“ဘုန်း...”
နောက်ထပ် အဖြူရောင် အလင်းတန်း တစ်ချက် ပေါ်လာခဲ့ပြန်၏။ ပြိုင်ဘက်ကင်း ချောမောခန့်ညားသော အမျိုးသားတစ်ဦး ရှမ့်လန်၏ ဝိညာဉ်နက်ရှိုင်းသော နေရာတွင် ပေါ်လာခဲ့သည်။ ဤအမျိုးသားမှာ ကျန်းလီပင် ဖြစ်သည်။ အမှန်စင်စစ် ဤလူများ၏ ဝိညာဉ်များသည် အစစ်အမှန် မဟုတ်ကြပေ။ ရှမ့်လန်၏ ဝိညာဉ်ထဲတွင် ကျန်ရစ်ခဲ့သော အရိပ်များသာ ဖြစ်ကြ၏။
ကျန်းလီနှင့် ရှမ့်လန်တို့ တိတ်ဆိတ်နေကြသည်။
ကျန်းလီက စကားစလိုက်၏။ “ရှမ့်လန်... ငါက ငါ့လမ်းစဉ်ပေါ်မှာ စွဲမြဲစွာ လျှောက်လှမ်းခဲ့တယ်။ ဒါကြောင့် အဆင့်မြင့်နဂါး လမ်းစဉ်ကို နားလည်သဘောပေါက်တဲ့ အချိန်မှာ ငါ့ခန္ဓာကိုယ်နဲ့ ငါ့ရဲံ စိတ်ခံစားမှုတွေကို စွန့်လွှတ်ခဲ့တယ်။
ငါ ပျက်စီးသွားတဲ့ အချိန်အထိ ငါ့လမ်းစဉ်ပေါ်မှာ စွဲမြဲစွာ လျှောက်လှမ်းခဲ့တယ်။ ငါ နောင်တ မရခဲ့ဘူး။ ငါ မပြောင်းလဲခဲ့ဘူး။ မင်းမှာ ဝိညာဉ်အပိုင်းအစ တစ်ခု ရှိသလို ငါ့မှာလည်း ရှိတယ်။ ပထမဆုံး မင်းက မင်းရဲ့ ဝိညာဉ်နဲ့ ပေါင်းစပ်လိုက်တယ်။ ပြီးတော့ ငါ့ဝိညာဉ်ကို ဖောက်ခွဲလိုက်တယ်။ ငါတို့ ဝိညာဉ်တွေရဲ့ တိုက်မိမှုက နေနှစ်စင်း တိုက်မိသလိုပဲ။
ငါတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်ခွင့်ရှိတယ်။ ဒါက ကံကြမ္မာပဲ။ ငါ တကယ် မလိုလားဘူး။ ဘာလို့ ငါက ရှုံးနိမ့်တဲ့သူ ဖြစ်ရတာလဲ။ ဘာလို့ ငါက သေတဲ့သူ ဖြစ်ရတာလဲ။ မင်းက အရင် နိဗ္ဗာန ပြန်လည်မွေးဖွားခဲ့လို့ ငါက ပေးဆပ်ရတဲ့သူ ဖြစ်ရမယ် ဆိုတာမျိုးတော့ မပြောနဲ့နော်။ ငါက ဖျက်ဆီးခံရသူဖြစ်ပြီး မင်းရဲ့ ဝါးမျိုမှုကို ခံရမယ့်သူ ဖြစ်ရမှာလား။
ငါ့ဝိညာဉ်နက်ရှိုင်းတဲ့ နေရာက ဝိညာဉ်အပိုင်းအစက မင်းထက် အဆင့်တစ်ဝက်လောက် နိမ့်နေလို့လား။ မင်း ဝါးမျိုတာကို ခံရဖို့ ကံပါလာလို့လား။ ဒါက ဆရာကြီး ခေးအော့စ်ရဲ့ အကြံအစည်လား။ အရာအားလုံးကို သူက စီစဉ်ညွှန်ကြားနေတာလား။ ဘာလို့ ငါက ပေးဆပ်ရတဲ့သူ ဖြစ်ရတာလဲ။ ဆရာကြီး ခေးအော့စ်က ငါ့ကို မင်းရဲ့ ခြေနင်းတုံး ဖြစ်ဖို့အတွက် ဒီလောက်ထိ စီစဉ်ခဲ့တာလား။”
ကျန်းလီ၏ စကားများသည် ရှမ့်လန်ကို တွေးတောဆင်ခြင်စရာ ဖြစ်စေခဲ့သည်။ မှန်ပေသည်။ အဘယ်ကြောင့် ကျန်းလီက ရှုံးနိမ့်ပြီး သေဆုံးသွားရသနည်း။ ရှမ့်လန်က ပိုသတ္တိရှိ၍လား။ သူက ဝိညာဉ်ပေါင်းစပ်မှုနှင့် နိဗ္ဗာန ပြန်လည် မွေးဖွားခြင်းကို အရင် ပြီးမြောက်ခဲ့၍လား။ ကျန်းလီ၏ဝိညာဉ်သည် ရှမ့်လန်ကြောင့် မီးလောင်ကျွမ်းပြီး နိဗ္ဗာန ပြန်လည်မွေးဖွားခြင်း စတင်ခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ထို့ကြောင့် သူ ဝါးမျို ခံလိုက်ရသည်လား။
