အိမ်ရှေ့စံမင်းသား ရှမ့်ယီသည် ရှမ့်လန်၏ရှေ့တွင် ဒူးထောက်နေ၏။ သူသည် တစ်နှစ်ပတ်လုံး ရေခဲဖြင့် အလုံပိတ်ထားခံရသောကြောင့် လွန်ခဲ့သော နှစ် ၃၀ ကအတိုင်း နုပျိုနေဆဲ ဖြစ်သည်။ အမှန်စင်စစ် သူသည် အလွန်နုပျိုလွန်းနေပြီး ဆယ်ကျော်သက် ကလေးတစ်ယောက်နှင့် တူနေသည်။
“အဖေ... သား အရမ်း နေရခက်တဲ့ ခံစားချက်ကြီး ဖြစ်နေတယ်။ ခေါင်းမူးပြီး အိပ်မက်,မက်နေသလိုပဲ ခံစားရတယ်။”
ရှမ့်လန် ဤခံစားချက်ကို နားလည်သည်။ ဤအရာကို အချိန်နှင့် ဟင်းလင်းပြင် ခေါင်းမူးခြင်းဟု ခေါ်ရမည်လား။ ရထားတစ်စင်းပေါ် ထိုင်နေသလိုပင်။ ရထားက လုံးဝငြိမ်နေသလို ထင်ရသော်လည်း တကယ်တမ်းကျတော့ ရထားက ရှေ့ကို ဆက်သွားနေခြင်း ဖြစ်သည်။ မသိလိုက်ဘဲ ရထားက မိုင်ထောင်ချီ ခရီးနှင်ပြီးသွားသော်လည်း ရထားတွင် ပြတင်းပေါက်မရှိချိန်မှာတော့ ရွေ့လျားနေသည်ကို လုံးဝ မခံစားရသလိုမျိုး ဖြစ်၏။
ယခုအချိန်၌ ရှမ့်ယီသည် နည်းနည်းကြောက်လန့်ပြီး ဟာတာတာ ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ် ၃၀ အတွင်း ဖြစ်ပျက်ခဲ့သမျှ ဘာတစ်ခုမှ သူ မပါဝင်ခဲ့ရသောကြောင့်ပင်။
ရှမ့်လန် ရှေ့တိုးသွားပြီး ပခုံးကို ပုတ်လိုက်သည်။ “ဒါကြောင့် မင်း ရင်ဆိုင်ရမဲ့ အခြေအနေက ပိုခက်ခဲ လိမ့်မယ်။ ဘာလို့လဲဆိုတော့ ငါက အင်ပါယာတစ်ခုလုံးကို မင်းလက်ထဲ အပ်တော့မှာမို့လို့ပဲ။ ဒီနေ့ညနေ ကစပြီး မင်းက အင်ပါယာရဲ့အာဏာကို ကိုင်စွဲရတော့မယ်။ ငါက အရာအားလုံးကို လွှတ်ချပြီး ပြည်တွင်းရေး၊ ပြည်ပရေး အားလုံးကို မင်းလက်ထဲ အပ်လိုက်တော့မယ်။ ဒီနောက်ပိုင်း ငါက တစ်ခုတည်းသော အရေးအကြီးဆုံး ကိစ္စကိုပဲ လုပ်တော့မယ်။”
ရှမ့်ယီ၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ အခုမှ နိုးလာခြင်းဖြစ်၏။ ချက်ချင်းကြီး လောကကြီးတစ်ခုလုံးရဲ့ အာဏာကို ကိုင်စွဲရတော့မည်လား။ ထို့အပြင် လောကကြီးတစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။
ရှမ့်လန်က မေးလိုက်၏။ “ကြောက်နေတာလား။ မှန်တယ်။ ကြောက်တတ်တာက အကောင်းဆုံး အစပဲ။ ဒါဆို မင်း အမှားတွေ အများကြီး လုပ်မိမှာ မဟုတ်ဘူး။”
