သို့သော်ငြား လက်ရှိရှမ့်လန်အတွက်မူ ဤအရာမှာ လုံးဝပြဿနာ မဟုတ်ပေ။ သူ၏ အန္တိမနဂါး အာရုံခံစားမှု နယ်ပယ်သို့ ဝင်ရောက်ရန်ပင် မလိုဘဲ အဆင့်မြင့်နဂါး အာရုံခံစားမှုနှင့်ပင် လုံလောက်မှု ရှိသည်။ ဘုရင်မနာလူ၏ ဝိညာဉ်မှာ ထောင်ပုံတစ်ပုံအောက်အထိ ပျက်စီးနေသော်လည်း ရှမ့်လန်အတွက်မူ လုံလောက်သည် ထက် ပိုနေသေး၏။
နောက်တစ်ဆင့်အနေဖြင့် သူသည် ဘုရင်မနာလူ၏ ဝိညာဉ်ကို အပြည့်အဝ ပြန်လည် ကုစားပေး နိုင်ခဲ့သည်။ တစ်ရက်အတွင်းမှာပဲ ရှမ့်လန်သည် သူ၏ ဝိညာဉ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ပေးဆပ်၍ ဘုရင်မနာလူ၏ ဝိညာဉ်ကို အပြီးသတ် ပြန်လည်ကုစားပေးနိုင်ခဲ့သည်။
ထို့နောက်... သူသည် နတ်ဘုရားအကြည့်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ယောင်ယောင်၏ ဝိညာဉ်မိခင်၊ မီဒူဆာဘုရင်မနာလူသည် တစ်လက်မချင်းစီ ပြန်လည်သက်ဝင်လာခဲ့သည်။ သူမသည် ကျောက်ဖြစ်ရုပ်ကြွင်း ဘဝမှ လှပသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့၏။
တစ်ခဏအတွင်းမှာပဲ ရေအောက်ဘုရားကျောင်းတစ်ခုလုံးသည် ပြိုင်ဘက်ကင်း တောက်ပသော အလင်းရောင်များဖြင့် ပွင့်လန်းလာသကဲ့သို့ ဖြစ်နေသည်။ မည်မျှ ရင်းနှီးသည့် မျက်နှာလေးနည်း။
ဤအရာက ယခင်က စုန်းအင်ပါယာဘုရင်မပင်။ သို့သော်ငြား ပိုပြီး လှပနေသည်။
ဘာပဲဖြစ်ဖြစ် ထိုအချိန်တုန်းက သူမက ပြီးပြည့်စုံသည့် ဘုရင်မ မီဒူဆာမဟုတ်သေးချေ။ သို့သော်ငြား ရင်းနှီးနေသော ဝိညာဉ်အော်ရာကတော့ အတူတူပင်ဖြစ်သည်။ ရှမ့်လန်နှင့် ယောင်ယောင်က နောက်ဆုံးတွင် သူတို့၏ကတိကို တည်နိုင်ခဲ့၏။ သူမ၏ အမေကို ရှာတွေ့ပြီး ကယ်တင်နိုင်ခဲ့ပြီ။
ဘုရင်မနာလူသည် ယောင်ယောင်ကို ချိုသာစွာ ပြုံးပြလိုက်ပြီး ရှမ့်လန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“နာလူ... အရှင်ကို ဂါရဝပြုပါတယ်။”
ရှမ့်လန် လက်ကမ်းပေးလိုက်ရာ ဘုရင်မနာလူက သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ကလေးကို ရှမ့်လန်၏ လက်ထဲထည့်လိုက်ပြီး မတ်တတ်ရပ်လိုက်၏။
“မူလက ပျောက်ဆုံးအင်ပါယာရဲ့ ဘုရင်မက ခင်ဗျား ဖြစ်သင့်တာ။ ဒါပေမဲ့ ခင်ဗျားက ဘုရင်မမီဒူဆာကို ပေးလိုက်တာကိုး။”
နာလူက ရှင်းပြသည်။ “အရှင်မက အရင်က ရှေးဟောင်းရုပ်တုပါ။ ပျောက်ဆုံးအင်ပါယာ ပျက်စီးသွားတာကို မကြည့်ရက်လို့ သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို ပြန်ယူခဲ့တာပါ။ ကျွန်မ သူ့ကို အရမ်း လေးစားပါတယ်။”
