ဤဉာဏ်အလင်းပွင့်ခြင်း အဆင့်သုံးဆင့်ကို သူ ပြီးမြောက်အောင် လုပ်ရပေမည်။ မဟုတ်ပါက ရှမ့်လန်၏ ဝိညာဉ်က ဤနေရာတွင် ထာဝရ ပိတ်မိနေပြီး တစ်သက်လုံး ထွက်ခွာနိုင်မည် မဟုတ်ချေ။ ထို့အပြင် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ပြီးမှသာ ဤလောကကြီးကို ကယ်တင်ဖို့ စစ်မှန်သည့် မျှော်လင့်ချက် ရှိလာနိုင်မှာဖြစ်သည်။
... ...
အချိန်ကာလသည် ရေအလျဉ်ကဲ့သို့ စီးဆင်းသွားပြီး နေ့ရက်များသည် ရက်ကန်းလွန်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ တစ်လခွဲခန့် ကြာပြီးနောက် ကျန်းလီ၏ နဂါးသစ်နှင့် ရှမ့်လန်၏ ဧရာမနဂါးကြီးတို့သည် လ၏ သေဆုံးနေသော အမှောင်ဘက်ခြမ်းဆီသို့ နောက်တစ်ကြိမ် ဦးတည် ပျံသန်းသွားကြ၏။
ဧရာမ ဝဲကတော့ကြီးတစ်ခု အတွင်း၌ ကျန်းလီ၏ ပုံရိပ်သည် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်သည် ဝဲကတော့၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။
ကျန်းလီ၏ နဂါးသစ်သည် ဝမ်းနည်းပူဆွေးစွာ မြည်တမ်းလိုက်၏။ ထို့နောက် သူသည် ရှမ့်လန်၏ ရှေ့တွင် ဒူးထောက် လိုက်သည်။ တလခွဲခန့် ကြာသည့်အချိန် မည်သူပဲ အသက်ရှင်ကျန်ရစ်ပါစေ၊ ကျန်ရစ်သူသည် ဤနဂါးနှစ်ကောင်၏ တစ်ဦးတည်းသော သခင် ဖြစ်လာလိမ့်မည်ဟု ကျန်းလီ မှာကြားခဲ့သည် မဟုတ်ပါလား။
ရှမ့်ရိလုံက ပြောလိုက်၏။ “သွားစို့... သခင့်ကို အိမ်ပြန်ခေါ်သွားရအောင်။”
ကျန်းလီ၏ နဂါးသစ်သည် သူ့သားပင် ဖြစ်သည်။ နဂါးသစ်သည် ရှမ့်လန်၏ ခန္ဓာကိုယ်ကို ညင်သာစွာ မ,ယူလိုက်ပြီး သူ၏ ကျောပေါ်သို့ တင်၏။ နဂါးနှစ်ကောင်သည် ရှမ့်လန်ကို သယ်ဆောင်လျက် လကမ္ဘာမှ ထွက်ခွာလာပြီး လက်တွေ့လောကဆီသို့ ပြန်လာခဲ့ကြသည်။
မည်သူမှ သတင်းမပို့သော်လည်း တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်ရှိ လူတိုင်းနှင့် ကျန်းလီ အင်ပါယာရှိ ရှေးဟောင်းလူသားသစ် အားလုံးသည် ရှမ့်လန်နှင့် ကျန်းလီတို့ လကမ္ဘာပေါ်တွင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲနေကြကြောင်း သိရှိကြသည်။ ကျန်းအင်ပါယာရှိ သာမန်ပြည်သူများပင် ဤကိစ္စကို ရိပ်စားမိနေကြ၏။
လုံခြုံစိတ်ချရသော တံတိုင်းဟူသည် မရှိပေ။ ရှမ့်လန် ပြန်လာပြီး နုရှောင့်မြို့ကို ပြန်လည် တည်ထောင်လိုက် ချိန်မှာတော့ ကျန်းအင်ပါယာ တောင်ဘက်ပိုင်းမှ လူအများအပြားသည် ချန်အင်ပါယာဘက်သို့ ထွက်ပြေး လာခဲ့ကြသည်။ ထို့ကြောင့် လူအများအပြားသည် အမှန်တရားကို သိရှိသွားကြသည်။
