွားခဲ့သည်။ အလင်းရောင် အားလုံး ငြိမ်းသွားခဲ့၏။ သို့သော်ငြား လ၏ အမှောင်ဘက်ခြမ်း တစ်ခုလုံးသည် ဆူပွက်နေသော ချော်ရည်များအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့သည်။
‘ကျန်းလီ ဘယ်ရောက်သွားပြီလဲ။ သူ ဘယ်ရောက်သွားပြီလဲ။ ပျောက်သွားပြီလား။ ပြာမှုန့် ဖြစ်သွားပြီလား။’
လုံးဝ မဟုတ်ပေ။ စောစောက ရှမ့်လန်၏ တိုက်ခိုက်မှုသည် မကြုံစဖူး ကြီးမားသော တွင်းကြီးတစ်တွင်းကို ဖြစ်ပေါ်စေခဲ့၏။ ယခုအချိန်တွင် ကျန်းလီသည် ထိုတွင်းကြီး၏ အလယ်တည့်တည့်တွင် ရပ်နေသည်။ သူသည် မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရထားပုံ မရပေ။ သို့သော်ငြား သူ၏ တောင်တစ်လုံး ကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကြီး မရှိတော့ချေ။ သူသည် အရပ် နှစ်မီတာခန့်သာ ရှိတော့ပြီး သာမန် လူတစ်ယောက်နှင့် တူနေ၏။
ရှမ့်လန်၏ ဒုတိယ တိုက်ကွက်သည် ကျန်းလီ၏ ငရဲသလင်းကျောက် စွမ်းအင် ၉၉.၉၉၉ ရာခိုင်နှုန်းကို အရည်ပျော် သွားစေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အမဲရောင် သံချပ်ကာဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်၏။ အမှန်စင်စစ် ဤအမဲရောင် သံချပ်ကာသည် ငရဲသလင်းကျောက် ကိုယ်တိုင်ပင် ဖြစ်သည်။ သူ့အရှေ့ရှိ ကျန်းလီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ကျန်းလီနှင့် တစ်ပုံစံတည်း တူနေသည်။
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ကျန်းလီ... မျက်နှာဖုံးကို ချွတ်ချင်လား။”
ကျန်းလီသည် ခေတ္တမျှ တုံ့ဆိုင်းနေ၏။ ထို့နောက် သူ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးသည် ဖြည်းညင်းစွာ အရည်ပျော်ကျသွားပြီး သူ၏ ချောမောခန့်ညားသော မျက်နှာကို ဖော်ပြလိုက်သည်။ သူသည် အမှန်တကယ်ပင် နေမင်းကြီးကဲ့သို့ အရပ်မျက်နှာ အားလုံးသို့ အလင်းရောင်များ ထုတ်လွှတ်နေ၏။
စောစောက သူသည် အမှောင် ဘုရင်တစ်ပါးကဲ့သို့ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားခဲ့သည်။ သို့သော်ငြား သံချပ်ကာကို ချွတ်လိုက်ပြီးနောက် သူသည် လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
သူသည် ဒဏ္ဍာရီထဲက နေမင်းအလား တစ်ကိုယ်လုံးမှ အလင်းရောင်များ ထုတ်လွှတ်နေသူ ဖြစ်သည်။ သူသည် လူတိုင်း မလေးစားဘဲ မနေနိုင်လောက်အောင် ဖြစ်ရသော အရှင် ကျန်းလီပင်။ သူသည် နေမင်းကြီး ကဲ့သို့ ဖြောင့်မတ်ခြင်းနှင့် တောက်ပခြင်းတို့ဖြင့် မွေးဖွားလာသူ ဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက လူပေါင်းများစွာသည် သူ့ကို သစ္စာဆိုကာ သူ့အတွက် အသက်ပေးခဲ့ကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။
