စွမ်းအင်ပြန်ကန်ထုတ်နိုင်သော အတားအဆီး တည်ဆောက်မှုအပိုင်းမှာလည်း အရှိန်အဟုန်ဖြင့် ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ဤလုပ်ငန်းစဉ်နှစ်ခုလုံးကို ရှမ့်လန်ကိုယ်တိုင် ပြီးစီးအောင် ဆောင်ရွက်ရသော်လည်း ကိုယ်ထိလက်ရောက် ပါဝင်လုပ်ကိုင်နေရန်တော့ မလိုပေ။ သူသည် အန္တိမ နဂါးဉာဏ် အလင်းပွင့်ခြင်း နယ်ပယ်သို့ ရောက်ရှိထားသူဖြစ်ရာ အဝေးမှနေ၍ပင် ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထို့ကြောင့် အပေါ်ယံကြည့်လျှင် ရှမ့်လန်သည် မိသားစုနှင့်အတူ ပေါ့ပါးလွတ်လပ်စွာ နေထိုင်နေသယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ အချိန်တိုင်း အလုပ်လုပ်နေခြင်း ဖြစ်၏။ စွမ်းအင်ပြန်ကန်ထုတ်နိုင်သော အတားအဆီးသည် အမှန်စင်စစ် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကပ်ဘေးအတွက် နောက်ဆုံးခံစစ်စည်း ဖြစ်သည်။ တကယ်တမ်းတွင် မဟာနိဗ္ဗာနပျက်သုဉ်းခြင်း၏ ရိုက်ခတ်မှုသည် ထိုအရာကို ထိခိုက်စေနိုင်မည် မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်း၏။
တာအိုလမ်းစဉ် စတေးခံစီမံကိန်းသည် စတေးခံဂြိုဟ်၏လည်ပတ်နှုန်းကို အရှိန်မြှင့်တင်ရန်ဖြစ်ပြီး မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်ပေါ်လာချိန်တွင် ရှမ့်ချန်အင်ပါယာဂြိုဟ်ကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်သည်။
ဤတာဝန်ကို ရှမ့်ချန်အင်ပါယာ၏ စူးစမ်းရှာဖွေရေး ရေယာဉ်စုနှင့် ဧရာမနဂါးကြီးများထံသို့ လွှဲပြောင်း ပေးအပ် ထားခဲ့၏။ နှစ်ပေါင်း ၂၀ အတွင်း သူတို့သည် စတေးခံဂြိုဟ်ပေါ်၌ နျူကလီးယား ပေါင်းစပ်အင်ဂျင် ၃,၀၀၀ ကို တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ဂြိုဟ်၏ လည်ပတ်နှုန်းကို စတင် အရှိန်မြှင့်တင်ခဲ့ကြပြီး လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ဂြိုဟ်သည် နေကို လှည့်ပတ်နေရုံသာမက မိမိဝင်ရိုးပေါ်တွင်လည်း လည်ပတ်နေ သောကြောင့် ဖြစ်သည်။ သို့သော်ငြား ဤအရာသည် ရှုပ်ထွေးသော တွက်ချက်မှုများ လိုအပ်သည်။
အတိုချုပ်ပြောရလျှင် ရှမ့်ချန်အင်ပါယာနှင့် ရှီလွန်အင်ပါယာတို့သည် တာအိုလမ်းစဉ် စတေးခံ စီမံကိန်းအတွက် အလွန်များပြားသော အရင်းအမြစ် ပမာဏများစွာကို ရင်းနှီးမြှုပ်နှံခဲ့ကြ၏။ တိုက်ရိုက် လုပ်အား သန်းပေါင်းများစွာနှင့် သွယ်ဝိုက်သော လုပ်အား သန်းပေါင်းများစွာ ပါဝင်ခဲ့သည်။ အများဆုံး ပါဝင်ကူညီခဲ့ကြသူများမှာ ကျန်းလီ၏ ရှေးဟောင်းလူသားသစ်များ ဖြစ်ကြ၏။
စတေးခံဂြိုဟ်သည် အပူချိန်နှင့် ဖိအားများ မြင့်မားပြီး အဆိပ်သင့် ဓာတ်ငွေ့များဖြင့် ပြည့်နှက်နေ သောကြောင့် သာမန်လူသားများ နေထိုင်ရန် မသင့်တော်ပေ။ သို့သော်ငြား ရှေးဟောင်းလူသားသစ်များသည် ကောင်းကင်ကို အန်တုနိုင်သော စွမ်းအင်ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြပြီး ရှမ့်လန်က သူတို့ကို နိဗ္ဗာန ငရဲသလင်းကျောက်ကိုပင် ပေးအပ်ထားခဲ့သေးသည်။ ထို့ကြောင့် တာအိုလမ်းစဉ် စတေးခံစီမံကိန်း တစ်ခုလုံးကို ကျန်းမင်ဦးဆောင်သော ရှေးဟောင်းလူသားသစ် ၃၀၀,၀၀၀ က လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
... ......