ရှမ့်ယီက ရုတ်တရက် မေးလိုက်သည်။ “အဖေ... အမေရော... ဘာလို့ အမေ့ကို မတွေ့တာလဲ။”
နှစ် ၃၀ ကျော် ရေခဲဖြင့် အလုံပိတ်ထားခံရပြီးနောက် ရှမ့်ယီပထမဆုံး သတိရမိသည်မှာ သူ့မိဘများပင် ဖြစ်၏။
ရှမ့်လန် သက်ပြင်းချလိုက်သည်။ “မင်းအမေက လုံးဝ မမျှော်လင့်ထားတဲ့ နေရာတစ်ခုကို ရောက်သွားတယ်။”
ရှမ့်ယီ တုန်လှုပ်သွား၏။ “ဒါဆို... ဒါဆို ဒီတစ်သက် အမေ့ကို ပြန်တွေ့နိုင်ပါ့အုံးမလား။”
“ဒီတစ်သက်လား။ သိပ်တော့ မသေချာဘူး။ ဒါပေမဲ့ ငါ လုပ်နိုင်တယ်။ နောက်တစ်ဆင့် အနေနဲ့ ငါက ငါ့ရဲ့ ဉာဏ်ပညာနဲ့ အင်အားအားလုံးကို သုံးပြီး ဒီလောကကြီးကို ကယ်တင်ရုံတင် မကဘူး။ မင်းအမေနဲ့ ပြန်လည် ဆုံစည်းဖို့ပါ ကြိုးစားသွားမယ်။ ငါ ဒီလောကကြီးကို အကြွေးမတင်ပေမဲ့ မင်းအမေကိုတော့ အများကြီး အကြွေးတင်နေတယ်။ ဒီက ကိစ္စတွေပြီးသွားရင် ငါ့ဘဝရဲ့ လက်ကျန်အချိန်တွေကို မင်းအမေနဲ့ အတူကုန်ဆုံးပြီး သူ့ရဲ့ ပျော်ရွှင်အောင်ထားမယ်။”
ရှမ့်ယီအတွက်တော့ အဆင်ပြေနေသေးသည်။ အနည်းဆုံးတော့ သူ့အမေဖြစ်သူနှင့် နှစ်အနည်းငယ် အတူနေခွင့် ရခဲ့ဖူးသည်။ သို့သော်ငြား ကျင်းကျိုးနှင့် စုဖေ့ဖေ့တို့သည် သူတို့သမီး ကျင်းမူလန်နှင့် အမြဲတမ်း ခွဲခွာနေခဲ့ရသည်။ ယခုကစပြီး အနည်းဆုံး သူတို့နှစ်ယောက်သည် မူလန်ကို တွေ့ခွင့်ရတော့မည် မဟုတ်ပေ။
...........
လေ့ကျိုးစံအိမ်အတွင်း၌ ရှမ့်လန်၏ မိသားစုအားလုံး စုဝေးရောက်ရှိနေကြသည်။ ဤသည်မှာ မကြုံစဖူး လူစုံသည့်ပွဲပင် ဖြစ်သည်။ သူ့ဇနီးမယားများနှင့် သားသမီးများသာမက သူ့ယောက္ခမများ၊ မွေးစားမိဘများ၊ ညီဖြစ်သူ ရှမ့်ကျန့်၏ မိသားစု၊ ကျင်းမူကုန်း၏ မိသားစု၊ နယ်စားကြီး ဒီဘိုရာ၊ မင်းသမီး ဟီလာ၊ ဘုရင်မ ဟယ်လင်၊ အမေဇုန်ဘုရင်မ အီဒါနှင့် ချစ်စရာကောင်းသော အမေဇုန်မင်းသမီးလေးတို့လည်း ပါဝင်ကြသည်။ သူမသည် ရေခဲဖြင့် အလုံပိတ်ထားခံရသောကြောင့် နှစ် ၃၀ ကြာသွားသော်လည်း ကလေးမလေး အရွယ်အတိုင်း ရှိနေဆဲ ဖြစ်သည်။
မိသားစု တစ်ခုလုံး ပျော်ရွှင်စွာ စားသောက်ကြ၊ စကားပြောကြ၊ ရယ်မောကြသည်။ တစ်ယောက်တည်းသာ လိုနေ၏။ ကျင်းမူလန်ပင်။ သို့သော်ငြား ရှမ့်လန် ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ ဤနေရာရှိ ကိစ္စများ ပြီးစီးသည်နှင့် တပြိုင်နက် သူသည် ဇနီးသည်ကို အစွမ်းကုန်ရှာဖွေပြီး ကျန်ရှိသောဘဝကို သူမနှင့်အတူ ကုန်ဆုံးတော့မည်။
