ပထမဦးစွာ ရှမ့်လန်၏ဝိညာဉ် အမှုန်တိုင်းသည် လုံးဝ ပျက်စီးသွားခဲ့သည်။ ထို့နောက် ကျန်းလီ၏ ဝိညာဉ် ပေါင်းစပ်မှုသည် မီးတောက်လောင်လာခဲ့၏။ အမှန်စင်စစ် ဤအရာအားလုံးသည် အဏုကြည့် ဝိညာဉ်လောကထဲတွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးကြားမှ ဝိညာဉ်ပေါင်းစပ်မှုသည် အတိုင်းအဆမဲ့ စွမ်းအားကြီးမားသော်လည်း ယခင်ကလောက် ပြင်းထန်ခြင်း မရှိပေ။ တုန်လှုပ်ဖွယ်ရာ အလင်းရောင်လည်း မရှိချေ။
သူတို့နှစ်ဦးကြားမှ ဝိညာဉ်ပေါင်းစပ်မှုသည် တစ်ခဏမျှ လက်ခနဲ ဖြစ်သွားရုံသာ ရှိသည်။ ထို့နောက် လုံးဝ တိတ်ဆိတ် သွားခဲ့၏။ ရှမ့်လန် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းလီ၏ ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့၏။
လတစ်စင်းလုံး ဗလာဖြစ်သွားခဲ့၏။ လူရိပ်တစ်ရိပ်မှ မမြင်ရတော့ပေ။ သူတို့နှစ်ဦးစလုံး သေသွားကြပြီလား။ ရှမ့်လန်၏ အစီအစဉ် ကျရှုံးသွားပြီလား။ ဤကဲ့သို့ မဖြစ်သင့်ချေ။ သူတို့နှစ်ဦးထဲမှ တစ်ဦးသာ အသက်ရှင်ခွင့် ရှိသော်လည်း တစ်ဦးတော့ သေချာပေါက် အသက်ရှင်နိုင်ရမည်။
နောက်ဆုံး ဝိညာဉ်ပေါင်းစပ်မှုနှင့် ဝိညာဉ်တိုက်ခိုက်မှုသည် အပြန်အလှန် ဖျက်ဆီးခြင်းဟု ယူဆနိုင် သော်လည်း အပြန်အလှန် ကူညီခြင်းဟုလည်း ယူဆနိုင်သည်။ အရာအားလုံးကို ကံကြမ္မာက ဆုံးဖြတ်ပေးခဲ့ပြီ ဖြစ်၏။
... ...
အမှန်တကယ်အားဖြင့် ဝိညာဉ်ပေါင်းစပ်မှု ဖြစ်ပွားသည့် ခဏတာအတွင်းမှာပဲ ရှမ့်လန် နိုင်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်... သူသည် ကျန်းလီထက် ခြေတစ်လှမ်းဦးပြီး ဝိညာဉ်ပေါင်းစပ်မှုကို ပြီးမြောက် ခဲ့သောကြောင့်ပင်။
ဤအချိန်သည် အလွန်တိုတောင်းပြီး စက္ကန့် တစ်သောင်းပုံ တစ်ပုံပင် မရှိသော်လည်း လုံလောက်နေပြီ ဖြစ်သည်။ ရှမ့်လန်သည် ဝိညာဉ်ပေါင်းစပ်မှုနှင့် ဝိညာဉ်နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ကြိုတင် ပြီးမြောက်ခဲ့ခြင်း မှာ သူ၏ဝိညာဉ် နက်ရှိုင်းသောနေရာတွင် ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေသောကြောင့် ဖြစ်၏။
ကျန်းလီ၏ ဝိညာဉ်နက်ရှိုင်းသော နေရာတွင်လည်း ဝိညာဉ်အပိုင်းအစတစ်ခု ရှိနေသော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။
ဝိညာဉ်နိဗ္ဗာန ပြန်လည်မွေးဖွားခြင်း ပြီးမြောက်သွားသည်နှင့် တပြိုင်နက် နောက်ထပ် အရည်အသွေးပိုင်း ဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ဝိညာဉ်နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ဦးစွာ ပြီးမြောက်သူက အနိုင်ရသည်။ ဝိညာဉ်နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းကို ဦးစွာ ပြီးမြောက်သူက နောက်ကျမှ ပြီးမြောက်သူ၏ စွမ်းအင်ကို ဝါးမျိုပစ်ပေမည်။
