တတိယအကြိမ်မြောက် မဟာနိဗ္ဗာန ပြီးဆုံးသွားခဲ့ပြီး လောကကြီးကို ကယ်တင်လိုက်ပြီဖြစ်သည်။ ပြီးနောက် နိဗ္ဗာနငရဲသလင်းကျောက် အတားအဆီးနှင့် စွမ်းအင်ပြန်ကန်ထုတ်နိုင်သော အတားအဆီးတို့ကို ဆက်လက် ထားရှိခြင်း မပြုတော့ချေ။ အဘယ်ကြောင့်ဆိုသော် စွန့်ပစ်ခံဂြိုဟ် ပေါက်ကွဲသွားပြီးနောက် အပိုင်းအစ မြောက်မြားစွာသည် အာကာသထဲသို့ လွင့်စင်သွားသောကြောင့် ဖြစ်သည်။
စတေးခံဂြိုဟ် ပျက်စီးသွားပြီးနောက် ရှမ့်ရိလုံသည် ဘေးကင်းစွာ ရှိနေပြီး အပိုင်းအစများကိုပင် စောင့်ကြည့်နေခဲ့သည်။
ရှမ့်ချန်အင်ပါယာ ဂြိုဟ်ကို ဝင်တိုက်နိုင်ခြေ ရှိသည်ဟု သတိပြုမိသည်နှင့် သူသည် ထိုအရာတို့၏ လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲပစ်မည်။ သူသာမက ကျိလုံအာနှင့် ကျန်းရှင်းလုံ တို့သည်လည်း လေထဲသို့ ပျံတက်သွားပြီး ဝင်တိုက်လာနိုင်သော ဂြိုဟ်အပိုင်းအစများကို ဖျက်ဆီးပစ်ကြမည် ဖြစ်သည်။ ထို့ကြောင့် ဤလောကသည် အချိန်တိုအတွင်း မည်သည့်အန္တရာယ်မှ ကြုံတွေ့ရမည် မဟုတ်ပေ။
ထို့နောက် လောကတစ်ခုလုံးသည် တညီတညွတ်တည်း အောင်ပွဲခံ ကြွေးကြော်လိုက်ကြသည်။ ဆူနာမီ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ပင်။
“အရှင် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
ယခုတစ်ကြိမ်တွင် လူသန်းပေါင်းအနည်းငယ် သို့မဟုတ် သန်းပေါင်းဆယ်ဂဏန်းသာ ကြွေးကြော်ကြခြင်း မဟုတ်ဘဲ သန်းပေါင်းရာချီ၊ ဘီလီယံချီသောလူများက ကြွေးကြော်နေကြခြင်း ဖြစ်သည်။ ဤအချိန်၌ ရှမ့်လန်သည် စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
ရှမ့်လန်သည် ဦးစွာ မြောက်ဘက်စွန်းဒေသသို့ ဦးညွှတ်လိုက်သည်။ ထို့နောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်း ပျက်စီးရာနေရာသို့ ဦးညွှတ်လိုက်ပြန်၏။ “ပညာရှိအပေါင်းတို့... ကျုပ်တို့ရဲ့ တာဝန်က တရားဝင် ပြီးဆုံးသွားခဲ့ပါပြီ။”
... ...
