နောက်လာမည့် ဆယ်စုနှစ်များစွာအတွင်း ရှမ့်လန်သည် လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နေ့ရက်တိုင်းကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း နေသောကြောင့်ပင်။ သူသည် မိသားစု၊ ချစ်ခင်ရသူများနှင့် သားသမီးများကို အချိန်ပေးကာ အဖော်ပြုနေခဲ့ သည်။ သူသည် မိသားစုဘဝ၏ ပျော်ရွှင်မှု အရသာကို နေ့ရက်တိုင်း ခံစားနေခဲ့သည်။
လောကကို ကယ်တင်မည့် ကိစ္စနှင့် ပတ်သက်၍ သူလုပ်ဆောင်ရမည့် အရာမှန်သမျှကို လုပ်ဆောင်ပြီးခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသော အပိုင်းများကို ဤလောကရှိ လူသားများက ဆက်လက် လုပ်ဆောင်ကြရမည်။ သူသည် လမ်းပြရုံသာ လိုအပ်တော့၏။
အချိန်သည် ရေအလား ကုန်ဆုံးလွယ်လှ၏။ နှစ်လများစွာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ခြောက်ဆယ့် ရှစ်နှစ်ဟူသော အချိန်ကာလသည် ကုန်ဆုံးသွားခဲ့၏။ မဟာနိဗ္ဗာနပျက်သုန်းခြင်းနေ့ရက်သည် တဖြည်းဖြည်း နှင့် ပိုမို နီးကပ်လာခဲ့သည်။
...
လွန်ခဲ့သော ၆၈ နှစ်တာ ကာလအတွင်း လောကတစ်ခုလုံးသည် အရာတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက် ထားခဲ့ကြသည်။ ထိုအရာမှာ မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ကပ်ဘေးကြီးကို မည်သို့ ကာကွယ်ရမည်နည်း ဟူသော အချက်ပင်။
ပို၍ တိကျစွာ ပြောရလျှင် တတိယအကြိမ်မြောက် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်၏။
ပထမအကြိမ်မှာ ရှေးဟောင်းခေတ်ဦးကာလဖြစ်ပြီး ဒုတိယအကြိမ်မှာ ရှေးဟောင်းခေတ် ဖြစ်သည်။ ထိုယဉ်ကျေးမှု နှစ်ရပ်သည်လည်း လောကယဉ်ကျေးမှုကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသော်လည်း အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိုခေတ်ကာလ နှစ်ခုကို ဖြတ်သန်းပြီးနောက် လူသားယဉ်ကျေးမှုသည် ဆက်လက် ရှင်သန်နိုင်ခဲ့သော်လည်း အလွန်တရာ ခက်ခဲကြမ်းတမ်းခဲ့ရသည်။ ရှေးဟောင်းခေတ်ဦးနှင့် ရှေးဟောင်းယဉ်ကျေးမှုတို့သည် ဉာဏ်ပညာနှင့် အသက်ပေါင်း မည်မျှ ပေးဆပ်ခဲ့ရကြောင်း မည်သူ သိရှိနိုင်မည်နည်း။ သူတို့၏ ပေးဆပ်မှုများ သည် ယခုလောက၏ ပေးဆပ်မှုထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ကွာခြားချက်မှာ ဤတစ်ကြိမ်၌ လောကတစ်ခုလုံး၏ ဉာဏ်ပညာနှင့် အင်အားများကို စုစည်းထားနိုင်ခြင်းပင် ဖြစ်သည်။ ထို့အပြင် သူတို့သည် ရှေးဟောင်းခေတ်ဦးနှင့် ရှေးဟောင်း ယဉ်ကျေးမှုတို့၏ ပခုံးထက်တွင် ရပ်တည်နေကြပြီး သိပ္ပံပညာယဉ်ကျေးမှုကိုလည်း ပူးတွဲ ပိုင်ဆိုင်ထားကြ သည်။ ဤတစ်ကြိမ်တွင် သူတို့ အောင်မြင်နိုင်မည်လား။
...........