လောကအရှင်သခင်သည် ရှမ့်လန်၏ ဖခင်၊ အရှင် ကျန်းလီ ဖြစ်ကြောင်း သူတို့ သိရှိသွားကြ၏။ အရှင်ရှမ့်လန် သည် တော်ဝင်ချန်အင်ပါယာကို ပြန်လည် တည်ထောင်နေပြီး လောကကြီးကို ပြန်လည်သိမ်းပိုက်ကာ လွတ်မြောက်စေရန် ပြင်ဆင်နေကြောင်းလည်း သိရှိလိုက်ကြ၏။
အမှန်တရားကို သိပြီးနောက် လူတိုင်း သက်ပြင်းချလိုက်ကြသည်။ ‘ကျုပ် ပြောသားပဲ။ အရှင်ရှမ့်လန်က လောကသူ၊ လောကသားတွေကို ဒီလို ဆက်ဆံပါ့မလား။ သူက ကျွန်တွေ အများကြီး မွေးထားပါ့မလားလို့...’
အမှန်စင်စစ် အတိတ်ကာလက အရှင်ကျန်းလီ၏ ဂုဏ်သတင်းသည် ရှမ့်လန်ထက်ပင် ပိုမို ကောင်းမွန် ခဲ့သည်။ အတိတ်ကာလက ကျန်းလီသည် ပြည်သူများကို မိမိသားသမီးများကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုးကြောင်း ပြသခဲ့ဖူးသည်။ တခြားတစ်ဖက်မှာတော့ ရှမ့်လန်သည် လောကသူ၊ လောကသားများ အပေါ် အမြဲတမ်း မောက်မာစွာ ဆက်ဆံလေ့ရှိ၏။
ထိုသို့ဆိုလျှင် အမှန်တရားကို သိပြီးနောက် လူထု၏ တုံ့ပြန်မှုက မည်ကဲ့သို့ ဖြစ်နေသနည်း။ ထူးဆန်းသည်မှာ မည်သည့် တုံ့ပြန်မှုမှ မရှိခြင်းပင်။
အရှင်ကျန်းလီ၏ အင်ပါယာသည် အလွန် အမှောင်ကျနေခဲ့၏။ ဤလူများသည် ပုန်ကန်ကြမည်လား။ ကျန်းလီကို ဆဲဆိုကြမည်လား။ ကျန်းလီ၏ ရုပ်တုကြီး ပြိုလဲသွားမည်လား။
လုံးဝ မဟုတ်ပေ။ မရေမတွက်နိုင်သော လူများသည် ကျန်းလီဘက်မှ ကာကွယ်ပြောဆိုကြသည်။ အင်ပါယာ အနေဖြင့် ဤမျှ ဖိနှိပ်ချုပ်ချယ်ပြီး တင်းကျပ်ထားရန် လိုအပ်ကြောင်း၊ အရှင်ကျန်းလီ လုပ်သမျှ အရာအားလုံးသည် လောကကြီးကို ကယ်တင်ရန် ဖြစ်ကြောင်း ပြောဆိုကြ၏။ ထို့ကြောင့် ရုပ်တုကြီး ပြိုလဲ မသွားခဲ့ပေ။ တောက်ပနေဆဲပင် ဖြစ်သည်။
အမှန်စင်စစ် ကျန်းလီတစ်ယောက်တည်း တောက်ပနေသည် မဟုတ်ပေ။ ရှမ့်လန်လည်း တောက်ပနေသည်။ အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာ သူ၏ ‘နုရှောင့်မြို့တော်’ ကို အမှန်တကယ် မြင်ဖူးကြသော်လည်း ဒဏ္ဍာရီကဲ့သို့ ကြားဖူးသူများက များပြားလာသည်။ ထိုမြို့ကို နတ်ပြည်တစ်ခုအလား တင်စား ပြောဆိုကြ၏။
