အမှန်စင်စစ် ရှေးဟောင်းလူသားသစ် သုံးသိန်းအတွက် ဤအရာသည် ပြည်နှင်ဒဏ် ပေးခံရသကဲ့သို့လည်း ဖြစ်သည်။
ကြီးမားသော ရင်ပြင်ကြီးထဲတွင် ရှေးဟောင်းလူသားသစ် သုံးသိန်းမှလွဲ၍ ရှမ့်လန်တစ်ဦးတည်းသာ ရှိသည်။ သာမန်ပြည်သူများ မရှိ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အတိုင်ပင်ခံ လွှတ်တော်ပင် မရှိပေ။ ဤသည်မှာ ရှေးဟောင်းလူသားသစ်များအပေါ် ထားရှိသော ရှမ့်လန်၏ လေးစားမှု ဖြစ်သည်။
သူတို့ကို ပြည်နှင်ဒဏ်ပေးခြင်းသည် လောကငြိမ်းချမ်းရေးအတွက် ဖြစ်သလို သူတို့ ရှင်သန်ရပ်တည်ရေး အတွက်လည်း ဖြစ်၏။
'ဒါပေမဲ့ ခင်ဗျားတို့ကို လေလွင့်ခွေးတွေလို ပြည်နှင်ဒဏ်ပေးတဲ့အကြောင်း သာမန်လူသားတွေကို ကျုပ် မြင်ခွင့်မပေးဘူး။'
ရှမ့်လန် ဘာမှ မပြောပေ။ သူ့လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။ ရှေးဟောင်းလူသားသစ်တိုင်း၏ ဦးနှောက် ထဲမှ ငရဲသလင်းကျောက်များသည် လေထဲသို့ ပျံတက်လာပြီး စုစည်းသွားကြသည်။ နောက်ဆုံးတွင် အပြာရောင် တိမ်တိုက်ကြီးတစ်ခုသဖွယ် ရင်ပြင်၏ ကောင်းကင်ယံတွင် လှိုင်းထနေသည်။
ရှမ့်လန်သည် လက်ဖဝါးကို လှည့်ပြီး ညင်သာစွာ ဆုပ်လိုက်သည်။ ဤဧရာမ ငရဲသလင်းကျောက်ကြီးသည် စတင် ဖိသိပ်ခံလိုက်ရ၏။ အဆုံးစွန်ထိ ဖိသိပ်ခံရချိန်မှာတော့ အချင်း တစ်လက်မပင် မရှိသော စိန်တုံးကဲ့သို့သော အရာဝတ္ထုတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ ရှေးဟောင်းလူသားသစ် သုံးသိန်း၏ ငရဲသလင်းကျောက်များသည် ဤတစ်ခုတည်းသော အရာဝတ္ထုအဖြစ် စုစည်းသွားခဲ့ခြင်း ဖြစ်၏။
ရှမ့်လန်သည် ဤငရဲသလင်းကျောက်ကို ယူလိုက်ပြီး သူ၏ လက်ကောက်ထဲတွင် ထည့်လိုက်သည်။
“ကောင်းကင်ခံတပ်ပေါ် တက်ကြ... သွားကြစို့။” ရှမ့်လန်၏ အမိန့်ဖြင့် ရှေးဟောင်းလူသားသစ် သုံးသိန်းသည် ဧရာမ ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာပေါ်သို့ သေသပ်ညီညာစွာ တက်ရောက်သွားကြ၏။
ဤကောင်းကင်ခံတပ်ကြီးများသည် ကောင်းကင်ယံတွင် တန်းစီလိုက်ကြပြီးနောက် တောင်ဘက်၊ ကျယ်ပြောလှသော သဲကန္တာရဆီသို့ တိတ်ဆိတ်စွာ ပျံသန်းသွားကြသည်။
... ...
