မှန်ပေသည်။ ကျန်းလီသည် မြောက်ဝင်ရိုးစွန်းတွင် မျက်နှာဖော်ပြလေ့ မရှိပေ။ သူ၏ပုံစံကို အခြားသူ ယူထားသည်အား အဘယ်ကြောင့် ဂရုစိုက်နေမည်နည်း။ သူ့အတွက်မူ အခြားသူများ မိမိနှင့် တူနေခြင်းကို ဂရုစိုက်နေရခြင်းက နိမ့်ကျသော စိတ်ခံစားမှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားကို ကွေ့ဝူ လို့ ခေါ်ရမလား၊ ဆော်ရွန်လို့ ခေါ်ရမလား၊ ဒါမှမဟုတ် ဝီလျံ လို့ ခေါ်ရမလား။”
ကွေ့ဝူက ပြန်ဖြေ၏။ “ကိစ္စ မရှိပါဘူး အရှင်ရှမ့်လန်... လွန်ခဲ့တဲ့ အနှစ် ၃၀ က ရှီလွန် အင်ပါယာ မြို့တော်မှာ မင်း လက်ချက်နဲ့ မသေခဲ့ရတဲ့အတွက် တကယ်ကို စိတ်မကောင်း ဖြစ်ရပါတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “အဲဒီတုန်းက ကျုပ် ငရဲသလင်းကျောက် ဗဟိုချက်အကြောင်း ကောင်းကောင်း နားမလည်ခဲ့ဘူး။ ခင်ဗျား လုံးဝ မသေဘူး ဆိုတာတောင် မသိခဲ့ဘူး။ ဒါပေမဲ့ သူက ခင်ဗျားကို ခွင့်လွှတ်ပြီး အရေးပါတဲ့ နေရာ ပေးထားလိမ့်မယ်လို့ မထင်ထားမိဘူး။”
ကွေ့ဝူ ရယ်မောလိုက်၏။ “ဒါက ကျန်းလီရဲ့ သဘောထားကြီးမှုပဲ မဟုတ်လား။ အရှင်ရှမ့်လန် လို သဘောထား သေးသိမ်ပြီး စိတ်ထား ကျဉ်းမြောင်းတဲ့သူနဲ့ မတူဘူးလေ။ အဲဒီတုန်းက ကိစ္စကို မှတ်မိသေးလား။ မင်း ကျုပ်ဆီကနေ နဂါးကို လုယူသွားခဲ့တယ်။ အဲဒီတုန်းက ကံကြမ္မာ ဘယ်လောက် မတရားဘူးလဲလို့ ကျုပ် ညည်းတွားခဲ့ဖူးတယ်။
ကျုပ်က ဒီနဂါးကို ငယ်ငယ်တည်းက ပြုစုပျိုးထောင်လာခဲ့တာ၊ ကျုပ်က သူ့ရဲ့ မွေးစားဖခင်ပဲ။ ဒါပေမဲ့ မင်း ပေါ်လာတာနဲ့ သူက မင်းအမိန့်ကို နာခံတော့တာပါပဲ။ မင်းက အရှင် ကျန်းလီရဲ့သား ဖြစ်နေလို့၊ နဂါးရဲ့ ပဋိညာဉ်ကို ဆက်ခံထားလို့ ဆိုပြီးတော့လေ။ တကယ်ကို ဝမ်းနည်းစရာကောင်းပြီး မကျေနပ်စရာ ကောင်းတယ်။”
ထို့နောက် ကွေ့ဝူသည် ရှမ့်လန်ကို စိုက်ကြည့်လိုက်သည်။ “ဒါပေမဲ့ အခုတော့ရော... ကျုပ်က ဒီနဂါးကြီးကို စီးပြီး တွင်းနက်အက်ကွဲကြောင်းကို တိုက်ခိုက်တော့မယ်။ မင်းရဲ့ တော်ဝင်ရန် အင်ပါယာ၊ တွင်းနက် ပြည်နယ်ကို ဖျက်ဆီးတော့မယ်။ ဒါပေမဲ့ မင်း ဘာမှ မလုပ်နိုင်ဘူး။ အရှင်ရှမ့်လန် ဘယ်လို သဘောရလဲ။”
ရှမ့်လန် ပခုံးတွန့်လိုက်၏။
