ရှမ့်လန်၏ဇနီးသည်များသည် အိုမင်းရင့်ရော်နေကြပြီ ဖြစ်သော်လည်း အသက်ရှင်နေကြဆဲ ဖြစ်သည်။ ရှမ့်လန်၏ ကြင်ရာတော်များ ဖြစ်ကြသဖြင့် လှပကျက်သရေ ရှိနေကြဆဲ ဖြစ်၏။ အထူးသဖြင့် ကျုံးရှစ်ရှစ် ဖြစ်သည်။ သူမသည် နေ့စဉ် နာရီဝက်ခန့် အချိန်ယူကာ မိတ်ကပ်လိမ်းခြယ်လေ့ ရှိသည်။ သို့သော်ငြား သူမ၏ မျက်နှာကို ကြည့်လိုက်လျှင် မိတ်ကပ်လိမ်းထားသည်ကိုပင် သတိပြုမိမည် မဟုတ်ချေ။
ရှစ်ချင်းချင်းတွင်မူ သူမနှင့်ရန်ဖြစ်ရန် အင်အား မရှိတော့ပေ။ ထို့ကြောင့် သူမသည် ရံဖန်ရံခါတွင် သားသမီးများနှင့် ရန်ဖြစ်လေ့ ရှိသည်။ ယနေ့တွင် ရှမ့်လန်သည် ပင်းအာ၏ အခန်းတွင် ရှိနေ၏။ မနက်ဖြန်သည် ကျုံးရှစ်ရှစ်၏ အလှည့် ဖြစ်သည်။ သို့သော်ငြား သူမသည် မနက်စောစောစီးစီး ပင်းအာ၏ အခန်းထဲသို့ ဝင်ရောက်ရန် မစောင့်နိုင်တော့ချေ။
သူမက အော်ဟစ်လိုက်သည်။ “ယောကျ်ား... ဘယ်မှာလဲ။ မနိုးသေးဘူးလား။ ဒီနေ့ ပင်လယ်ဘက်ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်လေ။”
ပင်းအာက ပြောလိုက်၏။ “ဘာတွေ လောနေတာလဲ။ ဘာလို့ အော်ဟစ်နေရတာလဲ။ နေ့တိုင်း ပင်လယ်ပြင်ကို သွားနေရတာ မငြီးငွေ့ဘူးလား။”
ထို့နောက် သူမလည်း ထူးဆန်းသလို ခံစားလိုက်ရသည်။ ယောက်ျားသည် ပုံမှန်အားဖြင့် အိပ်ရာထ နောက်ကျလေ့ မရှိပေ။ မနက် ခုနစ်နာရီ တိတိတွင် အိပ်ရာထလေ့ ရှိသည်။ ယခု ၇ နာရီ ၁၅ မိနစ် ရှိနေပြီ ဖြစ်သော်လည်း မနိုးသေးချေ။
ထို့ကြောင့် ပင်းအာသည် သတိထား၍ ရှေ့သို့ တိုးသွားလိုက်သည်။ ရှမ့်လန် ကုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်လိုက်ရချိန်မှာတော့ သူမ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အေးစက်သွားခဲ့သည်။ ခေတ္တမျှ အသက်ရှူရပ်သွားသကဲ့သို့ ဖြစ်သွားပြီး နှလုံးခုန်ရပ်လုနီးပါး ဖြစ်သွားခဲ့၏။
“ယောကျ်ား... ယောကျ်ားက တို့တွေကို တရားဝင် ထားသွားတော့မှာလား။”
ထို့နောက် ပင်းအားသည် အလိုအလျောက်ပင် အံဆွဲဆီသို့ သွားလိုက်မိသည်။ ထိုအထဲတွင် ပိုတက်ဆီယမ် ဆိုင်ယာနိုက် ဝှက်ထားသည်။
သူမသည် ရှမ့်လန်ကို အချိန်အကြာဆုံး ပြုစုခဲ့သူဖြစ်ပြီး ရှမ့်လန်၏စိတ်ကို အသိဆုံး ဖြစ်သည်။ သူမ၏ယောက်ျားသည် သခင်မလေးမူလန်ကို အမြဲတမ်း ရှာဖွေချင်နေခဲ့မှန်း သူမ သိထားခဲ့၏။ သူမ မတားဆီးသလို ၊ ဒီမှာပဲနေပါဟုလည်း တောင်းဆိုမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမယောက်ျားကို အလွန်အမင်း ချစ်မြတ်နိုးသောကြောင့်ပင်။