နောက်ရက်များတွင် ရှမ့်လန်သည် သူ၏အချိန်အများစုကို မိသားစုနှင့်အတူ ကုန်ဆုံးခဲ့သည်။ တစ်လလုံးလုံး သူ ဘာကိုမှ ဂရုမစိုက်ဘဲ နေခဲ့သည်။ နေ့တိုင်း ကလေးများနှင့် လေ့ကျင့်ခန်းလုပ်လိုက်၊ ငါးမျှားလိုက်၊ မိန်းမများနှင့် ပန်းချီဆွဲလိုက်၊ လမ်းလျှောက်လိုက် သို့မဟုတ် လူကြီးများနှင့် မာကျောက်ကစားလိုက်၊ စစ်တုရင်ထိုးလိုက် အချိန်ကုန်ဆုံးခဲ့သည်။ သူသည် မိသားစုပျော်ရွှင်မှုကို အပြည့်အဝ ခံစားနေခဲ့၏။
အစိုးရကိစ္စရပ်များ အားလုံးကို တော်ဝင်ချန်အင်ပါယာ၏ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အိမ်ရှေ့စံမင်းသား ရှမ့်ယီ ထံသို့ လွှဲပြောင်းပေးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်အဖွဲ့သည် မကြုံစဖူး အင်အားတောင့်တင်းလှသည်။ မင်းသားကျင်း၊ ကျိုးရှီ၊ ကျန်းချုံး၊ ချောင်၊ ဝူအိမ်ရှေ့စံမင်းသား၊ ရှယ်လီနှင့် အခြားသူများအားလုံး ပါဝင်ကြသည်။
စစ်ဘက်ရေးရာ ဦးစီးဌာနတွင် တပ်မှုးများ များပြားလှပေသည်။ လောကတစ်ခုလုံးရှိ အမိုးခုံး မြို့တော်အားလုံး သည် နျူကလီးယားစွမ်းအင်အူတိုင်များကို စနစ်တကျ အစားထိုးလဲလှယ်နေကြသည်။ ရှေးဟောင်းလူသားများအားလုံး ပြည်နှင်ဒဏ်ခံရပြီးနောက် ရှမ့်လန်သည် လူတော်လူကောင်း ရှားပါးမှုကို ကြုံတွေ့ခဲ့ရသည်။ ယခုအခါ သူ့နှင့် ပတ်သက်သူအားလုံး လွတ်မြောက်လာပြီ ဖြစ်သောကြောင့် လူတော် လူကောင်း ထောင်ပေါင်းများစွာ ရရှိလာခဲ့ပြီ ဖြစ်၏။
ယခုအခါ တော်ဝင်ချန်အင်ပါယာ၊ တော်ဝင်ရန်အင်ပါယာ သို့မဟုတ် ရှီလွန်အင်ပါယာဟူ၍ ခွဲခြားမနေတော့ဘဲ အားလုံး စည်းလုံးညီညွတ်နေကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လောကပေါ်ရှိ ဘီလီယံပေါင်း များစွာသော လူများသည် စည်းလုံးညီညွတ်ရန် လိုအပ်နေသောကြောင့် ဖြစ်သည်။ ရှမ့်လန်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် လောကကြီးကို ကယ်တင်ရန်ဟူသော တစ်ခုတည်းသော ရည်မှန်းချက် အတွက် တိုက်ပွဲဝင်ကြရမည်။
......