“အခု မီဒူဆာဘုရင်မက လုံးဝထွက်ခွာသွားပြီ ဆိုတော့ ခင်ဗျားက တစ်ဦးတည်းသော မီဒူဆာ တော်ဝင် မိသားစုဝင် ဖြစ်သွားပြီ။ ကျန်တဲ့ မီဒူဆာတော်ဝင်မိသားစု ရုပ်တုတွေက ဝိညာဉ်တွေ ပျောက်ဆုံးသွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းအခွံတွေပဲ ကျန်တော့တယ်။
ဒီနေ့ ပျောက်ဆုံးအင်ပါယာမှာ ပင်လယ် မွန်းစတား သိန်းဂဏန်းလောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ပျောက်ဆုံးအင်ပါယာကို ပြန်လည်ထူထောင်မဲ့တာဝန်က ခင်ဗျား ပခုံးပေါ် ရောက်လာပြီ။ ခင်ဗျားရဲ့ ပျောက်ဆုံးအင်ပါယာက ယဉ်ကျေးမှုတစ်ခုလုံးအတွက် အရမ်း အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ အရမ်းအားကောင်းတဲ့ ဝိညာဉ်စွမ်းအား ရှိလို့ပဲ။”
ဘုရင်မ နာလူ ဒူးထောက်ပြီး ဦးညွှတ်လိုက်၏။ “ကျွန်မ နာခံပါ့မယ်။”
ထို့နောက် နာလူ၊ ရှမ့်လန်နှင့် ယောင်ယောင်တို့သည် နုရှောင့်မြို့တော်သို့ ပြန်လာခဲ့ကြသည်။
........
ကျုံးရှစ်ရှစ်သည် မီးလျှံကဲ့သို့ လှပနေဆဲ ဖြစ်သည်။ အကျဉ်းချခံရသော နှစ် ၃၀ အတွင်း သူမလည်း ရေခဲဖြင့် အလုံပိတ်ထားခံရပြီး ဇီဝကမ္မဖြစ်စဉ်များ လုံးဝရပ်တန့်နေခဲ့သောကြောင့် နုပျိုပြီး သက်စောင့်စွမ်းအား ပြည့်ဝနေဆဲ ဖြစ်၏။
ဤအချိန်တွင် သူမသည် ရှမ့်လန်၏ရှေ့တွင် ရပ်လျက် မျက်လုံးများ ပြူးကျယ်ကာ ကြည့်နေသည်။
“ရှင် ကျွန်မကို ရှင်းပြချက်တစ်ခု ပေးဖို့လိုတယ်လို့ ထင်တယ်။ အဖြူရောင်... ရှင် ကျွန်မရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့ဖူးတယ်နော်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေတော့မလို့လား။ ရှင် .. လောကကြီးတစ်ခုလုံးရဲ့ သခင် ဖြစ်သွားရုံနဲ့ ဒီကိစ္စကို မေ့ပစ်လို့ရမယ် မထင်နဲ့။”
သူမ အသက်ပြင်းပြင်းရှူရင်း ဆက်ပြော၏။ “သေချာပေါက် ကျွန်မ ရှင့်ကို အတင်းအကျပ် မလုပ်ချင်ပါဘူး။ ဒါပေမဲ့ ရှင်က ရှစ်ချင်းချင်းကိုတောင် ကိုယ်လုပ်တော် တော်ကောက်ထားသေးတာပဲ။ ဒါကြောင့် ရှင့်မှာ ဘာစိတ်ပိုင်းဆိုင်ရာ အတားအဆီးမှ မရှိပါဘူး။ သူ့ကိုတောင် ကိုယ်လုပ်တော် တော်ကောက်နိုင်မှတော့ ကျွန်မကို ဒီတိုင်းထားလို့မဖြစ်ဘူး။ ကျွန်မတို့ ကျုံးမိသားစုရဲ့ မျှော်လင့်ချက်က ကျွန်မအပေါ်မှာပဲ ရှိတာ။ ရှင်သာ ကျွန်မကို မယူရင် ဘယ်သူက ကျွန်မကို ယူရဲမှာလဲ။ ရှင် ကျွန်မဘဝကို ဖျက်ဆီးတော့မလို့လား။”