ထို့ကြောင့် လောကသူ၊ လောကသားများ၏ မျက်လုံးထဲတွင် ရှမ့်လန်နှင့် ကျန်းလီတို့သည် ရန်သူများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦးစလုံးသည် မကောင်းဆိုးဝါးများ မဟုတ်ကြပေ။ ရှမ့်လန်နှင့် အရှင် ကျန်းလီတို့သည် သူတို့၏လမ်းစဉ်အတွက် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်ဟု ခံယူထားကြသည်။
အရှင်ကျန်းလီ အဘယ်ကြောင့် မသေဆုံးဘဲ အင်ပါယာ၏ အရှင်သခင် ပြန်ဖြစ်လာသနည်း ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ လူထုသည် အကြီးအကျယ် ပြောဆိုနေကြသော်လည်း ဇဝေဇဝါ ဖြစ်နေကြ၏။ ဤကိစ္စကို တုန်လှုပ်ဖွယ်ရာ ပူးပေါင်းကြံစည်မှုကြီးတစ်ခုအဖြစ် မည်သူမှ ပုံမဖော်လိုကြပေ။
ထို့အပြင် ရှမ့်လန်နှင့် ကျန်းလီတို့၏ တိုက်ပွဲနှင့် ပတ်သက်၍ လောကသူ၊ လောကသားများ မည်သို့ ထင်မြင်ကြသနည်း။ ထူးဆန်းသည်မှာ သူတို့ သိပ်အရေးမလုပ်ကြခြင်းပင်။ တိတိကျကျ ပြောရလျှင် သူတို့၏ အတွေးမှာ ဤသို့ ဖြစ်၏။
‘ဘယ်သူနိုင်နိုင် အရေးမကြီးဘူး။’
သူတို့၏အမြင်တွင် အရှင်ရှမ့်လန်နှင့် အရှင်ကျန်းလီ နှစ်ဦးစလုံးသည် ကောင်းကင်ဘုံမှ လူများ ဖြစ်ကြ၏။ အနိုင်ရသူသည် မှန်ကန်ကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး လောကကြီးကို ကယ်တင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်သူပဲ နိုင်နိုင် သူတို့အားလုံး နာခံကြမည်။
ထို့ကြောင့် အလွန် ထူးဆန်းနေသည်။ ကျန်းအင်ပါယာသည် သိသာထင်ရှားစွာ ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက် ကြမ်းကြုတ်သည်ဟုပင် ဆိုနိုင်၏။ သို့သော်ငြား အမှန်တရားကို သိရှိပြီးနောက်တွင် ယခင်ကထက် ဆန့်ကျင်သူ နည်းပါးသွားခဲ့သည်။
အကြောင်းရင်း နှစ်ချက် ရှိကောင်း ရှိနိုင်သည်။ ပထမအကြောင်းရင်းမှာ ပြင်ပလောကကြီးသည် အေးခဲနေပြီး သက်ရှိအားလုံး သေဆုံးကုန်ကြပြီ ဖြစ်၏။ ထို့ကြောင့် ကျန်းအင်ပါယာ၏ အမိုးခုံး မြို့တော်များသည် အထူး ခမ်းနား ထည်ဝါနေခြင်း ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ အရှင်ရှမ့်လန် ပြန်လာပြီ ဖြစ်သောကြောင့် လူတိုင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
‘ဒါက အရှင်နှစ်ပါးကြားက မဟာလမ်းစဉ် တိုက်ပွဲပဲ။ ကောင်းကင်ဘုံလမ်းစဉ် တိုက်ပွဲပဲ။ ကျုပ်တို့က ခေါင်းမော့ပြီး ကိုးကွယ်ရုံပဲ ရှိတယ်။ ကျန်တာတွေ ဝင်မပါနဲ့။’