ကျန်းလီ၏ ဝိညာဉ်ပေါင်းစပ်မှုပြီးနောက် သူ၏ ဝိညာဉ် ပြန်လည် မမွေးဖွားမီမှာပဲ ရှမ့်လန်၏ ဝါးမျိုခြင်းနှင့် ဖြိုခွဲခြင်းကို ခံလိုက်ရသည်။ နဂါးမယ်တော်၊ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် နှင့် မီဒူဆာ ဘုရင်မ တို့၏ သေခြင်းတရား စွမ်းအင်ကို ရှမ့်လန် ဝါးမျိုခဲ့စဉ်ကကဲ့သို့ပင်။
ကျန်းလီ၏ ဝိညာဉ် နက်ရှိုင်းသောနေရာရှိ နတ်ဘုရား အပိုင်းအစကိုပင် ရှမ့်လန်က လုံးဝ ဝါးမျိုပစ်လိုက်သည်။ ကျန်းလီ သေသွားပြီဖြစ်သည်။ မည်သည့် အသံမှ မထွက်ချေ။ ထိုသို့မဟုတ်ပါက သူသည် သူ၏ နောက်ဆုံးအမှာစကားကို ကြိုပြောသွားနိုင်လောက်သည်။
မည်သို့ပင်ဆိုစေကာမူ ရှမ့်လန် နိုင်သွားပြီဖြစ်သည်။ ဤသည်မှာ သူ၏ အစီအစဉ် အတိုင်းပင် ဖြစ်၏။ သူသည် ကျန်းလီနှင့် တိုက်ပွဲကို အကြိမ်တစ်သန်းခန့် ပုံဖော်ကြည့်ခဲ့ပြီး အားလုံး ရှုံးနိမ့်ခဲ့သည်။ ဤနောက်ဆုံး ဘာမှန်း မသိသော တိုက်ပွဲတစ်ခုတည်းသာ ပုံဖော်ကြည့်၍ မရနိုင်ခဲ့ခြင်း ဖြစ်၏။
ဤအချိန်၌ ရှမ့်လန်သည် အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်သွားပြီလား။ ကျန်းလီ၏ စွမ်းအင်ကို လုံးဝ ဖျက်ဆီးပြီး ဝါးမျိုမှသာ အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်နိုင်မည်လား။
အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းသည် သေခြင်းနှင့် ရှင်ခြင်း အကြောင်း ဖြစ်သည်ဟု သူ ယခင်က သတ်မှတ်ခဲ့ဖူးသည်။ ထို့ကြောင့် အန္တိမ နဂါး ဉာဏ်အလင်းပွင့်ခြင်းသည် အချိန်နှင့် ဟင်းလင်းပြင်အကြောင်း ဖြစ်သင့်သည်။
အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် သူသည် အတိတ်ကို ပြန်သွားရန် ရွေးချယ်ခွင့် ရှိနေသောကြောင့်ပင်။ သူ ဖြတ်သန်းခဲ့သော အချိန်ကာလ တစ်ခုဆီသို့ ပြန်သွားရန်လည်းဖြစ်သည်။ ဥပမာအားဖြင့် လွန်ခဲ့သော နှစ် ၃၀ ကာလ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မတိုင်မီ အချိန်သို့ပင်။
အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင် သူ့မိခင် ကျောက်စိမ်းဖြူမြို့တော် ဘုရင်မ မသေဆုံးနိုင်တော့ပေ။ ကန်ဝမ် နှင့် သူ၏ လူတစ်သောင်းကျော် မသေဆုံးနိုင်တော့ပေ။ ဘုရင်မ မီဒူဆာလည်း မသေဆုံးနိုင်တော့ပေ။ အရေးအကြီးဆုံးအချက်မှာ ဤလောကကြီးသည် ကျန်းလီ၏ ဝါးမျိုခြင်းကို ခံရတော့မည် မဟုတ်ဘဲ ယခုကဲ့သို့ ဂြိုဟ်တစ်ခုလုံး လုံးဝ အေးခဲသွားတော့မည် မဟုတ်ပေ။