သူ၏ ရုပ်ရည်သွင်ပြင် တစ်ခုတည်းနှင့်ပင် ရှားပါးလှသည်။ တော်ဝင်ရန်အင်ပါယာ၏ အရှင်နှင့် ယှဉ်လျှင် ကျန်းလီသည် စစ်မှန်သောဘုရင်တို့၏ ဘုရင်၊ လောကအရှင်သခင် ဖြစ်သည်။ သူ့ကို ကြည့်လိုက်သူ မည်သူမဆို ကြည်ညိုလေးစားစိတ် မဖြစ်ပေါ်ဘဲ မနေနိုင်ကြပေ။
ကျန်းလီက ပြောလိုက်သည်။ “မင်း ကြည့်လို့ ဝပြီဆိုရင် ငါ ပြန်ဖုံးလိုက်တော့မယ်။”
ရှမ့်လန်က ပြန်ပြောလိုက်၏။ “လုံလောက်ပါပြီ။”
ခဏအကြာတွင် သံချပ်ကာသည် သူ့ကိုယ်ပေါ်၌ ပြန်လည် စုစည်းသွားပြန်သည်။ ထိုပြိုင်ဘက်ကင်း ချောမောခန့်ညားပြီး တောက်ပသော မျက်နှာသည် အမှောင် သံချပ်ကာ၏ ဖုံးအုပ်ခြင်းကို ပြန်လည် ခံလိုက်ရပြန်၏။ ကျန်းလီသည် အမှောင်အင်ပါယာ၏ ပုံစံသို့ ပြန်လည် ပြောင်းလဲသွားပြန်သည်။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်၏။ “တတိယ တိုက်ကွက် ကျန်သေးတယ်။ အရှင်ရှမ့်လန်... လုပ်ပါ။”
ရှမ့်လန်သည် ကျန်းလီကို ကြည့်လိုက်၏။ လက်ရှိ အခြေအနေသည် ရှမ့်လန်အတွက် အလွန် အသာစီး ရနေပုံ ပေါက်သည် မဟုတ်ပါလား။ ကျန်းလီ၏ ငရဲသလင်းကျောက် စွမ်းအင် ၉၉ ရာခိုင်နှုန်းကျော် အရည်ပျော် သွားခဲ့ပြီ ဖြစ်သည်။ သူသည် သာမန် လူသားတစ်ယောက်၏ အရွယ်အစားသို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်၏။ ဤနေရာသည် ရှမ့်လန်၏ အိမ်ကွင်း ဖြစ်သည်။ သူ၏ အစွမ်းကုန် အင်အားကို ထုတ်သုံးလိုက်လျှင် ကျန်းလီကို အနိုင်ယူနိုင်ကောင်း ယူနိုင်ပေမည်။
ရှမ့်လန် မျက်လုံးမှိတ်ပြီး စတင် စဉ်းစားလိုက်သည်။ ၁၅ မိနစ်ခန့် ကြာပြီးနောက် သူ ဖြည်းညင်းစွာ ပြောလိုက်သည်။
“အရှင် ကျန်းလီ... ကျုပ်ရဲ့ တတိယ တိုက်ကွက် စတော့မယ်။”
ရှမ့်လန်သည် သူ၏ တတိယ တိုက်ကွက်ကို စတင် ပြင်ဆင်လိုက်သည်။ တတိယ တိုက်ကွက်သည် ပိုမို ရှုပ်ထွေးနက်နဲ၏။ ထိုအရာသည် အမှောင် ဘုရင်မ၏ မိမိကိုယ်ကိုယ် အဆုံးစီရင်သော တိုက်ခိုက်မှုနှင့် ဆင်တူ၏။
အမှောင်ဘုရင်မ နိုးထလာပြီးနောက် သူမသည် လောကရှိ စွမ်းအင် အားလုံးနီးပါးကို ဝါးမျိုလိုက်သည်။ ထို့နောက် သူမသည် လောကရှိ စွမ်းအင်အားလုံးကို စုစည်းပြီး သူမ၏ နောက်ဆုံး တိုက်ခိုက်မှုကို ပြင်ဆင်ခဲ့၏။ သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အားလုံးကို တစ်နေရာတည်းတွင် စုစည်းပြီး ကျန်းလီ၏ ငရဲသလင်းကျောက် အူတိုင်ကို အပေါက်ဖောက်ခဲ့သည်။
ထို့အပြင် ဤအပေါက်သည် ဘယ်တော့မှ ပြန်မပိတ်နိုင်ပေ။ ဤအပေါက်ကြောင့် မြောက်ဝင်ရိုးစွန်း ငရဲသလင်းကျောက်သည် စွမ်းအင်များကို အဆက်မပြတ် ယိုစိမ့်နေစေခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှု အဆင့်အတန်းသည် လုံးဝ ကြီးမားလွန်း၏။