ထိုသို့ဆိုရင် မေးစရာ ရှိသည်က လောကသူ၊ လောကသားများက မည်သူ့ကို နိုင်စေချင်သနည်း။ သေချာပေါက် ရှမ့်လန်ကို ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် အံ့ဖွယ်ရာများနှင့် ပြောင်းလဲမှုကို တောင့်တကြသောကြောင့်ပင်။
ထို့အပြင် နုရှောင့်မြို့တော်၏ ဒဏ္ဍာရီသည် ပြီးပြည့်စုံလွန်းနေသည်။ ထို့အပြင် လွန်ခဲ့သော နှစ် ၃၀ အတွင်း လူတိုင်း၏ နှလုံးသားထဲရှိ အရှင်သည် အမြဲတမ်း ရှမ့်လန်သာ ဖြစ်ခဲ့သည်။ သူတို့သည် နှလုံးသားအောက်ခြေမှ ရှမ့်လန်ကို သစ္စာရှိကြ၏။ ဤယုံကြည်ချက်သည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ပြောင်းလဲရန် အလွန် ခက်ခဲသည်။
ထို့ကြောင့် အချိန်တစ်ခုရောက်ချိန်မှာတော့ လူများသည် လမင်းကြီးကို မော့ကြည့် လာကြသည်။ အစပိုင်းတွင် ရှေးဟောင်းလူသားသစ်များက စတင် မော့ကြည့်ကြခြင်း ဖြစ်၏။ ပိုမို တိကျစွာ ပြောရလျှင် ကျန်းအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ကျန်းမင်၊ ထို့နောက် ကျန်းအင်ပါယာ၏ ဝန်ကြီးများ၊ ထို့နောက် ရှေးဟောင်းလူသားသစ် သိန်းပေါင်းများစွာတို့ ဖြစ်ကြ၏။
သာမန်ပြည်သူများကမူ ဘာဖြစ်နေမှန်း မသိကြပေ။ သို့သော်ငြား တခြားလူများ လမင်းကြီးကို မော့ကြည့်နေကြသည်ကို မြင်ချိန်မှာတော့ သူတို့လည်း လိုက်ကြည့်ကြသည်။ နောက်ဆုံးတွင် လောကကြီး တစ်ခုလုံးသည် လမင်းကြီးရှိရာဘက်သို့ မျှော်ကြည့်ကာ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြသည်။
တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်တွင်လည်း ထိုနည်းတူပင်။ ကျန်းအင်ပါယာမှ လူများသည် တည်ငြိမ်ကြသော်လည်း တော်ဝင်ချန်အင်ပါယာ နုရှောင့်မြို့တော်မှ လူများကမူ ပိုမို စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် နေ့တိုင်းနီးပါး ဆုတောင်းကြပြီး အရှင်ရှမ့်လန် အနိုင်ရပါစေကြောင်း၊ တရားမျှတမှု အနိုင်ရပါစေကြောင်း နတ်ဘုရားများထံ ရိုးသားစွာ တောင်းဆုပြုကြ၏။
သူတို့၏ ရပ်တည်ချက်သည် အလွန် ရှင်းလင်းသည်။ အရှင်ရှမ့်လန်သည် ဖြောင့်မတ်မှန်ကန်ပြီး ကျန်းလီသည် ယုတ်မာ ကောက်ကျစ်သည်။ အကယ်၍ အရှင်ရှမ့်လန် ရှုံးနိမ့်ခဲ့လျှင် သူတို့ ဆက်လက် ရှင်သန်နေစရာ အကြောင်း မရှိတော့ပေ။ သူတို့သည် တပ်ဖွဲ့အားလုံးကို စုစည်းပြီး အင်ပါယာမြို့တော်ကို တိုက်ခိုက်ကြ ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ရှမ့်လန် ပြန်မရောက်လာသေးပေ။ နုရှောင့်မြို့တော်တွင် မိမိကိုယ်ကို အဆုံး စီရင်မှုများ မြင့်တက်လာခဲ့သည်။ အမှန်စင်စစ် ထိုပရာသည် စိတ်ပျက်အားငယ်၍ အဆုံးစီရင်ခြင်း မဟုတ်ဘဲ ပေးဆပ်စတေးခြင်းသာ ဖြစ်၏။