သို့သော်ငြား သူသာ လွန်ခဲ့သော နှစ် ၃၀ ကာလသို့ ပြန်သွားခဲ့လျှင်၊ ကန်ဝမ်နှင့် မီဒူဆာ ဘုရင်မ မသေဆုံးခဲ့လျှင် အကြောင်းနှင့်အကျိုး ဆက်နွယ်မှုကို ပြောင်းပြန်လှန်ပစ်သလို ဖြစ်မနေဘူးလား။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် ရှမ့်လန် အဆင့်မြင့်နဂါးကို သဘောပေါက် နားလည်နိုင်စေခဲ့သော အဓိက အကြောင်းရင်းများ ဖြစ်နေသောကြောင့် ဖြစ်သည်။
ရှမ့်လန်သည် ရွေးချယ်မှု တစ်ခုနှင့် ရင်ဆိုင်နေရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလသို့ သူ ပြန်သွားသင့်သလား။ သိုမဟုတ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလသို့ ပြန်သွားရန် သူ ကြိုးစားသင့်သလား။ သူ့မိခင် ကျောက်စိမ်းဖြူမြို့တော် ဘုရင်မကို ကယ်တင်ရန်၊ ကန်ဝမ်ကို ကယ်တင်ရန်ပင်။
အမှန်စင်စစ် အရေးအကြီးဆုံးအချက်မှာ ကျန်းလီ၏ ဝါးမျိုခြင်းကို ခံထားရပြီး အပေါက်အပြဲများဖြင့် ပြည့်နှက်ကာ အေးခဲနေသော ဤဂြိုဟ်ကြီးကို ကယ်တင်ရန် ဖြစ်သည်။ အကယ်၍ သူသာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလသို့ ပြန်ရောက်သွားခဲ့လျှင် မြောက်ဝင်ရိုးစွန်း အပြောင်းအလဲကြီး ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ တစ်ဝက်တစ်ပျက် ပျက်စီးနေသော လောကကြီး၏ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်မည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကာလသို့ ပြန်သွားရန် သူ ကြိုးစားသင့်သည်လား။
ရှမ့်လန်၏ ဝိညာဉ်ပေါင်းစပ်မှုမှသည် ကျန်းလီသေဆုံးချိန်အထိ ဤဖြစ်စဉ်သည် ဝိညာဉ်လောကထဲတွင် အချိန်အကြာကြီး ကြာမြင့်ခဲ့သည်ဟု ဆိုနိုင်သည်။ ဝိညာဉ်အမှုန်တိုင်းနီးပါး ဖျက်ဆီးခံရပြီး ပြန်လည် မွေးဖွားခြင်း ဖြစ်၏။
ကျန်းလီ၏ ဝိညာဉ်ပေါင်းစပ်မှု ပေါက်ကွဲပြီးနောက် ရှမ့်လန်သည် ထိုအရာကို တစ်စစီ လိုက်လံ ဝါးမျို လိုက် သည်။ နောက်ဆုံးတွင် ကျန်းလီ၏ ဝိညာဉ်နက်ရှိုင်းသော နေရာတွင် ကိန်းအောင်းနေသည့် ‘နတ်ဘုရား အပိုင်းအစ’ ကိုပါ ဝါးမျိုလိုက်သည်အထိ ဖြစ်၏။ ဤဖြစ်စဉ်တစ်ခုလုံးသည် ဝိညာဉ်လောကထဲတွင် အလွန်ကြာမြင့်ခဲ့သည်။ သို့သော်ငြား လက်တွေ့ကမ္ဘာတွင်မူ တစ်ခဏမျှသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
