လောကဆိုင်ရာ ဧရာမ တယ်လီစကုပ်ကြီး တည်ဆောက်မှုမှာ ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျန်းလီ၏ အာကာသယာဉ် အမှတ် (၂) နှင့် (၃) တို့သည်လည်း စမ်းသပ်ပျံသန်းမှုနှင့် လကမ္ဘာ ဆင်းသက်မှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ဤယာဉ်များကို သလင်းဦးနှောက်ဖြင့် မဟုတ်ဘဲ မီဒူဆာတို့၏ ဝိညာဉ်များဖြင့် ထိန်းချုပ်မောင်းနှင်သည်။
နဂါးနှစ်ကောင် တိုက်ပွဲတွင် ရေအောက်ဂူသင်္ချိုင်း ပျက်စီးသွားရာမှ မီဒူဆာဝိညာဉ်ရာပေါင်းများစွာ လွတ်မြောက် လာခဲ့သည်။ ၎င်းတို့ကို ကာကွယ်ရန် ရှမ့်လန်က ငရဲဝိညာဉ်ပုလဲထဲတွင် စုဆောင်းထားခဲ့သည်။ ရှေးဟောင်းခေတ် မဟာနိဗ္ဗာန ပျက်သုန်းခြင်းကြီးတွင် ခန္ဓာကိုယ်များ ပျက်စီးခဲ့သော်လည်း သူတို့၏ ဝိညာဉ်များတွင် စွမ်းအားကြီးသော စိတ်စွမ်းအားများ ကျန်ရှိနေသည်။ ရှမ့်လန်၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် အံ့မခန်း တွက်ချက်နိုင်စွမ်းနှင့် ဆဋ္ဌမအာရုံကို ပိုင်ဆိုင်လာကြသည်။
လူသားတို့၏ ဝတ်စားဆင်ယင်မှုနှင့် နေထိုင်မှုဘဝသည် ရှေးခေတ်ပုံစံဘက်သို့ တိမ်းညွတ်နေဆဲ ဖြစ်၏။
အကြီးမားဆုံး ကွာခြားချက်မှာ မြို့ပြသယ်ယူပို့ဆောင်ရေး ဖြစ်သည်။ ကောင်းကင်ယံတွင် ပျံသန်းနေသော အရပ်ဖက် ကောင်းကင်ခံတပ်များသည် အဓိကသယ်ယူပို့ဆောင်ရေးယာဉ်များ ဖြစ်လာသည်။
လောကကြီးတစ်ခုလုံးတွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ ၆၈ နှစ် ကြာလျှင် ရောက်လာမည့် မဟာနိဗ္ဗာန ပျက်သုန်းခြင်း ဘေးအန္တရာယ်ကြီးကို ကာကွယ်ရန် ဖြစ်သည်။ ကျန်ကိစ္စများကို ဘေးဖယ် ထားရမည်ဖြစ်ပြီး လောကကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအားလုံးသည် ဤရည်မှန်းချက် ပတ်လည်၌သာ လည်ပတ် နေရမည် ဖြစ်သည်။
……………..