တော်ဝင်ချန်အင်ပါယာနှင့် ရှီလွန်အင်ပါယာတို့သည် ၁၃ နှစ်ခန့် အချိန်ယူခဲ့ကြပြီး ဧရာမနဂါး သုံးကောင်သည် နေမင်းဆီသို့ ၁၉ ကြိမ်ထက်မနည်း ပျံသန်းသွားရောက်ခဲ့ကာ နောက်ဆုံးတွင် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်ပေါ်မည့်အချိန်ကို တွက်ချက်နိုင်ခဲ့ကြသည်။
ရှမ့်ချန်အင်ပါယာ ၈၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် .....။
ယခင် တော်ဝင်ချန်အင်ပါယာနှင့် ကွဲပြားစေရန် အင်ပါယာအသစ်ကို ရှမ့်ချန်အင်ပါယာဟု အမည် ပေးခဲ့ပြီး ယခင်အင်ပါယာကို ကျန်းချန်အင်ပါယာဟု ခေါ်ဆိုခဲ့ကြသည်။ ရှမ့်လန်က ကျန်းလီကို အနိုင်ယူလိုက်သော နေ့ရက်ကို ရှမ့်ချန်အင်ပါယာ၏ ပထမနှစ်အဖြစ် သတ်မှတ်ခဲ့ကြ၏။
မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ကျရောက်မည့် တိကျသောအချိန်ကို ရှမ့်လန်က တွက်ချက်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင်ကျောင်းကလည်း ကိန်းဂဏန်းတစ်ခုကို တွက်ချက်နိုင်ခဲ့ပြီး အကြမ်းဖျင်းအားဖြင့် မှန်ကန် သော်လည်း ၁၂၁ မိနစ်ခန့် စောနေခဲ့သည်။
အင်ပါယာကျန်းလီ၏ တွက်ချက်မှုများသည်လည်း မှားယွင်းနေခဲ့သည်။ မြောက်ဘက်စွန်းဒေသ ပြောင်းလဲ သွားချိန်၌ သူက မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းသည် နှစ်ပေါင်း ၉၀ အတွင်း ဖြစ်ပေါ်လိမ့်မည်ဟု ပြောဆိုခဲ့ သော်လည်း တကယ်တမ်းတွင် ၉၆ နှစ် ကြာမြင့်ခဲ့၏။
အင်ပါယာကျန်းလီသည် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း အချိန်ရောက်မှ ထွက်ပြေးရန် စောင့်ဆိုင်းနေမည် မဟုတ်သောကြောင့် အချိန်ကို တမင်တကာ နှစ်အနည်းငယ် စော၍ ပြောဆိုခဲ့ခြင်းလည်း ဖြစ်နိုင်၏။ သူ၏ စီမံကိန်းအရ နှစ်ပေါင်း ၅၀ အတွင်း ဂြိုဟ်တစ်ခုလုံး၏ ဇီဝစွမ်းအင်ကို ဝါးမျိုပြီးနောက် ရှေးဟောင်း လူသားဝိညာဉ် သိန်းပေါင်းများစွာကို ခေါ်ဆောင်ကာ ဤကြယ်အဖွဲ့အစည်းမှ ထွက်ခွာသွားရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။
မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်ပေါ်လာချိန်တွင် သူ၏ယာဉ်ပျံသည် အလွန်ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် နေမင်း၏ ပြောင်းလဲမှုမှ ထွက်ပေါ်လာသော စွမ်းအင်များသည် သူတို့ဆီသို့ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်၏ တွက်ချက်မှုကမူ မိနစ်ပိုင်း အလိုမရှိ တိကျနေရန် လိုအပ်သည်။ အမှားအယွင်း များလွန်းပါက ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်သည်။ လောက ကယ်တင်ရေး စီမံကိန်းကို လွန်ခဲ့သော နှစ်ပေါင်း ၈၀ တည်းက ဆုံးဖြတ် သတ်မှတ်ခဲ့ကြပြီးနောက် မရေမတွက်နိုင်သော ဆွေးနွေးမှုများနှင့် ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြ၏။