ကျန်းလီက ဆက်ပြောလိုက်၏။ “ဒါကြောင့် ငါ မသေခင်မှာ အဆုံးအစမဲ့တဲ့ မလိုလားမှုတွေ၊ နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ ငါ သေဆုံးသွားတဲ့ အခိုက်အတန့်မှာတော့ အရာများစွာကို နားလည်လိုက်ရတယ်။
ရှမ့်လန်... ကံကြမ္မာက ငါတို့အပေါ် တရားမျှတပါတယ်။ ငါတို့ရဲ့ ဝိညာဉ်နက်ရှိုင်းတဲ့နေရာရဲ့ ဝိညာဉ် အပိုင်းအစတွေက အဆင့်အတန်း တူညီကြတယ်။ ငါတို့ကြားမှာ ဘာကွာခြားချက်မှ မရှိဘူး။ ကံကြမ္မာဆိုတာ ဘာလဲ။ အရေးကြီးတဲ့အချိန်မှာ ငါတို့ ပြုလုပ်တဲ့ ရွေးချယ်မှုပဲ။ ဘဝတိုင်းမှာ လမ်းခွဲတွေ အများကြီး ရှိတယ်။ ရွေးချယ်မှုတိုင်းကလည်း ကံကြမ္မာ အပြောင်းအလဲကို ဖြစ်စေတယ်။
ငါ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးသွားတဲ့အခါ အဆုံးအစမဲ့တဲ့ အပြစ်ရှိစိတ်တွေ၊ နာကျင်မှုတွေကြောင့် ငါ့ခန္ဓာကိုယ်ကို လုံးဝ စွန့်လွှတ်ပြီး ပြီးပြည့်စုံတယ်လို့ခေါ်တဲ့ ခန္ဓာကိုယ်အသစ်တစ်ခု ဖန်တီးဖို့ ရွေးချယ်ခဲ့တယ်။ ငါ ပြီးပြည့်စုံသွားပြီလို့ ခံစားခဲ့ရတယ်။ နိမ့်ကျတဲ့ စိတ်ခံစားမှုတွေကို စွန့်လွှတ်လိုက်နိုင်ပြီလို့ ခံစားခဲ့ရတယ်။ ကယ်တင်ခြင်း လမ်းမှန်ပေါ် ရောက်နေပြီလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒါက ထွက်ပြေးခြင်း တစ်မျိုးပဲ။ သူရဲဘောကြောင်ခြင်း တစ်မျိုးပဲ။
ရှမ့်လန်... မင်း ပြောတာ မှန်တယ်။ ငါ ဘယ်လောက် အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်သလဲ ဆိုတာ မင်း မြင်မှာပါ။ ငါက လောကတစ်ဝက်ရဲ့ စွမ်းအင်ကိုတောင် ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ ငါ လုပ်ချင်ခဲ့တာက သူရဲဘောကြောင်တာပဲ။ နေမင်းကြီး မသေခင်မှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မယ်။ လောကကြီး တစ်ခုလုံး ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရတော့မယ်။ ငါက မကြုံစဖူး ကြီးမားတဲ့ အာကာသယာဉ်တစ်စင်း တည်ဆောက်ပြီး ဝိညာဉ်သိန်းချီနဲ့အတူ ထွက်ပြေးချင်ခဲ့တာ။