ဤအနှစ် ၂၀ အတွင်း ရှမ့်လန်သည် တစ်နှစ်လျှင် တစ်ရက် (နှစ်သစ်ကူးနေ့) သာ အိမ်ပြန်ခွင့် ရခဲ့သည်။ သို့သော်ငြား လွန်ခဲ့သော နှစ်နှစ်က နေ့တစ်နေ့တွင်မူ သူသည် မြောက်ဝင်ရိုးစွန်းမှ ထွက်ခွာလာခဲ့သည်။ အကြောင်းမှာ နင်ယွမ်ရှန်း ထွက်ခွာသွားတော့မည် ဖြစ်သောကြောင့်ပင်။
ရှမ့်လန်သည် နင်ယွမ်ရှန်း၏ ပါကင်ဆန်ရောဂါကို ကုသပေးနိုင်သော်လည်း နင်ယွမ်ရှန်းက ငြင်းပယ်ခဲ့သည်။ လောကကြီးသည် ပြောင်းလဲမှု မြန်ဆန်လွန်းသည်ဟု သူဆိုသည်။ အတိတ်ကအရာများကို ထိန်းသိမ်းထားမှသာ လက်တွေ့ဆန်မှု၊ လုံခြုံမှုနှင့် ဘဝအပေါ် လေးစားမှု ခံစားရနိုင်မည်ဟု သူယုံကြည်သည်။ ဤနည်းဖြင့်သာ သူသည် နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သည်။
ဤ ၁၈ နှစ်တာ ကာလအတွင်း နင်ယွမ်ရှန်း အလွန်ပျော်ရွှင်ခဲ့ရသည်။ ရှမ့်လန်ကြောင့် သမီးဖြစ်သူ နင်ယန် လည်း ကလေးရနိုင်ခဲ့ပြီး နင်ယွမ်ရှန်း၌ မြေးများ ပိုမိုများပြားလာခဲ့သည်။ သူသည် မြေး၊ မြစ်၊ တီ၊ တွတ် တိုင်အောင် မျိုးဆက်များ ပြန့်ပွားလာခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။
သူ ထွက်ခွာတော့မည့်နေ့တွင် သူ့ခန္ဓာကိုယ် တုန်ခါမှုများ ရပ်တန့်သွားသည်။ သူသည် နုရှောင့်မြို့တော်ရှိ လေ့ကျိုးစံအိမ် တောင်ထိပ်မျှော်စင်ဆောင်တွင် လဲလျောင်းရင်း မြို့တော်ကို ငေးကြည့်နေခဲ့သည်။ သူ့ကို မိသားစုဝင်များက ဝိုင်းရံထားကြပြီး ရှမ့်လန်က သူ့လက်ကို ဆုပ်ကိုင်ထားသည်။
“အရမ်း ကောင်းတယ်။ အရမ်း လှတယ်။”
ဤစကားနှစ်ခွန်းကို ဆိုပြီးနောက် နင်ယွမ်ရှန်းသည် အပြုံးပန်း ဆင်မြန်းလျက် ကွယ်လွန်သွားခဲ့သည်။ ရေခဲဖြင့် အလုံပိတ်ထားခံရသည့် နှစ် ၃၀ ကို ထည့်မတွက်လျှင် သူသည် အသက် ၈၅ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် အေးချမ်းစွာ ကွယ်လွန်ခဲ့ခြင်း ဖြစ်၏။
ဤအနှစ် ၂၀ အတွင်း ရှမ့်လန်၌ ကလေးသုံးယောက် ထပ်မံ ထွန်းကားခဲ့သည်။ ရှစ်ချင်းချင်းနှင့် ကျုံးရှစ်ရှစ် တို့လည်း နောက်ဆုံးတွင် ဆန္ဒပြည့်ဝကာ ကလေးများ ရရှိခဲ့ကြသည်။
အထူးသဖြင့် ကျုံးရှစ်ရှစ်ဆိုလျှင် အမြွှာပင် မွေးဖွားခဲ့သည်။ ယောင်ယောင်ကတော့ တစ်ကိုယ်တည်း ဖြစ်နေဆဲပင်။ ရှီလွန်အင်ပါယာဘုရင်မ ဟယ်လင်နှင့် ယခင် ပင်လယ်ဓားပြခေါင်းဆောင် မင်းသမီး ဟီလာ တို့သည်လည်း အိမ်ထောင်မပြုကြတော့ပေ။
နယ်စားကြီး ဒီဘိုရာလည်း နောက်ဆုံးတွင် ဆန္ဒပြည့်ဝသွားခဲ့သည်။ သူမ၏သား လိုကီကို ဘုရင်မ ဟယ်လင် က မွေးစားလိုက်သောကြောင့် ရှီလွန်အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်လာခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ရှီလွန်အင်ပါယာသည် ဤကိစ္စကို အကြီးအကျယ် ကန့်ကွက်ခဲ့ကြသော်လည်း ယခုအခါတွင်မူ မည်သူမှ မကန့်ကွက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရှီလွန်အင်ပါယာကိုလည်း အရှင်ရှမ့်လန် ကပင် ကယ်တင်ခဲ့ပြီး ဆက်လက်၍လည်း ကယ်တင်ရဦးမည် ဖြစ်သောကြောင့်ပင်။