နုရှောင့်မြို့၊ ကောင်းကင်စံအိမ်... ရှမ့်ချန်အင်ပါယာ၏ အင်ပါယာမင်းမြတ် ရှမ့်ယီ၊ ရှီလွန်အင်ပါယာ၏ ဘုရင်မ ဟယ်လင်၊ ရှမ့်ချန်အင်ပါယာ၏ အရေးပါသော ဝန်ကြီးများ၊ ရှေးဟောင်းလူသားမျိုးစိတ်များ၊ အမေဇုန် ဘုရင်မ၊ ပျောက်ဆုံးအင်ပါယာ၏ဘုရင်မနှင့် အခြားသူများသည် ရှမ့်လန်၏ စာကြည့်ခန်းထဲသို့ စုဝေး ရောက်ရှိနေကြသည်။
ရှမ့်လန်က ထိုသူတို့ကို ကြည့်ကာ ပြောလိုက်၏။ “အားလုံးပဲ။ ကျုပ်တို့ တတိယအကြိမ်မြောက် မဟာ နိဗ္ဗာန ပျက်သုန်းခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ။ ရှေးဟောင်းယဉ်ကျေးမှုကနေ ကျုပ်တို့ကို ချန်ထားခဲ့တဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ။ ခင်ဗျားတို့အားလုံးအတွက် ကျုပ် ဂုဏ်ယူပါတယ်။”
ရှမ့်လန်က ပြုံး၍ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားတို့အားလုံးအတွက် စစ်မှန်တဲ့ စိန်ခေါ်မှုက အခုမှ စတင်တော့မှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လောကတစ်ခုလုံးက ဘုံရည်မှန်းချက်တစ်ခုအတွက် တိုက်ပွဲဝင် ခဲ့ကြတယ်။ အဲဒါက လောကကို ကယ်တင်ဖို့ပဲ။
ဒါပေမဲ့ ဒီလောကမှာ ပဋိပက္ခတွေ ရှိနေသလား။ ကျုပ်အမြင်အရတော့ ရှေးဟောင်းလူသားမျိုးစိတ်နဲ့ သာမန်လူသားတွေကြားက ပဋိပက္ခ၊ ပျောက်ဆုံးအင်ပါယာနဲ့ လူသားတွေကြားက ပဋိပက္ခ၊ အရှေ့တိုင်း အင်ပါယာနဲ့ ပျောက်ဆုံးအင်ပါယာကြားက ပဋိပက္ခတွေ ရှိနေကြတယ်။ ဒါပေမဲ့ မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကို ကျော်ဖြတ်နိုင်ဖို့အတွက် သူတို့ရဲ့ ပဋိပက္ခတွေ အားလုံးကို အရင်ဆုံး ဖိနှိပ်ထားခဲ့ရတယ်။
အခု မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ပြီးဆုံးသွားပြီဆိုတော့ လောကပေါ်က လူတိုင်းက ရည်မှန်းချက်တစ်ခုကို ယာယီ လက်လွှတ်လိုက်ရသလို ဖြစ်သွားပြီး စည်းလုံးမှုသိစိတ်တွေ ပျောက်ဆုံးမယ်။ ကြီးမားတဲ့ ဟာတာတာ ခံစားချက်ကြီး ဖြစ်ပေါ်လာလိမ့်မယ်။ လူသားတွေက အရမ်းထူးဆန်းတဲ့ သတ္တဝါတွေပဲ။ သူတို့က အားနေလို့ မရဘူး။ အားနေပြီဆိုရင် စပြီး တိုက်ခိုက်ကြတော့တာပဲ။”
ရှမ့်လန်၏ စကားများသည် လုံးဝ မှားယွင်းခြင်း မရှိပေ။ ယခင်က လောကကယ်တင်ရေးသည် တစ်ခုတည်းသော အဓိကအကြောင်းအရာ ဖြစ်ခဲ့သော်လည်း ယခုအခါ မဟာနိဗ္ဗာန ကပ်ဘေးကြီး ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြိုင်ဆိုင်မှုများသည် အဓိကအကြောင်းအရာ ဖြစ်လာသည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “ကျုပ်မှာ အကြံဉာဏ် နှစ်ခုရှိတယ်။ ပထမအတွေးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကျုပ်တို့ရဲ့ အင်အားအားလုံးကို မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးကို ဖြေရှင်းဖို့ အသုံးပြုခဲ့ကြတယ်။ ကျုပ်တို့ရဲ့ အင်အား ၈၀ ရာခိုင်နှုန်းလောက်ကို လောကကို ကယ်တင်ဖို့အတွက် အခုလေးတင် အသုံးပြုလိုက်ရတယ်။
