ကွေ့ဝူက ဆက်ပြောလိုက်သည်။ “သူ့ရဲ့နဂါးဝိညာဉ်ပုလဲထဲမှာ ရှေးဟောင်းလူသား ဝိညာဉ် ဘယ်နှစ်ခု ရှိလဲ သိလား။ တစ်သောင်း... ရှေးဟောင်းလူသား ဝိညာဉ် တစ်သောင်းက သူ့ရဲ့ နဂါးဝိညာဉ်ပုလဲကို သိမ်းပိုက် ထားပြီး နဂါးခန္ဓာကိုယ်ရဲ့ လက်မတိုင်းကို ထိန်းချုပ်ထားတယ်။ ဒါကြောင့် သူက မြင့်မြတ်တဲ့ စစ်ဘုရင်နဂါး မဟုတ်တော့ဘူး။ ကိရိယာ တန်ဆာပလာ တစ်ခု သက်သက်ပဲ။ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ၊ ကိရိယာ ဆိုတာ ကိရိယာပါပဲ။ ကျုပ် စီးနင်းတာကို ခံရမှာပါပဲ။
အရှင်ရှမ့်လန်... ဒီနဂါးကို ပြန်ယူဖို့ မင်း နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့မှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ အရှင် ကျန်းလီက နဂါးပဋိညာဉ်ကို ပထမဆုံး ချုပ်ဆိုခဲ့တဲ့သူပါ။ ပြီးတော့ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း စွမ်းအားကိုသုံးပြီး နဂါးဝိညာဉ်ကို ချိတ်ပိတ်ထားခဲ့တာ။ မင်းမှာ အဲဒီ ချိတ်ပိတ်မှုကို ဖြေရှင်းနိုင်တဲ့ စွမ်းရည် ရှိလို့လား။ အရှင်ကျန်းလီရဲ့ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို မင်း ကျော်လွန်နိုင်လို့လား။”
မကျော်လွန်နိုင်ပေ။ ရှမ့်လန်သည် နဂါးဝိညာဉ်၏ ချိတ်ပိတ်မှုကို မဖြေရှင်းနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်းသည် အလွန်ဆုံး ကျန်းလီနှင့် တူညီရုံသာ ရှိသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကျန်းလီသည် နဂါးပဋိညာဉ်ကို ပထမဆုံး ချုပ်ဆိုခဲ့သူ ဖြစ်သည်။ ယုတ္တိဗေဒအရ ဆိုလျှင် ရှမ့်လန်အနေဖြင့် ဤနဂါးကို ပြန်လည် ထိန်းချုပ်ရန် မဖြစ်နိုင်ချေ။ သို့သော်ငြား သူ လိုချင်သည်မှာ ပုံမှန် မဟုတ်သော တွေးခေါ်မှု ဖြစ်သည်။
ကွေ့ဝူက ပြောလိုက်၏။ “အရှင်ရှမ့်လန်... တွင်းနက် အက်ကွဲကြောင်းတစ်ခုလုံးနဲ့ တော်ဝင်ချန်အင်ပါယာ တစ်ခုလုံးရဲ့ တိုက်ခိုက်မှုတွေက ဒီနဂါးကြီးအတွက် အသုံးမဝင်ပါဘူး။ သူ့ကို ဒီလောက် စွမ်းအားကြီးအောင် လုပ်ပေးခဲ့တဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ အခုတော့ ဒီနဂါးကို သုံးပြီး မင်းရဲ့ တွင်းနက် အက်ကွဲကြောင်းကို ဖျက်ဆီးပစ်မယ်။ အထဲမှာ ရှိတဲ့ မင်းရဲ့ သမီး၊ သားနဲ့ မိန်းမ အပါအဝင် အားလုံးကို သတ်ပစ်မယ်။