မူလက ရှမ့်လန်၏စိတ်ထဲတွင် ကြီးမားသော စိုးရိမ်ပူပန်မှု ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် မူလန်အပေါ် အလွန်အကြွေးတင်သည်ဟု ခံစားရသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူသည် မည်သူ့ကိုမှ ထပ်မပတ်သက်လိုသောကြောင့် ကျုံးရှစ်ရှစ်ကို နှစ်အနည်းငယ်ကြာအောင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ယခု ရှမ့်လန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်၏။ ဤလောကကိစ္စများ ပြီးသွားချိန်တွင် သူက ကျန်ရှိသည့်ဘဝကို မူလန်နှင့် ကုန်ဆုံးတော့မည်ဖြစ်သည်။ သူမတစ်ယောက်တည်းနှင့် ပြီးပြည့်စုံသည့် ဘဝတစ်ခုကို ကုန်ဆုံးတော့မည်။ ထို့ကြောင့် စိတ်ထဲမှ စိုးရိမ်ပူပန်မှုကို လွှတ်ချလိုက်တော့၏။
“ကျုံးရှစ်ရှစ်... နောက်လာမဲ့ နှစ် ၃၀ အတွင်း ငါ အချိန်အများစုကို မြောက်ဝင်ရိုးစွန်းမှာပဲ ကုန်ဆုံးရ လိမ့်မယ်။ အများဆုံး တစ်နှစ်မှ တစ်ခါပဲ ပြန်လာနိုင်မယ်။”
ကျုံးရှစ်ရှစ်က ချက်ချင်းပြန်ဖြေသည်။ “ပြဿနာ မရှိပါဘူး။ ရှင့်ဘက်က ကျွန်မကို ရာထူးတစ်ခုပေးရင် ပြီးတာပါပဲ။ ဒါမှ ကျွန်မတို့ ကျုံးမိသားစုလည်း ထိပ်တန်းမိသားစုကြီး ဖြစ်လာပြီး အဆုံးမဲ့ဂုဏ်ကို ရရှိနိုင်မှာ။ ကျွန်မမိဘတွေက ကျွန်မကို အလကားမွေးထားတာ မဟုတ်ဘူး။ ကျွန်မက ဒီလောက်လှပပြီး ဒီလောက် တောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိတာ။ မိသားစုကို ကြီးမားတဲ့ဂုဏ်ယူမှု မပေးနိုင်ရင် နှမြောစရာကြီး မဟုတ်လား။
သေချာပေါက် ရှင့်ကိုယ်လုပ်တော် ဖြစ်ရတာက ကျွန်မအတွက် ဂုဏ်ယူစရာပဲ။ အနည်းဆုံးတော့ အနာဂတ်မှာ ဘယ်သူမှ ကျွန်မကို မထိရဲတော့ဘူးပေါ့။ ဒါကြောင့် ကိုယ်လုပ်တော် ရာထူးတစ်ခုပဲ ပေးပါ။ ကလေး တစ်ယောက်လောက် ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။”
ရှမ့်လန် ပြုံးပြီး သူ့ရှေ့က အမျိုးသမီးကို ကြည့်လိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ မင်း မနစ်နာဘူးလို့ ခံစားရရင် ပြီးတာပါပဲ။”
နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန်သည် အလွန်ရိုးရှင်းပြီး ခမ်းနားသော အခမ်းအနားတစ်ခုဖြင့် ကျုံးရှစ်ရှစ်ကို ကိုယ်လုပ်တော်အဖြစ် တော်ကောက်လိုက်၏။
ကျုံးမိသားစုလည်း နောက်ဆုံးတွင် သူတို့ဆန္ဒ ပြည့်ဝသွားခဲ့ ကြတော့သည်။
.......