သေခြင်းတရားကို ဖြတ်သန်းပြီး ပြန်လည်မွေးဖွားလာချိန်မှာတော့ ရှမ့်လန်၏ ဝိညာဉ်သည် ပြန်လည် မွေးဖွားလာသည်။ ထိုဝိညာဉ်သည် တဖြည်းဖြည်း ပုံပေါ်၏။ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းနှင့်အတူ ဝိညာဉ်သည် နောက်ပြန်လှည့်၍ မရနိုင်သော တိုးတက်မှုတစ်ခုအဖြစ် ရှေ့ဆက်နေသည်။
ဤအချိန်၌ ရှမ့်လန်၏ စိတ်ထဲတွင် အခြားသော အတွေးတစ်ခု ဝင်ရောက်လာပြန်၏။ ဤအရာအားလုံးကို ‘ဆရာကြီး ခေးအော့စ်’ က စီစဉ်ညွှန်ကြားခဲ့ခြင်းလား။ ရှေးဟောင်းလောက အပါအဝင်၊ ကျန်းရှဲ့၏ သစ္စာဖောက်မှုကြောင့် သူတို့အားလုံး ကျောက်ဖြစ်ရုပ်ကြွင်းများအဖြစ် ပြောင်းလဲသွားခဲ့ရခြင်း အပါအဝင်၊ ဤလောကအပါအဝင်၊ ကျန်းလီက ဂြိုဟ်တစ်ဝက်နီးပါးကို ဖျက်ဆီးခဲ့ခြင်း အပါအဝင်၊ ယခု ဖြစ်ပျက်နေသော အရာအားလုံး အပါအဝင်၊ ဤအရာအားလုံးကို ဆရာကြီး ခေးအော့စ်က စီစဉ်ညွှန်ကြားခဲ့ခြင်းလား။ ဆရာကြီး၏ ဇာတ်ကွက်တွေလား။
ရှမ့်လန်၏ ဝိညာဉ်နက်ရှိုင်းသောနေရာတွင် နတ်ဘုရား အပိုင်းအစတစ်ခု ရှိနေသကဲ့သို့ ကျန်းလီ၏ ဝိညာဉ်ထဲတွင်လည်း ရှိနေသည်။ ဤအပိုင်းအစနှစ်ခု ပေါင်းစပ်မှသာ အန္တိမနဂါး ဉာဏ်အလင်း ပွင့်ခြင်းကို ပြီးမြောက်နိုင်မည် မဟုတ်ပါလား။ သူတို့၏ ဝိညာဉ်နက်ရှိုင်းသောနေရာများတွင် ဤနတ်ဘုရား အပိုင်းအစများကို မည်သူ ထည့်ပေးခဲ့သနည်း။
သူတို့နှစ်ဦးထဲမှ တစ်ဦးသာ အသက်ရှင်ခွင့်ရှိသည် ဆိုခြင်းမှာ ကံကြမ္မာလား။ ထိုသို့ဆိုလျှင် ရှမ့်လန် အသက်ရှင်ပြီး ကျန်းလီ သေဆုံးရမည်ဆိုခြင်းက ကံကြမ္မာလား။ ကျန်းလီ၏ နတ်ဘုရားအပိုင်းအစသည် ရှမ့်လန်၏ ဝါးမျိုခြင်းကို ခံရရန် ရည်ရွယ်ထားခြင်းလား။
ပို၍ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် မီဒူဆာဘုရင်မတို့၏ ပေးဆပ်မှုသည် ရှမ့်လန်အား အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်စေရန် ကူညီပေးခြင်း ဖြစ်သည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် ကျန်းလီ၏ပေးဆပ်မှုသည် ရှမ့်လန်အား အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်စေရန် ကူညီပေးနိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်နေသည်လား။
အမှန်စင်စစ် ဤအရာအားလုံးသည် အရေးမကြီးတော့ပြီ။ ယခု အရေးအကြီးဆုံးမှာ ရှမ့်လန်၏ ရွေးချယ်မှုပင် ဖြစ်၏။ ဤသည်မှာ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းဖြစ်သည်။
အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ ဘာလဲဟု ရှမ့်လန်ကို မေးလျှင် သူ့ရှေ့တွင် မည်သို့သော ခံစားမှုမျိုး ရှိနေသနည်း။ ထိုအရာသည် ဖရိုဖရဲဖြစ်နေသော မသိနားမလည်ခြင်း တစ်ခုသာ ဖြစ်၏။ သူ သိသမျှမှာ အချိန်နှင့် ဟင်းလင်းပြင် နိယာမများကို နားလည်သဘောပေါက်လိုခြင်းသာ ဖြစ်၏။