အရှင်ရှမ့်လန်... မင်းကိုတော့ သတ်လို့ မရမှန်း သိပါတယ်။ နဂါးကြီးတောင် မင်းကို သတ်လို့ မရဘူး။ ဒါပေမဲ့ မင်းကို အရှင်ကျန်းလီဆီ ခေါ်သွားရမယ်။”
ထို့နောက် ကွေ့ဝူသည် နဂါးကြီးကို ထိန်းချုပ်ကာ နေရာမှ ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် တွင်းနက်အက်ကွဲကြောင်း၏ ကောင်းကင်တပ်တော်အထက်၌ ပေါ်လာ၏။ ထို့နောက် နဂါးကြီးက ပါးစပ် ဟပြီး တွင်းနက်အက်ကွဲကြောင်းရှိ ကောင်းကင်ခံတပ် ရာပေါင်းများစွာကို ချိန်ရွယ်ကာ နဂါးမီး မှုတ်ထုတ်ရန် ပြင်ဆင်လိုက်သည်။ ထိုတိုက်ခိုက်ချက်မှာ အလွန် အားကောင်းသော နျူကလီးယားပြိုကွဲခြင်း မီးတောက် ဖြစ်သည်။
မူလက နဂါးကြီးသည် ကျန်းလီ၏ အမိန့်ကို ဖီဆန်ခဲ့သဖြင့် ဝိညာဉ် ချိတ်ပိတ်ခံခဲ့ရသည်။ သူ၏ နျူကလီးယား ပြိုကွဲခြင်း တိုက်ခိုက်မှုစွမ်းရည်လည်း ပျောက်ဆုံးသွားပြီး မူလဗီဇ မီးတောက်သာ ကျန်ရှိတော့သည်။ သို့သော်ငြား ကျန်းလီသည် နျူကလီးယား ပြိုကွဲခြင်း အချက်အလက် အားလုံးကို ခိုးယူပြီး သဘောတရားကို နားလည်သွားသောကြောင့် နဂါးသည်လည်း နျူကလီးယား ပြိုကွဲခြင်း တိုက်ခိုက်မှုကို ပြန်လည် အသုံးပြုနိုင် လာခြင်း ဖြစ်၏။
နျူကလီးယားပြိုကွဲခြင်း စွမ်းအင် မပါလျှင်ပင် သာမန် နဂါးမီးတောက်ကို တွင်းနက်အက်ကွဲကြောင်းရှိ ကောင်းကင်ခံတပ်များ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ လုံးဝ ပြာကျသွားပေလိမ့်မည်။ ထို့အပြင် မည်သည့် တိုက်ခိုက်မှုကမှ နဂါးကြီးကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ကွေ့ဝူ အော်ဟစ်လိုက်သည်။ “ပျက်စီးသွားစမ်း... အရှင်ရှမ့်လန်၊ မင်း နဂါးကို ခေါ်သွားတုန်းက ဒီနေ့လို ကပ်ဘေးမျိုး ဖြစ်လာမယ်လို့ တွေးဖူးလား။”
“ဝုန်း... ဝုန်း... ဝုန်း...”
အဆုံးမဲ့ ပြိုကွဲခြင်း မီးတောက်များနှင့် ရောင်ခြည် စွမ်းအင်များ နဂါး ပါးစပ်ထဲမှ ပန်းထွက်လာသည်။ တကယ်ကို ဖျက်ဆီးအား ပြင်းထန်လှသည်။ မီတာ သောင်းချီသော ပတ်ဝန်းကျင် တစ်ခုလုံး ကြောက်မက်ဖွယ်ရာပြိုကွဲခြင်း နဂါးမီးတောက်များ ဝါးမျိုခြင်း ခံလိုက်ရ၏။ အရာအားလုံး ပျက်သုဉ်း သွားနိုင်သည်။ သို့သော်ငြား တစ်ခဏသာ ကြာမြင့်လိုက်၏။
တွင်းနက်အက်ကွဲကြောင်း၏ ကောင်းကင်ခံတပ် ရာပေါင်းများစွာသည် မိုင်ရာချီ အကွာအဝေး တစ်နေရာတွင် ချက်ချင်း ပြန်လည် ပေါ်ပေါက်လာကြသည်။
