ကျန်းလီနှင့် ရှမ့်လန်တို့ လကမ္ဘာပေါ်တွင် အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရန် အမှောင်ပလ္လင်ကို စွန့်ခွာသွား ခဲ့စဉ်က အခြေခံ အစီအမံများကို ထိန်းချုပ်ရန် ဝိညာဉ်ဦးနှောက်တုတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ဤအရာကြောင့်ပင် ငရဲသလင်းကျောက်များ အလိုအလျောက် သိစိတ်နိုးထလာခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤသည်မှာ ဉာဏ်ရည်တု သစ္စာဖောက်ခြင်း၏ ရှေ့ပြေးနိမိတ်ဟု ယူဆနိုင်သည်လား။
“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ အရှင်ရှမ့်လန်... အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ။ ကျုပ်က အရှင့်ရဲ့ သစ္စာအရှိဆုံး ကျွန်ပါ။ အသက်ချမ်းသာပေးပါ။”
ခဏအကြာတွင် ငရဲသလင်းကျောက်များကို ထိန်းချုပ်ခဲ့ဖူးသော ဤဝိညာဉ်ဦးနှောက်တုသည် ရှမ့်လန်၏ ဝိညာဉ်တိုက်ခိုက်မှုကြောင့် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။ ဤအချိန်တွင် ငရဲသလင်းကျောက် အားလုံးသည် လုံးဝ တိတ်ဆိတ်သွားပြီး ခုခံလိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန်သည် အဆုံးအစမဲ့သော ငရဲသလင်းကျောက်များကို ဆက်လက် ထိန်းချုပ်ပြီး သူတို့ ဝါးမျိုထားသော စွမ်းအင်များကို တဖြည်းဖြည်း ပြန်လည်ထွေးထုတ်စေကာ ဂြိုဟ်၏ အူတိုင်နှင့် အပူချိန်ကို ပြန်လည် မြှင့်တင်ပေးရမည် ဖြစ်၏။ ဂြိုဟ်တစ်လုံးလုံး၏ ဂေဟစနစ်ကို ပြန်လည် ကုစားပေးရမည်။
သို့သော်ငြား ဤဖြစ်စဉ်သည် နှစ်ပေါင်း ၃၀ ကြာမြင့်ပေလိမ့်မည်။ ငရဲသလင်းကျောက်များ ဝါးမျိုထားသမျှ စွမ်းအင်အားလုံးကို တစ်ကြိမ်တည်းနှင့် ပြန်လည်ထွေးထုတ်ခိုင်း၍ မရနိုင်ပေ။ ထိုသို့ ပြုလုပ်လျှင် ဂြိုဟ်အတွက် ကပ်ဘေးကြီး ဖြစ်လာနိုင်ပြီး ဂြိုဟ်တစ်ခုလုံးကိုပင် စုတ်ပြဲသွားနိုင်၏။
သို့သော်ငြား ထိုသို့မပြုလုပ်မီ ရှမ့်လန်သည် သူ၏ မိသားစုကို ဦးစွာ လွှတ်ပေးရမည်။ ရှမ့်လန်၏ မိသားစုနှင့် ချစ်ရသူအားလုံးသည် အာကာသယာဉ် အမှတ် (၂) ပေါ်တွင် အကျဉ်းချခံထားရခြင်း ဖြစ်သည်။
... ...