ချောင်ယောင်းအာသည် ရှမ့်လန်၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း ပြောလိုက်သည်။ “ဒါက အဆိုးရွားဆုံး ခေတ်ပဲ။ ဒါပေမဲ့ အကောင်းဆုံး ခေတ်လည်း ဖြစ်ပါတယ်။ ကျွန်မရဲ့အိပ်မက်က လောကကြီးတစ်ခုလုံးကို စူးစမ်း လေ့လာဖို့ပဲ။ ဒါပေမဲ့ ဒီလောကကြီးက သူ့ရည်မှန်းချက် ပျောက်ဆုံးသွားခဲ့ပြီ။ ဒါပေမဲ့ ဒီလောကကြီးရဲ့ အပြင်ဘက်မှာ ကျွန်မ စူးစမ်းရှာဖွေဖို့ စောင့်ကြိုနေတဲ့ အဆုံးအစမဲ့ ပစ်မှတ်တွေ ရှိနေလိမ့်မယ်။”
ရှမ့်လန်သည် ကျန်းလီ ဖန်တီးခဲ့သော အာကာသယာဉ်များကို အလဟဿ အဖြစ်ခံမည် မဟုတ်သလို ဖျက်ဆီး ပစ်မည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာတို့သည် အလွန်ခေတ်မီနေပြီးသား ဖြစ်သောကြောင့်ပင်။
နောက်လာမည့် ဆယ်နှစ် သို့မဟုတ် ဆယ်စုနှစ်အနည်းငယ်အတွင်း ပြုပြင်မွမ်းမံမှုတွေ လုပ်ပြီးတဲ့အခါ ဤအာကာသယာဉ်တွေကို စွမ်းအင်အရင်းအမြစ် အသစ်ဖြစ်တဲ့ ထိန်းချုပ်ထားတဲ့ နျူကလီးယား ပေါင်းစည်းခြင်း စွမ်းအင်နှင့် အစားထိုးမည်။ ထို့နောက် ဤအာကာသယာဉ်များသည် အာကာသထဲသို့ ပျံသန်းသွားပြီး လောကသစ်များကို ရှာဖွေကာ လူနေထိုင်နိုင်သော အခြားဂြိုဟ်များကို ရှာဖွေရပေလိမ့်မည်။
သေချာပေါက် ဤဂြိုဟ်ကို ကယ်တင်မည့် စီမံကိန်းကတော့ အဓိကဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန်သည် လောကအင်အားကို နှစ်ပိုင်းခွဲလိုက်မည်။ တစ်ပိုင်းသည် နေမင်းကြီးကို သုတေသန ပြုရန်၊ ၈၂ နှစ် ကြာပြီးနောက် ဖြစ်ပေါ်မည့် ကြီးမားသည့် ပျက်သုန်းခြင်းကြီးမှ လွတ်မြောက်မည့် နည်းလမ်း ရှာဖွေရန်၊ ဤဂြိုဟ်ကို ကာကွယ်ရန်၊ နေမင်းကြီး၏ နောက်တစ်ကြိမ် ပေါက်ကွဲမှုကို တွက်ချက်ရန်နှင့် နောက်ဆုံး ဤလောကနေမင်းကြီး မည်သည့်အချိန် သေဆုံးမည်နည်းကို တွက်ချက်ရန် တာဝန်ယူရမည်။
လူသားယဉ်ကျေးမှုသည် နောက်ဆုံးတွင် ဤနေအဖွဲ့အစည်းမှ ထွက်ခွာသွား ရပေမည်။ သို့သော်ငြား သူတို့သည် ပုံမှန်အတိုင်း ကြီးပြင်းလာရမည်ဖြစ်ပြီး မိခင်၏ အသားနှင့်သွေးကို ဝါးမျိုပြီး ကြီးပြင်းလာခြင်းမျိုး မဖြစ်စေရပေ။ သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်မှုနှင့် စူးစမ်းရှာဖွေမှုသည်သာ ကြီးပြင်းရန် တစ်ခုတည်းသော ကျိုးကြောင်း ဆီလျော်သည့် နည်းလမ်း ဖြစ်သည်။