ကွေ့ဝူ ကြောင်အသွားရ၏။ ‘ဘာဖြစ်သွားတာလဲ။ စောဏက နဂါးမီး ဖျက်ဆီးလိုက်တာက တွင်းနက် အက်ကွဲကြောင်း ကောင်းကင်တပ်တော်ရဲ့ ပုံရိပ်ယောင်တွေလား။ ဒါ ဘာသဘောလဲ။ ဟင်းလင်းပြင် အလင်းယိုင်ခြင်းလား။ တည်နေရာ ရွေ့ပြောင်းခြင်းလား။’
ရှမ့်လန် ပြုံးလိုက်သည်။ “ဒီလို အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်းမျိုးကို ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။ အခု ကျုပ်ရဲ့ နဂါးကို ပြန်ယူတော့မယ်။”
ကွေ့ဝူ ကြောင်အသွားပြီးနောက် ရယ်မောလိုက်၏။ “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဟား ဟား ဟား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်။ ပုံမှန် စည်းမျဉ်းတွေအရတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့... ပုံမှန် မဟုတ်တဲ့ စည်းမျဉ်းတွေ အရတော့ ဖြစ်နိုင်တယ်။ နဂါး... မင်းနဲ့ငါ ချုပ်ဆိုခဲ့တဲ့ နှစ်ဖက် ပဋိပက္ခကို မှတ်မိလား။ ငါ မင်းကို ထိန်းချုပ်နိုင်သလို မင်းကလည်း ငါ့ကို ထိန်းချုပ်နိုင်တယ်။ အတိုင်းအတာ တစ်ခုထိ ငါတို့က ဝိညာဉ် မျှဝေလို့ ရတယ်။”
ရှမ့်လန်သည် အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်းကို အသုံးပြုပြီး နဂါး ဝိညာဉ်ထဲသို့ စိတ်စွမ်းအားများ စတင် ထည့်သွင်းလိုက်သည်။ မူလက လွန်စွာအားနည်းနေသော နဂါး ဝိညာဉ်သည် တဖြည်းဖြည်း အားကောင်းလာပြီး ပြန်လည် နိုးထလာ၏။
နဂါးက နှုတ်ဆက်လိုက်သည်။ “သခင်... မတွေ့တာ ကြာပြီ။ ကျုပ် အိပ်ပျော်နေတာ ကြာသွားတယ်။ သခင် ကျုပ်ကို နှိုးလိုက်ပြီပဲ။”
ရှမ့်လန် စိတ်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်နှင့် နဂါးဝိညာဉ်သည် ပိုမို အားကောင်းလာသည်။ သို့သော်ငြား အတိုင်းအတာတစ်ခုသို့ ရောက်ချိန်မှာတော့ ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းလီ၏ နဂါး ပဋိညာဉ် အချုပ်အနှောင်ကြောင့် ရုန်းမထွက်နိုင် ဖြစ်နေရသောကြောင့်ပင်။
“သခင်... ကျုပ် တောင်းပန်ပါတယ်။ ကျန်းလီရဲ့ ပဋိညာဉ်ကနေ ကျုပ် ရုန်းမထွက်နိုင်သေးဘူး။ လွတ်လပ်တဲ့ ဝိညာဉ် ဖြစ်မလာနိုင်သေးဘူး။”
ရှမ့်လန်က မေးလိုက်၏။ “နဂါး... မင်း ငါ့ကို ယုံလား။”
“ယုံပါတယ် သခင်...”