ငါးရက် ကြာပြီးနောက် ရှမ့်လန်သည် နုရှောင့်မြို့တော်မှထွက်ခွာပြီး မြောက်ဝင်ရိုးစွန်းဆီသို့ ဦးတည် သွားခဲ့သည်။ နောက်တစ်ကြိမ် သူသည် အမှောင်ပလ္လင်ပေါ်တွင် ထိုင်ပြီး မရေမတွက်နိုင်သော ငရဲသလင်း ကျောက်များကို ထိန်းချုပ်ကာ ၎င်းတို့ ဝါးမျိုထားသော စွမ်းအင်များကို တစ်စချင်းစီ ပြန်လည်ထွေးထုတ်စေ၏။
နောက်ပိုင်း သူက တစ်နှစ်ပတ်လုံးနီးပါး အမှောင်ပလ္လင်ပေါ်မှာ မလှုပ်မယှက် ထိုင်နေရတော့မည်။ မရေမတွက် နိုင်တဲ့ ငရဲသလင်းကျောက်များကို ထိန်းချုပ်ပြီး စွမ်းအင်ပြန်ပေးရုံသာ မကချေ။ အာကာသယာဉ်ကို ပြုပြင်မွမ်းမံဖို့ မရေမတွက်နိုင်သည့် ရှေးဟောင်း ရုပ်သေးစစ်သည်တော်များကိုပါ ထိန်းချုပ်ရဦးမည်။
ထိုအချိန်နှင့် တပြိုင်နက်တည်းမှာပဲ လူအများအပြားသည် မြောက်ဝင်ရိုးစွန်းရှိ သန့်ရှင်းသော ဘုရား ကျောင်းတော်ဆီသို့ လာရောက်ကာ ရှမ့်လန်၏ ပညာအမွေအနှစ်များကို ခံယူကြသည်။ ဤသည်မှာ ရေရှည် တည်တံ့မည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
အဆင့်မြင့်နဂါး ဉာဏ်အလင်းနှင့် အန္တိမနဂါး ဉာဏ်အလင်း... ဤအရာများကို သာမန်လူသားများ လက်ခံ နားလည်နိုင်သော အသိပညာအဖြစ် ခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ အလွန်များပြားလှသော သတင်း အချက်အလက် ပမာဏကြီး ဖြစ်ပေါ်လာသည်။ ဤလုပ်ငန်းစဉ်သည် နှစ်နှင့်ချီ၍ သော်လည်းကောင်း၊ ဆယ်စုနှစ်များစွာ ကြာမြင့်၍သော်လည်းကောင်း ရှိနိုင်၏။
နှစ်တိုင်းတွင် ရှမ့်လန်သည် နေရပ်ပြန်ကာ မိသားစုနှင့် ပြန်လည်ဆုံစည်းရန် တစ်ရက်သာ အချိန်ရသည်။ ကျန်ရှိသောအချိန်များကို အမှောင်ပလ္လင်ထက်၌သာ ကုန်ဆုံးရရှာသည်။ သို့သော်ငြား သူ အထီးကျန် မနေချေ။ အဘယ်ကြောင့်ဆိုသော် သူ၏မိသားစုဝင်များက မြောက်ဝင်ရိုးစွန်းအထိ လာရောက်ကာ သူ့ကို အဖော်ပြု ပေးနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် သမီးငယ် ယောင်ယောင်နှင့် ပါရမီရှင်နှစ်ဦးဖြစ်သော ဂရက်ဂိုရီနှင့် ချောင်ယောင်းအာတို့ပင်။ သူတို့သည် အချိန်အများစုကို မြောက်ဝင်ရိုးစွန်း ဘုရားကျောင်း၌ ကုန်ဆုံးခဲ့ပြီး ရှမ့်လန်ထံမှ နဂါး ဉာဏ်အလင်းများ အကြောင်းကို သင်ယူလေ့လာကြသည်။ တစ်ဖက်တွင်လည်း သူတို့သည် ရှမ့်လန်ကို အဖော်ပြုပေးနေသည်ဟု ဆိုနိုင်၏။