ချောင်ယောင်းအာက တောင်းဆိုလိုက်၏။ “ယောက်ျား ... ကျွန်မကို ငရဲသလင်းကျောက် ဒါမှမဟုတ် ကောင်းကင်သလင်းကျောက် တချို့ ပေးနိုင်မလား။ ကျွန်မ ကြယ်တွေကို စူးစမ်းလေ့လာချင်တယ်။ ပြီးတော့ အာကာသယာဉ် ခေါင်းဆောင် ဒါမှမဟုတ် အာကာသယာဉ်အုပ်စု တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်။”
သူမ အလုပ်ဟောင်းကို ပြန်လုပ်တော့မည်လား။ လွန်ခဲ့သော နှစ် ၄၀ က ချောင်ယောင်းအာသည် ပင်လယ်ဓားပြခေါင်းဆောင်၊ ရေတပ်အုပ်စု၏ အမျိုးသမီး စစ်သူကြီး ဖြစ်ခဲ့သည်။ ယခု သူမသည် အဆုံးအစမဲ့ ကြယ်တာရာများကို စူးစမ်းလေ့လာရန် ကွဲပြားခြားနားသော ယာဉ်အုပ်စုတစ်ခုကို ဦးဆောင်တော့မည် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုနေရာက သူမအတွက် အကောင်းဆုံးနေရာ ဖြစ်လိမ့်မည်။ သူမ တစ်ဘဝလုံး မသိနားမလည်ခြင်းတွေကို စူးစမ်းရှာဖွေဖို့ အိပ်မက်မက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ သမီးလေးလည်း ကြီးလာပြီ။ ကျွန်မထက်တောင် ပိုထူးချွန်နေသေးတယ်။ ဒါကြောင့် ကျွန်မ စိတ်မပူဘဲ ရဲရဲဝံ့ဝံ့ ခရီးထွက်လို့ ရပြီ။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ ဒါပေမဲ့ မင်းက စူးစမ်းလေ့လာရေးယာဉ်အုပ်စုရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်ဆိုရင် သင်ယူစရာတွေ အများကြီး ရှိသေးတယ်။”
အမှန်တကယ် သင်ယူစရာများ များပြားလှသည်။ ဥပမာအားဖြင့် ကြယ်များအကြောင်း၊ ဆွဲငင်အား၊ နက္ခတ္တဗေဒ စသည်ဖြင့် သင်ယူစရာများ မရေမတွက်နိုင်အောင် ရှိသည်။ လောလောဆယ်တွင် ဤလောက သည် ဒြပ်ဝတ္ထုသိပ္ပံဘက်တွင် ကမ္ဘာမြေထက် ပိုမိုခေတ်မီနေပြီ ဖြစ်သည်။ သို့သော်ငြား အီလက်ထရွန်းနစ်၊ သဘာဝသိပ္ပံနှင့် ရူပဗေဒတို့မှာမူ ကမ္ဘာမြေထက် များစွာ နောက်ကျကျန်နေသေးသည်။
မည်သို့ပင်ဖြစ်စေ ဤလောကယဉ်ကျေးမှု၏ အစိတ်အပိုင်းအများအပြားသည် ရှေးဟောင်းအင်ပါယာ သို့မဟုတ် ရှေးဟောင်းအင်ပါယာ၏ စွမ်းအင်ယဉ်ကျေးမှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရှမ့်လန်သည် သူတို့အား သိပ္ပံယဉ်ကျေးမှုကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ချောင်ယောင်းအာ တစ်ယောက်တည်း သင်ယူရမည် မဟုတ်ပေ။ ကြယ်များကို စူးစမ်းလေ့လာရန် ဆုံးဖြတ်ထားသူအားလုံး သင်ယူရမည် ဖြစ်သည်။ အထူးသဖြင့် ရှေးဟောင်းလူသားသစ် သုံးသိန်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကြယ်များကို စူးစမ်းလေ့လာရာတွင် အဓိကအင်အားစု ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် ဤလောကမှ အထက်တန်းလွှာ ပညာရှင်အများအပြား၊ သောင်းချီ သို့မဟုတ် သိန်းချီသော ပညာရှင်များကို ရွေးချယ်ပြီး မြောက်ဝင်ရိုးစွန်းသို့ စေလွှတ်ကာ ဘက်စုံစနစ်ကျသော သင်ယူမှုများ ပြုလုပ်ရန် လိုအပ်၏။
ထိုပညာရပ်များကို သင်ကြားပေးမည့်သူမှာ သေချာပေါက် ရှမ့်လန်ပင် ဖြစ်၏။ သူသည် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ကို စွမ်းအင်ယဉ်ကျေးမှု၊ အိပ်မက်ကျောက်တုံးယဉ်ကျေးမှုနှင့် သိပ္ပံယဉ်ကျေးမှုဟူ၍ လုံးဝခွဲခြမ်းစိတ်ဖြာပြီး လောကအထက်တန်းလွှာများကို သင်ကြားပေးရမည်။
ချောင်ယောင်းအာသည် အနာဂတ် စူးစမ်းလေ့လာရေးယာဉ်အုပ်စု၏ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ရန် အမှန်တကယ် သင့်တော်သူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမသည် သတ္တိရှိပြီး တရားမျှတကာ စွန့်စားလိုစိတ် အပြည့်အဝ ရှိသောကြောင့် ဖြစ်သည်။
“ဒီနေ့ကစပြီး မင်းက စူးစမ်းလေ့လာရေးယာဉ်အုပ်စု တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်သွားပြီ။ မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ထာဝရကာကွယ်ပေးနိုင်မဲ့ ကောင်းကင်သလင်းကျောက်ကို ငါ ပေးမယ်။”
...
ရှမ့်လန်သည် ရှမ့်ရိလုံကို စီးနင်းပြီး ယောင်ယောင်သည် ကျိလုံအာကို စီးနင်းကာ အရှေ့ဘက်သို့ ပျံသန်းသွားကြသည်။ သူတို့သည် ရှီလွန်အင်ပါယာကို ကျော်ဖြတ်ပြီး အရှေ့ဘက်သို့ ဆက်လက်ပျံသန်း သွားကြ၏။
ရှီလွန်အင်ပါယာမှ မိုင်ပေါင်းတစ်သောင်းသုံးထောင်အကွာတွင် နဂါးနှစ်ကောင်သည် ပင်လယ်ထဲသို့ ထိုးဆင်း သွားကြသည်။ နေရာတိုင်းတွင် အပျက်အစီးများ ရှိနေပြီး ပြိုကျနေသော တံတိုင်းများ ပြည့်နှက်နေ၏။ ပင်လယ်ကြမ်းပြင်တွင် အဆုံးအစမဲ့သော ချော်ရည်များ ရှိနေသည်။
ကျန်းအင်ပါယာသည် ဤနေရာကို မအုပ်ချုပ်ခဲ့သောကြောင့် ဤနေရာရှိ ပင်လယ်သည် အေးခဲမနေခဲ့ပေ။ ပင်လယ်ကြမ်းပြင်တစ်ခုလုံးသည် မိုင်ထောင်ချီ ရှည်လျားပြီး အပျက်အစီးများဖြင့် ပြည့်နှက်နေ၏။ ဤနေရာရှိ ဗိသုကာ လက်ရာပုံစံသည် ပျောက်ဆုံးအင်ပါယာလောက် ခမ်းနားထည်ဝါခြင်း မရှိသလို ရှေးဟောင်း အင်ပါယာလောက် ရိုးရှင်းခြင်းလည်း မရှိပေ။ ၎င်းတို့နှစ်ခုကြားတွင် ရှိနေ၏။