ကွေ့ဝူက ဆက်ပြောသည်။ “အရှင်က သဘောထားကြီးပါတယ်။ တွင်းနက် အက်ကွဲကြောင်းက လူတွေ အသက်ရှင်ချင်ရင် ရှင်သန်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီလူအုပ်စုက အရမ်းကို ဉာဏ်ကောင်းပြီး ထူးချွန်လွန်းနေတယ်။ သူတို့ရှိနေတာက အင်ပါယာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်။ ဒါကြောင့် အရှင်က ကျုပ်ကိုလာပြီး အက်ကွဲကြောင်းပြည်နယ်တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်ဖို့၊ အထဲက လူတိုင်းကို မျိုးဖြုတ် သတ်ဖြတ်ပစ်ဖို့ အမိန့်ပေးလိုက်တာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ကျန်းလီက တွင်းနက် အက်ကွဲကြောင်းရဲ့ ရလဒ်တွေကို မြင်တာတောင် လက်မခံ နိုင်သေးဘူးလား။ ဒါက သူ့မျက်လုံးထဲက သာမန်လူတွေ ဖန်တီးထားတဲ့ အံ့ဖွယ်အမှုပဲ။ အနှစ် ၃၀ ပဲ ရှိသေးတယ်။ သူတို့ကို နောက်ထပ် နှစ် ၅၀၊ ၈၀ လောက် အချိန်ပေးလိုက်ရင် ဘာဖြစ်သွားမလဲ။ သူက အခုထိ သူတစ်ယောက်တည်းပဲ ကယ်တင်ရှင်လို့ ထင်နေတုန်းလား။”
“အရှင်ရှမ့်လန်... စကားပြောနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။”
ကွေ့ဝူ ပြုံးလိုက်သည်။ “တိုက်ကြတာပေါ့။”
“ကောင်းပြီလေ။” ရှမ့်လန် ပြန်ပြောလိုက်၏။
ကွေ့ဝူ လက်ဝှေ့ယမ်းလိုက်သည်။
“ရွှစ်... ရွှစ်... ရွှစ်... ရွှစ်.. ရွှစ်...” သူ့နောက်ရှိ ကောင်းကင်ခံတပ်ကြီး ရာပေါင်းများစွာထံမှ မီးများ ရူးသွပ်စွာ ပွင့်ထွက်လာကြ၏။
ပထမလှိုင်းအနေဖြင့် နဂါးနောင်တ ရာပေါင်းများစွာသည် ဥက္ကာပျံများပမာ တွင်းနက် အက်ကွဲကြောင်းရှိ ကောင်းကင်ခံတပ်များ ဆီသို့ ပျံသန်း ဝင်ရောက်လာကြသည်။
ယခုတစ်ကြိမ်တွင် ရှမ့်လန်သည် မည်သို့မှ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ ငြိမ်သက်စွာ နေလိုက်သည်။ အကြောင်းမှာ အက်ကွဲကြောင်းပြည်နယ်၏ စွမ်းဆောင်ရည်အပေါ် သူ ယုံကြည်မှု ရှိသောကြောင့် ဖြစ်သည်။ သူ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်ပျက်လာခဲ့၏။
ကောင်းကင်ခံတပ်များ မိုင် ၃၀ ခန့်အကွာသို့ ရောက်ရှိလာချိန်တွင် တွင်းနက်အက်ကွဲကြောင်းထက်၌ ကြီးမားသော စွမ်းအင်ရေဝဲကတော့များစွာ ပေါ်ပေါက်လာပြီး နဂါးနောင်တ ရာပေါင်းများစွာကို ဝါးမျိုကာ ပြန်လည်ပစ်လွှင့်ထုတ်လိုက်သည်။
အင်ပါယာကျန်းလီ၏ နဂါးနောင်တ ရာပေါင်းများစွာသည် အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားကြ ကုန်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ဆက်တိုက်ဆိုသလို ပြင်းထန်သော ပေါက်ကွဲမှုများနှင့်အတူ မျက်စိကျိန်း မတတ် စူးရှသော အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ သို့သော်ငြား ထိုနဂါးနောင်တများသည် မိုင်တစ်ရာခန့် အကွာတွင် ပေါက်ကွဲသွားခြင်း ဖြစ်သဖြင့် မည်သူမှ ထိခိုက်သေဆုံးခြင်း မရှိခဲ့ပေ။