ငါ့စီမံကိန်း ဘယ်လောက် ကောင်းတယ်လို့ ပြောပြော၊ ရှင်သန်လိုစိတ် ဘယ်လောက် ပြင်းပြတယ်လို့ ပြောပြော၊ ဆင့်ကဲဖြစ်စဉ်ရဲ့ အဆုံးစွန်လမ်းစဉ်လို့ ပြောပြော နောက်ဆုံး မှာတော့ အဲဒါက ထွက်ပြေးခြင်း တစ်မျိုးပဲ။ ငါ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းပြီးတုန်းက နာကျင်မှုနဲ့ အပြစ်ရှိစိတ်တွေကနေ လွတ်မြောက်ဖို့ ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့သလိုမျိုးပေါ့။
ဒါပေမဲ့ မင်းကတော့ မတူဘူး။ ရှမ့်လန်... အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးတဲ့နောက်မှာ မင်းက မင်းရဲ့ ခန္ဓာကိုယ်ဆီ ပြန်လာဖို့ ရွေးချယ်ခဲ့တယ်။ မဟာနိဗ္ဗာန ပျက်သုန်းခြင်းကြီး ရောက်လာတော့မဲ့အချိန်မှာ ဘာလုပ်ရမှန်း မသိပေမဲ့ မင်းမှာအမြဲတမ်း အတွေးတစ်ခု ရှိနေခဲ့တယ်။ ဒီဂြိုဟ်ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ဒီယဉ်ကျေးမှုကို ဘယ်တော့မှ မစွန့်လွှတ်ဘူး ဆိုတာပဲ။ ရိုးအတယ်။ တုံးအ တယ်လို့ပဲ ပြောပြော အနည်းဆုံးတော့ မင်းက ငါ့ ပိုသတ္တိရှိတယ်။
ငါတို့ရဲ့ တိုက်ပွဲက ဝိညာဉ်တိုက်ပွဲပဲ။ မင်းရဲ့ ဝိညာဉ်က ပေါင်းစပ်ပြီး ပြန်လည် မွေးဖွားခဲ့တယ်။ မင်း နိုင်သွားတယ်။ မင်းက ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်ခဲ့တယ်။ ငါကတော့ ရှုံးနိမ့်ပြီး ပေးဆပ်ရတဲ့သူ ဖြစ်သွားတယ်။ ဒါက ဆရာကြီးခေးအော့စ်ရဲ့ ပူးပေါင်းကြံစည်မှု မဟုတ်ဘူး။ အစတည်းက သတ်မှတ်ထား ပြီးသားပါ။ ဘာလို့လဲဆိုတော့ ငါက ငါ့ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့လို့ ငါ့ဝိညာဉ်က မပြည့်စုံတော့ဘူး။
ရှမ့်လန်... ငါက ငါ့ခန္ဓာကိုယ်ကို စွန့်လွှတ်ခဲ့တယ်။ ပြီးတော့ ဒီဂြိုဟ်နဲ့ ငါ့တို့ရဲ့ အိမ်ကို စွန့်လွှတ်မယ်။ ဒီလို ဝိညာဉ်မျိုးက မပြည့်စုံဘူး။ ဘယ်လိုလုပ် ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်နိုင်မလဲ။ ငါက ငါ့ကိုယ်ငါ ကျန်းရှဲ့လို့ ဝန်ခံဖို့တောင် မရဲဘူး။ ငါ က ငါ့ကိုယ်ငါ ကျန်းလီ လို့ပဲ ဝန်ခံတယ်။ ဒီလို မပြည့်စုံတဲ့ ဝိညာဉ်မျိုးက ဘယ်လိုလုပ် ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်နိုင်မလဲ။ ငါ ဘယ်လိုလုပ် နိုင်,နိုင်မလဲ။”