မြောက်ဝင်ရိုးစွန်းတစ်ခုလုံးကို တူးဖော်ပြီး ဧရာမဟင်းလင်းပြင်ကြီးတစ်ခုအဖြစ် ဖန်တီးထားသည်။ ဤနေရာသည် ယခင်က ကျန်းအင်ပါယာ၏ အရေးအကြီးဆုံး နေရာ ဖြစ်ခဲ့၏။
ကျန်းလီသည် ဤနေရာတွင် စမ်းသပ်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့ပြီး အထူးသဖြင့် အာကာသယာဉ် တည်ဆောက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ ယခုအချိန်အထိ ကျန်းလီသည် အာကာသယာဉ် စုစုပေါင်း လေးစင်း တည်ဆောက်ခဲ့သည်။ တစ်စင်းမှာ နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သော်လည်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
အာကာသယာဉ် အမှတ် (၂)၊ (၃) နှင့် (၄) တို့မှာ မပြီးစီးသေးပေ။ ထိုအရာတို့သည် စမ်းသပ်မှု ပစ္စည်းများသာ ဖြစ်ကြသေး၏။
စမ်းသပ်မှု ပစ္စည်းများဖြစ်လင့်ကစား ရှမ့်လန် အလွန် အံ့ဩသွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ အာကာသယာဉ် တစ်စင်းစီသည် ရွေ့လျားနေသော မြို့ငယ်လေးတစ်မြို့ကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် အာကာသယာဉ် တစ်စင်းစီ၏ ကုန်ကြမ်းပစ္စည်းများသည် အလွန် ခေတ်မီ၏။ စုစုပေါင်း အလွှာ သုံးလွှာ ပါဝင်သည်။ အပြင်ဘက်ဆုံး အလွှာသည် ငရဲသလင်းကျောက် အလွှာ ဖြစ်သည်။ ၎င်းသည် စွမ်းအင်ပျက်စီးမှု အားလုံးကို စုပ်ယူနိုင်၏။
ဒုတိယ အလွှာသည် ကျောက်စိမ်းဖြူ အမိုးခုံး ဖြစ်သည်။ ၎င်းသည် ရောင်ခြည်သင့်ခြင်း အပါအဝင် ဤလောကပေါ်ရှိ စွမ်းအင်အများစုကို ကာကွယ်ပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှု အများစုကိုလည်း ခံနိုင်ရည် ရှိသည်။
အတွင်းဘက်ဆုံး အလွှာသည် လျှို့ဝှက်သတ္တု အလွှာ ဖြစ်သည်။ ထိုအရာသည် ကျန်းလီ သုတေသန ပြုလုပ်ထားသော လျှို့ဝှက်သတ္တုအသစ် ဖြစ်ပြီး သိပ်သည်းဆ အလွန် နည်းပါးသော်လည်း အံ့ဩဖွယ်ရာ မာကျောခိုင်ခံ့ကာ အပူချိန် ၁၀၀၀၀ ဒီဂရီ စင်တီဂရိတ် ကျော်ကိုပင် ခံနိုင်ရည် ရှိ၏။
အတိုချုပ် ပြောရလျှင် ဤအာကာသယာဉ်၏ အပြင်ခွံသည် ကမ္ဘာမြေပေါ်ရှိ တိုက်လေယာဉ် အားလုံးထက် များစွာ ပိုမို ခေတ်မီသည်။ ထိုသို့ဆိုလျှင် ဤအရာက မည်သည့် စွမ်းအင်ကို အသုံးပြုသနည်း။ နျူကလီးယား စွမ်းအင် မဟုတ်သလို ရှေးဟောင်း စွမ်းအင်အူတိုင်လည်း မဟုတ်ပေ။ ငရဲသလင်းကျောက် စွမ်းအင်အူတိုင်ပင် ဖြစ်သည်။