“ဒါဆိုရင် နောက်ထပ် နိဗ္ဗာန မွေးဖွားခြင်းတစ်ခု ဖန်တီးကြစို့။ သေခြင်းတရားရဲ့ နှုတ်ခမ်းဝကို နောက်တစ်ကြိမ် လျှောက်လှမ်းကြမယ်။ ငါ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ထားပြီ။ ငရဲရဲ့ အစွန်းမှာ လမ်းလျှောက်နိုင်တယ်။ မင်း အရှင်လတ်လတ် ကျန်းလီရဲ့ ပဋိညာဉ်ကနေ မလွတ်မြောက်နိုင်ရင် သေခြင်းတရားကို သုံးပြီး လွတ်မြောက်အောင် လုပ်ရမယ်။”
“စိတ်မပူနဲ့။ မင်းကို တကယ် အသေခံခိုင်းတာ မဟုတ်ဘူး။ နောက်တစ်နည်းနဲ့ ပြန်လည် မွေးဖွားစေမှာပါ။ နိဗ္ဗာန်ဝင် ပြန်လည်မွေးဖွားခြင်းပေါ့။ အဲဒီအချိန်ကျရင် မင်းက စစ်မှန်တဲ့ လွတ်လပ်သော နဂါး၊ မြင့်မြတ်တဲ့ နဂါး ဖြစ်လာပြီး ကျန်းလီရဲ့ ဝိညာဉ် ချုပ်ချယ်မှုကနေ လုံးဝ ကင်းလွတ်သွားလိမ့်မယ်။”
နဂါးက ပြန်ဖြေသည်။ “နားလည်ပါပြီ သခင်... သခင့်ကို ကျုပ် ယုံကြည်ပါတယ်။”
နောက်တစ်စက္ကန့်တွင် နဂါးကြီးက မိမိကိုယ်ကို အဆုံးစီရင်လိုက်သည်။ နဂါးဝိညာဉ်ပုလဲ ရုတ်တရက် ဖောက်ခွဲ ဖျက်ဆီးခံလိုက်ရ၏။
... ...
ရှမ့်လန် ယခင်က တွေ့ကြုံခဲ့ရသော အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ သေခြင်း နှင့် ရှင်ခြင်းကို နားလည် သဘောပေါက်ပြီး ပြောင်းပြန်လှန်နိုင်ခြင်း ဖြစ်သည်။ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောရလျှင် သူသည် သေခြင်းတရားဖြစ်စဉ်ကို အသုံးပြုပြီး ရှေးဟောင်း နတ်ဘုရင်များ၊ နဂါးမယ်တော်၊ ဘုရင်မ မီဒူဆာနှင့် ကန်ဝမ်တို့၏ ဝိညာဉ်များကို အခြေခံအကျဆုံး စွမ်းအင်အဖြစ် ဖြိုခွဲကာ ပြန်လည်ပေါင်းစပ်ပြီး နိဗ္ဗာန ပြန်လည် မွေးဖွားစေခဲ့ခြင်း ဖြစ်သည်။
ယခုလည်း ရှမ့်လန်သည် နဂါးဝိညာဉ်ကို သေခြင်းတရားနှင့် နိဗ္ဗာနမွေးဖွားခြင်းနှင့် တွေ့ကြုံစေလိုသည်။ နဂါးဝိညာဉ်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသည် တုန်လှုပ်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း လောကပျက် မတတ် ဆူညံခြင်း မရှိပေ။ နဂါးဝိညာဉ်သည် လုံးဝ ဖိနှိပ် ချိတ်ပိတ်ခံထားရပြီး ကျန်းလီက ရှေးဟောင်း လူသားဝိညာဉ် တစ်သောင်းကို နဂါးဝိညာဉ်ပုလဲထဲသို့ ထည့်သွင်းကာ နဂါး၏ ခန္ဓာကိုယ် လက်မတိုင်းကို ထိန်းချုပ်ထား၏။
သို့သော်ငြား ဤ ဧရာမနဂါးကြီး၏ အသက် အရင်းအမြစ်မှာ သူ၏ ကိုယ်ပိုင် ဝိညာဉ် ဖြစ်သည်။ နဂါးဝိညာဉ် သေဆုံးသွားသည်နှင့် နဂါးဝိညာဉ်ပုလဲ လုံးဝ ငြိမ်းသက်သွားပြီး နဂါး ခန္ဓာကိုယ်တစ်ခုလုံး သေဆုံးသွား တော့သည်။
“ဝုန်း... ဝုန်း...”