ထို့အပြင် နယ်စားကြီး ဒီဘိုရာသည် သားနှစ်ယောက်၊ သမီးနှစ်ယောက် စုစုပေါင်း ကလေးလေးယောက်ကို မွေးဖွားခဲ့သည်။ သူတို့သည် ရော့ဆိုမိသားစု စီးပွားရေးကိုသာမက တော်ဝင်ချန်အင်ပါယာနှင့် ရှီလွန်အင်ပါယာကိုပါ ဆက်ခံနိုင်စွမ်း ရှိကြသည်။ သူမသည်လည်း ရှီလွန်အင်ပါယာမှ နုရှောင့်မြို့တော်သို့ လုံးဝ ပြောင်းရွှေ့ အခြေချခဲ့သည်။
ငရဲသလင်းကျောက်များမှ စွမ်းအင်များ ထုတ်လွှတ်ပြီးသည့်နောက်တွင် ရှေးဟောင်းစစ်သည်တော် ရုပ်သေး များသည် အစွမ်းထက်ဆုံးသော စက်ရုပ်လုပ်သားများ ဖြစ်လာခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် အတွင်း ရှမ့်လန်သည် အဆင့်မြင့်နဂါးနှင့် အန္တိမနဂါးတို့၏ အသိပညာ ဗဟုသုတများကို စာပေအက္ခရာများ အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဤလောကရှိ ထိပ်တန်းပညာရှင်များထံသို့ လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။ ထိုပညာရပ်များသည် ဘာသာရပ်ခွဲပေါင်း ဒါဇင်များစွာအဖြစ် ကွဲပြားသွားခဲ့၏။
အဆင့်မြင့်နဂါး၏ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စေ၊ အန္တိမနဂါး၏ ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စေ၊ စာပေ အက္ခရာများ အဖြစ် ပြောင်းလဲလိုက်ချိန်တွင် နားလည်သဘောပေါက်ရန် ပိုမိုခက်ခဲနက်နဲ သွားခဲ့သည်။ လူအများစုသည် မိမိတို့၏ ဘဝတစ်လျှောက်လုံး အချိန်ကုန်ခံကာ လေ့လာခဲ့ကြသော်လည်း ထိုဘာသာရပ်ခွဲများထဲမှ တစ်ခုကိုပင် ပိုင်နိုင်ကျွမ်းကျင်ရန် ခဲယဉ်းလှသည်။ ပါရမီရှင်များ အတွက်ဆိုလျှင်ပင် ခြွင်းချက် မရှိခဲ့ချေ။
ထိုပညာရပ်များကို စာပေအဖြစ် ပြောင်းလဲလိုက်ချိန်တွင် စာကြည့်တိုက်ပေါင်းများစွာ ပြည့်လျှံသွားစေနိုင် သော်လည်း စာနှင့် ပုံရိပ်များသည် မူရင်းအနှစ်သာရ၏ သုံးပုံတစ်ပုံကိုပင် ဖော်ပြနိုင်ခြင်း မရှိပေ။ လောကကြီး ၏ ဇီဝသက်စောင့်စွမ်းအင်များ ပြန်လည်ပြည့်ဝလာခဲ့ပြီ ဖြစ်သကဲ့သို့ အသိပညာ ဗဟုသုတများကိုလည်း လက်ဆင့်ကမ်း ဖြန့်ဝေနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ရှမ့်လန်သည် လုံးဝ လွတ်လပ်သွားခဲ့ပြီး မြောက်ဘက်စွန်းဒေသရှိ အမှောင်ပလ္လင်ထက်တွင် ထိုင်နေရန် မလိုအပ်တော့ချေ။ မြောက်ဘက်စွန်း နန်းတော်နှင့် အမှောင်ပလ္လင်တို့သည် ပျောက်ကွယ်သွားခဲ့ပြီး စွမ်းအင်နှင့် ဒြပ်သားများအဖြစ် ပြောင်းလဲကာ လောက၏ အကာအရံလွှာနှင့် မြေလွှာ ဗဟိုချက်ဆီသို့ ပြန်လည် စီးဝင်သွားခဲ့ကြ၏။