ဤသည်မှာ အလွန် စွမ်းအားကြီးမားသော စွမ်းအင် ဖြစ်၏။ သို့သော်ငြား အသုံးပြုပုံ သဘောတရားမှာမူ အလွန် ရိုးရှင်းသည်။ ငရဲသလင်းကျောက်သည် အဆုံးအစမဲ့သော စွမ်းအင်များကို ဝါးမျိုပြီး အဆက်မပြတ် ဖိသိပ်သည်။ ပြီးနောက် စွမ်းအင်များကို ပြန်လည် ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
ဤသည်မှာ ငရဲသလင်းကျောက်အား သူ ဝါးမျိုထားသော စွမ်းအင်များကို ပြန်လည် ထွေးထုတ်ခိုင်းခြင်းနှင့် တူညီသည်။ သို့သော်ငြား စွမ်းအင် ထွေးထုတ်ပုံ နည်းလမ်းများစွာ ရှိ၏။ မီးလျှံများ၊ ပလာစမာများ၊ သို့မဟုတ် ဓာတ်ငွေ့ အမျိုးမျိုး အဖြစ် ထွေးထုတ်နိုင်သည်။
ရှမ့်လန်သည် ရှေးဟောင်းလူသားသစ် သုံးသိန်းထံမှ ငရဲသလင်းကျောက် အားလုံးကို ထုတ်ယူပြီး အဆက်မပြတ် ဖိသိပ်လိုက်ရာ နောက်ဆုံးတွင် စိန်တစ်ပွင့် အရွယ်အစားလောက်သာ ရှိတော့၏။
ကျန်းလီ ပြင်ဆင်ထားသော ငရဲသလင်းကျောက် အူတိုင် တစ်ခုစီသည် တစ်ကုဗမီတာခန့် ရှိ၏။ တချို့မှာ လုံးဝိုင်းနေပြီး တချို့မှာ ကုဗတုံး ပုံသဏ္ဍာန် ရှိကြသည်။ တစ်ခုစီ၏ ဖိသိပ်မှုအဆင့်သည် အလွန် မြင့်မား သည်။ ငရဲသလင်းကျောက် အူတိုင် တစ်ကုဗမီတာမှ ထုတ်လွှတ်သော စွမ်းအင်သည် ပြင်းအားမြင့် ယမ်း တန်ချိန် တစ်သန်း ပေါက်ကွဲမှုနှင့် ညီမျှသည်ဟု ရှမ့်လန် ခန့်မှန်းရသည်။
ဤပမာဏသည် အလွန် အံ့ဩဖွယ်ရာ ကောင်းလှ၏။ သမားရိုးကျ နျူကလီးယား စွမ်းအင်ထက်ပင် သာလွန်နေသည်။ အမှန်စင်စစ် ဤစွမ်းအင်အားလုံးသည် ဂြိုလ်အူတိုင်မှ ဝါးမျိုထားခြင်း ဖြစ်၏။ ဤဂြိုဟ်၏ သက်စောင့်စွမ်းအားပင် ဖြစ်သည်။ ထို့ကြောင့် ဤငရဲသလင်းကျောက်အူတိုင်များကို နျူကလီးယားဗုံးများ အဖြစ် အသုံးပြုနိုင်၏။
ကျန်းလီ၏ တွေးခေါ်ပုံသည် အလွန် ရိုးရှင်းသော်လည်း အလွန် ခေတ်မီသည်ဟု ပြောရပေမည်။ ထို့ကြောင့် သူ၏ အာကာသယာဉ် တစ်စင်းလုံးသည် အလွန် ရိုးရှင်းပြီး ရှုပ်ထွေးသော အစိတ်အပိုင်းများ မပါဝင်ပေ။ ဤနည်းအားဖြင့် ပျက်စီးနိုင်ချေကို အနည်းဆုံး ဖြစ်အောင် လျှော့ချနိုင်သည်။
ပို၍ ထူးဆန်းသည်မှာ ဤအာကာသယာဉ်ကို ထိန်းချုပ်မည့်သူ အားလုံးသည် လူသားဝိညာဉ်များ ဖြစ်နေခြင်းပင်။ အာကာသယာဉ်ပေါ်တွင် စက်ပစ္စည်းများ ရှိမည် မဟုတ်သလို ဉာဏ်ရည်တုလည်း ရှိမည် မဟုတ်ပေ။ အားလုံးသည် ရှေးဟောင်းလူသားများ၏ ဝိညာဉ်များသာ ဖြစ်ကြလိမ့်မည်။