သူ၏ ပထမဆုံးသော စိတ်ဆန္ဒမှာ လွန်ခဲ့သော ၃၅ နှစ် ကာလသို့ ပြန်သွားရန် ဖြစ်၏။ သူ့မိခင် ကျောက်စိမ်းဖြူမြို့တော် ဘုရင်မကို ကယ်တင်သင့်လား။ ကန်ဝမ်ကို ကယ်တင်သင့်လား။ သေဆုံးလုနီးပါး ဖြစ်နေသော ဤဂြိုဟ်လောကကြီးကို ကယ်တင်သင့်လား။
ဤစိတ်ဆန္ဒ ပေါ်လာသည်နှင့် တပြိုင်နက် သူ ရွေးချယ်မှုတစ်ခု ပြုလုပ်ရပေတော့မည်။ အဘယ်ကြောင့် ဆိုသော် ဤသည်မှာ အချိန်နှင့် ဟင်းလင်းပြင်ကို နားလည်သဘောပေါက်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သောကြောင့်ပင်။ ထိုပရာသည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
လွန်ခဲ့သော ၃၅ နှစ် - ဤသည်မှာ လျှောက်လှမ်းရန် အလွယ်ကူဆုံးနှင့် ဆွဲဆောင်မှု အရှိဆုံး လမ်းကြောင်း ဖြစ်၏။ အမှန်စင်စစ် ထိုလမ်းသည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ရန် အတိုဆုံး လမ်းကြောင်း ဖြစ်ပုံရ၏။
သို့သော်ငြား အကယ်၍ မှားယွင်းသွားခဲ့လျှင် လောကကြီးတစ်ခုလုံးအတွက် ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။ ကျန်းလီ လုပ်ခဲ့သည်ထက် အဆတစ်သောင်း ပိုမို ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကြီး ဖြစ်လာနိုင်သည်။
စာရေးဆရာကြီး တာ့လျူ၏ The three body problem ဝတ္ထုထဲတွင် သူတော်စင် အမျိုးသမီး ဇာတ်လိုက်တစ်ဦး ပါဝင်သည်။ သူမသည် အလွန်ကြင်နာတတ်သော်လည်း စိတ်ခံစားမှု ပြင်းထန်ကာ စိတ်ခံစားမှုအတိုင်း ပြုမူတတ်သူ ဖြစ်၏။ နောက်ဆုံး၌ သူမသည် ကမ္ဘာမြေတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး စကြဝဠာတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
အကယ်၍ ယခင်က ရှမ့်လန်သာဆိုလျှင် သူသည် သူ့နှလုံးသား အလိုအတိုင်း လိုက်နာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည် စိတ်ခံစားမှုကို ကိုယ်စားပြုပြီး ကျန်းလီသည် အေးစက်သော ဆင်ခြင်တုံ တရားကို ကိုယ်စားပြုသောကြောင့် ဖြစ်၏။
သို့သော်ငြား ယခုအခါ ကျန်းလီ သေဆုံးသွားပြီ ဖြစ်သောကြောင့် တာဝန်အားလုံးသည် ရှမ့်လန်၏ ပခုံးပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် စိတ်ခံစားမှုကို ကိုယ်စားပြုရုံသာမက ဆင်ခြင်တုံတရားကိုပါ ကိုယ်စားပြု ရပေတော့မည်။
ရှမ့်လန်သည် ချက်ချင်း ရွေးချယ်မှု မပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် ပိုမိုနက်ရှိုင်းသော ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ဘုန်း...”