ရှမ့်လန် တွက်ချက်ထားသော မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ကျရောက်ရန် တစ်လသာ လိုတော့၏။ လဝက်၊ ဆယ်ရက်၊ ငါးရက်... သုံးရက်သာ လိုတော့သည်။
ပျောက်ဆုံးအင်ပါယာ၏ ဘုရင်မ နာလူက ပြောလိုက်၏။ “အရှင်... စိတ်မပူပါနဲ့။ ကျွန်မတို့ စတေးခံဂြိုဟ်ပေါ်မှာ နျူကလီးယား ပေါင်းစပ်အင်ဂျင်တွေကို အများကြီး တည်ဆောက်ထားပါတယ်။ အရှိန်လျော့တာရော အရှိန်တင်တာရော လုပ်နိုင်လို့ ခြောက်မိနစ်လောက် ကွာဟချက် ရှိရင်တောင် ကျွန်မတို့လောက ကို ကာကွယ်ပေးနိုင်ပါတယ်။”
ဤအချိန်၌ လူတိုင်းသည် ကောင်းကင်ယံကို မော့ကြည့်နေကြ၏။ နေမင်းရှိရာအရပ်၌ ကောင်းကင်ယံကို ပိတ်ဆို့ထားသော ကြီးမားသည့် စွမ်းအင်အတားအဆီးကြီးတစ်ခုကို သူတို့ တွေ့မြင်နေရပြီ ဖြစ်သည်။ ထို့ကြောင့် ဤကာလအတွင်း နေမင်းသည် ဤလောကကို အလင်းရောင် ပေးစွမ်းနိုင် တော့မည် မဟုတ်ပေ။
လွန်ခဲ့သော တစ်လခန့်ကစ၍ လောကတစ်ခုလုံး အရေးပေါ်အခြေအနေသို့ ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။ ဆယ်စုနှစ်များစွာကြာ ပျောက်ကွယ်နေခဲ့သော အမိုးခုံး စွမ်းအင်အတားအဆီးများသည် မြို့အသီးသီးတွင် တစ်ဖန် ပြန်လည် ပွင့်လာခဲ့ကြသည်။
သို့သော်ငြား ယခုအခါ လောကတစ်ဝန်းလုံးတွင် မြို့ပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်သောကြောင့် ကြီးမားသော စွမ်းအင်အတားအဆီးပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်၏။
လူသားအားလုံးသည် ကျေးရွာများနှင့် မြို့ငယ်များမှ ထွက်ခွာပြီး အမိုးခုံး စွမ်းအင်အတားအဆီးများထဲသို့ ဝင်ရောက်ခိုလှုံခဲ့ကြရသည်။ တစ်လကြာ အလင်းရောင် ပျောက်ဆုံးခြင်းသည် အပင်များနှင့် တိရစ္ဆာန်များ အတွက် ကပ်ဘေးတစ်ခု ဖြစ်သည်။ သို့သော်ငြား အခြားနည်းလမ်း မရှိချေ။ ဤမဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကို ကာကွယ်ရန် ဤပေးဆပ်မှုကို မဖြစ်မနေ ပြုလုပ်ရပေမည်။
လူသားအားလုံးသည် ကောင်းကင်ယံရှိ ကြီးမားသော စွမ်းအင်အတားအဆီးကြီး နှစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော့ကြည့်နေကြသည်။ စွမ်းအင်အတားအဆီးတို့၏ အချင်းသည် လောကဂြိုဟ် ထက်ပင် ပိုမို ကြီးမားသဖြင့် သူတို့၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားကြ၏။ ဤသည်မှာ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် လှပသလို တုန်လှုပ်ဖွယ်ရာ ကောင်းသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