မူလအစီအစဉ်မှာ အလွန် ရိုးရှင်းသည်။ နိဗ္ဗာန ငရဲသလင်းကျောက်ကို အခြားဂြိုဟ်တစ်ခုသို့ ယူဆောင် သွားပြီး စွမ်းအင်များကို မနားတမ်း ဝါးမျိုစေခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုဂြိုဟ်များပေါ်တွင် သက်ရှိများ မရှိသော်လည်း ဘူမိအပူစွမ်းအင်များရှိပြီး အလွန် ပြင်းထန်သော ဘူမိအပူစွမ်းအင်များလည်း ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤငရဲသလင်းကျောက်များသည် အကန့်အသတ်မရှိ ကြီးထွား လာနိုင်သည်။
ထို့နောက် ဤနိဗ္ဗာန ငရဲသလင်းကျောက်သည် ဤလောက၏ ကောင်းကင်ယံထက်တွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော စွမ်းအင်အတားအဆီးတစ်ခုကို ဖြန့်ကျက်လိုက်မည်ဖြစ်ပြီး လောက တစ်ခုလုံးကို လွှမ်းခြုံထားနိုင်မည်။
မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်ပေါ်လာချိန်မှာတော့ မဟာနိဗ္ဗာန အသွင်ပြောင်းလဲခြင်းမှ ထွက်ပေါ်လာသော စွမ်းအင်များကို နိဗ္ဗာနငရဲသလင်းကျောက် စွမ်းအင်ဒိုင်းက အပြည့်အဝ စုပ်ယူလိုက်မည် ဖြစ်၏။ ဤနည်းအားဖြင့် မဟာနိဗ္ဗာန အသွင်ပြောင်းလဲခြင်း၏ စွမ်းအင်များသည် ဤလောကကို ထိခိုက်စေနိုင် တော့မည် မဟုတ်ပေ။
ထိုအရာသည် ဤလောက၏ အပြင်ဘက်တွင် အထူးစွမ်းအင်အတားအဆီးတစ်ခု ဖန်တီးကာ နေမင်းနှင့် ဤလောကကို ခြားနားထားလိုက်ခြင်းနှင့် တူညီသည်။ သို့သော်ငြား ဤစီမံကိန်းသည် ချက်ချင်းပဲ ပယ်ချခြင်း ခံခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် နေမင်း မသေဆုံးမီ ဖြစ်ပေါ်လာသော ပြင်းထန်သည့် ပြောင်းလဲမှုများ ကြောင့် ထွက်ပေါ်လာမည့် စွမ်းအင်သည် အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းပြီး အမြဲတစေ ပြောင်းလဲနေသောကြောင့် ဖြစ်သည်။
ရှမ့်လန်သည် အကြိမ်ပေါင်းများစွာ တွက်ချက်ခဲ့၏။ သူသည် လောက၏ အချင်းထက် နှစ်ဆပိုကြီးသော နိဗ္ဗာနသလင်းကျောက် စွမ်းအင်အတားအဆီးတစ်ခုကို ဖန်တီးခဲ့လျှင်ပင် မဟာနိဗ္ဗာနစွမ်းအင်၏ ၂၀ ရာခိုင်နှုန်း အောက်ကိုသာ စုပ်ယူနိုင်မည် ဖြစ်၏။