အရှင်ရှမ့်လန်သည် အလွန် အစွမ်းထက်သော်လည်း သူ့ကံကြမ္မာ ကောင်းမွန်စေရန် ယဇ်ပူဇော်မှု လိုအပ်သည်ဟု မည်သူ ပြောလိုက်မှန်း မသိပေ။ ထို့ကြောင့် လူတစ်စုသည် ရှမ့်လန်အတွက် ယဇ်ပူဇော်သည့် အနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်။
တော်ဝင်ချန်အင်ပါယာ၏ နိုင်ငံတော် ဝန်ကြီးချုပ်က ဤသတင်းကို ကြားချိန်မှာတော့ ချက်ချင်း တားမြစ် လိုက်သည်။ ထိုအရာသည် ယဇ်ပူဇော်ခြင်း မဟုတ်ဘဲ အရှင်ရှမ့်လန်ကို ဒုက္ခပေးရာ ရောက်ကြောင်း ပြောဆိုခဲ့၏။ လူတိုင်း ကောင်းမွန်စွာ ရှင်သန်နေထိုင်ပြီး အရှင် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့၏။
ထို့နောက် လူအချို့က ကောလဟာလတစ်ခု ဖြန့်ကြပြန်၏။ အရှင်ရှမ့်လန် သေဆုံးခြင်း ရှိ၊ မရှိ သိရန် အလွန် လွယ်ကူသည်။ မင်းသမီးလေး ရှိသေးသလား။ သူမသည် အရှင်ရှမ့်လန် အချစ်ဆုံး သမီးလေး ဖြစ်သည်။ အကယ်၍ အရှင်ရှမ့်လန်သာ သေဆုံးသွားလျှင် မင်းသမီးလေးလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ကြောင့် နုရှောင့်မြို့တော်ရှိ မရေမတွက်နိုင်သော လူများသည် မင်းသမီးယောင်ယောင်ကို စောင့်ကြည့် နေကြသည်။ နေ့တိုင်း သတင်းများ ထွက်ပေါ်လာ၏။ နောက်ပိုင်းတွင် တစ်နာရီ တစ်ခါ၊ ၁၅ မိနစ် တစ်ခါ သတင်းများ ထွက်ပေါ်လာသည်။ ထို့အပြင် ထွက်ပေါ်လာသော သတင်းများသည် အတူတူပင် ဖြစ်သည်။
“မင်းသမီးယောင်ယောင် ပန်းချီဆွဲနေတယ်။ သူက ‘သာမန် မိသားစု ညစာစားပွဲ’ ပုံကို ဆွဲနေတာပါ။” ဤသတင်းကို အကြိမ်ကြိမ် အထပ်ထပ် ပြောဆိုနေကြ၏။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်… သတင်းထွက်လာတိုင်း မင်းသမီးယောင်ယောင်သည် ထိုပန်းချီကားကိုသာ ဆွဲနေကြောင်း သိရသည်။ လူတိုင်း သက်ပြင်းချလိုက်ကြသော်လည်း ကြောက်ရွံ့မှုကို ဖိနှိပ်ထားကြဆဲ ဖြစ်သည်။