ထိုသို့ဖြင့် အချိန်ကာလသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ရေအလျဉ်ကဲ့သို့ လျင်မြန်စွာ စီးဆင်းသွားခဲ့ရာ အနှစ် ၂၀ ဟူသော ကာလတစ်ခု ပြီးဆုံးသွားခဲ့၏။ လွန်ခဲ့သော အနှစ် ၂၀ သည် ဤလောကကြီးအတွက် အံ့မခန်းဖွယ်ရာ အချိန်ကာလများ ဖြစ်ခဲ့သည်။ အလှတရားဆိုသည်မှာ နှိုင်းယှဉ်မှုရှိမှ ထင်ပေါ်လာတတ်စမြဲ မဟုတ်ပါလား။
ဤနှစ်များအတွင်း နေ့ရက်တိုင်းသည် ယခင်ကထက် ပိုမိုကောင်းမွန်လာခဲ့သည်။ ရှမ့်လန်သည် မရေမတွက် နိုင်သော ငရဲသလင်းကျောက်များကို ထိန်းချုပ်ကာ ၎င်းတို့ဝါးမျိုထားသော စွမ်းအင်များကို တစ်စချင်းစီ ပြန်လည် ထုတ်လွှတ်ပေးခဲ့သောကြောင့် ဤဂြိုဟ်ကြီးသည် ၎င်း၏ သက်စောင့်စွမ်းအားများကို တဖြည်းဖြည်း ပြန်လည် ရရှိလာခဲ့သည်။
နေ့ရက်တိုင်းသည် ပိုမိုနွေးထွေးလာသည်။ ဤခံစားမှုသည် နှိုင်းယှဉ်ချက်အားဖြင့် မသိသာသော်လည်း အနှစ် ၂၀ ကြာမြင့်ပြီးနောက်တွင်မူ လောကကြီးတစ်ခုလုံး ဇောက်ထိုးပြောင်းလဲ သွားခဲ့၏။
မူလက ရှမ့်လန်၏ခန့်မှန်းချက်အရ ဂြိုဟ်ကြီးတစ်ခုလုံး ပြန်လည်ကုစားရန် နှစ် ၃၀ ခန့် ကြာမြင့်မည်ဟု တွက်ဆထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငရဲသလင်းကျောက်များသည် ၃၈ နှစ်တိုင်တိုင် စွမ်းအင်များကို အဆက်မပြတ် ဝါးမျိုခဲ့သောကြောင့် ဖြစ်သည်။
သို့သော်ငြား ဤဂြိုဟ်၏ ပြန်လည်ကုစားနိုင်စွမ်းသည် ရှမ့်လန် ထင်ထားသည်ထက် များစွာသာလွန်နေခဲ့ရာ ရှမ့်လန်သည်လည်း စွမ်းအင်ပြန်လည် ပေးအပ်သည့်နှုန်းကို တဖြည်းဖြည်း မြှင့်တင်ပေးခဲ့၏။
အနှစ် ၂၀ အတွင်း ငရဲသလင်းကျောက်များသည် စွမ်းအင် ၉၅ ရာခိုင်နှုန်းကို ပြန်လည်ထုတ်လွှတ် ပေးခဲ့ပြီးဖြစ်သည်။ ကျန်ရှိသည့် ၅ ရာခိုင်နှုန်းမှာမူ သုံးစွဲလိုက်သောကြောင့် ကုန်ဆုံးသွားပြီဖြစ်ရာ ပြန်မပေးနိုင် တော့ချေ။ သို့သော်ငြား ဤမျှလောက်နှင့်ပင် လုံလောက်နေပြီဖြစ်သည်။ ပြင်ပလောကကြီးတွင် သစ်ပင်များ စိမ်းလန်းစိုပြည်လာပြီး ပန်းများပွင့်ကာ ရနံ့များဖြင့် သင်းပျံ့နေပြီ ဖြစ်သည်။
ပြင်းထန်သော အအေးဒဏ်ကြောင့် သက်ရှိများနှင့် အပင်များသည် အခြေခံအားဖြင့် မျိုးသုဉ်း သေဆုံးခဲ့ရသည်။ ဂြိုဟ်၏ အပူချိန်နှင့် လေထုသိပ်သည်းဆ ပြန်လည်ကောင်းမွန်လာလျှင်ပင် ဤမျှ လျင်မြန်စွာ ပြန်လည်ရှင်သန်နိုင်မည် မဟုတ်ပေ။ သေချာသည်မှာ ဤသည်က တော်ဝင်ချန်အင်ပါယာ၏ စီမံကိန်းကြောင့်ပင် ဖြစ်၏။
ပြင်ပကမ္ဘာ၏ အပူချိန်သည် သက်ရှိများ နေထိုင်နိုင်သော အဆင့်သို့ ပြန်ရောက်လာတည်းက တော်ဝင်ချန် အင်ပါယာသည် လောကတစ်ဝှမ်းလုံး၌ သစ်ပင်များ စိုက်ပျိုးရန်နှင့် တိရစ္ဆာန်များ မျိုးပွားရန် လူအင်အား၊ ငွေအင်အား မြောက်မြားစွာ သုံးစွဲခဲ့သည်။