ကွေ့ဝူက ချီးကျူးလိုက်သည်။ “အထင်ကြီးစရာပဲ။ ဒါဆိုရင် ဒုတိယလှိုင်း တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ကြ တာပေါ့။”
“ရွှစ်... ရွှစ်... ရွှစ်...” အင်ပါယာကျန်းလီ၏ ကောင်းကင်ခံတပ်များသည် ဒုတိယအကြိမ်မြောက် နဂါးနောင်တ များကို ပစ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် နဂါးနောင်တသက်သက် မဟုတ်ဘဲ ငရဲသလင်းကျောက် အမြောက်အမြား ပါဝင်နေသည်။ ထိုအရာတို့သည် ဥက္ကာပျံများပမာ ပျံသန်း ဝင်ရောက်လာကြပြန်၏။
တွင်းနက်အက်ကွဲကြောင်း အထက်တွင် စွမ်းအင်ဝဲကတော့များစွာ ထပ်မံ ပေါ်ပေါက်လာသည်။ သို့သော်ငြား ထိုရေဝဲကတော့များက ငရဲသလင်းကျောက်များကို ဝါးမျိုလိုက်သည်နှင့် တပြိုင်နက် ငရဲသလင်း ကျောက်များ က ရေဝဲကတော့များကို ပြန်လည် ဝါးမျိုသွားသည်။ ဝဲကတော့အားလုံး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားရသည်။
ငရဲသလင်းကျောက် နဂါးနောင်တ ရာပေါင်းများစွာသည် တွင်းနက်အက်ကွဲကြောင်းရှိ ကောင်းကင်ခံတပ်များ ဆီသို့ တဖန် ဦးတည် ပျံသန်းလာကြပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ရှမ့်လန် လှုပ်ရှားရမည့် အလှည့် ဖြစ်သည်။ တွင်းနက်အက်ကွဲကြောင်းမှ ကောင်းကင်ခံတပ်များသည် ခုခံနိုင်စွမ်း ရှိသော်လည်း ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးမားလွန်းလှ၏။
ရှမ့်လန်သည် လက်ဝါးကို မြှောက်လိုက်ပြီး အားကောင်းသော စိတ်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ အင်ပါယာကျန်းလီမှ ပစ်လွှတ်လိုက်သော နဂါးနောင်တအားလုံးသည် လေထဲတွင် ခဲသွားပြီး ပြုတ်ကျကုန်ကြသည်။
လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ “အံ့သြစရာပဲ။ တကယ် အံ့သြစရာပဲ။ နှစ် သုံးဆယ်လောက် မတွေ့ရတာနဲ့ ရှမ့်လန် အရှင်က တော်တော်လေး ပြောင်းလဲသွားတာပဲ။”
ကွေ့ဝူက ပြောလိုက်သော်လည်း ရှမ့်လန်သည် သူ့ကို ဂရုမစိုက်ဘဲ မင်းသမီးကျိရွှမ်ကိုသာ ကြည့်လိုက်သည်။ ယခုအခါ တွင်းနက်အက်ကွဲကြောင်း၏ ကောင်းကင်ခံတပ်များ တန်ပြန်တိုက်ခိုက်ရမည့် အလှည့် ရောက်ရှိလာပြီ ဖြစ်၏။
မင်းသမီးကျိရွှမ်သည် လက်ကို မြှောက်ပြီး အောက်သို့ ပြန်ချလိုက်သည်။ “ပစ်...”
“ရွှစ်... ရွှစ်... ရွှစ်...”