ကျန်းလီ၏ စကားများသည် ဉာဏ်အလင်းပွင့်စေခဲ့သည်။ လူတစ်ယောက်သည် မည်မျှ သန်မာလာပါစေ။ အကယ်၍ သူ့နှလုံးသားထဲတွင် အိမ်နှင့် တိုင်းပြည်ကို စွန့်လွှတ်လိုက်ပြီ ဆိုပါက ထိုဝိညာဉ်သည် မပြည့်စုံရန် ကံပါလာပြီး ဖြစ်၏။ မည်သို့ပြန်လည်မွေးဖွားခြင်းကို ပြီးမြောက်နိုင်မည်နည်း။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှမ့်လန်... မင်းက ရှေးဟောင်းထောင်ကို ဖျက်ဆီးပြီး ကျန်းရှဲ့ရဲ့ ခန္ဓာကိုယ်ကို ပင်လယ်ထဲမှာ မြှုပ်နှံခဲ့တယ်။ မင်းက ငါ့ကို တိုက်ခိုက်ဖို့ ငါ့ရဲ့ အားနည်းချက်ကို အသုံးပြုလိုစိတ် မရှိခဲ့ဘူး။ ဒါက အလိုလို အင်အားတစ်မျိုးပဲ။
ဒါပေမဲ့ အဲဒီခန္ဓာကိုယ်က ငါ့ရဲ့ အားနည်းချက် ဖြစ်ရုံသာမက ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်နေတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ငါ့ရဲ့ရှုံးနိမ့်မှုက သေချာ နေခဲ့ပြီးသားဖြစ်ခဲ့တယ်။”
ဤစကားများကို ပြောပြီးနောက် ကျန်းလီ၏ မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာခဲ့သည်။ အမှန်စင်စစ် သူသည် ကျန်းလီအစစ်အမှန် မဟုတ်သေးပေ။ ကျန်းလီ သေဆုံးခဲ့ပြီ ဖြစ်၏။ သို့သော်ငြား ဤသည်မှာ ရှမ့်လန်၏စိတ်ထဲရှိ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။ သေခြင်းတရား၏ ပဲ့တင်သံဟု ယူဆနိုင်သည်။
“ရှမ့်လန်... ငါ့သား... ကလေးတစ်ယောက်က အဖေကို အရင် ကိုးကွယ်တယ်။ ပြီးတော့ အဖေကို နားလည်လာတယ်။ နောက်ဆုံးကျမှ အဖေကို အနိုင်ယူတယ်လို့ မင်း ပြောဖူးတယ်။ အခု မင်း အဲဒါကို ပြီးမြောက်သွားပြီ။ ခြေလှမ်းတိုင်းက အရမ်း ခိုင်မာတယ်။ အခု မင်းက အရေးအကြီးဆုံး အဆင့်ကို ရင်ဆိုင်နေရပြီ။ မင်း အရေးအကြီးဆုံး ရွေးချယ်မှုကို ပြုလုပ်ရတော့မယ်။
ရှမ့်လန်... မင်း အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်ထဲမှာ ရှိနေတယ်။ ရှုံးနိမ့်သူ တစ်ယောက်အနေနဲ့ ငါ မင်းကို ဘာမှ သင်ပေးလို့ မရပါဘူး။ ဒါပေမဲ့ အဖေတစ်ယောက်အနေနဲ့ ငါ့သားကို ပြောချင်တဲ့ စကားတချို့ ရှိတယ်။
ပထမ... နာကျင်မှုနဲ့ နောင်တဆိုတာ ဘဝရဲ့ အစိတ်အပိုင်းပါ။ မင်းရဲ့ နာကျင်မှုနဲ့ နောင်တကို ပြန်လည် ကုစားဖို့ ကိုယ့်ကိုယ်ကို သီးခြား ခွဲထုတ်မပစ်နဲ့။ အဲဒါက ငါအတွက်တော့ အဆိုးရွားဆုံး ရလဒ်ဖြစ်ခဲ့တယ်။
ဒုတိယ... အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အတိတ်မှာပဲ ကျန်ရစ်ခဲ့ဖို့ ကံပါလာပြီးသားပါ။ ပြောင်းပြန်လှန်လို့ မရပါဘူး။ တကယ်လို့ ပြောင်းပြန်လှန်ချင်တယ် ဆိုရင် အတိတ်ကို ငြင်းပယ်တာနဲ့ အတူတူပါပဲ။ အတိတ်ကို ငြင်းပယ်ခြင်းက မိမိကိုယ်ကို ငြင်းပယ်ခြင်းပါပဲ။ မိမိကိုယ်ကို ငြင်းပယ်လိုက်တာက လုံးဝ ပျက်စီးခြင်းဆီ လျှောက်တာပဲ။