ပုံရိပ်တစ်ခုသည် ရှမ့်လန်၏ ရှေ့တွင် ပေါ်လာခဲ့၏။ ၎င်းမှာ ထိပ်ပြောင်နေသော ကန်ဝမ်ပင်။ ကျားမ မကွဲပြားသော၊ ချောမောသော တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ နောက်ဆုံး ဆက်ခံသူပင်။ နောက်ဆုံးအချိန်၌ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ဤသခင်ကြီးသည် သူ၏ဝိညာဉ်ကို ပေးဆပ် စတေးခဲ့၏။
ကန်ဝမ်သည် ရှမ့်လန်ကို ဦးညွှတ်လိုက်သည်။ “မင်္ဂလာပါ အရှင်ရှမ့်လန်”
ရှမ့်လန်က နှုတ်ဆက်လိုက်၏။ “မတွေ့တာ ကြာပြီပဲ ကန်ဝမ်”
ကန်ဝမ်က ဆက်ပြောလိုက်သည်။ “အရှင်ရှမ့်လန်... အရှင် ဘာတွေးနေလဲဆိုတာ ကျုပ် သိပါတယ်။ ကျုပ်တို့ရဲ့ ပေးဆပ်မှုအတွက် အရှင် အပြစ်ရှိသလို ခံစားနေရတယ် မဟုတ်လား။ ပြီးတော့ ကျုပ်တို့ရဲ့ ပေးဆပ်မှုကြောင့် အရှင့်ရဲ့ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းရရှိခဲ့တယ်လို့ ခံစားနေရပြီး ကျုပ်တို့ရဲ့ အသက်တွေကို ပြန်ပေးချင်နေတာ မဟုတ်လား။”
“ဟုတ်တယ်။”
“အရှင်ရှမ့်လန်... ကျုပ် တစ်ခုပဲ ပြောစရာ ရှိတယ်။ တချို့လူတွေက သေသွားပေမဲ့ ရှင်သန်နေဆဲပါ။ တချို့လူတွေက ရှင်သန်နေပေမဲ့ သေဆုံးနေကြပါပြီ။ ကျုပ်တို့လို လူတွေအတွက် သေခြင်းတရားက အရေးမကြီးပါဘူး။ အရေးကြီးတာက တန်ဖိုးရှိရှိ သေဆုံးသွားဖို့ပါပဲ။
ဒါပေမဲ့ ကျုပ် တန်ဖိုးရှိလား၊ မရှိလားတော့ မသိဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ပေးဆပ်စတေးလိုက်ရတဲ့ အချိန်မှာ ကျုပ်တို့ ဂုဏ်ယူဝင့်ကြွားမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ နှုတ်ဆက်ပါတယ် အရှင်ရှမ့်လန်... မနှုတ်ဆက်ခင် အရှင့်ကို ကဗျာတစ်ပုဒ် ပေးခဲ့ပါရစေ။ ဒါကလည်း အရှင် ရေးခဲ့တဲ့ ကဗျာပါပဲ။
‘စွန့်ခွာခြင်းမှာ အတိတ်က ကပ်ပါမလာဘူး။
မနေ့က နေဝင်ချိန်တွေကို
ကျုပ် လက်နဲ့ သိမ်းကျုံးဖက်ထားဖို့
ဘယ်လိုမှ မစွမ်းသာခဲ့တာ အမှန်ပဲ။’ ”
ထို့နောက် ကန်ဝမ်၏ ပုံရိပ်သည် ရှမ့်လန်၏ ဝိညာဉ်နက်ရှိုင်းသော နေရာမှ ပျောက်ကွယ် သွားခဲ့သည်။