ဝန်ပိသွားသည်နှင့် နိဗ္ဗာနငရဲသလင်းကျောက်သည် အချိန်မီ မကြီးထွားနိုင်တော့ဘဲ ပြာမှုန့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။ ကျန်ရှိနေသော မဟာနိဗ္ဗာနစွမ်းအင် ၈၀ ရာခိုင်နှုန်းသည် ဤလောကကို တိုက်ခိုက်လာဦးမည်။
ထို့ကြောင့် ဤစီမံကိန်း၏ အပေါ်တွင် နောက်ထပ် စီမံကိန်းတစ်ခုကို ထပ်မံ ပေါင်းထည့်ခဲ့သည်။ စွမ်းအင် အတားအဆီး တစ်ခု ဖန်တီးရုံသာမက စွမ်းအင်ပြန်ကန်ထုတ်မည့် အတားအဆီးတစ်ခုကိုပါ ဖန်တီးရန် ဖြစ်သည်။
ကောင်းကင်သလင်းကျောက်နှင့် ကျောက်စိမ်းဖြူမြို့တော် အမိုးခုံး၏ စွမ်းအင်ဒြပ်သားများကို အသုံးပြု၍ ပြန်ကန်ထုတ်နိုင်သည့် အတားအဆီးတစ်ခုကို ဖန်တီးမည်။ မဟာနိဗ္ဗာန စွမ်းအင်သည် ပထမအလွှာဖြစ်သော နိဗ္ဗာနငရဲသလင်းကျောက် စွမ်းအင်ဒိုင်းကို ဖောက်ထွက်လာချိန်မှာတော့ ဒုတိယအလွှာဖြစ်သော ပြန်ကန်ထုတ်နိုင်သည့် အတားအဆီးက ချက်ချင်း တားဆီးလိုက်မည်ဖြစ်ပြီး အာကာသထဲသို့ တိုက်ရိုက် ပြန်လည် ကန်ထုတ်ပေလိမ့်မည်။
သို့သော်ငြား ဤစီမံကိန်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ပြန်ကန်ထုတ် အတားအဆီးတွင်လည်း အကန့်အသတ် ရှိနေသောကြောင့် ဖြစ်သည်။ စွမ်းအင်သည် အတိုင်းအတာ တစ်ခုကို ကျော်လွန်သွားပါက စွမ်းအင်အများအပြားကို ခံနိုင်ရည် ရှိတော့မည် မဟုတ်ဘဲ တိုက်ရိုက် ကွဲကြေသွားပေ လိမ့်မည်။
စားပွဲခုံ တစ်လုံးကဲ့သို့ပင် ဖြစ်၏။ အလေးချိန် ပေါင်ဝက်ခန့် ရှိသော ကျောက်ခဲလုံးဖြင့် ပစ်ပေါက်ပါက ပြန်ကန် ထွက်သွားစေနိုင်သည်။ သို့သော်ငြား အလေးချိန် ဆယ်ဂဏန်းရှိသော သံလုံးဖြင့် ပစ်ပေါက်ပါက စားပွဲခုံသည် တိုက်ရိုက် ကျိုးပဲ့သွားပေလိမ့်မည်။
ရှမ့်လန်၏ တွက်ချက်မှုများအရ ဤစကြဝဠာပတ်လမ်းအတွင်းရှိ သိရှိထားသော စွမ်းအင်များကို အသုံးပြု၍ လုံလောက်သော အရွယ်အစားရှိသည့် ပြန်ကန်ထုတ်နိုင်သော အတားအဆီးတစ်ခုကို ဖန်တီးရပေမည်။ တကယ်တမ်းတွင် ပြန်ကန်ထုတ်နိုင်သည့် အတားအဆီးသည် ကြီးမားနေရန် မလိုအပ်ချေ။ ၎င်းသည် ဤဂြိုဟ်၏ အချင်းထက် အနည်းငယ် ပိုကြီးနေရုံဖြင့် လုံလောက်သည်။
သို့သော်ငြား ဤပြန်ကန်ထုတ်နိုင်သော အတားအဆီးသည် မဟာနိဗ္ဗာန စွမ်းအင်၏ ၂၀ ရာခိုင်နှုန်းကိုသာ အများဆုံး ပြန်လည် ရောင်ပြန်ဟပ်စေနိုင်မည် ဖြစ်သည်။ ၆၀ ရာခိုင်နှုန်း ကျန်ရှိနေသေး၏။
ထို့သို့ဆိုလျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။