ရှေးခေတ်ဦး ယဉ်ကျေးမှု၊ ရှေးဟောင်း ယဉ်ကျေးမှုနှင့် ရှမ့်လန် နေထိုင်သောခေတ်၊ မျိုးဆက် သုံးခုလုံး၏ ပေးဆပ်မှုများနှင့် ကြိုးပမ်းအားထုတ်မှုများသည် ဤရလဒ်များကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။ ကြီးမားသော စွမ်းအင်ဝါးမျို အတားအဆီး၊ ကြီးမားသော စွမ်းအင်ပြန်ကန်ထုတ်နိုင်သည့် အတားအဆီးနှင့် တာအိုလမ်းစဉ် စတေးခံဂြိုဟ်စီမံကိန်း သုံးခုပင်။
ပျောက်ဆုံးအင်ပါယာ၏ မိစ္ဆာမယ်တော်က ပြောလိုက်သည်။ “အရှင်... ဒါတွေအားလုံးက အရှင်ရဲ့ ကျေးဇူးတွေပါပဲ။ အရှင်က ဒီလောကကြီးရဲ့ စစ်မှန်တဲ့ ကယ်တင်ရှင်ပါပဲ။”
ရှမ့်လန်သည် ဖျော့တော့စွာ ပြုံးလိုက်သည်။ သူသည် ဝန်မခံသကဲ့သို့ ငြင်းလည်း မငြင်းခဲ့ပေ။ ဤကြီးကျယ်သော အောင်မြင်မှုကို သူ့လက်ဖြင့် ကိုယ်တိုင် ဖန်တီးခဲ့သည်မှာ မှန်သော်လည်း မရေမတွက် နိုင်သောလူများ၏ ပခုံးထက်တွင် ရပ်တည်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။ မရေမတွက်နိုင်သော လူများ၏ ပေးဆပ်မှုများ နှင့် ယဉ်ကျေးမှုမျိုးဆက် နှစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့ရခြင်းကြောင့်သာလျှင် ယနေ့ ဤကြီးကျယ် ခမ်းနားသော လုပ်ငန်းကြီးကို သူ အောင်မြင်နိုင်ခဲ့ခြင်း ဖြစ်၏။
အထူးသဖြင့် အင်ပါယာကျန်းလီ၏ ကျေးဇူးကြောင့်ပင်။ ထိုသူသာ မရှိခဲ့လျှင် ဤကယ်ဆယ်ရေး စီမံကိန်း သည် အောင်မြင်နိုင်မည် မဟုတ်ချေ။ ရှမ့်လန်သည် ကျန်းလီကို အနိုင်ယူပြီး သတ်ဖြတ်ခဲ့သော်လည်း ကျန်းလီ၏ စွမ်းအားနှင့် အောင်မြင်မှု အားလုံးကိုလည်း ဆက်ခံခဲ့သည်။
ထို့အပြင် ဝမ်ထျန်း၊ ဘုရင်မမီဒူဆာ၊ ရှေးဟောင်းဉာဏ်ပညာဘုရင်၊ နဂါးမယ်တော်နှင့် အခြားသူများလည်း ပါဝင်ကြသည်။ လူတိုင်း၏ ပေးဆပ်မှုနှင့် ပူဇော်မှုများသည် ဤအခိုက်အတန့်သို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်၏။
လောကပေါ်ရှိ လူတိုင်းသည် တချို့က မော့ကြည့်နေကြပြီး တချို့က စာဖတ်နေကြကာ တချို့က ပုံမှန်အတိုင်း အိပ်စက် စားသောက်နေကြသည်။ လောကပျက်မည့် အရေးနှင့် ရင်ဆိုင်နေရသော်လည်း လောကတစ်ခုလုံးသည် တုန်လှုပ်ခြင်း မရှိကြချေ။ လူတို့သည် ယုတ်မာနိုင်သကဲ့သို့ ကြီးမြတ်နိုင်စွမ်းလည်း ရှိကြသည်။