မြောက်ဘက်စွန်းဒေသသည် ယခင်မူလ မြောက်ဘက်စွန်းဒေသအသွင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရေခဲမြစ်များ၊ ဆီးနှင်းဖုံးလွှမ်းနေသော မြေပြင်များနှင့် လှပသော ဥတ္တရအလင်းတန်းများဖြင့် တင့်တယ် နေတော့သည်။
ရှမ့်လန်သည် တောင်ဘက်သို့ ပြန်ရောက်သည်နှင့် ပထမဆုံး လုပ်ဆောင်ခဲ့သည့်အရာမှာ ထီးနန်းကို စွန့်လွှတ်ခြင်း ဖြစ်သည်။ သူသည် ထီးနန်းအရိုက်အရာကို အိမ်ရှေ့စံ ရှမ့်ယီထံသို့ လွှဲပြောင်းပေးအပ်ခဲ့၏။
ယခုအခါ အသက်သုံးဆယ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ရှမ့်ယီသည် သန်စွမ်းရင့်ကျက်နေပြီ ဖြစ်သည်။ နှစ်ပေါင်း နှစ်ဆယ်ကြာ လေ့လာသင်ယူမှုများနှင့် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက်တွင် သူသည် ပြောင်မြောက်သော အုပ်ချုပ်သူတစ်ဦး ဖြစ်လာနိုင်ခဲ့ပြီ ဖြစ်သည်။
မင်းသားကျင်းသည် ရာထူးတွင် ရှိနေဆဲဖြစ်ပြီး တော်ဝင်ချန်အင်ပါယာ၏ ဝန်ကြီးချုပ်တာဝန်ကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ထမ်းဆောင်ခဲ့သည်။ တော်ဝင်ချန်အင်ပါယာသည်လည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ရာ နိုင်ငံတော်ဝန်ကြီးဌာနနှင့် လျှို့ဝှက်ကောင်စီတို့ကို ဖျက်သိမ်းပြီး အစိုးရအဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးဌာန ၂၃ ခုနှင့် ပြည်နယ် ၃၃ ခု ပါဝင်၏။
ကျင်းကျိုးနှင့် ကျိုးရှီတို့မှာ အငြိမ်းစား ယူသွားခဲ့ကြသော်လည်း ကျန်းချုံး၊ စုနန်နှင့် အခြားသူများမှာမူ ရာထူးတာဝန်များကို ထမ်းဆောင်နေကြဆဲ ဖြစ်သည်။ ကျင်းမူကုန်းသည်လည်း အစိုးရအဖွဲ့ထဲသို့ ဝင်ရောက်လာပြီး နောက်ဆုံးသော ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ စာရေးဆရာ ဖြစ်လိုသော သူ၏ အိပ်မက်မှာမူ နှစ်ပေါင်းများစွာ ကြာအောင် ရွှေ့ဆိုင်းထားရဦးမည်။
အသိစိတ် ပြန်လည်ရရှိလာခဲ့သော အရူးကြီး၊ ကျူးဟုန်ရွှဲ့နှင့် မင်းသမီး ကျိရွှမ်တို့သည် အင်ပါယာ၏ စစ်သေနာပတိချုပ်များ ဖြစ်လာခဲ့ကြသည်။ အင်ပါယာသည် မိန်းမစိုးစနစ်ကို အပြီးတိုင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း လက်ရှိ ရှိနေဆဲဖြစ်သော မိန်းမစိုးများကိုမူ ဆက်လက် အမှုထမ်းစေခဲ့သည်။
သို့သော်ငြား လီမူနှင့် လီစွန်းတို့မှာ ကွယ်လွန်သွားခဲ့ကြ၏။ မိန်းမစိုး လီအန်းသည် နန်းတော်ထဲတွင် ရှိနေဆဲ ဖြစ်သော်လည်း တာဝန်များကို ဦးစီးလုပ်ကိုင်ခြင်း မရှိတော့ချေ။ လက်ရှိ နန်းတော်၏ မိန်းမစိုးချုပ်မှာ မျှော်လင့်မထားသော သူတစ်ဦး ဖြစ်သည်။ တစ်ချိန်က ရှမ့်လန်၏ ရန်သူဖြစ်ခဲ့ဖူးသော ကျူးဝမ်ဟွာသည် ယခုအခါ ရှမ့်မိသားစု၏ သစ္စာရှခွေးတစ်ကောင် ဖြစ်လာခဲ့၏။
ကံတရားသည် လူတို့အား လှည့်စားတတ်စမြဲ ဖြစ်သည်။
.............