ဤ ၆၀ ရာခိုင်နှုန်းသော စွမ်းအင်သည် ဤလောကကို ရိုက်ခတ်လာပါက လောကကို စုတ်ပြဲသွားစေရန် မလုံလောက်သော်လည်း ကပ်ဘေးတစ်ခုတော့ ဖြစ်လာဦးမည်။ အနည်းဆုံးတော့ မြို့တော် အများစု သည် ရှင်သန်နိုင်မည် မဟုတ်ပေ။ မြေပြင်ပေါ်ရှိ မြို့တော်အားလုံးနှင့် မြေအောက်မြို့တော်များပင်လျှင် ရှင်သန်နိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤမဟာနိဗ္ဗာန စွမ်းအင်သည် ဒုတိယအကြိမ်မြောက် မဟာနိဗ္ဗာန စွမ်းအင်ထက် ၁၀ ဆကျော် ပိုမို များပြားသောကြောင့် ဖြစ်သည်။ လမ်းကြောင်းအားလုံး ပိတ်ဆို့နေသကဲ့သို့ပင် ထင်ရသည်။
နေမင်း၏ စွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဤစကြဝဠာအတွင်း၌ မဟာနိဗ္ဗာန ပျက်သုန်းခြင်း စွမ်းအင်ကို ခုခံနိုင်မည့် လုံလောက်သော စွမ်းအင်ကိုရရှိရန်မှာ မဖြစ်နိုင်သကဲ့သို့ ရှိ၏။
ထို့ကြောင့် ရှမ့်လန်သည် ရူးသွပ်သော စီမံကိန်းတစ်ခုကို ချမှတ်ခဲ့၏။ ထိုအစီအစဉ်မှာ တာအိုလမ်းစဉ် စီမံကိန်းပင်။
ကမ္ဘာမြေဂြိုဟ်ပြာသည် နေမှ တတိယမြောက် ဂြိုဟ်ဖြစ်သည်။ သူ၏ ရှေ့တွင် မာကျူရီနှင့် ဗီးနပ်စ်ဂြိုဟ်တို့ ရှိနေကြ၏။ ဤလောကသည်လည်း အတူတူပင် ဖြစ်သည်။ ရှေ့တွင် ဂြိုဟ်နှစ်လုံး ရှိသည်။
မဟာနိဗ္ဗာနစွမ်းအင် ဖြစ်ပေါ်ချိန်တွင် နေမင်းသည် ၃၆၀ ဒီဂရီ ပတ်လည် အကွယ်အကာမရှိ လည်သွားမည် ဖြစ်သည်။ ထို့ကြောင့် အချိန်တန်လျှင် သူတို့နေထိုင်ရာဂြိုဟ် တစ်ခုတည်း ပျက်စီးသွားမည် မဟုတ်ဘဲ ရှေ့ရှိ ဂြိုဟ်နှစ်လုံးသည်လည်း ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်။
ထိုဂြိုဟ်တို့သည် စတေးခံရရန် ကံပါလာပြီး ဖြစ်သည့်အတွက် ထိုပေးဆပ်မှုကို ပိုမို အဓိပ္ပာယ်ရှိအောင် လုပ်၍မရနိုင်ပေဘူးလား။ ဥပမာအားဖြင့် ဂြိုဟ်တစ်လုံးကို ရှေ့မှ ကာကွယ်ပေးစေခြင်းမျိုးပင်။
ဆိုလိုသည်မှာ မဟာနိဗ္ဗာန စွမ်းအင် ပေါက်ကွဲထွက်လာချိန်မှာတော့ အစတေးခံဂြိုဟ်သည် ရှမ့်ချန် အင်ပါယာဂြိုဟ်၏ ရှေ့တည့်တည့်တွင် ရှိနေစေရန် ဖြစ်၏။ အခြားစကားဖြင့် ပြောရလျှင် ရှမ့်ချန် အင်ပါယာအတွက် စတေးရန်ပင်။ စေ့စပ်သေချာစွာ စီစဉ်ပြီးနောက်တွင် ဤအရာသည် လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က တာအိုလမ်းစဉ် ဟု အမည်ပေးထားသော ဤအစတေးခံကိစ္စသည် ရှမ့်ချန်အင်ပါယာ ဂြိုဟ်နှင့် အချင်း၊ ဒြပ်ထုချင်း တူညီလုနီးပါး ရှိသောကြောင့် ဖြစ်၏။