အကယ်၍ မင်းသမီးယောင်ယောင် ရှိနေသေးလျှင် အရှင်ရှမ့်လန် မသေသေးဘဲ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။ သို့သော်ငြား သူမသည် ထိုပန်းချီကားကို ဆက်ဆွဲနေခြင်းက အနိုင်အရှုံး မဆုံးဖြတ်ရသေးကြောင်း သက်သေပြနေပြန်၏။ မင်းသမီးယောင်ယောင်သည်လည်း ပန်းချီဆွဲခြင်းကို အကြောင်းပြပြီး ဆုတောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ယောင်ယောင်၏ ‘သာမန် မိသားစု ညစာစားပွဲ’ ပန်းချီကား ပြီးစီးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယောင်ယောင်သည် ပန်းချီကား၏ ညာဘက်အောက် ထောင့်တွင် လက်မှတ် ရေးထိုးလိုက်သောကြောင့် ဖြစ်၏။
‘ယောင်ယောင်’ ဟူသော စာလုံးသာမက ပျော်ရွှင်မှုများ ပြည့်နှက်နေသော နှစ်ဖက်မြင်ပုံစံ မျက်နှာလေးတစ်ခုကိုပါ ရေးဆွဲခဲ့သည်။ ထို့နောက် မင်းသမီးယောင်ယောင်သည် ပန်းချီ စာရွက်အသစ် တစ်ခုကို ထုတ်ယူပြီး ပန်းချီထပ်ဆွဲပြန်သည်။
မင်းသမီး ရှမ့်မီ တုန်လှုပ်စွာ မေးလိုက်၏။ “အစ်မ... ဖေဖေ နိုင်သွားပြီ မဟုတ်လား။ ဖေဖေ ပြန်လာတော့မယ် မဟုတ်လား။”
ယောင်ယောင် ချိုသာစွာ ပြုံးလိုက်ပြီး ဆက်လက် ပန်းချီဆွဲနေသည်။ အစ်မယောင်ယောင် ဆွဲနေသော လူပုံမှာ ကျန်းလီဖြစ်ကြောင်း ရှမ့်မီ လျင်မြန်စွာ မြင်တွေ့လိုက်ရ၏။ အထွတ်အထိပ် အာဏာစက်များ ပြည့်နှက်နေသော ကျန်းလီပင်။ ဤပန်းချီကားသည် ကွယ်လွန်သူ၏ ပုံတူကဲ့သို့ပင် လေးနက်တည်ကြည် နေသည်။
မကြာမီတွင် သတင်း ပြန့်နှံ့သွားခဲ့၏။ “မင်းသမီးယောင်ယောင်ရဲ့ သာမန်မိသားစု ညစာစားပွဲ ပန်းချီကား ပြီးသွားပါပြီ။ သူ အခု ကျန်းလီရဲ့ ပုံတူကို ဆွဲနေပါတယ်။”
“အရှင်ရှမ့်လန် နိုင်သွားပြီ။ အရှင်ရှမ့်လန် နိုင်သွားပြီ။”
ထို့နောက် နုရှောင့်မြို့တော်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှု၊ တက်ကြွမှုနှင့် အရူးအမူး ဖြစ်မှုတို့ဖြင့် ပြည့်နှက် သွားခဲ့သည်။ ဤအချိန်တွင် ရှမ့်လန် ပြန်မရောက်လာသေးပေ။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ နုရှောင့်မြို့တော်သည် အောင်ပွဲခံရန် မစောင့်နိုင်တော့ဘဲ ပျော်ရွှင်မှု ပင်လယ်ထဲတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
ထို့နောက် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးများနှင့် အတိုင်ပင်ခံ လွှတ်တော်တို့သည် အရှေ့ပိုင်းအင်ပါယာ တစ်ခုလုံးနှင့် ရှီလွန်အင်ပါယာကို မည်သို့ သိမ်းပိုက်ရမည်။ ကျန်းအင်ပါယာ၏ အမိုးခုံးမြို့တော် ၂၀၀ ကို နျူကလီးယား စွမ်းအင်ဗဟိုချက်များအဖြစ် မည်သို့ ချောမွေ့စွာ ပြောင်းလဲရမည် စသည်တို့ကို ဆွေးနွေးရန် နေ့စဉ် အစည်းအဝေးများ ကျင်းပကြ၏။