ထီးနန်းစွန့်လွှတ်ပြီးနောက်တွင် ရှမ့်လန်သည် မသေမျိုး နတ်ဘုရားတစ်ပါးကဲ့သို့ နေထိုင်ခဲ့သည်။ အချိန်အများစု ကို နုရှောင့်မြို့တွင် ကုန်ဆုံးလေ့ရှိပြီး ရံဖန်ရံခါတွင် စာသင်ကျောင်းသို့ သွားရောက်လေ့ ရှိသည်။ တစ်ခါတစ်ရံတွင် မိသားစုကို ခေါ်ဆောင်ကာ လောကအနှံ့ အလည်အပတ် ထွက်တတ်၏။
နောက်လာမည့် ဆယ်စုနှစ်များစွာတိုင် သူသည် ဇနီးသည်များနှင့် သားသမီးများ၏ အနားတွင် အဖော်ပြု နေထိုင်ပေးနိုင်တော့မည်။ ပင်းအာ၊ နင်ယန်နှင့် အခြားသူများသည် နောက်ဆုံးတွင် သူတို့ အလိုရှိသော အရာကို ရရှိခဲ့ကြပြီး ရှမ့်လန်နှင့်အတူ နေ့ရက်တိုင်း ရှိနေနိုင်ခဲ့ကြသည်။
ရှမ့်လန် ပြန်ရောက်လာသောကြောင့် ကျုံးရှစ်ရှစ်နှင့် ရှစ်ချင်းချင်းတို့၏ ရန်ဖြစ်သံများမှာ ယခင်ကလောက် မစိတ်တော့ချေ။ ယခင်က တစ်ရက်လျှင် နှစ်ကြိမ် ရန်ဖြစ်လေ့ ရှိသော်လည်း ယခုအခါ နှစ်ရက်မှ တစ်ကြိမ်သာ ရန်ဖြစ်ကြတော့၏။
ကျုံးရှစ်ရှစ်သည် ယခင်အတိုင်း နိုင်လိုမင်းထက် ပြုမူတတ်ဆဲ ဖြစ်ပြီး ရှစ်ချင်းချင်း၊ ကျန်းချွင်းဟွာ၊ ပင်းအာ၊ နင်ယန်တို့နှင့် တပြိုင်နက်တည်း ရန်ဖြစ်သည်။ နယ်စားကြီး ဒီဘိုရာမှာမူ ရှမ့်လန်ကိုသာ ရိုရိုသေသေ ပြုစုတတ်ပြီး အခြားသူများနှင့် သိပ်ပြီး ရောရောနှောနှော မနေချေ။
ထို့ကြောင့် ရှမ့်လန်၏နေအိမ်သည် အနည်းဆုံးတော့ လူ့လောက၏ အငွေ့အသက်များဖြင့် ပြည့်နှက် နေခဲ့သည်။ သူသည် အန္တိမနဂါးဉာဏ်အလင်းအဆင့်ကို ထိုးထွင်းသိမြင်ထားသူ တစ်ဦးနှင့် မတူသကဲ့သို့ နတ်ဘုရားတစ်ပါး နှင့်လည်း မတူချေ။ သာမန်လူတစ်ဦးကဲ့သို့သာ နေထိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက မက်ခဲ့ဖူးသော သူ၏အိပ်မက်သည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာခဲ့ပြီး စားသောက်လိုက်၊ ကစားလိုက်ဖြင့် ဘဝကို ဖြတ်သန်းနေခဲ့သည်။
..........