အကယ်၍ ထိုဂြိုဟ်သာ ရှမ့်ချန်အင်ပါယာဂြိုဟ်၏ ရှေ့မှ ကာကွယ်ပေးထားပါက မဟာနိဗ္ဗာန ပျက်သုန်းခြင်း စွမ်းအင်၏ ဖျက်ဆီးအား ၈၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုသော ပမာဏကို တိုက်ရိုက် ဝါးမျိုသွားနိုင်မည် ဖြစ်သည်။ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းကို နိဗ္ဗာနငရဲသလင်းကျောက် အတားအဆီးက အပြည့်အဝ ဝါးမျို နိုင်ပေလိမ့်မည်။ ထို့အပြင် ရှမ့်ချန်အင်ပါယာ ဂြိုဟ်၏ အထက်တွင် ပြန်ကန်ထုတ်နိုင်သော အတားအဆီးလည်း ရှိနေသေးသည်။
ထို့ကြောင့် ဤစီမံကိန်းသည် လုံးဝ ပြီးပြည့်စုံသည်။ သို့သော်ငြား လိုအပ်ချက်များမှာ အလွန်တရာ မြင့်မား၏။ မဟာနိဗ္ဗာန ပျက်သုန်းခြင်း စွမ်းအင် ဖြစ်ပေါ်လာချိန်တွင် စတေးခံဂြိုဟ်၊ ရှမ့်ချန်အင်ပါယာ ဂြိုဟ်နှင့် နေမင်းတို့သည် တစ်တန်းတည်း ရှိနေလိမ့်မည် မဟုတ်ကြောင်း ရှမ့်လန်နှင့် တော်ဝင်သိပ္ပံကျောင်းတို့က တွက်ချက်ထားကြသည်။ ဆိုလိုသည်မှာ စတေးခံဂြိုဟ်သည် ရှမ့်ချန်အင်ပါယာဂြိုဟ်အတွက် အစားထိုး ဒုက္ခခံပေးနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် မည်သို့ ပြုလုပ်ကြမည်နည်း။ မဟာနိဗ္ဗာန စွမ်းအင် ဖြစ်ပေါ်လာချိန်တွင် ရှမ့်ချန်အင်ပါယာ ဂြိုဟ်၏ ရှေ့တွင် စတေးခံဂြိုဟ် မုချရောက်ရှိနေစေရန် ထိုဂြိုဟ်၏ အမြန်နှုန်းကို အတင်းအကျပ် ပြောင်းလဲပစ်ရန် လိုအပ်သည်။
ဤသည်မှာ အလွန်တရာ ခက်ခဲသော ကိစ္စရပ် ဖြစ်၏။ ြိုဟ်တစ်လုံး၏ လည်ပတ်နှုန်းကို ပြောင်းလဲရန် စွမ်းအင် မည်မျှ လိုအပ်မည်နည်း။ ကြောက်စရာဖြစ်ပေမည်။ ဤအရာအတွက် မရေမတွက်နိုင်သော ဂြိုဟ်တွန်းစက်များ လိုအပ်ပေလိမ့်မည်။ ဤအရာသည် နေအဖွဲ့အစည်းမှ ဂြိုဟ်တစ်ခုကို တွန်းထုတ်ခြင်း မဟုတ်ဘဲ ဂြိုဟ်၏ လည်ပတ်နှုန်းကို နှေးကွေးသွားစေရုံမျှသာ ဖြစ်၏။
ထို့အပြင် သူတို့တွင် အချိန် အလုံအလောက် ရှိသည်။ သူတို့တွင် ဆယ်စုနှစ် အနည်းငယ် အချိန်ရသေး၏။ ထို့အပြင် မဟာနိဗ္ဗာန ပျက်သုန်းခြင်း စွမ်းအင် ဖြစ်ပေါ်လာချိန်တွင် အစတေးခံဂြိုဟ်သည် ရှမ့်ချန်အင်ပါယာ ဂြိုဟ်နှင့် သိပ်မဝေးကွာလှချေ။ သူတို့သည် ဆယ်စုနှစ် အနည်းငယ်အတွင်း ကီလိုမီတာ ၃.၈ သန်းကျော်အထိ အရှိန်မြှင့်တင်ပေးရန်သာ လိုအပ်သည်။
ဤပမာဏသည် ကြီးမားသော ကိန်းဂဏန်းတစ်ခုဟု ထင်ရသော်လည်း စကြဝဠာနှင့် နှိုင်းယှဉ်ပါက အလွန် တိုတောင်းသော အကွာအဝေးသာ ဖြစ်သည်။ နေမင်း၊ စတေးခံဂြိုဟ်နှင့် ရှမ့်ချန်အင်ပါယာ ဂြိုဟ်တို့ တစ်တန်းတည်း ဖြစ်သွားသည်နှင့် စတေးခံဂြိုဟ်နှင့် တော်ဝင်ချန်အင်ပါယာ ဂြိုဟ်တို့သည် ကီလိုမီတာ သန်း ၆၀ ခန့် ကွာဝေးနေမည်။