ကျန်းလီသည် ဤအာကာသယာဉ်အုပ်စု၏ ခေါင်းဆောင် ဖြစ်၏။ သူသည် ရှေးဟောင်းလူသားသစ် ရာပေါင်းများစွာကို ထိန်းချုပ်မှာဖြစ်ပြီး ထိုရှေးဟောင်းလူသားသစ် ရာပေါင်းများစွာက ကျန်ရှိသော ရှေးဟောင်း လူသားသစ် သိန်းပေါင်းများစွာကို ထိန်းချုပ်မည်။
တစ်နည်းအားဖြင့် အနာဂတ် သူတို့ ဤဂြိုဟ်ကနေ ထွက်ပြေးချိန်မှာတော့ ဤရှေးဟောင်းလူသားသစ်များက သူတို့၏ ခန္ဓာကိုယ်တွေကို စွန့်လွှတ်ပြီး ဝိညာဉ်တွေကိုသာ ယူဆောင်သွားကြမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤမျှ ကြီးမားသည့် သင်္ဘောကြီး တည်ဆောက်ရသနည်း။ ဝိညာဉ်တွေကို သယ်ဆောင်ဖို့ နေရာအများကြီး မလိုဘူး မဟုတ်ပါလား။
အာကာသယာဉ်ကြီး ကြီးမားရခြင်း အကြောင်းရင်းမှာ ငရဲသလင်းကျောက် အူတိုင်များ ပိုမို သယ်ဆောင် နိုင်ရန် ဖြစ်သည်။ ကျန်းလီ ချန်ထားခဲ့သော အချက်အလက်များအရ ရှမ့်လန် အကြမ်းဖျင်း တွက်ချက်ကြည့် လိုက်၏။
ကျန်းလီ၏ စီမံကိန်းအတိုင်း ဆိုလျှင်လည်း ကျရှုံးဦးမည်။ အာကာသယာဉ်များ မပြောနှင့်။ ရှမ့်ရိလုံ နှင့် ကျန်းရှင်းလုံ တို့ပင် ဤဂြိုဟ်မှ ကမ္ဘာမြေဂြိုဟ်ပြာဆီ ပျံသန်းနိုင်မှာ မဟုတ်ပေ။ ခရီးစဉ်တစ်ဝက် မရောက်ခင် စွမ်းအင် အကုန် ကုန်သွားမည်။ ထို့အပြင် လမ်းမှာ စွမ်းအင် ဖြည့်စရာ နေရာလည်း ရှိမည် မဟုတ်ချေ။
ထို့ကြောင့် စကြဝဠာတစ်ခုနှင့် တစ်ခုကြား အမှန်တကယ် ပျံသန်းနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ တည်နေရာ ခုန်ကူးခြင်း ဖြစ်သည်။ ဤအရာက အန္တိမနဂါးဉာဏ်အလင်း၏ အချိန်နှင့် ဟင်းလင်းပြင် နားလည် သဘောပေါက်မှုလည်း ဖြစ်သည်။
ရှမ့်လန်သည် အာကာသယာဉ် အမှတ် (၂) ပေါ်သို့ တက်လိုက်၏။ ‘ဒါက သေခြင်းတရားရဲ့ ခံစားမှုလိုပါလား။’
အဘယ်ကြောင့်ဆိုသော် အာကာသယာဉ်ပေါ်တွင် အိပ်ရာများ ပြည့်နှက်နေသောကြောင့် ဖြစ်၏။ အားလုံးသည် ဖောက်ထွင်းမြင်နိုင်သော အခေါင်းများ ပုံသဏ္ဍာန် ရှိကြသည်။ အခေါင်းပေါင်း ထောင်ချီ ရှိပြီး အခေါင်းတိုင်းတွင် လူတစ်ယောက်စီ လဲလျောင်းနေကြသည်။
ရှမ့်လန်တွင် ဆွေမျိုး ဤမျှလောက် မများပေ။ ရှမ့်လန် မသိသော လူတချို့ ပါဝင်နေ၏။ အဘယ်ကြောင့် ဆိုသော် ကျန်းလီသည် ရှမ့်လန်နှင့် ပတ်သက်သူ မှန်သမျှကို အခေါင်းထဲ ထည့်ပြီး ရေခဲဖြင့် အလုံပိတ်ထား သောကြောင့် ဖြစ်သည်။ ကျန်းချုံး၊ နင်ကျန်း တို့လို လူတွေကို ထားလိုက်ဦး။ ယခင် ရွှမ်ဝူမြို့စား လျှိုဝူယန် ကိုတောင် အခေါင်းထဲ အတင်း ထည့်ထားခဲ့သည်။ ကျန်းလီသည် တကယ်ပဲ တစ်ယောက်ကိုမှ အလွတ် မပေးခဲ့ချေ။