ဒါကြောင့် ကျုပ်တို့က လောကသူ၊ လောကသားတွေကို မတရားသဖြင့် ဆက်ဆံခဲ့တယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး ပြည်သူတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးရမယ်။ ဒါမှ လောကသူ၊ လောကသားတွေ ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိနိုင်ကြလိမ့်မယ်။
ဒုတိယအတွေးကတော့ ကျုပ် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေမဲ့ ထပ်ပြီး ဖြတ်ကျော်ရအုံးမှာပဲ။ ဒါပေမဲ့ ဒါက နေမင်းပျက်စီးခြင်းရဲ့ နမူနာပြသမှု တစ်ခုသာဖြစ်ပြီး နောက်ဆုံး နမူနာပြသမှုလည်း ဖြစ်တယ်။ နောက်တစ်ကြိမ် မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီးကတော့ တားဆီးလို့ရမှာ မဟုတ်တော့ဘူး။”
နောက်တစ်ကြိမ်တွင် နေမင်းသည် တရားဝင် သေဆုံးခြင်းသို့ ဝင်ရောက်တော့မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းသည် အဆပေါင်း တစ်ရာ ကြီးထွားလာမည်ဖြစ်ပြီး ရှမ့်ချန်အင်ပါယာဂြိုဟ်ကို တိုက်ရိုက် ဝါးမျိုပစ်လိမ့်မည်။ နောက်တစ်ကြိမ်တွင် နေမင်းသည် အမှန်တကယ် ပေါက်ကွဲပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်သည်။ “နောက်တစ်ကြိမ် မဟာနိဗ္ဗာန ပျက်သုန်းခြင်း ကပ်ဘေးကြီး အဝေးကြီး လိုပါသေးတယ်။ နှစ်ပေါင်း သောင်းချီ ကြာအုံးမှာပါ။ ဒီမှာရှိတဲ့ ဘယ်သူမှ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ မျိုးဆက်ပေါင်း တစ်ရာလောက် ကြာရင်တောင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။
နေမင်း အိုမင်းပြီး သေဆုံးသွားတဲ့အခါ ကျုပ်တို့ယဉ်ကျေးမှုရဲ့ မရေမတွက်နိုင်သော လူသားတွေက ဝမ်းနည်းကြရုံပဲရှိပြီး စိုးရိမ်ပူပန်ခြင်း မရှိကြစေဖို့ ကျုပ် မျှော်လင့်တယ်။ ဒီရည်မှန်းချက် ပြည့်မီဖို့အတွက် အရေးကြီးဆုံးအရာက အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်းပါပဲ။ တည်နေရာ ခေါက်ချိုးခြင်း၊ ရွေ့လျားခြင်း၊ ကွမ်တမ် ရှုပ်ထွေးခြင်း စတာတွေ ရှိပြီး အဲဒါတွေ အားလုံးက အရမ်းကို နက်နဲတယ်။ အဲဒါတွေ အားလုံးက အရမ်းကို လေးနက်ပြီး ကျုပ်တို့ရဲ့ ယဉ်ကျေးမှုက ဒီရည်မှန်းချက်နဲ့ အဝေးကြီး လိုသေးတယ်။