ထိုနေ့တွင် ရှမ့်လန်သည် ချောင်ယောင်းအာနှင့် ဂရက်ဂိုရီတို့ကို နှုတ်ဆက်ရန် မိသားစုကို ခေါ်ဆောင်သွားခဲ့သည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဂရက်ဂိုရီသည် သူနှင့်လိုက်ဖက်ညီသော ဇနီးသည် တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမသည်လည်း ပါရမီရှင်တစ်ဦးဖြစ်ပြီး တော်ဝင်တက္ကသိုလ်မှ ကျောင်းသူ တစ်ဦး ဖြစ်၏။
လက်ထပ်ပြီးနောက်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ထွန်းကားခဲ့ပြီး သူကိုယ်တိုင် သင်ကြားပြသ ပေးခဲ့သည်။ သားဖြစ်သူမှာ ပါရမီရှင်တစ်ဦးဖြစ်ပြီး ဂရက်ဂိုရီနှင့် အလွန်တူသော်လည်း ပို၍ သွက်လက် တက်ကြွသည်။ သမီးဖြစ်သူမှာမူ အေးဆေးတည်ငြိမ်ပြီး သိပ္ပံပညာကို မနှစ်သက်ဘဲ စာပေအနုပညာ ကိုသာ နှစ်သက်သည်။
ဂရက်ဂိုရီသည် သူ၏ သုတေသနလုပ်ငန်းတွင် အခက်အခဲများနှင့် ရင်ဆိုင်လာရသဖြင့် ချောင်ယောင်းအာ၏ စူးစမ်းရှာဖွေရေး ရေယာဉ်စုသို့ ဝင်ရောက်ကာ ရေယာဉ်စု၏ မဟာပညာရှင် ဖြစ်လာခဲ့သည်။ ယခုအချိန် မှစ၍ နောက်ထပ် ကျရောက်လာမည့် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကပ်ဘေးကြီးသည် နှစ်အရ ခြောက်ဆယ့်ရှစ်နှစ်မျှ လိုတော့၏။
ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာတွင် လောကကို ကယ်တင်မည့် ပြီးပြည့်စုံသော စီမံကိန်းတစ်ခု ရှိထားပြီး ဖြစ်သော်လည်း ထိုအရာမှာ သီအိုရီ အဆင့်သာ ရှိသေးသဖြင့် လက်တွေ့ စမ်းသပ်ရန် လိုအပ်နေသည်။ သို့သော်ငြား ဤစမ်းသပ်မှု၏ ဖျက်ဆီးအားမှာ အလွန်တရာ ကြီးမားသောကြောင့် ဤလောကပေါ်၌ စမ်းသပ်၍ မဖြစ်နိုင်ချေ။ ထို့ကြောင့် အခြားသော ဂြိုဟ်တစ်ခုသို့ သွားရောက်ရန် လိုအပ်သည်။
ထို့ကြောင့် စူးစမ်းရှာဖွေရေး ရေယာဉ်စုသည် ကီလိုမီတာ သန်းပေါင်းများစွာ ဝေးကွာသော အမိုရာဂြိုဟ်သို့ သွားရောက်ပြီး လောကကယ်တင်ရေးအတွက် ပထမဆုံးသော စမ်းသပ်မှုကို စတင်ရမည် ဖြစ်သည်။ ထိုနေရာတွင် အခြေစိုက်စခန်း တစ်ခုကိုလည်း တည်ဆောက်ရမည်။
ထိုမှတစ်ဆင့် သူတို့သည် ၆၈ နှစ်တာ ကာလအတွင်း နေမင်းကို အကြိမ်ကြိမ်အခါခါ လေ့လာခြင်း၊ စမ်းသပ်ခြင်းနှင့် မွမ်းမံခြင်းများ ဆက်တိုက် ပြုလုပ်ရပေမည်။ ထို့အပြင် ဧရာမနဂါးကြီး သုံးကောင်သည် လည်း လိုက်ပါသွားရမည်။