ထို့အပြင် တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးဌာနများနှင့် အတိုင်ပင်ခံ လွှတ်တော်ကို တိုးချဲ့ပြီး ပြန်လည် ဖွဲ့စည်းရန် လိုအပ်နေသည်။
အမှန်စင်စစ် ကျိုးရှီသည် သူ၏ရာထူးကို တော်ဝင်ချန်အင်ပါယာ၏ တတိယ ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲရန် မစောင့်နိုင်တော့ပေ။ အချိန်အတော်ကြာ သူတို့သည် ပြည်ပရောက် အစိုးရအဖွဲ့ဝင်များ ဖြစ်ခဲ့ကြ၏။
တော်ဝင်ချန်အင်ပါယာ၏ နိုင်ငံတော် ဝန်ကြီးချုပ်၊ အတိုင်ပင်ခံ လွှတ်တော် ဝန်ကြီးများ၊ မင်းသားကျင်း၊ ကျန်းချုံး၊ စုနန်နှင့် အခြားသူများ အားလုံး အကျဉ်းချခံခဲ့ရသည်။ ယခု အရှင် အနိုင်ရပြီ ဖြစ်သောကြောင့် ဤလူစုသည် သဘာဝကျကျ လွတ်မြောက်လာကြမည် ဖြစ်ပြီး အင်ပါယာ၏ ဗဟိုအစိုးရကို ဆက်လက် ထိန်းချုပ်ကြပေတော့မည်။
ပြည်ပရောက် အစိုးရ အရာရှိများအနေဖြင့် သူတို့ အနည်းငယ် နောက်ဆုတ်ပေးရန် လိုအပ်သည်ဟု ခံစားကြရသည်။ သို့သော်ငြား ထိုမျှ မကသေးပေ။ တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးများသည် ကိစ္စတစ်ခုနှင့် ပတ်သက်၍ အချင်းချင်း ငြင်းခုံရန်ဖြစ်နေကြသေးသည်။
ရှီလွန်အင်ပါယာကို ပြန်ပေးသင့်သလား။ လွန်ခဲ့သော နှစ် ၃၀ က ရှီလွန်အင်ပါယာနှင့် အရှေ့ပိုင်းအင်ပါယာ သည် တန်းတူညီမျှသော အင်ပါယာများ ဖြစ်ခဲ့ကြောင်း လူတိုင်း သိကြ၏။ ထို့အပြင် ရှီလွန်အင်ပါယာ၏ ဘုရင်မမှာ အရှင်ရှမ့်လန်၏ အစ်မ ဟယ်လင် ဖြစ်သည်။ သို့သော်ငြား နောက်ပိုင်းတွင် ကျန်းအင်ပါယာ၏ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။
ယခု အရှင်ရှမ့်လန်သည် အင်ပါယာကို ပြန်လည် သိမ်းပိုက်တော့မည် ဖြစ်ရာ ရှီလွန်အင်ပါယာကို ဘုရင်မ ဟယ်လင်ထံသို့ ပြန်ပေးသင့်သလား။ တချို့က ပြန်ပေးသင့်ကြောင်း ပြောကြ၏။ လောကကြီးသည် တရားဝင်မှုနှင့် တရားမျှတမှုကို ဂရုပြုရန် လိုအပ်သည်။ တချို့ကမူ ရှေးရိုးစွဲလွန်းသည်ဟု ဆဲဆိုကြ၏။ ကျန်းလီက ရှီလွန်အင်ပါယာကို သိမ်းပိုက်ပြီးပြီ ဖြစ်ရာ ဘာကိစ္စ ပြန်ပေးရမည်နည်း။ အရှင်ရှမ့်လန်က လောကကြီးတစ်ခုလုံးကို အုပ်ချုပ်သင့်သည် မဟုတ်ပါလား။
***