ကျန်းလီ သေဆုံးပြီးနောက် ဤကမ္ဘာ၏ လောကစွမ်းအားသည် ဆက်လက် ညှိုးနွမ်းနေခဲ့သည်။ အမှန်စင်စစ် သေဆုံးမှုနှုန်းသည် အရှိန်မြှင့်လာခဲ့၏။ လောကကြီးသည် ပိုမိုအေးစက်လာပြီး လေထု ပိုမိုပါးလွှာလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လေထုအများအပြားသည် နှင်းများအဖြစ် ငွေ့ရည်ဖွဲ့ပြီး မြေကြီးပေါ်သို့ ကျဆင်းလာသောကြောင့်ပင်။
အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ကျန်းလီ သေဆုံးသွားသောကြောင့် ငရဲသလင်းကျောက် အားလုံး ထိန်းချုပ်မှု ကင်းမဲ့သွားသည်။ ထို့အပြင် ရှမ့်လန်သည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်ထဲတွင် ရှိနေခဲ့သည်။
အမှန်စင်စစ် အမှောင်ဘုရင်မ ငရဲသလင်းကျောက်နှင့် တိုက်မိစဉ်က ဖြစ်ပေါ်ခဲ့သော အပေါက်ကြီးသည် ရှိနေဆဲ ဖြစ်သည်။ ငရဲသလင်းကျောက်၏ တစ်ဖက်သည် ရူးသွပ်စွာ ဝါးမျိုနေပြီး အခြားတစ်ဖက်သည် အဆက်မပြတ် ယိုစိမ့်နေ၏။ ဤအခြေအနေက မျှခြေအနည်းငယ်ကို ထိန်းသိမ်းပေးထားသည်။ ထိုသို့မဟုတ်ပါက လောက၏ အပူချိန်သည် ပိုမိုနိမ့်ကျသွားပေလိမ့်မည်။
သို့သော်ငြား နောက်ဆုံးတွင် စွမ်းအင်များကို ဂြိုလ်အူတိုင်နှင့် မန်တယ်လွှာ ဆီသို့ ပြန်ပေးရမည် ဖြစ်၏။ မဟုတ်ပါက ဂြိုလ်အူတိုင်နှင့် မန်တယ်လွှာ တစ်ခုလုံး အေးခဲသွားချိန်မှာတော့ ဂြိုဟ်တစ်လုံးလုံးသည် လုံးဝ သေဆုံးသွားပေလိမ့်မည်။ အနာဂတ်တွင် ဂြိုလ်အူတိုင်နှင့် မန်တယ်လွှာကို ပြန်လည်မီးရှို့ပြီး ဂြိုလ်အူတိုင်ကို ပြန်လည်လည်ပတ်စေရန် ခက်ခဲပေလိမ့်မည်။
ဂြိုလ်အူတိုင် လည်ပတ်မှု ရပ်တန့်သွားသည်နှင့် တပြိုင်နက် ဂြိုဟ်တစ်ခုလုံးသည် သံလိုက်စက်ကွင်း ဆုံးရှုံးသွားပေလိမ့်မည်။ ထိုအခါ နေမုန်တိုင်းများ၏ တိုက်ရိုက်တိုက်ခိုက်မှုကို ခံရပေတော့မည်။ ထိုအရာသည် ကပ်ဘေးကြီး ဖြစ်လာပေလိမ့်မည်။ လောလောဆယ်တွင် ဤမြို့ကြီးများ၏ အမိုးခုံး စွမ်းအင်ဒိုင်းများသည် နေ့စဉ် ဖြစ်ပေါ်နေသော နေမုန်တိုင်းများကို ခံနိုင်ရည် မရှိကြပေ။