ထို့ကြောင့် ဤစီမံကိန်းတွင် စတေးခံဂြိုဟ်ကို နှစ်ပေါင်း ၅၀ အတွင်း ကီလိုမီတာ ၃.၈ သန်းအထိ အရှိန်မြှင့်တင်ပေးရမည်။ အကောင်းဆုံး အချက်မှာ သူတို့သည် စတေးခံဂြိုဟ်၏ စွမ်းအင်၊ ၎င်း၏ ဗဟိုချက် စွမ်းအင်နှင့် နျူကလီးယား ပေါင်းစပ်ဒြပ်စင်များကို အသုံးပြုနိုင်ခြင်း ဖြစ်၏။
သို့သော်ငြား အခက်ခဲဆုံးအပိုင်းမှာ နေမင်း ပြောင်းလဲမှု ဖြစ်ပေါ်မည့် တိကျသောအချိန်ကို တွက်ချက်ရန် ဖြစ်သည်။ အမှားအယွင်း ရှိ၍ မဖြစ်ပေ၊ အနည်းဆုံး ငါးမိနစ်ထက် ပို၍ မမှားယွင်းရပေ။ အကယ်၍ မှားယွင်းမည်ဆိုလျှင်လည်း အမှားအယွင်းသည် ငါးမိနစ်အတွင်းသာ ရှိပါက စတေးခံဂြိုဟ်သည် ရှမ့်ချန်အင်ပါယာ ဂြိုဟ်အတွက် စွမ်းအင်အားလုံးကို လုံးဝ ပိတ်ဆို့မပေးနိုင်လျှင်ပင် အနည်းဆုံး ထက်ဝက်ခန့်ကို ပိတ်ဆို့ပေးနိုင်ပေလိမ့်မည်။
အကယ်၍ အမှားအယွင်းသည် ဆယ်မိနစ်ထက် ပိုသွားပါက လုံးဝ ကျရှုံးသွားခြင်းဟု အဓိပ္ပာယ် သက်ရောက် သည်။ ထို့ကြောင့် ဧရာမနဂါးကြီး သုံးကောင်သည် နောက်လာမည့် ဆယ်စုနှစ်များစွာအတွင်း နေမင်းဆီသို့ အကြိမ်ပေါင်း များစွာ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။
ရှမ့်လန်သည် မရေမတွက်နိုင်သော တွက်ချက်မှုများနှင့် သရုပ်ဖော်မှုများကို ပြုလုပ်ခဲ့၏။ နောက်ဆုံးတွင် သူသည် မဟာနိဗ္ဗာန ပျက်သုန်းစွမ်းအင် ဖြစ်ပေါ်မည့်မချိန်ကို အပိုအလိုမရှိ တိကျစွာ တွက်ချက်နိုင်ခဲ့သည်။ ထို့နောက် လောကကယ်တင်ရေး စီမံကိန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြတော့သည်။ လမ်းကြောင်း သုံးခုကို တပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြ၏။
နိဗ္ဗာနငရဲသလင်းကျောက် စွမ်းအင်အတားအဆီးကို စတင် တည်ဆောက်ခဲ့ကြသည်။ ဤအရာအတွက် နိဗ္ဗာန ငရဲသလင်းကျောက်ကို အခြားဂြိုဟ်များသို့ ယူဆောင်သွားပြီး စွမ်းအင်များကို မနားတမ်း ဝါးမျိုစေရန် လိုအပ်သည်။
ရှမ့်ချန်အင်ပါယာဂြိုဟ်နှင့် ဝေးကွာသော နေရာတွင် ကြီးမားသော ဓာတ်ငွေ့ဂြိုဟ်ကြီး အနည်းငယ် ရှိနေသဖြင့် ဤအရာကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ အတွင်းပိုင်း အပူချိန်သည် ဒီဂရီ စင်တီဂရိတ် ၁၀,၀၀၀ ကျော် ရှိသည်။ နိဗ္ဗာနငရဲသလင်းကျောက်ကို ထည့်သွင်းပြီး မနားတမ်း ဝါးမျိုစေနိုင်၏။
အင်ပါယာကျန်းလီ၏ အမြော်အမြင်ကို လှောင်ပြောင်ရပေမည်။ သူသည် ဤလောက၏ အသက်စွမ်းအင်ကို ဝါးမျိုရန်သာ တွေးတောခဲ့ပြီး အခြားဂြိုဟ်များသို့ သွားရောက်ရန် မကြံစည်ခဲ့ပေ။
***