နျူကလီးယား ပေါင်းစည်းခြင်းနှင့် နျူကလီးယား ဖြိုခွင်းခြင်းတို့သည် အလွန် အစွမ်းထက်၏။ ထိုအရာတို့သည် အလွန် များပြားသော ငရဲသလင်းကျောက်များကို အရည်ပျော်စေနိုင်သည်။ သို့သော်ငြား အနှစ်သာရအားဖြင့် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက် ဖြစ်သော စွမ်းအင် နှစ်မျိုးသာ ဖြစ်ကြသည်။
နျူကလီးယား ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း ငရဲသလင်းကျောက်ကိုယ်တိုင်သည် မည်သည့် ထိခိုက်ဒဏ်ရာ သို့မဟုတ် ပျက်စီးမှုမှ မရရှိခဲ့ပေ။ ယခင်က ဝါးမြိုထားသော စွမ်းအင် အားလုံးကို ပြန်လည် ထွေးထုတ်လိုက်ပြီး ကုန်ဆုံးသွားစေခြင်းမျိုးသာ ရှိ၏။
ထို့ကြောင့် ကျန်းလီ၏ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်သည် သာမန် လူတစ်ယောက်၏ အရွယ်အစားသို့ ကျုံ့သွားချိန်မှာတော့ သူ၏ စွမ်းအင် ၉၉ ရာခိုင်နှုန်းကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်ငြား သူ၏ ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးခြင်း မရှိပေ။ အပေါက်တစ်ပေါက်မှပင် မရှိချေ။ သူ ကျုံ့သွားရုံသာ ဖြစ်သည်။ ထိုးဖောက်ခံရခြင်း သို့မဟုတ် ဒဏ်ရာရခြင်း မရှိပေ။
ထို့ကြောင့် မိုကျင်းတိုက်ပွဲတွင် ဖြစ်စေ၊ အက်ကွဲကြောင်းပြည်နယ် တိုက်ပွဲတွင် ဖြစ်စေ ရှမ့်လန်သည် ငရဲသလင်းကျောက်ကို အမှန်တကယ် ဖျက်ဆီးခဲ့ခြင်း မရှိပေ။ သူသည် ထိုအရာတို့၏ စွမ်းအင်ကို အရည်ပျော်စေပြီး သလင်းကျောက် အသေးလေးတစ်ခုအဖြစ် စုစည်းကာ သူ၏ လက်ကောက်ထဲတွင် ဝှက်ထားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်ငြား အမှောင်ဘုရင်မ၏ မိမိကိုယ်ကို အဆုံးစီရင်သွားသော တိုက်ခိုက်မှုသည် မြောက်ဝင်ရိုးစွန်းရှိ ငရဲသလင်းကျောက်တုံးကြီးပေါ်တွင် မည်သည့်နည်းနှင့်မျှ ပြန်လည်မဖာထေးနိုင်သော အက်ကွဲကြောင်းကြီး တစ်ခုကို ကျန်ရစ်စေခဲ့သည်။ ယခုအချိန်ထိ ထိုနေရာမှ စွမ်းအင်များ ယိုစိမ့်ထွက်နေဆဲပင်။
ထိုတိုက်ခိုက်မှုသည် ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်ခဲ့သည်မှာ မှန်၏။ သို့သော်ငြား သူမ၏ စွမ်းအင် ပမာဏ နည်းပါးလွန်းသောကြောင့် အပ်ပေါက်ရာမျှသာရှိသော အပေါက်ငယ်တစ်ခုကိုသာ ချန်ထားရစ်နိုင် ခဲ့၏။
ယခုမူ ရှမ့်လန်၏ အခြေအနေသည် လုံးဝ ကွဲပြားခြားနားနေပြီ ဖြစ်သည်။ သူပိုင်ဆိုင်ထားသော စွမ်းအားသည် အမှောင်ဘုရင်မထက် အဆပေါင်း ထောင်ချီ၊ သောင်းချီမက ပိုမို များပြားသည်။ သူသည် နတ်ဘုရား အဆင့် စွမ်းအားကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်သည်။
***