ကျုပ်က ရှမ့်လန်ပါ။ ကျုပ်ရဲ့ ဒီဝိညာဉ်က အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ပြီးပါပြီ။ ဒါပေမဲ့ အဲဒါက ဒီယဉ်ကျေးမှု ပြီးပြည့်စုံသွားပြီလို့ မဆိုလိုပါဘူး။ ကျုပ် အကောင်းဆုံး လုပ်နိုင်တာက အဲဒါတွေကို စာတွေ၊ ပုံတွေ၊ အသိပညာတွေအဖြစ် ပြောင်းလဲပြီး ခင်ဗျားတို့ကို လက်ဆင့်ကမ်းပေးဖို့ပါပဲ။
ကျုပ် ဒါကို လုပ်ပြီးပါပြီ။ ဒီအသိပညာတွေကို စာတွေအဖြစ် ပြောင်းလဲဖို့ နှစ်ပေါင်း ၂၀ အချိန်ယူခဲ့ရပြီး စာပေ ၁၃ မျိုးကျော် ဖန်တီးထားတယ်။ လောလောဆယ် သက်ဆိုင်ရာ စာအုပ်တွေက စာကြည့်တိုက်ပေါင်း ဒါဇင်ချီမှာ ပြည့်နှက်နေပြီ။
ဒီလောကကြီးက နေမင်းကြီး ပေါက်ကွဲမယ့်နေ့ရက်နဲ့ အဝေးကြီး လိုပါသေးတယ်။ ယဉ်ကျေးမှု ဆိုတာ တစ်ကြိမ်တည်းနဲ့ တည်ဆောက်လို့ မရဘူး။ ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ၊ ထောင်စုနှစ်တွေတောင် ကြာမြင့်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလောကရဲ့ ယဉ်ကျေးမှု အောင်နိုင်ပါစေလို့ ကျုပ် မျှော်လင့်ပါတယ်။ ဒါမှသာ ကျုပ်တို့က အခြားစကြဝဠာတွေကို အမှန်တကယ် လွှမ်းမိုးနိုင်ပြီး ကျုပ်တို့ရဲ့ ယဉ်ကျေးမှုကို ဂြိုဟ်ပေါင်း သန်းချီဆီ ဖြန့်ဝေနိုင်မှာ ဖြစ်တယ်။
ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ ကိစ္စပါ။ ခင်ဗျားတို့ မျိုးဆက်တွေရဲ့ ကိစ္စပါ။ အနည်းဆုံးတော့ ဒီနေ့ကစပြီး၊ ဒီအချိန်ကစပြီး ကျုပ်ရဲ့တာဝန်က လုံးဝ ပြီးဆုံးသွားပါပြီ။ အခုကစပြီး ဒီလောကရဲ့ ဘယ်အရာကိုမှ ကျုပ် ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ ရှီလွန်အင်ပါယာနဲ့ ရှမ့်ချန်အင်ပါယာကြား လောကစစ် ဖြစ်ပွားရင်တောင် ကျုပ် ဂရုစိုက်တော့မှာ မဟုတ်တော့ဘူး။
ယဉ်ကျေးမှု ဆိုတာ ကလေးတစ်ယောက်လိုပါပဲ။ မိဘတွေက သူတို့ ကြီးပြင်းလာတဲ့အထိ ကာကွယ် ပေးနိုင်ပေမဲ့ ကြီးပြင်းလာပြီးရင်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမှာပါ။ မိဘတွေရဲ့ အရိပ်အောက်မှာ နေနေရတဲ့ ကလေးတွေက ဘယ်တော့မှ အမှန်တကယ် သန်မာလာမှာ မဟုတ်ဘူး။”
“ရှမ့်ယီ...”
ရှမ့်ချန်အင်ပါယာရှမ့်ယီသည် ရှေ့သို့ ထွက်လာပြီး ဒူးထောက်လိုက်သည်။ “အမိန့်ရှိပါ အဖေ...”
“ရှမ့်လျန်...”
“အမိန့်ရှိပါ အဘိုး...”
ရှမ့်လျန်သည် ရှမ့်ယီ၏သားဖြစ်ပြီး ရှမ့်ချန်အင်ပါယာ၏ အိမ်ရှေ့စံ ဖြစ်သည်။ သူသည် အသက် ခြောက်ဆယ်ကျော် ရှိနေပြီ ဖြစ်၏။ အကြောင်းရင်း အချို့ကြောင့် ဤလောက၏ သက်တမ်းသည် ကမ္ဘာမြေထက် အဆပေါင်းများစွာ ပိုရှည်သောကြောင့် အသက် ခြောက်ဆယ်ဟူသည် သန်စွမ်းသော အရွယ်ဟု သတ်မှတ်၍ ရသေး၏။
“လိုကီ...”