ကနဦးတွင် အအေးဒဏ်ခံနိုင်သော မျိုးစိတ်များကို ပျိုးထောင်ပြီး နောက်ပိုင်းတွင် ပုံမှန်မျိုးစိတ်များကို ဆင့်ကဲ ဖန်တီးမွေးမြူခဲ့သည်။ ယခု အနှစ် ၂၀ ကြာပြီးနောက် ဂြိုဟ်တစ်ခုလုံးသည် မူလအခြေအနေအတိုင်း ပြန်မရောက်သေးသော်လည်း သက်စောင့်စွမ်းအားများဖြင့် ပြည့်နှက်နေပြီဟု ဆိုနိုင်ပေ၏။
ထိုအချိန်တွင် တော်ဝင်ချန်အင်ပါယာ၏ အမိန့်ပြန်တမ်း တစ်ရပ် ထွက်ပေါ်လာသည်။ “အတားအဆီးကို ဖယ်ရှားလိုက်... စွမ်းအင်အတားအဆီးကို ဖယ်ရှားကြ။”
အမိန့်နှင့်အတူ မြို့တော်များ၏ စွမ်းအင်အတားအဆီးများကို တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်ကြသည်။ လက်တွေ့အားဖြင့် ဤအတားအဆီးများသည် မမြင်ရသလောက်ပင် ဖြစ်သည်။ ဖြတ်သန်းသွားလာမှသာ တည်ရှိမှုကို ခံစားမိနိုင်သည်။ ယခုလုပ်ရပ်သည် အခမ်းအနားသဘောမျိုးသာ သက်ရောက်၏။
အတားအဆီးကို ဖယ်ရှားလိုက်သည့်အခါ ပြည်သူများသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ဝမ်းသာမျက်ရည် ကျကြရသည်။ ဤသည်မှာ လောကကြီးတစ်ခုလုံး၏ သက်စောင့်စွမ်းအား ပြန်လည်ရရှိလာပြီဟူသော ပြယုဂ်ပင် ဖြစ်သည်။ ဤအရာအားလုံးသည် မြောက်ဝင်ရိုးစွန်းရှိ အင်ပါယာမင်းမြတ်ကြောင့်ပင်။ လောကသူ၊ လောကသားတို့၏ နှလုံးသားထဲတွင် ရှမ့်လန်သည် လူသားမဟုတ်တော့ဘဲ နတ်ဘုရား အဆင့်အတန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“အတားအဆီးကို ဖယ်ရှားလိုက်... အတားအဆီးကို ဖယ်ရှားလိုက်။”
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
လွန်ခဲ့သော အနှစ် ၂၀ အတွင်း လောကပေါ်ရှိ အမိုးခုံးမြို့တော်အားလုံးသည် လူဦးရေ ပြည့်ကျပ်နေခဲ့သည်။ ယခုအခါ စွမ်းအင်ဒိုင်းများကို ဖယ်ရှားလိုက်ပြီဖြစ်၍ ပြည်သူအများအပြားသည် မြို့တော်များမှ ထွက်ခွာကာ မြို့သစ်၊ ရွာသစ်များ တည်ထောင်နိုင်ကြပြီ ဖြစ်သည်။
သို့သော်ငြား အမိုးခုံးစွမ်းအင်ဒိုင်းကို ဖယ်ရှားလိုက်သော်လည်း နျူကလီးယား စွမ်းအင်အူတိုင်ကတော့ ဆက်လက်ရှိနေဦးမည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်တိုင်း၏ စွမ်းအင်လိုအပ်ချက်သည် ကြီးမားနေဆဲ ဖြစ်ပြီး ပိုမို၍လည်း ကြီးမားလာနေသောကြောင့်ပင်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က အမိုးခုံးမြို့တော်အားလုံးသည် စွမ်းအင်အူတိုင်ကို သာမန်နျူကလီးယားစွမ်းအင်မှ ထိန်းချုပ် နျူကလီးယား ပေါင်းစည်းခြင်း စွမ်းအင် အဖြစ် အစားထိုးလဲလှယ်ခဲ့ကြသည်။ ရှမ့်လန်၌ လကမ္ဘာသို့ ပျံသန်းပြီး ဟီလီယမ်-၃ တူးဖော်နိုင်သော နဂါးသုံးကောင် ရှိနေခြင်းက ဤအရာကို ဖြစ်နိုင်စေခဲ့သည်။