တုန်လှုပ်ခြင်း မရှိရသည့် အကြောင်းရင်းမှာ ဤလောကတွင် ထင်မြင်ချက် တစ်ခုတည်းသာ ရှိနေသောကြောင့် ဖြစ်၏။ အင်ပါယာရှမ့်လန်သည် ဤလောကကို မုချ ကယ်တင်လိမ့်မည်ဟု သူတို့ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သူတို့၏ဖခင်များနှင့် ဘိုးဘေးများသည် မြောက်ဘက်စွန်းဒေသ ပြောင်းလဲခြင်း ကပ်ဘေးကို ကြုံတွေ့ခဲ့ကြဖူးပြီး ဖြစ်၏။ ထိုတုန်းကလည်း ကယ်တင်နိုင်ခဲ့၏။
... ...
ရှမ့်လန် တွက်ချက်ထားသော မဟာနိဗ္ဗာန ဖြစ်ပေါ်ရန် တစ်နာရီသာ လိုတော့သည်။
တစ်နာရီ အလို….
နာရီဝက်...
ဆယ်မိနစ်...
ကိုးမိနစ်...
သုံးမိနစ်...
တစ်မိနစ်...
လောကပေါ်ရှိ လူတိုင်းသည် အသက်ကို အောင့်ထားလိုက်ကြသည်။ မရေမတွက်နိုင်သော လူများသည် နုရှောင့်မြို့တော် ရှိရာဘက်သို့ ဦးတိုက်လိုက်ကြ၏။
မရေမတွက်နိုင်သောလူများသည် ဆုတောင်းမေတ္တာ ပို့သနေကြသည်။ “ကောင်းကင်ဘုံ... ရှမ့်ချန်အင်ပါယာကို စောင့်ရှောက်တော်မူပါ။ အရှင်ကို စောင့်ရှောက်တော်မူပါ။ အင်ပါယာ ရှမ့်လန်....တန်ခိုးအရာ၌ အနှိုင်းမဲ့ပါစေ။”
ထိုအချိန်၌ စွန့်ပစ်ခံဂြိုဟ်သည် သူ၏ ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် တစ်စက္ကန့်လျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် လည်ပတ်နေကြောင်း ရှမ့်လန် သတိထားမိလိုက်၏။
နေမင်း၊ တာအိုလမ်းစဉ် စွန့်ပစ်ခံဂြိုဟ်နှင့် ရှမ့်ချန်အင်ပါယာဂြိုဟ်တို့သည် အမှတ်သုံးခု တစ်တန်းတည်း ဖြစ်လာနေပြီး တဖြည်းဖြည်း ပိုမို ဖြောင့်တန်းလာသည်။
ဤအချိန်တွင် စွန့်ပစ်ခံဂြိုဟ်ပေါ်ရှိ လူတိုင်းသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသွားကြပြီဖြစ်သည်။ ရှမ့်ရိလုံ တစ်ကောင်တည်းသာ ကျန်ရှိနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တစ်ခုလုံး ပျက်စီးသွားလျှင်ပင် သူသည် ဘာမှဖြစ်မည် မဟုတ်သောကြောင့်ပင်။ သူသည် အလွန်တရာ အစွမ်းထက်လွန်းလှသည်။ မဟာနိဗ္ဗာနသည် ယဉ်ကျေးမှုကို ဖျက်ဆီးနိုင်သော်လည်း သူ့ကိုမူ မဖျက်ဆီးနိုင်ချေ။
ရှမ့်လန် တွက်ချက်ထားသော မဟာနိဗ္ဗာန ကျရောက်ရန် ၁၅ စက္ကန့်သာ လိုတော့၏။
ဆယ်စက္ကန့်... ကိုးစက္ကန့်...
ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်…
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
မဟာနိဗ္ဗာန ကျရောက်လာခဲ့သည်။ ရှမ့်လန်၏ တွက်ချက်မှုများသည် လုံးဝ တိကျမှန်ကန်သည်။ တစ်စက္ကန့်လေးမျှပင် လွဲချော်ခြင်း မရှိပေ။ နေမင်း၏ မသေဆုံးမီ နောက်ထပ်ပြင်းထန်သော ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။
နေမင်းသည် ဤလောကနှင့် ကီလိုမီတာ သန်း ၁၅၀ ကွာဝေးသောကြောင့် အလင်းရောင်သည် ဤလောကသို့ ရောက်ရှိရန် စက္ကန့် ၅၀၀ ခန့် ကြာမြင့်မည်။ သို့သော်ငြား ရှမ့်လန်သည် အန္တိမ နဂါးဉာဏ် အလင်းပွင့်ခြင်း နယ်ပယ်ထဲတွင် ထိုအရာကို မြင်တွေ့နေရပြီ ဖြစ်၏။
ဤသည်မှာ သမိုင်းတစ်လျှောက် အခမ်းနားဆုံး၊ အံ့အားသင့်ဖွယ်ရာအကောင်းဆုံးနှင့် အလှပဆုံး မြင်ကွင်း တစ်ခု ဖြစ်၏။ ဤသည်မှာ နေမင်း ပေါက်ကွဲခြင်း မဟုတ်သော်လည်း မြင်ကွင်းအာရုံတွင်မူ နေမင်း ပေါက်ကွဲသွား သကဲ့သို့ ထင်ရသည်။
ရုတ်တရက် ထွက်ပေါ်လာသော အလင်းရောင်သည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်၏။ ထုတ်လွှတ်လိုက်သော စွမ်းအင်သည်လည်း ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည်။ ဤသည်မှာ နေမင်းပေါက်ကွဲခြင်း၏ နမူနာပြသမှုလား။
လူတိုင်းသည်လည်း ရေတွက်မှု ကုန်ဆုံးသွားသည်ကို အာရုံခံမိလိုက်ကြ၏။ သို့သော်ငြား ဘာမှ မဖြစ်ပျက်ခဲ့ သကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် နေမင်း၏ မဟာနိဗ္ဗာန ပျက်သုန်းခြင်း စွမ်းအင်သည် ပျံ့နှံ့ရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။
ရှမ့်ရိလုံက ဆက်လက် သတင်းပို့နေဆဲပင်။
“သခင်... သုံးခု တစ်တန်းတည်း အနေအထား ၉၈ ရာခိုင်နှုန်း... ၉၉ ရာခိုင်နှုန်း... ၉၉.၅ ရာခိုင်နှုန်း... ၉၉.၉ ရာခိုင်နှုန်း...။ သုံးခု တစ်တန်းတည်း အနေအထား ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံပါပြီ။”
ထိုအချိန်၌ “ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
နေမင်း၏ မဟာနိဗ္ဗာန ပေါက်ကွဲစွမ်းအင်သည် စွန့်ပစ်ခံဂြိုဟ်ကို ချက်ချင်း တိုက်ခိုက်သည်။ အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းသော ပျက်စီးခြင်း မြင်ကွင်းကြီး ပေါ်ပေါက်လာခဲ့၏။
ရှမ့်ချန်အင်ပါယာဂြိုဟ်နှင့် ဒြပ်ထုချင်း တူညီသော စွန့်ပစ်ခံဂြိုဟ်သည် နေမင်း၏ ပြောင်းလဲမှုကြောင့် ချက်ချင်း နီရဲသွားခဲ့သည်။ ထို့နောက် ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော အရာဝတ္ထုများသည် တိုက်ရိုက် အငွေ့ပျံသွားကြသည်။