ရှမ့်လန်၏ ဆွေမျိုးအားလုံး ဤနေရာတွင် ရှိနေကြ၏။ ရှမ့်ယီ၊ ပင်းအာ၊ ကျန်းချွင်းဟွာ၊ နင်ယန်၊ ရှမ့်လီ၊ နင်ယွမ်ရှန်း၊ မိဖုရားကြီးပျံ့ စသည်ဖြင့် အားလုံး စုံလင်နေကြသည်။ ကျင်းမူကုန်း၊ ကျင်းကျိုး၊ စုဖေ့ဖေ့၊ ချောင်ဘုရင်၊ ဝူဘုရင်၊ ကျုံးရှစ်ရှစ် တို့ မိသားစု တစ်စုလုံးတောင် ပါဝင်နေကြ၏။
နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန်သည် အရေးမပါသော်လည်း အဓိပ္ပာယ်ရှိသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရပေတော့မည်။ မည်သူ့ကို အရင် နှိုးရမည်နည်း။ သူသည် သူ့သား၊ သူ့ဆက်ခံသူလည်း ဖြစ်သော ရှမ့်ယီကို ရွေးချယ်လိုက်သည်။ ဒုတိယ နှိုးသူမှာ နင်ယွမ်ရှန်း ဖြစ်သည်။ တတိယနှိုးသူမှာ သူ့အစ်မ ဘုရင်မ ဟယ်လင် ဖြစ်သည်။
ထို့နောက် ရှမ့်လန်သည် သူ့ဆွေမျိုးအားလုံးနှင့် သူ့နှင့် ပတ်သက်သူများကို ဆက်လက် နှိုးသည်။ ရေခဲအခေါင်းများထဲတွင် အကျဉ်းချခံထားရသော ထောင်ပေါင်းများစွာသော လူများ၊ ပြန်လည် ဆုံစည်းခြင်း၏ စိတ်လှုပ်ရှားမှု၊ ပြန်လည် ဆုံစည်းခြင်း၏ ပျော်ရွှင်မှု အလုံးစုံ ပြည့်နှက်နေ၏။
သို့သော်ငြား အာကာသယာဉ် အမှတ် (၂) တွင် ရှမ့်လန် အတွေ့ချင်ဆုံး လူတစ်ယောက်ကို ရှာမတွေ့ခဲ့ပေ။ သူ့ဇနီး ကျင်းမူလန်ပင်။ သူမ ဤနေရာတွင် မရှိချေ။
ရှမ့်လန်၏ မိသားစုအားလုံး နုရှောင့်မြို့တော်ရှိ လေ့ကျိုးစံအိမ်သို့ ပြန်ရောက်လာကြသည်။
“အဖမ်းခံရပြီးနောက် လှဲအိပ်လိုက်တာပါပဲ။ ၃၈ နှစ်တောင် ကြာသွားပြီလား။ ငါ့အတွက်တော့ တစ်ညလောက် ကြာသွားသလိုပဲ။”
လေ့ကျိုးစံအိမ်၊ တောင်ထိပ်ရှိ မျှော်စင်ဆောင်တွင် နင်ယွမ်ရှန်းသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် နုရှောင့်မြို့တော်တစ်ခုလုံးကို လောဘတကြီး ကြည့်ရှုနေသည်။ မြို့သည် အမှန်တကယ်ပင် အစွန်းရောက်အောင် လှပနေ၏။ အိပ်မက်များ ပြည့်နှက်နေသော မြို့တစ်မြိုလိုပင်။
လူ့လောကတွင် ဤကဲ့သို့သော မြို့တစ်မြို့ ပေါ်ပေါက်လာနိုင်ကြောင်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ အိပ်မက်မက်ပြီး နိုးထလာသကဲ့သို့ ခံစားရပြီး လောကကြီး ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