“ဘုန်း...” အလင်းရောင် တစ်ချက် လက်သွားပြီး နောက်ထပ် လှပသော ပုံရိပ်တစ်ခု ရှမ့်လန်၏ ဝိညာဉ်နက်ရှိုင်းသောနေရာ၌ ပေါ်လာခဲ့ပြန်၏။ရှမ့်လန်၏ မိခင်၊ ကျောက်စိမ်းဖြူမြို့တော် ဘုရင်မပင်။
“ငါ့သား... မင်းက အမေ့ကို ကယ်တင်ဖို့ပဲ အမြဲ တွေးနေတာပဲ။ မင်းက ရက်စက်ပြီး ကျေးဇူးကန်းသလို ထင်ရပေမဲ့ တခြားဘယ်သူ့ထက်မဆို ပိုပြီး သံယောဇဉ်ကြီးတယ်။ မင်းက အမေ့ဘဝရဲ့ ဂုဏ်ယူမှုပါပဲ။ မင်းက အမေ့ရဲ့ သားအရင်း လုံးဝ မဟုတ်မှန်း အမေ သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းက အမေ့ရဲ့ သားတစ်ဝက်ပါပဲ။
ဟုတ်တယ်။ အမေ့အသက်က ပျက်စီးသွားခဲ့ပြီ။ ပြီးတော့ အဲဒါကို မင်းရဲ့အဖေ ကျန်းလီက လက်တစ်ချောင်း တည်းနဲ့ ဖျက်ဆီးပစ်ခဲ့တာ။ ဒါပေမဲ့ မင်းက အမေ့ဘဝရဲ့ ဆက်လက်ရှင်သန်မှု မဟုတ်ဘူးလား။ မင်းက အမေ့ရဲ့ ဘဝကို ဆက်ခံရုံတင် မကဘူး။ အမေ့ရဲ့ ရည်မှန်းချက်ကိုပါ ဆက်ခံခဲ့တာလေ။ အမေ အသက်ရှင်တာ မရှင်တာက အရေးကြီးသေးလို့လား။
အရာအားလုံးက ကမ္မပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က အမေ ကျန်းလီကို ကိုယ်တိုင် သတ်ခဲ့ဖူးတယ်။ အဲဒီအချိန်ကစပြီး တစ်နေ့ကျရင် သူ့လက်ချက်နဲ့ အမေ ပြန်သေရမယ်။ ဒီကမ္မကြွေးကို ဆပ်ရမယ်လို့ တွေးခဲ့ဖူးတယ်။ ဒါကြောင့် ကျန်းလီက အမေ့ကို ကိုယ်တိုင်သတ်ခဲ့တာ တရားမျှတပါတယ်။
အရာအားလုံးက ကမ္မပါပဲ။ ကျန်းလီက သူ့ရဲ့ နိမ့်ကျတဲ့ စိတ်ခံစားမှုတွေကို ဖယ်ရှားချင်တယ်လို့ အမြဲ ပြောလေ့ရှိတယ်။ ဒါကြောင့် သူက အမေ့ကို လွယ်လွယ်လေး သတ်ခဲ့တာပေါ့။ အမေက သူ့မိန်းမ ဖြစ်ခဲ့ဖူးပေမဲ့ သူက လက်တစ်ချောင်းတည်းနဲ့ ဖျက်ဆီးပစ်ခဲ့တယ်။
“ဒါပေမဲ့ သူ အမေ့ကို သတ်လိုက်တဲ့အချိန်မှာ သူ့ဝိညာဉ် နက်ရှိုင်းတဲ့ နေရာမှာ အမှတ်အသား တစ်ခုမှ မကျန်ရစ်ခဲ့ဘူးလား။ အမာရွတ် တစ်ခုမှ မကျန်ရစ်ခဲ့ဘူးလား။ မဟုတ်ပါဘူး။ သူက သူ့ရဲ့ နိမ့်ကျတဲ့ စိတ်ခံစားမှုတွေကို တကယ် ဖယ်ရှားနိုင်လို့လား။ လုံးဝ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် အမေ မင်းကို ချစ်တယ် ငါ့သား။”
ထို့နောက် ကျောက်စိမ်းဖြူမြို့တော်ဘုရင်မ၏ ပုံရိပ်သည် ရှမ့်လန်၏ ဝိညာဉ်နက်ရှိုင်းသော နေရာမှ ပျောက်ကွယ် သွားခဲ့သည်။
***