တွင်းနက်အက်ကွဲကြောင်းဘက်မှလည်း နဂါးနောင်တများကို ပစ်လွှတ်လိုက်ကြသည်။ သို့သော်ငြား သာမန် အမျိုးအစားများ မဟုတ်ဘဲ နျူကလီးယားပြိုကွဲခြင်း စွမ်းအင်သုံး နဂါးနောင်တများ ဖြစ်ကြ၏။
ယူရေနီယမ်သည် လွန်စွာ ရှားပါးသည်။ ရှမ့်လန်သည် မီးနတ်ဘုရားဂိုဏ်းကို ရှိသမျှ ယူရေနီယမ် အကုန် ယူဆောင်ခိုင်းခဲ့သော်လည်း သန့်စင်ပြီးနောက် ကီလိုဂရမ် ရာဂဏန်းသာ ကျန်ရှိတော့သည်။ အကယ်၍ ထိုအရာကို လက်နက် ပြုလုပ်မည်ဆိုပါက ပမာဏ နည်းပါးလွန်းပေမည်။
ထို့ကြောင့် နဂါးသွေးခြင်ဆီနှင့် ပေါင်းစပ်အသုံးပြုခြင်းက ပို၍ ကောင်းမွန်သည်။ စွမ်းအင်နှစ်ခု ပေါင်းစပ်လိုက် ချိန်မှာတော့ ထွက်ပေါ်လာသည့် စွမ်းအားသည် နှစ်ဆမက ကြီးမားသည်။ တွင်းနက်အက်ကွဲကြောင်းမှ နဂါးနောင်တများ သည် အရွယ်အစား ပိုမိုသေးငယ်ပြီး သုံးတန်ထက် မပိုပေ။ သို့သော်ငြား အင်ပါယာ ကျန်းလီ၏ ငရဲသလင်းကျောက်အတွက်မူ သေစေနိုင်လောက်သော လက်နက် ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အထူးပြုလုပ်ထားသော နဂါးနောင်တ ရာပေါင်းများစွာသည် အင်ပါယာ ကျန်းလီ၏ ကောင်းကင်ခံတပ်များဆီသို့ ပျံသန်းသွားကြသည်။ ရန်သူ့ခံတပ်ကြီးများကို ထိမှန်တော့မည့် ဆဲဆဲတွင် ကောင်းကင်တစ်ခုလုံး ရုတ်တရက် စိမ်းလန်းသွားပြီး ကြီးမားသော ငရဲသလင်းကျောက် စွမ်းအင်ဒိုင်းတစ်ခု အင်ပါယာ ကျန်းလီ၏ ရေယာဉ်စု ရှေ့တွင် ပေါ်လာ၏။
ရှမ့်လန်၏ အထူး နဂါးနောင်တများသည် ထိုစွမ်းအင်ဒိုင်းကို ဝင်ဆောင့်မိကြသည်။
“ဝုန်း... ဝုန်း...”
အထူး နဂါးနောင်တများ ပေါက်ကွဲသွားကြသည်။ ၎င်းတို့တွင် နဂါးသွေးခြင်ဆီ စွမ်းအင်သာမက ယူရေနီယမ် ပြိုကွဲခြင်း စွမ်းအင်လည်း ပါဝင်နေသည်။ ဤစွမ်းအားနှစ်ခုသည် ငရဲသလင်းကျောက် စွမ်းအင်ဒိုင်းကို ချက်ချင်းပဲ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်စေခဲ့၏။
ထို့နောက် လက်ကျန် နဂါးနောင်တများသည် အက်ကွဲကြောင်းထဲမှ ဖြတ်သန်းကာ အင်ပါယာ ကျန်းလီ၏ ကောင်းကင်ခံတပ်ကြီးများကို ဝင်ရောက် တိုက်ခိုက်လေတော့သည်။
“ဝုန်း...”