အတိတ်က နင်ယွမ်ရှန်းသည် ကြီးမားသော အပြစ်ဒဏ်ကို ခံစားခဲ့ရဖူးသည်။ ရှမ့်လန် အနောက်လောကသို့ ထွက်ခွာသွားပြီးနောက် သုံးနှစ်မပြည့်မီ အချိန်တွင် ဖြစ်သည်။ သူသည် သုံးနှစ်လုံးလုံး အရူးအဖြစ် ဟန်ဆောင် ခဲ့ရပြီး မရေမတွက်နိုင်သော ဒုက္ခများကို ခံစားခဲ့ရသည်။ ပို၍ နှိပ်စက်သည်မှာ နှလုံးသား ပင်ပန်းနွမ်းနယ်မှု ဖြစ်သည်။ ထိုခံစားချက်သည် အမြဲတမ်း မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့နှင့် ဒွန်တွဲနေသည်။
မြောက်ဝင်ရိုးစွန်း အပြောင်းအလဲမတိုင်မီ နင်ယွမ်ရှန်းသည် မကြုံစဖူး ထိုးနှက်ချက်တစ်ခုကို ထပ်မံ ခံစားခဲ့ရပြန်သည်။ သူ့စံပြပုဂ္ဂိုလ် ကျန်းလီ ပျက်စီးသွားခြင်း ဖြစ်သည်။ တောက်ပသော နေမင်းကြီး ဘဝမှ လောကကြီးကို ဖျက်ဆီးသော အမှောင်ဘုရင် ဖြစ်လာခဲ့သည်။ ကျန်းလီသည် အကြီးမားဆုံး တရားခံ ဖြစ်လာခဲ့၏။
ထိုအချိန်က နင်ယွမ်ရှန်းသည် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိသလောက် ဖြစ်သွားခဲ့ရသည်။ သို့သော်ငြား သူသည် မျှော်လင့်ခြင်းအလင်းတိုင်တစ်တိုင်ကို ထပ်မံ ရှာတွေ့ခဲ့ပြန်သည်။ သူသည် နုရှောင့်မြို့တော်ရှိ လေ့ကျိုးစံအိမ်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ရှမ့်လန် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်း နေခဲ့သည်။
သေချာပေသည်။ နောက်ဆုံးမှာ သူ မအောင်မြင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အဖမ်းခံခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော်ငြား သူပြောသလိုပင်။ ၃၈ နှစ်လုံးလုံး အကျဉ်းချခံခဲ့ရသော်လည်း လုံးဝ ဒုက္ခမရောက်ခဲချေ။
“ငါ သူ့ကို မျက်နှာချင်း မဆိုင်ရတော့လို့ ဝမ်းသာတယ်။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ သူ ကျန်းလီ အကြောင်း ပြောနေခြင်း ဖြစ်သည်။ “အနည်းဆုံးတော့ စံပြပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပျက်စီးခြင်းကို မျက်မြင်ကိုယ်တွေ့ မကြုံရတော့ဘူးပေါ့။”
“အဖေ... အဖေ့ရဲ့ ပါကင်ဆန်ရောဂါကို ကျုပ် ကုပေးလို့ရပြီနော်။”
ရှမ့်လန်က ကမ်းလှမ်းလိုက်၏။ “အဖေ ပုံမှန် လမ်းလျှောက်နိုင်၊ လှုပ်ရှားနိုင်အောင် ကျုပ် ကူညီပေးလို့ ရပြီ။”
နင်ယွမ်ရှန်း ခေါင်းခါလိုက်ပြီး ငြင်းဆန်လိုက်သည်။ “မလုပ်ပါနဲ့။ မကုပါနဲ့။ ငါ့ကို တုန်ခါမှုသာ ခံစားခွင့် ပြုပါ။ ဒါမှ အသက်ရှင်ရခြင်းရဲ့တန်ဖိုးနဲ့ လောကရဲ့ အလှတရားကို ခံစားနိုင်မှာ။ မကုပါနဲ့။”