တတိယ စကားတစ်ခွန်း ရှိသေးတယ်။ ဒါပေမဲ့ ပြောသင့် မပြောသင့် ငါ မသိဘူး။”
ကျန်းလီ သက်ပြင်းတစ်ချက် ဖွဖွ ချလိုက်သည်။ “ရှမ့်လန်... ငါ့သား... ဆရာကြီး ခေးအော့စ်က အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့တယ်လို့ ထင်လား။”
ရှမ့်လန် ပြန်မဖြေခဲ့ပေ။
ကျန်းလီက ဆက်ပြောလိုက်၏။ “သူ ပြီးမြောက်ခဲ့နိုင်တယ်။ ဒါပေမဲ့ ဘာလို့ သူက လောကကြီးကို ကယ်တင်ဖို့ သူကိုယ်တိုင် မလုပ်ဘဲ မင်းကို လိုအပ်နေတာလဲ။”
ဤစကားတစ်ခွန်းသည် နားကွဲလုမတတ် ကျယ်လောင်နေပြီး အမှန်တရားတစ်ခုလုံးကို ဖွင့်ချလိုက်သကဲ့သို့ ဖြစ်နေသည်။
အကယ်၍ ဆရာကြီး ခေးအော့စ်က အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့သည် ဆိုလျှင်ကော။ သူ ဘာကို အားကိုးပြီး ပြီးမြောက်ခဲ့သနည်း။ နဂါးဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ နောက်ဆုံးတွင် စွမ်းအင် ဖလှယ်ခြင်း တစ်မျိုးသာ ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဝါးမျိုခြင်းပင်။
ဆရာကြီး ခေးအော့စ်ကို အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်စေရန် မည်သည့်စွမ်းအင်က ထောက်ပံ့ပေးသနည်း။ အရေးအကြီးဆုံးမှာ အကယ်၍ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့လျှင် လောကကြီးကို သူ ကိုယ်တိုင် ကယ်တင်ခဲ့သင့်သည် မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ ဆရာကြီး ခေးအော့စ် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်စဉ်က သူသည်လည်း ကြီးမားသော အမှားတစ်ခု ပြုလုပ်ခဲ့၍လား။ သူသည်လည်း သူ၏နာကျင်မှုနှင့် နောင်တကို ပြန်လည် ကုစားချင်ခဲ့၍လား။
ထို့ကြောင့် လက်ရှိ အခြေအနေမျိုး ဖြစ်လာသည်လား။
ဆရာကြီး ခေးအော့စ်ဆိုတာ မည်သူလဲ။ ရှေးဦးခေတ်ကလား။ ရှေးဟောင်းခေတ်ကလား။ ဒါမှမဟုတ် တစ်နေရာရာကလား။ ဘယ်အချိန်တည်းက အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို စတင် နားလည် သဘောပေါက်ခဲ့တာလဲ။
“ကဲ... ငါ့သား... နှုတ်ဆက်ပါတယ်။”
ကျန်းလီက နှုတ်ဆက်လိုက်သည်။ “ငါ ရှုံးနိမ့်ခဲ့ပြီ။ မင်း အနာဂတ်မှာ တောက်ပပါစေ။ ဘယ်တော့မှ နောင်တမရပါစေနဲ့။”
ထို့နောက် ကျန်းလီ၏ပုံရိပ်သည် ရှမ့်လန်၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
... ...