ကမ္ဘာမြေ၏ သီအိုရီအရ နျူကလီးယား ပေါင်းစည်းခြင်း၏ အခက်ခဲဆုံးအပိုင်းမှာ ကြီးမားသော စွမ်းအင် ပမာဏကို ထိန်းချုပ်ရန် ဖြစ်သော်လည်း ဤလောကတွင်မူ ထိုပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။ ကျန်းလီ မသေဆုံးမီက သူ၏ ငရဲသလင်းကျောက်ကို အဆင့်မြှင့်တင်ခဲ့ရာ ထိုအရာသည် မည်သည့်စွမ်းအင်ကို မဆို ရူးသွပ်စွာ ဝါးမျိုနိုင်စွမ်း ရှိလာ၏။
ဤသီအိုရီကို အခြေခံ၍ ရှမ့်လန်၊ ဂရက်ဂိုရီနှင့် မဟာပညာရှင်တွိုင်းတို့သည် စွမ်းအင်အူတိုင်သစ်ကို ပုံစံ ရေးဆွဲခဲ့ကြသည်။ ငရဲသလင်းကျောက်၊ နိဗ္ဗာနကောင်းကင် သလင်းကျောက်နှင့် ကျောက်စိမ်းဖြူ မြို့တော် စွမ်းအင်ဒိုင်းတို့ကို ပေါင်းစပ်အသုံးပြုပြီး စွမ်းအင်ကိုထိန်းချုပ်ရုံသာမက သိုလှောင်ခြင်းနှင့် ထုတ်လွှတ်ခြင်း ကိုပါ တိုက်ရိုက် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် လောကလူဦးရေ တစ်ဘီလီယံနီးပါး တိုးတက်လာသော်လည်း စွမ်းအင်ထောက်ပံ့မှုမှာ လုံလောက် သည်ထက် ပိုလျှံနေသေးသည်။ လကမ္ဘာပေါ်ရှိ ဟီလီယမ်-၃ သည် ဤလောကအတွက် နှစ်ပေါင်း တစ်သောင်းခန့် အသုံးပြုရန် လုံလောက်၏။
အနှစ် ၂၀ ဖွံ့ဖြိုးတိုးတက်ပြီးနောက် လောကကြီးသည် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသလားဟု မေးလျှင် ဟုတ်သည်ဟု ဖြေနိုင်သလို မဟုတ်ဟုလည်း ဖြေနိုင်ပေသည်။
မြို့တော်များ၏ အသွင်အပြင်သည် သိပ်မပြောင်းလဲချေ။ ရှေးဟောင်းပုံစံအတိုင်း ပြန်ဖြစ်သွားသော ဧရာမမြို့ကြီးများတွင် အထပ်မြင့် အဆောက်အအုံများ ရှိသော်လည်း ခေတ်မီ မိုးမျှော်တိုက်များ လုံးဝ မဟုတ်ပေ။ မိုဘိုင်းဖုန်းများ၊ တယ်လီဖုန်းများနှင့် ရုပ်မြင်သံကြားများလည်း မရှိချေ။
သို့သော်ငြား ရေဒီယိုများ ပေါ်ပေါက်လာပြီဖြစ်သည်။ သိပ္ပံနည်းပညာသုံး ရေဒီယိုနှင့် အိပ်မက်ကျောက်တုံး စွမ်းအင်သုံး ရေဒီယိုဟူ၍ နှစ်မျိုးရှိပြီး လောကတစ်ဝှမ်း ဆက်သွယ်ရေးကွန်ရက် တစ်ဝက်ကျော် ပြီးစီးနေပြီ ဖြစ်၏။
သလင်းဦးနှောက်တုကို ၁၃ ဆက်မြောက်အထိ အဆင့်မြှင့်တင်ထားပြီး တွက်ချက်မှု အမြန်နှုန်းမှာ အလွန် တိုးတက်လာသော်လည်း စီးပွားဖြစ် ထုတ်လုပ်ခြင်း မရှိသေးပေ။ ၎င်းကို မြို့တော်စွမ်းအင် ခွဲဝေမှု၊ နေမင်းကြီး အား လေ့လာတွက်ချက်မှုနှင့် အာကာသယာဉ် ပြုပြင်မွမ်းမံမှုများ အတွက်သာ အသုံးပြုသည်။
***