လောကမြေကို တုန်ခါသွား စေသည့် ပေါက်ကွဲသံကြီးများ ထပ်မံ ထွက်ပေါ်လာသည်။ အင်ပါယာ ကျန်းလီ၏ ကောင်းကင်ခံတပ်ကြီးများသည် တစ်စစီ ပြတ်ထွက်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားကြ၏။
ဤအချိန်တွင် ရှမ့်လန် အလွန် ဂုဏ်ယူမိသည်။ သူ ဝင်ရောက် မတိုက်ခိုက်ဘဲနှင့် သူ၏ တော်ဝင်ချန် အင်ပါယာ၊ တွင်းနက်ပြည်နယ်သည် မိမိတို့ကိုယ်ပိုင်စွမ်းအားဖြင့် အင်ပါယာ ကျန်းလီ၏ ကောင်းကင်ခံတပ် များကို အနိုင်ယူနိုင်ခဲ့သည်။ ဤသည်မှာ ငရဲသလင်းကျောက် စွမ်းအင်စနစ်ကို ပထမဆုံးအကြိမ် အနိုင်ယူနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
ဤအရာအားလုံးသည် နုရှောင့်မြို့မှ ပညာရှင် တစ်သောင်းနီးပါး၊ ယောင်ယောင်၊ အဒေါ့ဖ်၊ ဂရက်ဂိုရီနှင့် လူပေါင်းသောင်းချီတို့၏ ကြိုးပမ်းအားထုတ်မှု ရလဒ်ပင် ဖြစ်သည်။ ကျန်းလီသည် မည်သည့် တန်ဖိုး ပေးဆပ်ရသည် ဖြစ်စေ တွင်းနက်အက်ကွဲကြောင်းကို ဖျက်ဆီးလိုသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ ကိုယ်တိုင် မြောက်ဝင်ရိုးစွန်းမှ မထွက်ခွာနိုင်သော်လည်း ကွေ့ဝူကို စေလွှတ်ခဲ့သည်။
ကွေ့ဝူ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ဆယ်စုနှစ်ပေါင်းများစွာ အင်ပါယာ၏ ငရဲသလင်းကျောက် စွမ်းအင်စနစ်သည် ပြိုင်ဘက်ကင်း ဖြစ်ခဲ့သော်လည်း ယနေ့တွင် ပထမဆုံးအကြိမ် ဖောက်ထွင်းခံလိုက်ရပြီ ဖြစ်သည်။ အင်ပါယာကျန်းလီ၏ ဧရာမ ကောင်းကင်ခံတပ်ကြီးများသည် တစ်စင်းပြီး တစ်စင်း ပျက်စီး ပြုတ်ကျကုန်၏။
ထိုအချိန်၌ နဂါးကြီး၏ ပုံရိပ် ရုတ်တရက် ပေါ်လာသည်။ ကိုယ်ပွားပေါင်းများစွာ ရှိနေသကဲ့သို့ ရှမ့်လန်၏ အထူးနဂါးနောင်တ အားလုံးကို ချက်ချင်း ကြားဖြတ် တားဆီးလိုက်သည်။
ထိုနဂါးနောင်တများသည် နဂါးကြီး၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားကြသည်။ နေမင်းထက် အဆပေါင်း များစွာ ပိုမို တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြန်၏။
သို့သော်ငြား နဂါးကြီးမှာ ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အပြင် ပိုမို၍ပင် စွမ်းအား ကြီးမားလာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှေးဟောင်းနဂါးရေကန်တွင် ပြန်လည် မွေးဖွားထားသူဖြစ်ရာ နျူကလီးယား ပေါက်ကွဲမှုက သူ့ကို မဖျက်ဆီးနိုင်ရုံမက စွမ်းအင်အမြောက်အမြားကိုပင် ဖြည့်တင်းပေး လိုက်သကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