သို့သော်ငြား ယောက်ျား ထွက်သွားသည်နှင့် သူမသည် ပိုတက်ဆီယမ် ဆိုင်ယာနိုက်ကို ချက်ချင်း သောက်သုံးလိုက်မှာဖြစ်ပြီး ဤလောကကြီးမှ နာကျင်မှုမရှိဘဲ ထွက်ခွာသွားမည်။ မည်သို့ပင် ဆိုစေကာမူ သူမ၏ သားသမီးများသည် ကြီးပြင်းနေကြပြီ ဖြစ်သကဲ့သို့ မြေးများပင် ကြီးပြင်းနေကြပြီ ဖြစ်သည်။
ပင်းအာ၏ လောကသည် ရှမ့်လန်သာလျှင် ဖြစ်ခဲ့သည်။ ပင်းအာသည် မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကို ပြင်ဆင်လိုက်၏။
‘ယောကျ်ား သွားရင် ကျွန်မလည်း သွားမယ်။ ဒီဘဝမှာ ကျွန်မအရမ်း ပျော်ရွှင်ခဲ့ရတယ်။ ဘာနောင်တမှ မရှိတော့ပါဘူး။’
ဆုံးဖြတ်ချက်ချပြီးနောက် ပင်းအာသည် မျက်လုံးများကို ဖွင့်ပြီး ရှမ့်လန်၏ အသက်ရှူသံကို စမ်းသပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
သူမ၏ အပြုအမူကို မြင်ချိန်မှာတော့ ကျုံးရှစ်ရှစ်သည် လန့်ဖျပ်သွားပြီး ပြောလိုက်၏။ “ပင်းအာ... နင် ရူးနေလား။ ငါတို့ယောကျ်ားက နတ်ဘုရားပါဟ။ တို့တွေအားလုံး သေသွားရင်တောင် ၊ ဒီလောကပေါ်က လူတွေအားလုံး သေသွားရင်တောင် သူ အသက်ရှင်နေအုံးမှာလေ။”
ပင်းအာက ပြန်မပြောချေ။ စိတ်ထဲတွင် ရယ်မောလိုက်သည်။ ‘ရှင် ဘာမှ မသိပါဘူး။ ဒီလောကမှာ သခင်မလေးနဲ့ ကျွန်မပဲ ယောကျ်ားအကြောင်း သိတာ...’
ထို့နောက် ပင်းအာသည် ရှမ့်လန်၏ နှာခေါင်းအောက်သို့ လက်ကို တင်လိုက်သည်။ ထင်ထားသည့် အတိုင်းပင် အသက်မရှူတော့ချေ။ ပင်းအာ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့သည်။ သူမက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီနေ့ ရောက်လာခဲ့ပြီပဲ။ ယောကျ်ား... စောင့်နေနော်... ပင်းအာ လိုက်လာခဲ့မယ်။”
သို့သော်ငြား နောက်တစ်စက္ကန့်တွင် ရှမ့်လန်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ရယ်မောလိုက်သည်။
ပင်းအာသည် တုန်လှုပ်သွားခဲ့၏။ ထို့နောက် ရှမ့်လန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး ပြောလိုက်မိ၏။ “ယောကျ်ား... လူဆိုးကြီး... လန့်သေတော့မှာပဲ။ လန့်သေတော့မှာပဲ။”
ကျုံးရှစ်ရှစ်သည် နှုတ်ခမ်းဆူပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ “ယောကျ်ား... ပင်လယ်ဘက်ကို သွားပြီး နေထွက်တာ ကြည့်မယ်လို့ ကတိပေးထားတယ်လေ။”
ရှမ့်လန်က ပြုံး၍ ပြောလိုက်၏။ “နေဝင်တာ ကြည့်တာလည်း အတူတူပါပဲကွာ။”
... ...