ကျန်းလီ သေဆုံးပြီးနောက် ကျန်းမင်နှင့် အခြားရှေးဟောင်းလူသားသစ်များသည် ပူးပေါင်းဆောင်ရွက် ကြသော်လည်း နုရှောင့်မြို့တော်သည် အမိုးခုံးမြို့တော်အားလုံးနီးပါးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော်ငြား အမိုးခုံးမြို့တော်အများစုသည် နျူကလီးယား စွမ်းအင်ဖြင့် အစားထိုးမည့်အစား ငရဲသလင်းကျောက် စွမ်းအင်ဒိုင်းများကိုသာ အသုံးပြုနေကြဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ငရဲသလင်းကျောက်များသည် လုံးဝ ထိန်းချုပ်မှု ကင်းမဲ့နေပြီး အစားထိုး၍ မရနိုင်သောကြောင့် ဖြစ်၏။
ထို့ကြောင့် အကယ်၍ ရှမ့်လန်သာ ဆယ်စုနှစ်တစ်ခုလောက် ကြာမှ နိုးလာခဲ့ပါက ဂြိုဟ်၏ အူတိုင်သည် အမှန်တကယ် အစိုင်အခဲ ဖြစ်သွားကောင်း ဖြစ်သွားနိုင်သည်။
ရှမ့်လန်သည် နဂါးကို စီးနင်းလျက် မြောက်ဝင်ရိုးစွန်းဆီသို့ နောက်တစ်ကြိမ် ပျံသန်းသွားခဲ့သည်။ နောက်တစ်ကြိမ်တွင် သူသည် ကျန်းလီ၏ နန်းတော်ကို မြင်လိုက်ရ၏။ ထိုအရာသည် လောကပေါ်ရှိ မည်သည့် တောင်ထက်မဆို မြင့်မားပြီး မီးတောက် မြို့တော်ထက်ပင် ကြီးမား၏။
နန်းတော်ထဲတွင် အလွန်များပြားသော ရှေးဟောင်းရုပ်သေး စစ်သည်တော်များသည် သေသပ်ညီညာစွာ ရပ်နေကြဆဲ ဖြစ်၏။ ကျန်းလီသေဆုံးပြီးနောက် သူတို့သည် ကွပ်ကဲမှုအားလုံး ဆုံးရှုံးသွားခဲ့သည်။ သူတို့သည် စက်ရုပ်များကဲ့သို့ ထိုနေရာတွင် မလှုပ်မယှက် ထာဝရ ရပ်နေကြ၏။ ဤသန်းပေါင်းများစွာသော ရှေးဟောင်းရုပ်သေး စစ်သည်တော်များသည် အနာဂတ်တွင် ကြီးမားသော ကုန်ထုတ်စွမ်းအားစု ဖြစ်လာပေ လိမ့်မည်။
ကျန်းလီ၏ အမှောင်ပလ္လင်ပေါ်တွင် အပေါက်တစ်ပေါက် ရှိနေသည်။ စွမ်းအင်များ အဆက်မပြတ် ယိုစိမ့်ထွက်နေပြီး ကောင်းကင်သို့ ပျံတက်ကာ ပြိုင်ဘက်ကင်း လှပသော အလင်းရောင်များကို ထုတ်လွှတ် နေ၏။
ရှမ့်လန်သည် နဂါးကို စီးနင်းလျက် အမှောင်နန်းတော်ဆီသို့ ရောက်လာချိန်မှာတော့ သန်းပေါင်းများစွာသော ရှေးဟောင်းရုပ်သေး စစ်သည်တော်များသည် မလှုပ်မရှား ရှိနေကြဆဲ ဖြစ်သည်။
ရှမ့်လန်သည် နန်းတော်၏ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး လှေကားထစ်များအတိုင်း တစ်ဆင့်ချင်း တက်လှမ်းသွားခဲ့၏။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်သည် ကြီးထွားလာသည်။ အမှောင်ပလ္လင်သို့ ရောက်ရှိချိန်တွင် သူသည် ယခင်က ကျန်းလီကဲ့သို့ တောင်တစ်လုံးမျှ မြင့်မားနေပြီ ဖြစ်၏။
ထို့နောက် သူသည် အမှောင်ပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်လိုက်၏။ ထိုခဏတွင် ရှမ့်လန်သည် လောကပေါ်ရှိ စွမ်းအားအားလုံးကို ရရှိသွားခဲ့သည်။