ထို့နောက် နင်ယွမ်ရှန်းက ဆက်ပြောလိုက်၏။ “ငါ လမ်းလျှောက်စရာ မလိုတော့ပါဘူး။ လောကကြီးရဲ့ အပြောင်းအလဲတွေနဲ့ မရေမတွက်နိုင်တဲ့ အံ့ဖွယ်ရာတွေကို သက်သေပြုဖို့ မျက်လုံးတစ်စုံပဲ လိုတယ်။ ငါက မျက်လုံးတစ်စုံအဖြစ်ပဲ နေပါ့မယ်။”
ရှမ့်လန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ နုရှောင့်မြို့တော်သည် အလွန် လှပလွန်းသောကြောင့် နင်ယွမ်ရှန်း၏ မျက်လုံးများ ဆေးကြောခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
အချိန်ကြာမြင့်စွာ ငေးကြည့်ပြီးနောက် သူသည် မလိုလားစွာဖြင့် အကြည့်လွှဲပြီး မေးလိုက်၏။ “လန်အာ... မင်း ထပ်သွားရတော့မယ် မဟုတ်လား။”
ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ဖြေလိုက်၏။ “ဟုတ်တယ်။”
သူသည် နေအိမ်၌ ကြာရှည်စွာ မနေထိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြောက်ဝင်ရိုးစွန်းသို့ ပြန်လည် သွားရောက်၍ မရေမတွက်နိုင်သော ငရဲသလင်းကျောက်များကို ထိန်းချုပ်ကာ ဝါးမျိုထားသည့် စွမ်းအင်များကို တဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပြီး ဂြိုဟ်တစ်လုံးလုံး၏ သက်စောင့်စွမ်းအားကို ပြန်လည်ဖြည့်ဆည်းပေးရမည် ဖြစ်သောကြောင့်ပင်။
နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း သူသည် မြောက်ဝင်ရိုးစွန်းပလ္လင်ထက်၌ မလှုပ်မယှက် ထိုင်နေရပေလိမ့်မည်။ သို့သော်ငြား လူအများအပြားမှာမူ သူ့ကို တွေ့ဆုံရန် မြောက်ဝင်ရိုးစွန်းသို့ လာရောက်နိုင်၏။
ဥပမာအားဖြင့် ဂရက်ဂိုရီနှင့် မဟာပညာရှင်တွိုင်းတို့ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် အန္တိမနဂါး၏ အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ နားလည်သဘောပေါက်မှုများကို လူသားတို့ နားလည်နိုင်မည့် နည်းလမ်းဖြင့် ထိုသူတို့ထံ တဖြည်းဖြည်းချင်း လွှဲပြောင်းပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။
သူသည် ကျန်းလီ မဟုတ်သကဲ့သို့ အရာခပ်သိမ်းကိုလည်း တစ်ဦးတည်း ဆောင်ရွက်မည်မဟုတ်ပေ။ လောကကြီးကို ကယ်တင်ရန် လူသားအားလုံးကိုလည်း အားကိုးရန် လိုအပ်သည် မဟုတ်ပါလား။
သေချာပေသည်။ ထိုမတိုင်ခင် ရှမ့်လန်က အရာအားလုံးကို ပြီးစီးအောင် လုပ်ရဦးမည်။ ပိုပြီး တိကျစွာ ပြောရလျှင် လုပ်စရာ ရှိတာမှန်သမျှ အားလုံးကို ပြီးစီးအောင် လုပ်ရဦးမည်။
.......
***