သို့သော်ငြား လွန်ခဲ့သော နှစ်နာရီခန့်က ဝိညာဉ်တစ်ခုသည် ရှမ့်လန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားခဲ့သည်။ ချက်ချင်းပဲ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ရှမ့်လန် ထွက်ခွာသွားခဲ့သည်။ သို့သော်ငြား ယောင်ယောင်မှလွဲ၍ မည်သူမှ သတိမထားမိကြချေ။
သူသည် မိမိကိုယ်ကို နှစ်ပိုင်း ခွဲလိုက်ခြင်း ဖြစ်သည်။ ၉၉ ရာခိုင်နှုန်းသော သူသည် ဤလောကမှ ထွက်ခွာသွားခဲ့၏။ ၁ ရာခိုင်နှုန်းသော သူသည် ပင်းအာ၊ ရှစ်ချင်းချင်းနှင့် ဆွေမျိုးသားချင်းများ၊ ဇနီးသည်များ၊ သားသမီးများကို အဖော်ပြုရန် ဤလောကတွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ ယောင်ယောင်မှလွဲ၍ မည်သူမှ မသိရှိကြချေ။ သူသည် ဤလောကရှိ မိသားစုဝင်များကို သူတို့၏ ဘဝအဆုံးသတ်သည်အထိ အဖော်ပြု ပေးသွားမည်။
ထို့နောက် ပင်းအာသည် ရှမ့်လန်ကို တွဲထူပေးပြီး ရေချိုး နံနက်စာ ကျွေးမွေး၏။ ထို့နောက် သူမသည် ရှမ့်လန်၊ ကျုံးရှစ်ရှစ်တို့နှင့်အတူ ငါးမျှားထွက်ခဲ့သည်။
ကျုံးရှစ်ရှစ်က ပြော၏။ “ဒီနေ့ ယောကျ်ားက ငါ့ကိုပဲ အဖော်ပြုမှာ။ ပင်းအာ... နင် ပြန်တော့ လိုက်မလာနဲ့။”
ပင်းအာက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ မလိုက်ရင် ဖမ်းမိတဲ့ငါးကို ရှင် ချက်မှာလား။”
“အမ်...” ကျုံးရှစ်ရှစ်သည် ငါးကိုသတ်ပြီး ဆေးကြောရမည့် အရေးကို တွေးလိုက်မိသဖြင့် တုန်လှုပ်သွားခဲ့၏။
ကျုံးရှစ်ရှစ်က ပြောလိုက်သည်။ “အေးပါ။ အေးပါ။ လိုက်ခဲ့... ဒါပေမဲ့ ယောကျ်ားနဲ့ ငါ့ရဲ့ အစီအစဉ်ကို မဖျက်ဆီးရဘူးနော်။”
ထို့နောက် သူတို့နှစ်ဦးသည် ရှမ့်လန်ကို ဖက်ပြီး လမ်းတစ်လျှောက်လုံး ရန်ဖြစ်လာကြသည်။ သို့နှင့် လှေတစ်စင်းပေါ်သို့ တက်သွားကြ၏။
.............