ဘုရင်မဟယ်လင်၏ မွေးစားသား၊ ရှမ့်လန်နှင့် ဒီဘိုရာတို့၏ သား၊ ရှီလွန်အင်ပါယာ၏ အိမ်ရှေ့စံ လိုကီသည် ယခုအခါ ခန့်ညားသော လူပျိုကြီး ဖြစ်နေသည်။ သူသည် မငယ်ရွယ်တော့သော်လည်း အသက် သုံးဆယ် ထက် မပိုသကဲ့သို့ ထင်ရသည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျန်တာတွေကို မင်းတို့ဆီ လွှဲအပ်ခဲ့မယ်။”
“ကောင်းပါပြီ အဖေ...”
“ကောင်းပါပြီ အဘိုး...”
... ... ...
ရှမ့်လန်သည် သူ၏ မိတ်ဆွေဟောင်း အနည်းငယ်ကို ထမင်းစားရန် ဖိတ်ခေါ်လိုက်သည်။ မင်းသားကျင်း၊ ကျင်းမူကုန်း၊ အရူးကြီး၊ နင်ကျန့်၊ ဝူဘုရင်၊ ချောင်ကျီ နှင့် အခြားသူများ ဖြစ်ကြသည်။ သူတို့အနက် အငယ်ဆုံးမှာ ကျင်းမူကုန်း ဖြစ်ပြီး အသက် ၁၂၀ ကျော် ရှိနေပြီ ဖြစ်သည်။ အသက်အကြီးဆုံးမှာ အိမ်ရှေ့စံ ချောင်ကျီ ဖြစ်ပြီး နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူတို့သည် အငြိမ်းစား ယူပြီးပြီဖြစ်ကာ လက်ကျန်နှစ်များကို အိမ်တွင် ကုန်ဆုံးနေကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူတို့သည် အားလပ်သည့် အချိန်တိုင်း စုဝေးလေ့ရှိပြီး မာကျောက် ကစားခြင်း၊ လက်ဖက်ရည်သောက်ခြင်းနှင့် စကားစမြည် ပြောဆိုခြင်းများကို ပြုလုပ်လေ့ ရှိကြသည်။ ယခု ရှမ့်လန်သည် သူတို့နှင့်အတူ ထမင်းစားပြီးနောက် မာကျောက် ဆက်လက် ကစားကြသည်။ စုစုပေါင်း ရှစ်ယောက် ရှိပြီး အလှည့်ကျ ကစားကြခြင်း ဖြစ်၏။
စုစုပေါင်း ရှစ်ယောက် ရှိသည်ကို အဘယ်ကြောင့် စားပွဲနှစ်ဝိုင်း မခွဲရသနည်း ဟု မေးစရာ ရှိသည်။ ထိုအရာက ရှက်စရာ ကောင်းသောကြောင့် ဖြစ်၏။ အရူးကြီး၏ဉာဏ်ရည်ဖြင့် မာကျောက်ကဲ့သို့သော အဆင့်မြင့် ကစားနည်းမျိုးကို ကစားနိုင်မည် မဟုတ်ချေ။
“စားမယ်။”
“ကျော်မယ်။”
“ဘန်း... နိုင်ပြီ။ ပိုက်ဆံပေး... ပိုက်ဆံပေး... ပိုက်ဆံပေး...”