ထို့နောက် လက်တစ်စုံက မြှောက်တင်ပြီး ဖျက်ဆီးလိုက်သကဲ့သို့ပင် စွန့်ပစ်ခံဂြိုဟ်တစ်ခုလုံးသည် မရေမတွက်နိုင်သော အက်ကွဲကြောင်းများအဖြစ် စုတ်ပြဲသွားခဲ့သည်။ ထို့နောက် ရုတ်တရက် ကွဲထွက် သွားခဲ့၏။ လုံးဝ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နေမင်း မသေဆုံးမီ ပြင်းထန်သော ပြောင်းလဲမှုများ၏ ရိုက်ခတ်မှု သာမက စွန့်ပစ်ခံဂြိုဟ်အတွင်းပိုင်းရှိ အပူချိန်သည် အစွန်းဆုံးအထိ မြင့်တက်လာပြီး ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ဂြိုဟ်တစ်လုံး၏ ပျက်စီးခြင်းဖြစ်၏။ ရှမ့်ချန်အင်ပါယာဂြိုဟ်နှင့် ကီလိုမီတာ သန်း ၆၀ အကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်ယံတွင် နောက်ထပ် နေမင်းတစ်စင်း ပေါ်လာသကဲ့သို့ ဖြစ်သွားပြီး ရုတ်တရက် ပေါက်ကွဲကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုအပိုင်းအစများသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အပူချိန်ကြောင့် ပြာမှုန့်အဖြစ်သို့ လောင်ကျွမ်းသွားကြ၏။
ရှမ့်လန်၏ စတေးခံစီမံကိန်းသည် လုံးဝ အောင်မြင်သွားခဲ့သည်။ မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ဖြစ်ပေါ် လာချိန်တွင် စွန့်ပစ်ခံဂြိုဟ်သည် ရှမ့်ချန်အင်ပါယာဂြိုဟ်၏ ရှေ့မှ ရပ်တည်ကာ ရှမ့်ချန် အင်ပါယာ ဂြိုဟ်ဆီသို့ ဦးတည်လာသော ဖျက်ဆီးအားပြင်း စွမ်းအင် ၈၅ ရာခိုင်နှုန်းကို ဝါးမျိုပစ်လိုက်သည်။ ကျန်ရှိသော စွမ်းအင် ၁၅ ရာခိုင်နှုန်းသည် ရှမ့်ချန်အင်ပါယာ ဂြိုဟ်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့သည်။
စက္ကန့် ၁၀၀ ကျော် ကြာပြီးနောက် ဤစွမ်းအင်သည် ရှမ့်လန် တည်ဆောက်ထားသော ပထမ ခံစစ်စည်း ဖြစ်သည့် နိဗ္ဗာနငရဲသလင်းကျောက် စွမ်းအင်ဝါးမျို အတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ လူတိုင်းသည် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုကို နောက်တစ်ကြိမ် မြင်တွေ့လိုက် ကြရပြန်၏။
ကောင်းကင်ယံရှိ စွမ်းအင်အတားအဆီးသည် ရုတ်တရက် အလွန် တောက်ပသော အလင်းရောင်နှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ ထိုအလင်းရောင်သည် နေမင်းထက် အဆပေါင်းများစွာ ပိုမို တောက်ပနေ၏။ ထို့အပြင် နေမင်းတစ်စင်းလုံး ပေါက်ကွဲသွားသကဲ့သို့ ချက်ချင်း အဆပေါင်းများစွာ ပိုမို လင်းလက်လာပြီး အလင်းရောင် သည်လည်း အဆပေါင်းများစွာ ပိုမို ကြီးမားလာသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