ရဲတိုက်ထဲတွင် ကျန်းချွင်းဟွာသည် စာအုပ်ဖတ်နေသည်။ သူမသည် ခင်ပွန်းသည်၏ ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး ကျုံးရှစ်ရှစ်၏ ကျောပြင်ကို မျက်စောင်းထိုးလိုက်သည်။ “အသက် ဘယ်လောက် ရှိနေပြီလဲ။ အနီရောင် ဝတ်စုံကြီး ဝတ်ထားသေးတယ်။ ဘယ်သူ့ကို ခန္ဓာကိုယ် ပြချင်နေတာလဲ။”
သူတို့၏ ခင်ပွန်းသည်မှာ ရှမ့်လန် ဖြစ်သည့်အတွက် ရှမ့်လန်သည် သူတို့ကို ကတိတစ်ခု ပေးထားခဲ့သည်။ သူတို့၏ဘဝသည် သာမန်လူများကဲ့သို့ ဖြစ်နိုင်သော်လည်း သေဆုံးမည့်နေ့အထိ နုပျိုလှပနေရမည် ဟူသော ကတိပင် ဖြစ်၏။
ထို့ကြောင့် ကျန်းချွင်းဟွာသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ပုံစံအတိုင်း ရှိနေဆဲ ဖြစ်သည်။ သူမ မလောပေ။ မနက်ဖြန် သူမအလှည့် ရောက်ပေလိမ့်မည်။ ယောက်ျားသည် သူမကို တစ်နေ့လုံး အဖော်ပြု ပေးလိမ့်မည်။
မင်းသမီးနင်ယန်သည်လည်း ရှမ့်လန်၏ ကျောပြင်ကို လှမ်းကြည့်လိုက်သည်။ သူမက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။ “စိတ်ပျက်စရာကောင်းတဲ့ ကျုံးရှစ်ရှစ်...”
သူမသည် ယခုအခါ ဝိုင်ချက်လုပ်ခြင်းကို နှစ်သက်နေပြီ ဖြစ်ကာ ဝိုင်အားလုံးကို သူမနှင့် ရှမ့်လန် ကိုယ်တိုင် ချက်လုပ်ထားခြင်း ဖြစ်သည်။ ကျုံးရှစ်ရှစ် တစ်ဦးတည်းသာ ရှမ့်လန်၏အချစ်ကို လုယူချင်ပြီး ဝိုင်ချက်လုပ်သည့် လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်လေ့ ရှိသည်။ ဝိုင်ချက်သည့် လုပ်ငန်းစဉ်များတွင် လာကူညီရင်း ဖျက်ဆီးတတ်သေးသည်။
ရှစ်ချင်းချင်းနှင့် ရှမ့်မီတို့သည် အဝတ်အစားများ ပုံစံဆွဲနေကြသည်။ ပုံစံဆွဲရုံသာမက ကိုယ်တိုင် ချုပ်လုပ်နေကြခြင်း ဖြစ်သည်။ သူမသည် ရှမ့်လန်၏ကျောပြင်ကို ချစ်မြတ်နိုးစွာ ကြည့်နေမိသည်။ ခင်ပွန်းသည်က သူမကို ပိုးစာခင်းများသို့ ခေါ်သွားရန် သုံးရက် လိုသေး၏။ “စိတ်ပျက်စရာကောင်းတဲ့ ကျုံးရှစ်ရှစ်...”
အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က သူမကို အဝတ်အစားချုပ်ရန် ကူညီပေးတိုင်း ကျုံးရှစ်ရှစ်သည် သူမ၏ လှပသော ခန္ဓာကိုယ်နှင့် ရုပ်ရည်ကို အခွင့်ကောင်းယူကာ စမ်းဝတ်ပြရန် ပထမဆုံး ပြေးထွက်လာလေ့ ရှိသောကြောင့်ပင်။
ရှမ့်မီက ထိုစကားကို ကြားချိန်မှာတော့ နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်မိသည်။
ဒီဘိုရာသည် စာအုပ်ရေးနေသည်။ သူမသည် ရှမ့်လန်၏ ကျောပြင်ကို လှမ်းကြည့်ပြီး ကျုံးရှစ်ရှစ်၏ ဆွဲဆောင်မှုရှိသော ကျောပြင်ကို တစ်ချက် ကြည့်လိုက်သည်။ သူမသည် စိတ်ထဲ၌ တွေးလိုက်မိ၏။ ‘ချစ်စရာကောင်းတဲ့ ကျုံးရှစ်ရှစ်လေး ….. ရှင်သာ မရှိရင် ကျုပ်ကို လူတွေ ဝိုင်းပစ်မှတ်ထားကြမှာပဲ ....’