ဤနေရာသည် ပျောက်ဆုံးအင်ပါယာထက် မျိုးဆက်တစ်ခုစောသော ရှေးဟောင်း မီဒူဆာ အင်ပါယာ၏ မြို့တော်ဟောင်း ဖြစ်သည်။ နဂါးနှစ်ကောင်သည် ပင်လယ်ကြမ်းပြင်ရှိ အပျက်အစီးများ ကြားတွင် ဖြတ်သန်း သွားလာပြီး နောက်ဆုံးတွင် ပင်လယ်ကြမ်းပြင်ရှိ ပျက်စီးနေသော ဘုရားကျောင်း တစ်ခုဆီသို့ ရောက်ရှိ လာကြသည်။
ထို့နောက် ရှမ့်လန်နှင့် ယောင်ယောင်တို့သည် နဂါးပေါ်မှဆင်းပြီး ဘုရားကျောင်းထဲသို့ လျှောက်သွားလိုက် ကြသည်။ မီဒူဆာရုပ်တုများ ပြည့်နှက်နေ၏။ အားလုံးသည် မီဒူဆာ တော်ဝင်မိသားစုဝင်များ ဖြစ်ကြပြီး မီဒူဆာဘုရင်မ ခုနစ်ပါးစလုံး ဤနေရာတွင် ရှိနေကြသည်။ သို့သော်ငြား အားလုံးသည် ကျောက်ဖြစ် ရုပ်ကြွင်းရုပ်တုများ ဖြစ်နေကြ၏။
ရှေးဟောင်းမီဒူဆာများ ရှိသကဲ့သို့ ရှေးဦး မီဒူဆာများလည်း ရှိကြသည်။ မဟာနိဗ္ဗာနပျက်သုန်းခြင်းကြီးမှ လွတ်မြောက်ရန် သူတို့သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လုံးဝ ခွဲခြားထားခဲ့ကြသည်။ သူတို့၏ ဝိညာဉ်များကို ပင်လယ်ကြမ်းပြင်ရှိ ဂူသင်္ချိုင်းတွင် ဝှက်ထားပြီး သူတို့၏ခန္ဓာကိုယ်များကို မြို့တော်ဟောင်းရှိ ဘုရားကျောင်း တွင် ဝှက်ထားခဲ့ကြသည်။
မရေမတွက်နိုင်သော မီဒူဆာ တော်ဝင်မိသားစုဝင်များသည် ထိုနည်းတူ ပြုလုပ်ခဲ့ကြသည်။ မီဒူဆာ တော်ဝင်မိသားစုဝင် သိန်းပေါင်းများစွာသည် မဟာနိဗ္ဗာန်ပျက်သုန်းခြင်းကြီးကို ရှောင်တိမ်းရန် မိမိတို့ကိုယ်ကိုယ် ကျောက်ဖြစ်ရုပ်ကြွင်းရုပ်တုများအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့သော်ငြား ၉၉ ရာခိုင်နှုန်း သော သူတို့သည် ကျရှုံးခဲ့ကြ၏။
သူတို့၏ မြေအောက်ဂူသင်္ချိုင်းသည် မဟာနိဗ္ဗာနပျက်သုန်းခြင်းကြီးကို မရှောင်တိမ်းနိုင်ခဲ့ဘဲ သူတို့၏ ဝိညာဉ်များ ပြာမှုန့်ဖြစ်သွားခဲ့ရ၏။ ယောင်ယောင်၏ ဝိညာဉ်မိခင်၊ ဘုရင်မနာလူသည် ကံကောင်းခဲ့သည်။ မဟာနိဗ္ဗာန ပျက်သုန်းခြင်းကြီးအတွင်း နေမင်းကြီး၏ အပြောင်းအလဲမှ ထွက်ပေါ်လာသော စွမ်းအင်သည် သူမ ရှိနေသော မြေအောက်ဂူသင်္ချိုင်းကို တိုက်ရိုက် မထိမှန်ခဲ့ဘဲ လွတ်မြောက်သွားခဲ့သည်။