ဤသည်မှာ ပျက်သုဉ်းခြင်း၏ အလင်းရောင် ဖြစ်ည်။ တတိယအကြိမ်မြောက် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း၏ စွမ်းအင်သည် ဒုတိယအကြိမ်ထက် ဆယ်ဆ ပိုမို ပြင်းထန်၏။
သို့သော်ငြား ရှမ့်လန်၏ လောက ကယ်တင်ရေး စီမံကိန်းသည် အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ကျန်ရှိသော မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း စွမ်းအင် ၁၅ ရာခိုင်နှုန်းကို နိဗ္ဗာနငရဲသလင်းကျောက် စွမ်းအင်ဝါးမျို အတားအဆီး က အပြည့်အဝ ဝါးမျိုပစ်လိုက်ပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့ရ၏။ ရှမ့်လန် တည်ဆောက်ထားသော နောက်ဆုံး ခံစစ်စည်း ဖြစ်သည့် စွမ်းအင်ပြန်ကန်ထုတ် အတားအဆီးသည် သုံးပင် မသုံးလိုက်ရပေ။
သို့သော်ငြား ဤအချိန်တွင် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ လောကတစ်ခုလုံးသည် အလွန်တရာ တုန်လှုပ်ဖွယ်ရာကောင်းသော အလင်းရောင်ထဲတွင် နစ်မြုပ်နေခဲ့သည်။ အရောင်တစ်မျိုးတည်းသာ ကျန်ရှိတော့သကဲ့သို့ပင်။ ထိုအရောင်မှာ နေမင်း၏ ရွှေရောင်ပင် ဖြစ်၏။
အချိန်မည်မျှ ကြာသွားသည် မသိချေ။ လောကတစ်ခုလုံး မှိန်ဖျော့သွားခဲ့တော့သည်။
ပျောက်ဆုံးအင်ပါယာ၏ မိစ္ဆာမယ်တော်က မေးလိုက်၏။ “ပြီးသွားပြီလား။”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “အင်း... ပြီးသွားပြီ။”
ပင်းအာက မေး၏။ “ယောကျ်ား... လောကကြီးကို ကယ်တင်လိုက်ပြီလား။ လောကကြီး ဘာမှမဖြစ်တော့ဘူးမလား။”
ရှမ့်လန်က ပြန်ဖြေလိုက်၏။ “ဘာမှမဖြစ်တော့ဘူး။ အားလုံးပြီးသွားပြီ။ ငါတို့တွေ တတိယအကြိမ်မြောက် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကို ဘာမှမဖြစ်ဘဲ ဖြတ်ကျော်နိုင်ခဲ့ပြီ။”
ယဉ်ကျေးမှု မျိုးဆက်သုံးခု၏ ကြိုးပမ်းအားထုတ်မှုများ၊ လောကကို ကယ်တင်ရန် ကြိုးပမ်းမှုများသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
“အင်ပါယာကျန်းလီ... ခင်ဗျား ကောင်းကင်ဘုံကနေ မြင်ရဲ့လား။ ကျုပ် လုပ်နိုင်ခဲ့ပြီ။ ကျုပ် လောက တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့ပြီ။ ကျုပ် ခင်ဗျားကို အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ အခုအောင်ပွဲရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုက ခင်ဗျားရဲ့ အကူအညီနဲ့ ပေးဆပ်မှုတွေကြောင့် ရရှိခဲ့တာပါ။”
***