မင်းသမီးနင်ဟန်သည်လည်း ဤအချိန်တွင် အသည်းအသန် စာရေးနေသည်။ သူမသည် ခေါင်းမော့ကာ ရှမ့်လန်၏ ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက် ရေးသားနေသည်။ သိုင်းပညာသည် ယုတ်လျော့လာခဲ့ပြီ ဖြစ်သည်။ သူမသည် သိုင်းပညာ ကျမ်းစာအသစ်များကို ရေးသားနေခြင်း ဖြစ်၏။ သိုင်းပညာကို ပြန်လည် အသက်သွင်းမည့် တာဝန်သည် သူမ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့ပြီဖြစ်သည်။
အမေဇုန်ဘုရင်မသည် သူမ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သည်။ နင်ဟန်က ကျမ်းစာလိပ်များကို ရေးသားပြီး အမေဇုန်ဘုရင်မကလည်း ရေးသားသည်။ သူမသည်လည်း ရှမ့်လန်၏ ကျောပြင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ တောက်ပသွား၏။ ထို့နောက် ရုတ်တရက်ထကာ သိုင်းပညာကို လေ့ကျင့်နေခဲ့၏။
ချောင်ယောင်းအာ ရှိမနေချေ။ သူမသည် ရေယာဉ်စုကို ဦးစီးကာ စူးစမ်းရှာဖွေရန် ထွက်ခွာသွားခဲ့သည်။ လွန်ခဲ့သောသုံးရက်က ထွက်ခွာသွားခြင်း ဖြစ်သည်။
လူအများအပြားသည် ရှမ့်လန်၏ ကျောပြင်ကို မြင်တွေ့လိုက်ကြသည်။ သူသည် လှေငယ်တစ်စင်းပေါ်တွင် ရှိနေပြီး ပင်လယ်ပြင်ထက်၌ တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။ နေဝင်ပြီးနောက် ရှမ့်လန် ပြန်ရောက်လာလိမ့်မည်။ သို့သော်ငြား ဆုံးရှုံးသွားရသကဲ့သို့ခံစားချက်ဖြင့် သူ၏ ကျောပြင်ကို ငေးကြည့်နေသူများစွာ ရှိနေခဲ့၏။
တစ်ရာခိုင်နှုန်းသော ရှမ့်လန်သည် ပင်းအာနှင့် ကျုံးရှစ်ရှစ်တို့ကို ငါးမျှားရန် အဖော်ပြုပေးနေခဲ့သည်။ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ရှမ့်လန်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တိတ်တဆိတ် ထွက်ခွာ သွားခဲ့သည်။ ယောင်ယောင်မှလွဲ၍ မည်သူမှ မသိရှိကြချေ။
သို့ပေမည့် ၉၉ ရာခိုင်နှုန်းသော ရှမ့်လန် ထွက်ခွာသွားပြီး နာရီအနည်းငယ် အကြာတွင် အရူးကြီးသည် ကွယ်လွန်သွားခဲ့သည်။ ထို့နောက် မင်းသားကျင်း၊ ခေတ္တမျှ ကြာပြီးနောက် ကျင်းမူကုန်း၊ စစ်သေနာပတိ နာကျည်းမှုး နှင့် မင်းသား နင်ကျန့်တို့ ကွယ်လွန်သွားခဲ့သည်။
အားလုံးသည် အသက် တစ်ရာကျော်နေကြပြီ ဖြစ်သည်။ သူတို့သည် အိုမင်းရင့်ရော်၍ သေဆုံးသွားကြခြင်း ဖြစ်သည်။ ဤဘဝတွင် သူတို့သည် အံ့အားသင့်ဖွယ်ရာကောင်းသော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ကြရသည်။ အားလုံးသည် မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ကွယ်လွန်သွားခဲ့ကြ၏။
အမှန်စင်စစ် သူတို့ တစ်ဦးစီတိုင်းတွင် သေတမ်းစာ တစ်စောင်စီ ရှိကြပြီး ဈာပန အခမ်းအနား မကျင်းပရန် မှာကြားထားခဲ့ကြသည်။ သူတို့သည် လောကကြီးမှ တိတ်တဆိတ် ထွက်ခွာသွားကြမည်ဖြစ်ပြီး တိတ်တဆိတ် မြှုပ်နှံခံကြမည်။ မည်သူ့ကိုမှ လိုက်လံ ပြောနေစရာ မလိုချေ။