ဤသည်မှာ ရှမ့်လန် သူတို့နှင့်အတူ ကစားသော နောက်ဆုံး မာကျောက်ပွဲ ဖြစ်နိုင်၏။
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်နှင့် ယောင်ယောင်တို့သည် သင်္ချိုင်းတစ်ခု၏ ရှေ့သို့ ရောက်ရှိ လာခဲ့ကြသည်။ လောကပေါ်ရှိ လူတိုင်း၏ မျက်နှာများသည် ပြောင်းလဲသွားကြပြီ ဖြစ်သော်လည်း ယောင်ယောင်သည် သိပ်ပြီး မပြောင်းလဲချေ။ သူမသည် မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရှိနေဆဲပင်။ သူမသည် ရှမ့်လန်၏ စိတ်ဓာတ်နှင့် အသိပညာ အပါအဝင် အမွေအနှစ် အားလုံးနီးပါးကို ဆက်ခံထားခဲ့သည်။
ဤသင်္ချိုင်းတွင် မိတ်ဆွေဟောင်းများစွာ မြှုပ်နှံထားသည်။ နင်ယွမ်ရှန်း၊ မိဖုရားကြီးပျံ့၊ မိဖုရားကြီးကျုံး၊ မိဖုရားကြီးစု၊ ကျင်းကျိုး၊ စုဖေ့ဖေ့၊ ရှမ့်ဝမ်၊ ရှမ့်မေမေ၊ ကျန်းချုံး၊ စုနန်၊ ချောင်ဘုရင် နှင့် အခြားသူများ ဖြစ်ကြသည်။ ခွေးကြီးလီ နှင့် ဇနီးဖြစ်သူ ကတော်ချိုးတို့၏အမည်များ ရေးထိုးထားသော ကျောက်တိုင်လည်း ရှိ၏။
ခွေးကြီးလီသည် ယခင် ဓားဘုရင် လီချင်းချိုး ဖြစ်သည်။ သူ မသေဆုံးမီတွင် ရှမ့်လန်၏ လက်ကို ဆုပ်ကိုင်ကာ သူ၏အုတ်ဂူပေါ်တွင် သူ၏ နာမည်ရင်းကို ရေးထိုးပေးရန် မှာကြားခဲ့၏။ မဟုတ်ပါက မိဘများနှင့် တွေ့ဆုံရန် မျက်နှာရှိမည် မဟုတ်ဟု ပြောခဲ့သည်။ နှစ်ပေါင်း ၈၀ ကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဤလူအုပ်စုသည်လည်း အိုမင်းရင့်ရော်ကာ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်။
………………
ရှမ့်လန်သည် စက္ကူပိုက်ဆံများကို မီးရှို့ကာ တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်၏။ “သွားတော့မယ် ယောက္ခမကြီးတို့ရေ...”
“သွားတော့မယ် မွေးစားအဖေနဲ့ မွေးစားအမေရေ...”
“သွားတော့မယ် ညီလေးရေ...”
“သွားတော့မယ်။ အမ် ... နောက်ထပ် ယောက္ခမကြီးရေ...”
“သွားတော့မယ် မိန်းမစိုးကြီးရေ...”
“သွားတော့မယ် အဒေါ်ရွှယ်ယင်ရေ...”
“သွားတော့မယ် မဟာပညာရှင် တွိုင်းရေ...”
“သွားတော့မယ် မှန်ရေ .... စစ်တုရင်သူတော်စင်ရေ... မင်းရဲ့ ဂိုကစားကွက်မှတ်တမ်းတွေကို ငါ ယူသွားပြီးတော့ ကမ္ဘာမြေဂြိုဟ်ပြာက ဂိုပညာရှင်တွေကို သေလောက်အောင် နှိပ်စက်ပေးပါ့မယ်။”
လွန်ခဲ့သော အချိန်အကြာကြီးတည်းက မှန်သည် လူစားထိုးတစ်ဦးအဖြစ် နေထိုင်ရန် မလိုအပ်တော့ သောကြောင့် လောကနံပါတ်တစ် စစ်တုရင် သူတော်စင် ဖြစ်လာခဲ့သည်။ သို့သော်ငြား လွန်ခဲ့သော တစ်နှစ်ခန့် က သူ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
လကမ္ဘာပေါ်တွင် ......