ကွေ့ဝူက ပြောလိုက်သည်။ “အရှင်ရှမ့်လန်... မင်းရဲ့ လောကပျက်စီမံကိန်းက တကယ်ပဲ စွမ်းအားကြီးတာပါပဲ။ ပိုပြီး အံ့သြစရာ ကောင်းတာက ဒီစီမံကိန်းကို မင်းက လွန်ခဲ့တဲ့ ၃၆ နှစ်တည်းက အဆိုပြုခဲ့တာပဲ။ မင်းရဲ့ မဟာပညာရှင်အဖွဲ့က နှစ် ၃၀ ကျော် ကြိုးစားပြီးမှ လောကပျက်စီမံကိန်းကို အောင်မြင်ပြီး နျူကလီးယားလက်နက် ဆိုတာကို ဖန်တီးနိုင်ခဲ့တယ်။”
ထိုသို့ မဟုတ်ပါလား။ အမေရိကန်၏ မန်ဟက်တန် စီမံကိန်းသည် သုံးနှစ် ကြာခဲ့သည်။ ဂျာမနီ၏ နျူကလီးယားဗုံး စီမံကိန်းသည်လည်း နှစ်အနည်းငယ် ကြာခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ရှမ့်လန်၏ လောကပျက် စီမံကိန်းမှာမူ ပြီးစီးရန် ၃၅ နှစ် ကြာမြင့်ခဲ့၏။
“တကယ်ကို စွမ်းအားကြီးလွန်းတယ်။ ခင်ဗျားက တော်ဝင်ရန်အင်ပါယာကို အနိုင်ယူဖို့ ဒီစီမံကိန်းကို အဆိုပြုခဲ့တာ မဟုတ်လား။ ဒါပေမဲ့ မင်းရဲ့ စီမံကိန်းက နည်းနည်း နောက်ကျမနေဘူးလား။ ဟုတ်တယ်။ ကျုပ်တို့ရဲ့ ငရဲသလင်းကျောက် ကာကွယ်ရေး စနစ်ကို ဖောက်ထွင်းနိုင်တယ်။
ဒါပေမဲ့ မင်းရဲ့ စီမံကိန်း ရလဒ်တွေ အကုန်လုံးကို ကျုပ်တို့ ခိုးယူထားပြီးပြီ။ ဒါတင်မကဘူး။ ကျန်းကလန် နဂါးကြီး ပြန်လည် မွေးဖွားလာအောင်လည်း မင်း ကူညီပေးခဲ့သေးတယ်။ သူက ကျိကလန် နဂါးကြီးကို အနိုင်ယူခဲ့ရုံမက အခုတော့ မင်းရဲ့ နျူကလီးယား ဗုံးတွေကိုပါ ဝါးမျိုလိုက်ပြီ။ ဒါကြောင့် အရှင်ရှမ့်လန်ကို ကျေးဇူးတင်ရမှာပါ။ မင်းသာ နဂါးကို ပြန်လည် မွေးဖွားအောင် မလုပ်ပေးခဲ့ရင် ဒီနေ့ ကျုပ်တို့ ဒုက္ခရောက်မှာ၊ အခုတော့ ကိုယ့်ရှူးကိုယ်ပတ် ဖြစ်မနေဘူးလား။
အရှင်ရှမ့်လန်... မင်းရဲ့ နျူကလီးယား ဗုံးတွေက ဒီနေရာမှာပဲ စွမ်းအားကြီးတာပါ။ ကျန်းအင်ပါယာ မှာဆိုရင် ငရဲသလင်းကျောက်တွေ အကန့်အသတ်မရှိ ရှိနေတာ။ မင်းရဲ့ ဗုံးတွေက ပင်လယ်ထဲက ရေတစ်စက် လောက်ပဲ ရှိမှာပါ။”
ကွေ့ဝူက ဆက်ပြောသည်။ “ဒါ့အပြင် နျူကလီးယား ပြိုကွဲခြင်း ကုန်ကြမ်းတွေ အကုန်လုံးကိုလည်း ကျုပ်တို့ ရထားပြီးပြီ။ အရှင်ကျန်းလီက ဒီစွမ်းအင်ကို ကျွမ်းကျင်နေပြီ။ သူက အဆင့်မြင့်နဂါး ဉာဏ်အလင်း ပွင့်ခြင်းကိုလည်း ပြီးမြောက်ထားပြီးပြီ။ အင်ပါယာရဲ့ ကာကွယ်ရေးစနစ်ကို ဘယ်လို အဆင့်မြှင့်တင်မလဲ ဆိုတာ မင်း စဉ်းစားကြည့်ပေါ့။ ဆိုလိုတာက မင်းရဲ့ နျူကလီးယား ဗုံးတွေက အခုမှ တီထွင်ပြီးခါစ ရှိသေးပေမဲ့ ခေတ်နောက်ကျနေပြီ ဆိုတဲ့ သဘော မဟုတ်လား။”