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
လောကကြီးတစ်ခုလုံး၏ အမိုးခုံးမြို့တော် ၂၀၀၊ သောင်းချီသော ငရဲသလင်းကျောက် လှိုဏ်ခေါင်းများ၊ သောင်းချီသော ငရဲ စူးစမ်းလေ့လာရေးယာဉ်များ၊ သန်းချီသော ငရဲသလင်းကျောက် စွမ်းအင်စနစ်များသည် ရှမ့်လန်၏ ဦးနှောက်ထဲသို့ ချက်ချင်း ဝင်ရောက်လာကြ၏။
အဆုံးအစမဲ့သော သတင်းအချက်အလက်များပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှမ့်လန်သည် အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ထားပြီးဖြစ်၏။ မဟုတ်ပါက ဤမျှများပြားသော အချက်အလက်များ ဝင်ရောက်လာခြင်းကြောင့် သူ၏ ဦးနှောက် ချက်ချင်း ပျက်စီးမသွားလျှင်တောင် ၈၀ ရာခိုင်နှုန်းကျော်ကို နေရာပေးရပေလိမ့်မည်။
ကျန်းလီ အဘယ်ကြောင့် အမှောင်ပလ္လင်ပေါ်တွင် ထိုင်ပြီး လုံးဝ မလှုပ်ရှားနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ထိုစဉ်က သူသည် ပင့်ကူအိမ်အလယ်တွင် ရှိနေသော ပင့်ကူဧကရာဇ်ကဲ့သို့ပင်။
ရေမတွက်နိုင်သော ငရဲသလင်းကျောက် လမ်းကြောင်းများမှတစ်ဆင့် လောကကြီးတစ်ခုလုံး၏ စွမ်းအင်နှင့် စနစ်ကို ထိန်းချုပ်နေခဲ့ရသည်။ စွမ်းအင် မည်မျှ စုပ်ယူရမည်၊ အမိုးခုံးမြို့တော်များ ရှင်သန် ရပ်တည်ရေးအတွက် စွမ်းအင် မည်မျှ ထုတ်လွှတ်ရမည်ကို သူ တာဝန်ယူခဲ့ရသည်။
ကျန်းလီ မထွက်ခွာမီတွင် လောကအခြေခံ အစီအမံများကို ထိန်းချုပ်ရန်နှင့် လောကစွမ်းအင်ကို ထိန်းသိမ်းရန် သူ၏ ကိုယ်စားလှယ်အဖြစ် ဝိညာဉ်ဦးနှောက်တုတစ်ခုကို တည်ဆောက်ခဲ့သည်။ ယခုအခါ ရှမ့်လန်သည် ထိုအမှောင်ပလ္လင်ထက်တွင် ထိုင်နေ၏။ သူသည် စွမ်းအားအားလုံးကို ရရှိထားပြီး ဖြစ်သည်။ အမိုးခုံးမြို့တော် ၂၀၀ နှင့် လူသန်းပေါင်းများစွာ၏ ကံကြမ္မာကိုသာမက မြောက်ဝင်ရိုးစွန်း အောက်ဘက်ရှိ ဧရာမလျှို့ဝှက် အခြေစိုက်စခန်းကိုပါ ထိန်းချုပ်ထားနိုင်ခဲ့၏။
ထိုစခန်းအတွင်း၌ ဧရာမ အာကာသယာဉ် သုံးစင်း ရှိနေ၏။ ကျန်းလီရှိစဉ်က မရေမတွက်နိုင်သော ရှေးဟောင်းရုပ်သေး စစ်သည်တော်များသည် သူ၏ အမိန့်အတိုင်း အာကာသယာဉ်များကို တည်ဆောက် ခဲ့ကြသည်။