လာမည့် ဆယ်စုနှစ် အနည်းငယ်အတွင်း နေမင်းကို အသေအချာ လေ့လာနိုင်ရန် ဧရာမနဂါးကြီး သုံးကောင်သည် အလှည့်ကျစနစ်ဖြင့် နေမင်းဆီသို့ သွားရောက်ကြရမည်။ လောကကို ကယ်တင်ခြင်းသည် အလွန်ရှုပ်ထွေးပြီး ကြီးမားသော စီမံကိန်းကြီး တစ်ခု ဖြစ်သည်။ လောက တစ်ဝန်းလုံးရှိ အင်အားများကို စုစည်းပြီး ဂြိုဟ်တစ်ခုလုံး၏ အရင်းအမြစ်များကို အသုံးပြုလျှင်ပင် လုံလောက်ချင်မှ လုံလောက်ပေမည်။ သို့သော်ငြား အနည်းဆုံးတော့ သူတို့သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေကြပြီ ဖြစ်သည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “ဒီတစ်ခေါက်သွားရင် ပြန်လာဖို့ နှစ်အတော်ကြာလိမ့်မယ်။ ဒါကြောင့် လာမယ့်နှစ်တွေမှာ ရှင်နဲ့အတူ မနေပေးနိုင်တော့ဘူး။”
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ချောင်ယောင်းအာသည် ဤနေ့ရက်အတွက် အသိပညာ ဗဟုသုတ အစုံအလင် ကို ဆက်တိုက် လေ့လာသင်ယူခဲ့သည်။ သူမ၏ အိပ်မက်မှာ မသိရှိသေးသော လောကကို စူးစမ်းရှာဖွေရန် ဖြစ်ပြီး ယခုအခါ သူမသည် မသိရှိသေးသော စကြဝဠာဆီသို့ သွားရောက်တော့မည်။ နောက်ဆုံးတွင် သူမ၏ ဆန္ဒများ ပြည့်ဝခဲ့ပြီဖြစ်သည်။
“တာတာ့... မေမေ” ယောင်ယောင်သည် စကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးဝိုင်းကြီးများဖြင့် ဆက်သွယ် ပြောဆိုကာ မိခင်ဖြစ်သူကို လက်ပြနှုတ်ဆက်လိုက်၏။
ရှမ့်လန်၏ စစ်မှန်သော ဆက်ခံသူမှာ မည်သူနည်း။ ရှမ့်ယီသည် ရှမ့်လန်၏ အင်ပါယာကို ဆက်ခံခဲ့ပြီး ဂရက်ဂိုရီ သည် ရှမ့်လန်၏ သိပ္ပံနည်းပညာ ယဉ်ကျေးမှုကို ဆက်ခံခဲ့ကာ ယောင်ယောင်သည် ရှမ့်လန်၏ စွမ်းအင်ယဉ်ကျေးမှုကို ဆက်ခံခဲ့သည်။
ရှုထောင့်တစ်ခုမှကြည့်လျှင် သူမသည် ရှမ့်လန်၏ အကြီးမြတ်ဆုံးသော ဆက်ခံသူ ဖြစ်သည်။ အလယ်အလတ် အဆင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ဖြစ်စေ၊ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ဖြစ်စေ၊ အဆုံးစွန် နဂါးဉာဏ်အလင်းပွင့်ခြင်း ဖြစ်စေ၊ တကယ်တမ်းမှာတော့ မည်သည့်အရာကမှ နဂါးများနှင့် သက်ဆိုင်ခြင်း မရှိပေ။
ထိုအရာများသည် စွမ်းအင်၊ ရူပဗေဒ၊ နက္ခတ္တဗေဒ၊ ဒဿနိကဗေဒနှင့် ဘာသာရေးဆိုင်ရာ အယူဝါဒများ ပေါင်းစပ်ထားခြင်းသာ ဖြစ်၏။ ယောင်ယောင် တစ်ဦးတည်းသာလျှင် ထိုအရာများကို ထိုးထွင်း သိမြင်နိုင်သော ဉာဏ်ပညာနှင့် စိတ်ဝိညာဉ် ရှိပြီး စာပေအက္ခရာများဖြင့် မှတ်သား ကျက်မှတ်ရန်ပင် မလိုအပ်ချေ။
“သွားတော့မယ်။” ချောင်ယောင်းအာသည် လက်ကို ဝှေ့ယမ်းပြလိုက်ပြီး အမှတ်နှစ် အာကာသယာဉ် ပေါ်သို့ တက်ရောက်သွားခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် အာကာသယာဉ် သုံးစင်းသည် ကောင်းကင်ယံ ထဲသို့ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ လောကကယ်တင်ရေး စီမံကိန်း၏ စစ်မှန်သော အစပျိုးခြင်းဖြစ်၏။
.......
***