ချောင်ယောင်းအာသည် ငယ်ရွယ်နုပျိုပြီး စွမ်းအားကြီးမားနေဆဲ ဖြစ်သည်။ သူမသည် အာကာသယာဉ် တစ်စင်းပေါ်တွင် ရှိနေပြီး ဝေးကွာသော ပစ်မှတ်တစ်ခုဆီသို့ ပျံသန်းနေသည်။ ရုတ်တရက် သူမသည် ပြတင်းပေါက် အပြင်ဘက်၌ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
သူမသည် ဘေးမှလူကို ကြည့်ကာ မေးလိုက်၏။ “အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားတာ မြင်လိုက်လား။”
ဘေးမှလူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “မမြင်လိုက်ပါဘူး စစ်သေနာပတိ...”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဒီတစ်ခါ အာကာသထဲမှာ ဘယ်လောက်ကြာအောင် ခရီးသွားမှာလဲ။”
“ရှစ်နှစ်ပါ။”
“ရှစ်နှစ်လား။”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ငါ အိမ်ကို၊ မိသားစုကို၊ ယောကျ်ားကို လွမ်းရတော့မှာပဲ။”
သူမ၏ လက်ထောက်ကျန်းမင်က ပြောလိုက်သည်။ “စစ်သေနာပတိ... အင်ပါယာရှမ့်လန်က နတ်ဘုရား တစ်ပါးပါ။ ဒါအပြင် အရှင်က ခင်ဗျားကို ကြီးမားတဲ့စွမ်းအားနဲ့ သက်တမ်းကို ပေးသနားထားပါတယ်။ ခင်ဗျားနဲ့ အရှင်အတွက် ရှစ်နှစ်ဆိုတာ မျက်စိတစ်မှိတ် အတွင်းပါပဲ။”
ချောင်ယောင်းအာက ပြောလိုက်၏။ “ဟုတ်လား။ ငါလည်း အဲဒီလို ထင်ပါတယ်။”
ထို့နောက် သူမ၏ ရေယာဉ်စုသည် ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံဆီသို့ ဆက်လက် ရွက်လွှင့်သွားခဲ့ကြသည်။
ဂရက်ဂိုရီသည် အိုမင်းနေပြီ ဖြစ်သည်။ သူသည် တော်ဝင်ကျောင်း၏ ကျောင်းအုပ်ကြီး ရာထူးမှ အနားယူခဲ့ပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် သူသည် ချောင်ယောင်းအာ၏ ရေယာဉ်စုနှင့်အတူ လိုက်ပါလာခြင်း ဖြစ်၏။
ဤအချိန်တွင် သူသည် အသည်းအသန် စာရေးနေသည်။ ရုတ်တရက် သူသည် ခေါင်းမော့ကာ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ တစ်စုံတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
သို့သော်ငြား သူ မည်သည့်အရာကိုမှ မမြင်ရချေ။ သူသည် မိနစ်ဝက်ခန့် ငေးငိုင်နေပြီးနောက် ဆက်လက်၍ အသည်းအသန် စာရေးနေပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ သိပ္ပံပညာရှင်တစ်ဦးအတွက် အချိန်တိုင်းသည် အလွန်တရာ တန်ဖိုးရှိသောကြောင့် ဖြစ်၏။