ကျန်းလီ မရှိတော့သည့်အခါ သန်းပေါင်းများစွာသော ရှေးဟောင်းရုပ်သေး စစ်သည်တော်များ သည် မလှုပ်မယှက် ငြိမ်သက်နေကြသည်။ ဤအာကာသယာဉ် သုံးစင်းမှာ မပြီးစီးသေးပေ။ မြောက်ဝင်ရိုးစွန်း အောက်ဘက်ရှိ လျှို့ဝှက် အခြေစိုက်စခန်းတွင် တိတ်ဆိတ်စွာ ရပ်နားထား၏။
ထို့နောက် ရှမ့်လန်သည် ဝိညာဉ်ဦးနှောက်တု၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။ ကျန်းလီသည် အာကာသယာဉ် လေးစင်း တည်ဆောက်ခဲ့ပြီး အာကာသယာဉ် အမှတ် (၁) သာလျှင် ပြီးစီးခဲ့ကြောင်း တွေ့ရ၏။ ထိုအရာသည် ရှေးကျပြီး သေးငယ်ကာ စမ်းသပ်မှုအဆင့်သာ ရှိသော်လည်း အနည်းဆုံးတော့ ပြီးစီးခဲ့သည်။
ထို့အပြင် ထိုယာဉ်သည် ဤနေရာတွင် မရှိတော့ပေ။ ဤလောကတွင် မရှိတော့ချေ။ ဘယ်ရောက်သွား သနည်းဆိုသည်ကို လုံးဝ မသိရပေ။ ဝိညာဉ်ဦးနှောက်တု ထဲတွင် မှတ်တမ်း မရှိချေ။
ရှမ့်လန်သည် ပထမဆုံး အမိန့်ကို ပေးလိုက်သည်။
“ငရဲသလင်းကျောက် အားလုံး... ဝါးမျိုခြင်း ရပ်တန့်ကြ။ အမိုးခုံးမြို့တော် အားလုံး... နျူကလီးယား စွမ်းအင်အူတိုင်နဲ့ အလှည့်ကျ အစားထိုးကြ။”
ရှမ့်လန်သည် ငြင်းပယ်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူ့အမိန့်ကို အမှန်တကယ် ဆန့်ကျင်နေကြသည်။ ငရဲသလင်းကျောက်များက သူ့ကို ဆန့်ကျင်နေရုံသာမက ဝိညာဉ်ဦးနှောက်တုကပါ သူ့ကို ဆန့်ကျင်နေသည်။ သူတို့သည် ရှမ့်လန်ကို သွေးဆောင်ဖြားယောင်းရန်ပင် ကြိုးစားနေကြ၏။
“အရှင်... ကျုပ်တို့ရဲ့ ကြီးမြတ်သော သခင်... ကျေးဇူးပြုပြီး ဝါးမျိုခြင်းကို မရပ်တန့်ပါနဲ့။ အရှင်က အရှင်ကျန်းလီထက် ပိုကြီးမြတ်ပါတယ်။ အရှင်က လောကအရှင်သခင် ဖြစ်လာနိုင်ရုံသာမက မရေမတွက်နိုင်သော စကြာဝဌာတွေကိုလည်း သိမ်းပိုက်နိုင်ပြီး ကြီးမားတဲ့ အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ပါတယ်။
ကျုပ်တို့ရဲ့ ကြီးမြတ်သော အရှင်... အရှင်က စစ်နိုင်သူတစ်ယောက်အနေနဲ့ ကမ္ဘာမြေကို မပြန်ချင်ဘူးလား။ အဲဒီအချိန်ကျရင် ကမ္ဘာမြေဂြိုဟ်ပြာက အရှင့်ထိန်းချုပ်တဲ့ဂြိုဟ်တွေထဲက တစ်ခု ဖြစ်လာမှာပါ။ အရှင်က ဒီကမ္ဘာရဲ့ ဧကရာဇ် ဖြစ်ရုံသာမက ကမ္ဘာမြေဂြိုဟ်ပြာရဲ့ဧကရာဇ်လည်း ဖြစ်လာမှာပါ။