ဝိညာဉ်အရိပ်အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် ထူးဆန်းပြီး ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်၊ လုံးဝ အထီးကျန်ဆန်သော လောကတစ်ခုသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် သူ၏ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ဆက်လက် လုပ်ဆောင်ချင်နေ၏။
အတိတ်ကို ပြန်သွားမည်လား။ လွန်ခဲ့သော ၃၅ နှစ် ကန်ဝမ်ကို ကယ်တင်မည်လား။ သူ့မိခင် ကျောက်စိမ်းဖြူ မြို့တော် ဘုရင်မကို ကယ်တင်မည်လား။ ကြေမွနေသော ဤလောကကြီးကို ကယ်တင်မည်လား။
ဆွဲဆောင်မှုရှိသော အတွေးတစ်ခုပင်။ သို့သော်ငြား အတိတ်ဆိုတာ အတိတ်ဖြစ်သည်။ အတိတ်ကို ငြင်းပယ်ခြင်း ဆိုသည်မှာ သစ္စာဖောက်ခြင်းနှင့် ကမ္မကို ပြောင်းပြန်လှန်ခြင်းပင်။ ဤလမ်းကြောင်းက ပြီးပြည့်စုံပုံရပေမည့် သူ လျှောက်လှမ်းလို့ မရပေ။
ထိုသို့ဆိုလျှင် .... အတိတ်ကို ပြန်သွား၍မရဘူး ဆိုလျှင် အန္တိမနဂါးဉာဏ်အလင်းပွင့်ခြင်း၏ အနှစ်သာရက ဘာဖြစ်သနည်း။ အချိန်နှင့် ဟင်းလင်းပြင်၏ ဉာဏ်အလင်းပွင့်ခြင်းက ဘာဖြစ်သနည်း။
မကြာခင်မှာပဲ ရှမ့်လန် နားလည်သွားခဲ့သည်။ သူသည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းအတွက် အသင့်တော်ဆုံးလူ ဖြစ်၏။ သူသည် အချိန်နှင့် ဟင်းလင်းပြင် ဉာဏ်အလင်းပွင့်ခြင်းအတွက် အသင့်တော်ဆုံး လူ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်က ကူးပြောင်းလာသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ၏ ကူးပြောင်းလာခြင်းက အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းရဲ့ ရလဒ်ပင်ဖြစ်သည်။ ယခင်တုန်းက အရာအားလုံးသည် ဖရိုဖရဲနှင့် မသိနားမလည်ခြင်းတွေ ဖြစ်နေခဲ့သည်။
ရှမ့်လန်က အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်ကို မည်ကဲ့သို့ ဆက်လုပ်ရမလဲ မသိခဲ့ချေ။ သူ စဉ်းစား၍ရသည့် တစ်ခုတည်းက အတိတ်ကို ပြန်သွားဖို့ပင်။
သို့သော်ငြား ယခု ရှမ့်လန်၏စိတ်သည် တဖြည်းဖြည်း ကြည်လင်လာခဲ့၏။ အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း အတွက် သူ့၏ ရည်မှန်းချက်ကလည်း ရှင်းလင်းလာခဲ့သည်။
“ကျေးဇူးတင်ပါတယ် အရှင်ကျန်းလီ... ခင်ဗျားရဲ့ ပေးဆပ်မှုအတွက် ကျေးဇူးပါ။ ခင်ဗျား မသေခင် ပေးခဲ့တဲ့ အကြံဉာဏ်တွေအတွက် ကျေးဇူးပါ။ ကျေးဇူးတင်ပါတယ် အမေ။ ကျေးဇူးတင်ပါတယ် ကန်ဝမ်။ ကျုပ် ဘာလုပ်ရမလဲ ဆိုတာ သိပြီ။”
ဤဖရိုဖရဲနှင့် မသိနားမလည်နိုင်သည့် ဟင်းလင်းပြင်၌ ရပ်ရင်း ဘာလုပ်ရမလဲ ဆိုသည်ကို ရှမ့်လန် သိရှိလိုက်ပြီ ဖြစ်၏။
ဆွဲဆောင်မှုအရှိဆုံးနှင့် အရိုးရှင်းဆုံးလမ်းကို မလျှောက်နှင့်။