အတိုင်းအတာ တစ်ခုထိတော့ မှန်ကန်သည်။ ကျန်းလီသည် နျူကလီးယားဗုံး လျှို့ဝှက်ချက်များကို ခိုးယူရန် သူလျှိုများ စေလွှတ်ခဲ့ခြင်းမှာ ဗုံးပြုလုပ်ရန်ထက် ထိုစွမ်းအင် သဘောတရားကို နားလည်ပြီး အင်ပါယာ၏ ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ရန် ဖြစ်၏။
ထို့ကြောင့် အင်ပါယာကျန်းလီ၏ စစ်တပ်နှင့် ကာကွယ်ရေးစနစ်သည် နျူကလီးယား ဗုံးများကို ကြောက်ရွံ့တော့မည် မဟုတ်ပေ။ သို့သော်ငြား နျူကလီးယား ပေါင်းစပ်ခြင်း၏ စွမ်းအားကသာ သူ၏ အစစ်အမှန် ဝှက်ဖဲ ဖြစ်သည်။
“အရှင်ရှမ့်လန်... ဒီကျန်းကလန် နဂါးကြီးက တစ်ချိန်တုန်းက မင်းအပေါ် သစ္စာရှိခဲ့တယ်။ မင်းနဲ့အတူ အခက်အခဲတွေ ဖြတ်ကျော်ခဲ့တယ်။ နောက်ဆုံးအချိန်ထိ အရှင်ကျန်းလီရဲ့အမိန့်ကို ဖီဆန်ပြီး မြို့တော်ဖြူ စွမ်းအင်အကာအရံကို မတိုက်ခိုက်ခဲ့ဘူး။”
ကွေ့ဝူက ဆက်ပြောလိုက်၏။ “သနားစရာကောင်းတာက သူ့မှာ လွတ်လပ်တဲ့ ဝိညာဉ် မရှိတော့တာပါပဲ။ အခု သူက အသက်မဲ့နေတဲ့ အသားတုံး နဂါးကြီးလို ဖြစ်နေပြီ။ သူ့ဝိညာဉ်က လုံးဝ ဖိနှိပ် ချုပ်ချယ်ခံထားရပြီး သူ့ခန္ဓာကိုယ်ကို သူ မပိုင်တော့ဘူး။ အရှင် ကျန်းလီ ဘာလုပ်ခဲ့လဲ သိလား။”
ရှမ့်လန်က ဖြေလိုက်သည်။ “သူ့ဝိညာဉ်ကို သတ်ပစ်လိုက်တာလေ။”
“ဟုတ်တယ်။ သတ်ပစ်လိုက်တာ။”
ကွေ့ဝူက ပြောလိုက်၏။ “ဒါပေမဲ့ နဂါးဝိညာဉ် ဆိုတာက နတ်နဂါးရဲ့ အစိတ်အပိုင်း တစ်ခုကနေ ဆင်းသက်လာတာမို့လို့ အရွယ်ရောက်ပြီးသား နဂါးဝိညာဉ် တစ်ခုကို ဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။ လုံးဝ သတ်ပစ်လိုက်ရင် နဂါး ခန္ဓာကိုယ်ကြီးပါ သေဆုံးသွားလိမ့်မယ်။
ဥပမာ ပြောရရင် အခု သူ့ဝိညာဉ်က မူလပမာဏရဲ့ တစ်သောင်းပုံ တစ်ပုံလောက်ပဲ ကျန်တော့တယ်။ သေလုမြောပါး ဖြစ်နေပြီ။ မင်း သူ့ကို ခေါ်ပြီး ကျိကလန် နဂါးကြီးနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်တုန်းက မင်း ရှုံးနိမ့်ပြီး သူလည်း သေလုနီးပါး ဖြစ်ခဲ့သေးတယ်။ အခု သူ့အခြေအနေက အဲဒီတုန်းကထက် အဆပေါင်း တစ်ရာလောက် ပိုအားနည်းနေပြီ။ လေထဲက ဖယောင်းတိုင်မီးလို ဖြစ်နေပြီ။”
သနားစရာကောင်းသော နဂါးပင်။ တစ်ချိန်က တောမီးပမာ ထည်ဝါခဲ့သော အားကောင်းသည့် ဝိညာဉ်သည် ယခုအခါ မီးတောက်ငယ်လေး တစ်ခု အဖြစ်သာ ကျန်ရှိတော့သည်။
***