အက်ကွဲကြောင်းအတွင်း၌ အမှောင်ဘုရင်မ (ရန်ယင်ယင်) သည် လောက၏အဆုံး ရေတံခွန်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ ရုတ်တရက် သူမသည် ကြယ်ကြွေသည်ကို ရှာဖွေနေသကဲ့သို့ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ သူမသည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖျော့တော့စွာ ပြုံးလိုက်မိသည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမ၏ ဝိညာဉ် တစ်ခုလုံးသည်လည်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းနှင့် လုံးဝ ပေါင်းစည်းသွား၏။
အာကာသယာဉ် တစ်စင်း၊ ကျန်းလီ၏ အမှတ် ၁ အာကာသယာဉ်... ထိုအတွင်း၌ လူတစ်ဦးတည်းသာ ရှိပြီး ထိုသူမှာ ကျင်းမူလန် ဖြစ်သည်။ သူမသည် နှစ်ပေါင်း တစ်ရာကြာအောင် ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။ သူမသည် နှစ်ပေါင်း တစ်ရာကြာအောင် ရေခဲရိုက်ပြီး အိပ်စက်နေခဲ့ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်း တစ်ရာကြာ ပျံသန်းပြီးနောက် အလွန် ရှည်လျားသော အချိန်ကာလ တစ်ခု ကုန်ဆုံးသွားခဲ့သည်။ ဤ အမှတ် ၁ အာကာသယာဉ်သည် နောက်ဆုံးတွင် ဂြိုလ်တစ်ခု၏ ကောင်းကင်ယံ၌ ပေါ်လာခဲ့သည်။ အလွန် ရင်းနှီးကျွမ်းဝင်သော ဂြိုလ်တစ်ခု ဖြစ်၏။
ဤတောင်တန်း၊ ဤသမုဒ္ဒရာ၊ ဤမြေပုံကို ရှမ့်လန်သည် မျက်လုံးမှိတ်လျက်ပင် ရေးဆွဲနိုင်ပေလိမ့်မည်။ အာကာသယာဉ်သည် ဂြိုဟ်၏လေထုထဲသို့ ဝင်ရောက်လာသည်။
ထိုအချိန်၌ အလင်းတန်းတစ်ခုသည် အာကာသယာဉ်ကို လျင်မြန်စွာ မီလာသည်။ ခေတ္တမျှ ကြာပြီးနောက် အမှတ် ၁ အာကာသယာဉ်သည် ဂြိုဟ်၏ သမုဒ္ဒရာရေပေါ်၌ ပေါ်လာခဲ့၏။
အတွင်း၌ ရှိနေသော ကျင်းမူလန်သည် နိုးလာခဲ့၏။ သူမသည် ပြိုင်ဘက်ကင်း လှပနေဆဲ ဖြစ်ပြီး သူမ၏ မျက်ဝန်းများသည် မျှော်လင့်ခြင်း အလင်းရောင်များနှင့် တောက်ပနေဆဲဖြစ်သည်။
“ယောကျ်ား... ယောကျ်ား...” သူမ အော်ခေါ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ ရေခဲရိုက် အိပ်စက်ခြင်းသို့ မကျရောက်မီ အခိုက်အတန့်တွင် သူမ၏ယောက်ျားအား စိတ်ပူနေခဲ့သောကြောင့် ဖြစ်၏။
သူမသည် နှစ်ပေါင်း တစ်ရာကြာ အေးခဲနေခဲ့သော်လည်း သူမအတွက် မျက်စိတစ်မှိတ် အတွင်းသာ ရှိသေးသကဲ့သို့ ထင်ရသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လုံးဝ အေးခဲအိပ်စက်ခြင်း ဖြစ်သောကြောင့် အိပ်မက်ပင် မက်မည် မဟုတ်ချေ။
သူမသည် ရေခဲရိုက်ထားသော သလင်းကျောက်သေတ္တာထဲမှ ထထိုင်လိုက်ပြီး အာကာသယာဉ် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ ကောင်းကင်ယံမှ လမင်းနှင့် ကျယ်ပြောလှသော သမုဒ္ဒရာကြီးကို မြင်တွေ့လိုက်ရ၏။
“ဘယ် ... ဘယ်နေရာလဲ ..... ယောကျ်ား... ယောကျ်ား ဘယ်မှာလဲဟင်...” မူလန်သည် တီးတိုးရေရွတ်နေမိသည်။
ထို့နောက် သူမ၏အနောက်ဘက်မှ အလွန် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “ဒီမှာလေ မိန်းမ...”