ရှမ့်လန်သည် ဤနေရာသို့ ရောက်ရှိနေပြီး ရှမ့်ချန်အင်ပါယာ ဂြိုဟ်ကို လှမ်းမျှော်ကြည့်ရှုနေသည်။ ဤနေရာမှသာလျှင် လောက၏ အလှတရားကို သူ အပြည့်အဝ မြင်တွေ့နိုင်၏။
ရှမ့်လန်က ပြောလိုက်သည်။ “သမီးလေး... ဖေဖေက ဒီလောကကြီးကို တရားဝင် နှုတ်ဆက်မှာ မဟုတ်ဘူး။ သမီးကိုပဲ နှုတ်ဆက်မှာ။ အခုကစပြီး ဖေဖေက ဒီလောကကြီးကို သမီးလက်ထဲ အပ်ခဲ့မယ်။ သမီးက ဒီလောကကြီးကို စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံ ဖြစ်လာလိမ့်မယ်။ လုံးဝ မဖြစ်မနေ လိုအပ်လာတဲ့ အခြေအနေမျိုး မဟုတ်ရင် ဘာမှ ဝင်မစွက်ဖက်ပါနဲ့။
လူသားတွေက သေလမ်းရှာတဲ့နေရာမှာ ပါရမီအပြည့်ရှိကြတယ်။ သတိမထားရင် ပြိုလဲသွားလိမ့်မယ်။ ဒါကြောင့် ပြိုလဲတော့မယ်လို့ ခံစားရရင်၊ ယဉ်ကျေးမှု တစ်ရပ်လုံး ပျက်စီးခြင်းဆီ ဦးတည်နေပြီလို့ ခံစားရရင်၊ သမီး ဝင်ပါပြီး တားဆီးလို့ရပါတယ်။ အဲဒါကလွဲရင် ရှမ့်ချန်အင်ပါယာနဲ့ ရှီလွန်အင်ပါယာ စစ်ခင်း နေရင်တောင်၊ လိုကီနဲ့ ရှမ့်လျန် စစ်ဖြစ်ကြရင်တောင် သမီး ဂရုစိုက်စရာ မလိုဘူး။”
ရှမ့်ယီသည် ဉာဏ်ပညာ ကြီးမားပြီး စွမ်းအားကြီးမားသူ ဖြစ်သည်။ သူသည် ရှမ့်ချန်အင်ပါယာ၏ ဧကရာဇ်အဖြစ် အချိန်အတော်ကြာ အုပ်ချုပ်ခဲ့ပြီး ဖြစ်သည်။ ရှမ့်ယီက အစ်ကိုတော်ဖြစ်သောကြောင့် လိုကီသည် မဆင်မခြင် ပြုလုပ်ရဲမည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်ယီကွယ်လွန်သွားပြီး ရှမ့်လျန် ထီးနန်းဆက်ခံသည့်အခါတွင်မူ လိုကီသည် ငြိမ်သက်စွာ နေချင်မှ နေတော့မည်။ လိုကီသည် ရှမ့်ယီထက် နှစ်အနည်းငယ်သာ ငယ်ရွယ်သည်။ သူတို့သည် မျိုးဆက် တစ်ခုတည်းမှ ဖြစ်ကြ၏။
သို့သော်ငြား ရှမ့်လန်၏ မြေးဖြစ်သူ လိုကီ၏သားသည်လည်း ရည်မှန်းချက်ကြီးမားသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် လောကကြီး မည်သို့ ပြောင်းလဲသွားမည်ကို မည်သူမှ ကြိုတင် ခန့်မှန်းနိုင်မည် မဟုတ်ပေ။
သို့သော်ငြား ရှမ့်လန်သည် ဤမျှလောက်ထိ ဂရုစိုက်နေ၍ မဖြစ်တော့ချေ။ အကယ်၍ သူ ဂရုစိုက်နေပါက နောင်လာမည့် မျိုးဆက်များ အဆက်ဆက်တိုင် သူ လက်လွှတ်နိုင်မည် မဟုတ်သကဲ့သို့ လွတ်လပ်နိုင်မည် လည်း မဟုတ်ပေ။ ထို့ကြောင့် လောကပျက်သွားမည့် အခြေအနေမျိုး မဟုတ်သရွေ့ သူတို့ ကြိုက်သလို လုပ်ဆောင်နိုင်ကြသည်။ လှုပ်ရှားရုန်းကန်ရင်း ယဉ်ကျေးမှုသည် ရှေ့သို့ ဆက်လက် ရွေ့လျားသွားပေလိမ့်မည်။