အရာအားလုံးကို ပြန်လည် ကုစားဖို့ အတိတ်ကို ပြန်သွားရန် မကြိုးစားနှင့်။
ထိုအစား အနာဂတ်ဆီ .... မသိနားမလည်ခြင်းတွေဆီကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းရမည်။
အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ အဆုံးစွန် ဒဿနဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။
“ငါ ဘယ်က လာသလဲ။ ငါ ဘယ်မှာ ရောက်နေသလဲ။ ငါ ဘယ်ကို သွားမလဲ။”
ရှမ့်လန်က ကမ္ဘာမြေကနေ ဤကမ္ဘာကို ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ ဤအရာက အချိန်နှင့် ဟင်းလင်းပြင် ကူးပြောင်းခြင်းဖြစ်ပြီး အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ ယခု ရှမ့်လန်က ဤမေးခွန်းသုံးခုကို သေချာပေါက် နားလည်သဘောပေါက်ရပေတော့မည်။ သူ ကမ္ဘာမြေကနေ ဤနေရာကို မည်ကဲ့သို့ ရောက်လာသနည်း ဆိုသည်ကို သေချာပေါက် နားလည်ရပေတော့မည်။
ဟင်းလင်းပြင်က မည်ကဲ့သို့ ခရီးသွားသနည်း။ အချိန်က မည်ကဲ့သို့ ခရီးသွားသနည်း။ ဤကူးပြောင်းခြင်းက မည်ကဲ့သို့ ပြီးမြောက်ခဲ့သနည်း။ ပထမ ဒဿနဆိုင်ရာမေးခွန်းကို ဖြေရှင်းပြီးလျှင် သူ၏ အန္တိမနဂါး ဉာဏ်အလင်း ပွင့်ခြင်းက ပြီးပြည့်စုံလုနီးပါး ဖြစ်သွားပေလိမ့်မည်။
ဒုတိယအဆင့် - သူ ဘယ်မှာ ရောက်နေသနည်း။ ဤအရာက အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ယခု လောလောဆယ် ရှမ့်လန်၏ ဝိညာဉ်အာရုံခံစားမှုက အလွန် ထူးဆန်းပြီး ဆန်းကြယ်သည့် ဟင်းလင်းပြင် တစ်ခုထဲ၌ ရောက်နေသောကြောင့်ဖြစ်သည်။ ဤကမ္ဘာနှင့် မသက်ဆိုင်သလို အချိန်နှင့် ဟင်းလင်းပြင် သဘောတရားများလည်း မရှိချေ။
ဤအရာက ဒဏ္ဍာရီလာ လေးဘက်မြင် ဟင်းလင်းပြင်လား။ သို့မဟုတ် ပိုမြင့်သည့် အဆင့်အတန်းလား။ ကမ္ဘာမြေကနေ ဤလောကကို မည်ကဲ့သို့ ကူးပြောင်းလာသနည်းကို နားလည်ပြီးနောက် ဤနေရာက မည်သည့်နေရာနည်း။ မည်သည့်အဓိပ္ပာယ်ရှိသနည်းကို သေချာပေါက် နားလည်ရပေလိမ့်မည်။
တတိယအဆင့် - သူ ဘယ်ကို သွားရမည်နည်း။ ဤနေရာက လုံးဝ သီးခြား လွတ်လပ်နေသည့် ဟင်းလင်းပြင် တစ်ခုဖြစ်သည်။ ဤကမ္ဘာနှင့် မသက်ဆိုင်သလို အတိုင်းအတာနှင့်လည်း မသက်ဆိုင်ချေ။ ထို့အပြင် ရှမ့်လန်က လက်တွေ့ကမ္ဘာကို ပြန်ချင်သည်ဆိုလျှင် ဤထူးခြားပြီး ဆန်းကြယ်သည့် ဟင်းလင်းပြင်ကနေ ထွက်ခွာဖို့ နည်းလမ်း ရှာရပေမည်။
ထို့နောက် သူ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့လျှင် သူက အချိန်နှင့် ဟင်းလင်းပြင်၏ လျှို့ဝှက်ချက်တွေကို ပိုင်ဆိုင်သွားပြီဟု အဓိပ္ပာယ်ရသလို အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးသွားပြီဟုလည်း အဓိပ္ပာယ် ရ၏။
***