မူလန်သည် သူမ၏ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ယောက်ျား... သူမ၏ယောက်ျား ရှမ့်လန်... သူမ ဆယ်စုနှစ်များစွာ မတွေ့ခဲ့ရသော သူမ၏ယောက်ျား ရှမ့်လန်။
သူမသည် ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
လက်ရှိ ရှမ့်လန်သည် ငယ်ရွယ်နုပျိုနေဆဲ ဖြစ်သည်။ မူလန်သည်လည်း ငယ်ရွယ်နုပျိုနေဆဲ ဖြစ်၏။
မူလန်က မေးလိုက်သည်။ “ယောကျ်ား... ကျွန်မတို့ အိမ်ပြန်ကြတော့မလား။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါက ကမ္ဘာမြေဂြိုဟ်ပြာလေ... ငါ့ရဲ့ အိမ်ပဲ။ မိဘအိမ်ပြန်ဖို့ မစဉ်းစားနဲ့တော့။ ယောက်ျားနဲ့ လိုက်နေရတော့မယ်။ ဟား ဟား ဟား...”
မူလန်က ချိုသာစွာ ပြောလိုက်သည်။ “အကုန် ပြီးသွားပြီလား။ အခုကစပြီး ကျွန်မတို့ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေလို့ရပြီလား။”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... အခု အေးအေးချမ်းချမ်း နေလို့ရပြီ။”
မူလန်က ပြောလိုက်သည်။ “ဒါဆို... ဒါဆို .... ကလေးနှစ်ယောက်လောက် ထပ်ယူကြမယ်။ ရှမ့်ယီက အရမ်း လည်လွန်းတယ်။ တို့တွေ ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်လောက် ထပ်ယူကြမယ်နော်။”
ရှမ့်လန်က ညင်သာစွာ ပြောလိုက်၏။ “ကောင်းပါပြီ။”
ထို့နောက် ရှမ့်လန်သည် မူလန်၏ လက်ကိုဆုပ်ကိုင်ကာ သူ ရင်းနှီးကျွမ်းဝင်သော နိုင်ငံ၊ သူ ရင်းနှီး ကျွမ်းဝင်သော ဇာတိမြေဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်း မည်မျှ ကုန်ဆုံးသွားခဲ့ပြီနည်း။ ကမ္ဘာမြေသည် ယခုအခါ မည်သို့ ဖြစ်နေပြီနည်း။ ဤအရာအားလုံးသည် သူ့အတွက် အရေးမကြီးတော့ချေ။ မူလန်နှင့် အတူရှိနေရလျှင် သူ့အတွက် လုံလောက်လေပြီ။
(ပြီးပါပြီ)
……
စာပြီးချိန် (၂၃.၃.၂၀၂၆)
အဆုံးထိ ဖတ်ရှုပေးကြသော စာဖတ်ပရိသတ်များအားလုံး ကျန်းမာ၊ ချမ်းသာခြင်းတွေနဲ့အတူ ပျော်ရွှင်ကြပါစေ ခင်ဗျာ။
….
စိတ်အမောတွေကြားမှာ ပျော်ရွှင်စေဖို့ မကြာခင်ထွက်ရှိမယ့် ဘာသာပြန်သူရဲ့ ကိုယ်တိုင်ရေး အချစ်ဟာသ လုံးချင်း ဝတ္တုလေးကို အားပေးကြပါအုံး ခင်ဗျာ။