သေချာပေသည်။ သူမက မဟာနိဗ္ဗာနပျက်သုန်းခြင်းကြီးမှ လွတ်မြောက်ခဲ့သော်လည်း အပြောင်းအလဲကြီး ကနေ မလွတ်မြောက်ခဲ့ချေ။ ထို့ကြောင့် ဘုရင်မနာလူသည် ချောင်ယောင်းအာ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ယောင်ယောင်တွင် အမေနှစ်ယောက် ရှိနေခြင်း ဖြစ်သည်။ တစ်ယောက်က သူမ၏ ခန္ဓာကိုယ်ကို မွေးဖွားပေးခဲ့ပြီး နောက်တစ်ယောက်က သူမ၏ ဝိညာဉ်ကို မွေးဖွားပေးခဲ့၏။
ထိုစဉ်က ချောင်ယောင်းအာ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းနေသောကြောင့် ဘုရင်မနာလူ၏ ဝိညာဉ်ကို အပြည့်အဝ မထောက်ပံ့နိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် တဖြည်းဖြည်း ပိုမိုအားနည်းလာခဲ့ပြီး နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်မှာ ဆယ်ပုံတစ်ပုံအောက်၊ တိုက်ခိုက်နိုင်စွမ်းမှာ ရာပုံတစ်ပုံအောက်သို့သာ ကျန်ရှိတော့သည်။
ဆော်ရွန်နှင့် တိုက်ပွဲအပြီးတွင် သူမသည် ခန္ဓာကိုယ်ကို ချောင်ယောင်းအာထံ ပြန်လည်လွှဲပြောင်းပေးရန် ရွေးချယ်ခဲ့ပြီး စွမ်းအင်ပုလဲကို သူမ၏သမီးဖြစ်သူ ယောင်ယောင်ထံ ပေးအပ်ခဲ့သည်။ သူမ၏ သေလုမျောပါး ဖြစ်နေသော ဝိညာဉ်နှင့်အတူ မြို့တော်ဟောင်းသို့ ပြန်သွားခဲ့၏။ အကြောင်းမှာ သူမ၏ ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်တုမှာ ထိုနေရာ၌ တည်ရှိနေသောကြောင့် ဖြစ်၏။
သို့သော်ငြား သူမ၏ဝိညာဉ်မှာ အလွန်အမင်း ပျက်စီးနေပြီး မူလစွမ်းအား၏ ထောင်ပုံတစ်ပုံအောက်သာ ကျန်ရှိတော့သည်။ သူမ၏ ကိုယ်ပိုင်ကျောက်ဖြစ်ရုပ်ကြွင်းရုပ်တုအတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူမသည် အိပ်စက်ခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမှ မလုပ်ဆောင်နိုင်တော့ပေ။ ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်တုကို မူလခန္ဓာကိုယ်အဖြစ် ပြန်လည်ပြောင်းလဲရန် ဆိုသည်မှာမူ ပို၍ မဖြစ်နိုင်တော့ပေ။
ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲရန် နတ်ဘုရားအကြည့် လိုအပ်ပြီး ထိုအရာမှာ အလွန် ခက်ခဲလှသည်။ ရုပ်တုကို ပုံမှန်ခန္ဓာကိုယ်အဖြစ် ပြန်လည်ပြောင်းလဲရန်မှာမူ ပို၍ပင် ခက်ခဲသည်။
ထိုသို့ပြုလုပ်ရန် အလွန် ပြင်းထန်သော အခြေအနေများနှင့် အစွမ်းအထက်ဆုံး မန္တန်ဆရာများ လိုအပ်သည်။ ဘုရင်မမီဒူဆာ အဆင့်လောက်ရှိမှသာ ပုံမှန်ခန္ဓာကိုယ်အဖြစ် ခဲယဉ်းစွာ ပြန်လည်ပြောင်းလဲနိုင်မည်။
***