ကျုပ်တို့ရဲ့ အိပ်မက်က ကြယ်တာရာသမုဒ္ဒရာကို သိမ်းပိုက်ဖို့ပါ။ စဉ်းစားကြည့်ပါ။ အရှင်က မြေကြီးပေါ်မှာ ရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရင် အရှင့်မြင်ကွင်းထဲက ကြယ်တွေအားလုံးဟာ အရှင့်ရဲ့ ပိုင်နက် နယ်မြေတွေ ဖြစ်နေမှာပါ။”
ဤစကားသည် အလွန်ပင် မောက်မာလွန်းလှသည်။ ဂျင်ဂျစ်ခန်၏ “ကမ္ဘာလောကကြီးတစ်ခုလုံးက ကျုပ်ရဲ့ စားကျက်မြေ ဖြစ်တယ်။” ဆိုသောစကားကို အဆင့်မြှင့်တင်ထားသော ပုံစံပင် ဖြစ်နေသည်။
“အရှင်ရှမ့်လန်... အရှင်က ကျန်းလီထက် ကျုပ်တို့ကို အုပ်ချုပ်ဖို့ ပိုသင့်တော်ပါတယ်။ အရှင်က ကျန်းလီထက် ကြယ်တာရာတွေရဲ့ သခင်ဖြစ်ဖို့ ပိုသင့်တော်ပါတယ်။ ဘာလို့လဲဆိုတော့ အရှင်က အန္တိမနဂါး ဉာဏ်အလင်းပွင့်ခြင်း ကို ပြီးမြောက်ခဲ့လို့ပါ။ အရှင်က အချိန်နဲ့ ဟင်းလင်းပြင် ဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့လို့ပါ။
ကြယ်တာရာသမုဒ္ဒရာကို သိမ်းပိုက်ဖို့ အချိန်တန်ပါပြီ။ ကောင်းကင်ပေါ်က ကြယ်တွေကို အုပ်စိုးဖို့ အချိန်တန်ပါပြီ။ ကျုပ်တို့ရဲ့ ကြီးမြတ်သော အရှင် .... အနာဂတ်မှာ ကျုပ်တို့က အရှင့်ကို နဂါးငွေ့တန်း ဧကရာဇ် လို့ ခေါ်ရမလား မသိပါဘူး။”
ငရဲသလင်းကျောက်များနှင့် ဝိညာဉ်ဦးနှောက်တုသည် ရှမ့်လန်ကို အစွမ်းကုန် ပြုစားရန် ကြိုးစားနေကြသည်။ အမှန်စင်စစ် သူတို့သည် စကားပြောနိုင်ခြင်း မရှိကြပေ။ စွမ်းအင်လှိုင်းများကို တိုက်ရိုက် ထုတ်လွှတ်ပြီး ဆက်သွယ်နေခြင်းသာ ဖြစ်၏။
ရှမ့်လန် ဖြည်းညင်းစွာ ပြုံးပြီး ပြန်ပြောလိုက်သည်။ “သေချာတာပေါ့။ ကျုပ် ကြယ်တာရာ သမုဒ္ဒရာကို သိမ်းပိုက်မှာပါ။ ဒါပေမဲ့ ခင်ဗျားတို့လို နည်းလမ်းမျိုးနဲ့ မဟုတ်ဘူး။ အနာဂတ်မှာ ကျုပ် ကမ္ဘာမြေဂြိုဟ်ပြာကို ပြန်သွားကောင်း သွားလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားတို့လို နည်းလမ်းမျိုးနဲ့ မဟုတ်ဘူး။”
ထို့နောက် ရှမ့်လန်သည် အဆုံးအစမဲ့သော၊ စွမ်းအားကြီးမားသော စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်၏။ “ငရဲသလင်းကျောက် အားလုံး... ဝါးမျိုခြင်း ရပ်တန့်ကြ။”
“မလုပ်ဘူး။ မလုပ်ဘူး။ မလုပ်ဘူး။”
လောကတစ်ဝန်းလုံးရှိ ငရဲသလင်းကျောက်များသည် အစွမ်းကုန် ရုန်းကန် ငြင်းဆန်နေကြသည်။ သူတို့သည် ရှမ့်လန်ကို အလိုအလျောက် ခြိမ်းခြောက်လာကြသည်။
လောကကြီးတစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော အေးခဲနေသည့် ပင်လယ်ပြင်များသည် လုံးဝ ကွဲအက်သွားကြသည်။ အဆုံးအစမဲ့သော ငလျင်များ လှုပ်ခတ်သွားကြ၏။ ငရဲသလင်းကျောက်များသည် ရှမ့်လန်၏အမိန့်ကို အလိုအလျောက် ဆန့်ကျင်ပြီး ဂြိုဟ်တစ်ခုလုံးနှင့် အတူတကွ ပျက်စီးသွားမည်ဟု ခြိမ်းခြောက်နေကြခြင်း ဖြစ်၏။
ဤအရာသည် ကိုယ်ပိုင်အသိစိတ် ဝင်နေပြီလား။ မည်သည့်အချိန်တည်းက နိုးထလာခဲ့သနည်း။
ယခင်က ရှမ့်လန်သည် ငရဲသလင်းကျောက် အများအပြားနှင့် ထိတွေ့ဖူးခဲ့သည်။ ထိုအရာတို့သည် ဝါးမျိုလိုစိတ်ဟူ၍သာ ရှိပြီး ကိုယ်ပိုင်အသိစိတ် မရှိခဲ့ကြပေ။ မရေမတွက်နိုင်သော ငရဲသလင်းကျောက်များ၏ ပြန်လည် တိုက်ခိုက်မှုနှင့် ခုခံမှုတို့ကို ရင်ဆိုင်နေရသောကြောင့် ရှမ့်လန်သည် စိတ်ထဲတွင် ဒေါသထွက်လာသည်။
အမှောင်ပလ္လင်ထက်တွင် မရေမတွက်နိုင်သော နျူကလီးယား ပေါင်းစည်းခြင်းနှင့် နျူကလီးယား ဖြိုခွင်းခြင်းများ ဖြစ်ပေါ်လာသကဲ့သို့ ရှိသည်။ ကြောက်မက်ဖွယ် ကောင်းသော နျူကလီးယား စွမ်းအင်သည် လျှပ်စစ်ကြာပွတ် တစ်ချောင်းကဲ့သို့ ငရဲသလင်းကျောက်များကို ရူးသွပ်စွာ ရိုက်နှက်တော့၏။
ဤငရဲသလင်းကျောက်များသည် နိဗ္ဗာနအဆင့်မြှင့်တင်ခြင်း မပြီးမြောက်သေးပေ။ သူတို့သည် နျူကလီးယား စွမ်းအင်ကို ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။ ရှမ့်လန်၏ နျူကလီးယား ကြာပွတ်သည် လောကတစ်ခုလုံးရှိ ငရဲသလင်းကျောက်များကို ရိုက်နှက်လိုက်ရာ တစ်ခဏအတွင်း မိုင်သောင်းချီ ရှည်လျားသွားခဲ့သည်။
ရိုက်နှက်ပြီးနောက် ရှမ့်လန်သည် ဖိနှိပ်ရန် သူ၏ အဆုံးအစမဲ့ စိတ်ဆန္ဒကို နောက်တစ်ကြိမ် ထုတ်လွှတ် လိုက်ပြန်၏။
ခဏအကြာတွင်... ငရဲသလင်းကျောက်များသည် ဆက်လက် ခုခံခြင်းမပြုတော့ဘဲ နာခံစွာဖြင့် ဒူးထောက် လိုက်ကြသည်။
“ခင်ဗျားတို့အားလုံး... ဝါးမျိုခြင်း ရပ်တန့်ကြ။” ရှမ့်လန် အမိန့်ပေးလိုက်၏။
ငရဲသလင်းကျောက် အားလုံးနှင့် ငရဲစူးစမ်းလေ့လာရေးယာဉ် အားလုံးသည် ဤဂြိုဟ်၏ သက်စောင့်စွမ်းအားကို ဝါးမျိုခြင်းအား ရပ်တန့်လိုက်ကြသည်။
ချက်ချင်းပဲ ရှမ့်လန်သည် စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ဝိညာဉ်ဦးနှောက်တုကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။
'ဖြစ်နိုင်တာက …. ဒါက တရားခံ ဖြစ်နေမလား။'
***