ရှမ့်လန်သည် ယောင်ယောင်၏ ဆံပင်ကို ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။ “ငယ်ငယ်တည်းက ဖေဖေ မပြောရဲတဲ့ စကားတချို့ ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ မိဘတစ်ယောက်အနေနဲ့ ဘက်လိုက်လွန်းလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ အခုတော့ ပြောလို့ရပြီ။ တခြား သားသမီးတွေက သမီးရဲ့ မောင်တွေ ညီမတွေ ဖြစ်ပေမဲ့ အခုတော့ သူတို့အားလုံး အသက်ကြီးကုန်ကြပြီ။ သားတွေ ရှိရုံတင်မကဘူး။ မြေးတွေတောင် ရနေကြပြီ။ သမီးတစ်ယောက်တည်းသာ မိန်းမပျိုလေး ဖြစ်နေသေးတာ။ ငယ်ငယ်တည်းက သမီးက ဖေဖေ့ရဲ့ အချစ်ဆုံး ကလေးလေးပဲ။ ဖေဖေ သမီးကို ထားခဲ့ဖို့ တော်တော်ကြီး စဉ်းစားခဲ့ရတယ်။”
ယောင်ယောင်သည် ရှမ့်လန်၏ ရင်ခွင်ထဲသို့ ညင်သာစွာ တိုးဝင်လိုက်သည်။ ဆယ်စုနှစ်များစွာ ကုန်ဆုံး သွားခဲ့သည်။ ယောင်ယောင်၏ မျက်နှာလေးသည် မိန်းမပျိုလေး တစ်ဦးကဲ့သို့ ရှိနေဆဲ ဖြစ်ရုံသာမက သူမ၏ မျက်ဝန်းများသည်လည်း သိပ်ပြီး ပြောင်းလဲခြင်း မရှိပေ။ ကြည်လင်သန့်ရှင်းပြီး အပြစ်ကင်းစင်နေဆဲ ဖြစ်၏။ သူမ၏ စိတ်ဝိညာဉ်သည်လည်း ထိုကဲ့သို့ပင် ကြည်လင်သန့်ရှင်းပြီး အပြစ်ကင်းစင်နေဆဲ ဖြစ်၏။
ဆယ်စုနှစ်များစွာအတွင်း သူမသည် စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး ပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့သည်။ သို့သော်ငြား ပျမ်းမျှအားဖြင့် တစ်နှစ်နေလို့ စကားတစ်ခွန်းမျှပင် မပြောခဲ့ချေ။ လူတို့သည် ကြီးပြင်းလာသည်နှင့်အမျှ ဆန္ဒများ များပြားလာတတ်သည်။
သို့သော်ငြား ယောင်ယောင်တွင်မူ မည်သည့် ဆန္ဒမှ ရှိလာမည် မဟုတ်ပေ။ သူမတွင် ဆန္ဒမရှိဟု ပြော၍လည်း မရချေ။ သူမ၏ တစ်ခုတည်းသော စံပြရည်မှန်းချက်မှာ လောကကြီး လှပနေစေရန် ဖြစ်သည်။ ထို့ကြောင့် ယောင်ယောင် ရှိနေသရွေ့ လောကကြီး ပြိုလဲသွားလျှင်ပင် လုံးဝ ပျက်သုဉ်းသွားမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည် မဟုတ်ပေ။
ထို့နောက် ရှမ့်လန်နှင့် ယောင်ယောင်တို့သည် စကားမပြောကြတော့ချေ။ ကီလိုမီတာ ၅၀၀,၀၀၀ အကွာတွင် ရှိနေသော လှပသည့် လောကကြီးကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြ၏။
***