နဂါးဝိညာဉ်ပုလဲအတွင်း၌ အပြင်းထန်ဆုံး ပေါက်ကွဲမှု ဖြစ်ပွားသည်။ နဂါးဝိညာဉ်သည် နတ်နဂါး၏ အစိတ်အပိုင်းတစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် ဘုရင်မ မီဒူဆာ၊ နဂါးမယ်တော်နှင့် ရှေးဟောင်း ကျော်ကြားသူများ၏ ဝိညာဉ်များထက် အဆင့်အတန်း ပိုမို မြင့်မား၏။
ထို့ကြောင့် ထိုအချိန်တွင် နဂါးဝိညာဉ်ပုလဲကို သိမ်းပိုက်ထားသော ရှေးဟောင်းလူသား ဝိညာဉ် တစ်သောင်း သည် ချက်ချင်း ပျက်သုဉ်းကာ အမှုန်အမွှား အဖြစ် ပြိုကွဲသွားကြသည်။ ထိုဝိညာဉ်များကို မည်သည့် စွမ်းအင်ဖြင့် ကာကွယ်ထားသည် ဖြစ်စေ အရေးမကြီးတော့ပေ။
နဂါးဝိညာဉ်ပုလဲ အတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး ရှေးဦး စွမ်းအင် အမှုန်များအဖြစ် ပျော်ဝင်သွား ကြသည်။ နဂါးဝိညာဉ်ပုလဲသည် လုံးဝ အမှောင်ကျသွားပြီး တိတ်ဆိတ်သွား၏။ ထို့နောက် နဂါး ခန္ဓာကိုယ် စတင် ပြိုလဲပျက်စီးသည်။
ဤပျက်စီးခြင်းသည် လောကမြေကို တုန်လှုပ်စေသည်။ အကြောင်းမှာ နဂါး၏ ခန္ဓာကိုယ်သည် ရှေးဟောင်းနဂါး ရေကန်မှ ရောင်ခြည်စွမ်းအင် အများအပြားကို စုပ်ယူထားပြီး မသေဆုံးမီ ထိုစွမ်းအင် အားလုံးကို ဖောက်ခွဲ ထုတ်လွှတ်လိုက်သောကြောင့်ဖြစ်၏။
နေမင်း သေဆုံးခါနီးတွင် စူပါနိုဗာ (စူပါနိုဗာအကြောင်း အရှေ့တွင် ရှင်းပြထားပြီးဖြစ် - ဘာသာပြန်သူ) အဖြစ် ပေါက်ကွဲသကဲ့သို့ဖြစ်သည်။ နေမင်းသည် မသေဆုံးမီ တစ်ခါမှမဖြစ်ဖူးလောက်အောင် ပေါက်ကွဲပြီး အဆ တစ်ရာခန့် ကြီးထွားလာတတ်သည်။ ဒြပ်ထု ပမာဏတစ်ခုထက် ကျော်လွန်သော နေမင်း ဆိုလျှင် စူပါနိုဗာအဖြစ် ပေါက်ကွဲပြီး ဂလက်ဆီတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် နဂါးကြီး သေဆုံးခြင်းသည်လည်း သူ၏ ယခင်စွမ်းအင် အားလုံးကို ထုတ်လွှတ်ရမည်။
မြင်ကွင်းတစ်ခုလုံးတွင် တုန်လှုပ်ဖွယ်ရာ နဂါးမီးတောက်များနှင့် နျူကလီးယား ပေါက်ကွဲခြင်း မီးတောက်များ ပြည့်နှက်သွားသည်။ နဂါးမီးသည်ပင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်ရာ နဂါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။ နဂါးနောင်တများစွာနှင့် နျူကလီးယားဗုံး များစွာ တပြိုင်နက် ပေါက်ကွဲသကဲ့သို့ ဖြစ်နေ၏။
အတိတ်ကသာဆိုလျှင် သမုဒ္ဒရာရေများကို အငွေ့ပျံ စေခြင်း၊ ပင်လယ်ကြမ်းပြင်ကို ဖျက်ဆီးခြင်း သို့မဟုတ် တွင်းနက်အက်ကွဲကြောင်း တစ်ခုလုံးကို ကပ်ဘေး သင့်စေခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
သို့သော်ငြား ယခု ရှမ့်လန်တွင် နဂါး ဉာဏ်အလင်းပွင့်ခြင်း ရှိနေပြီဖြစ်ရာ အရာအားလုံး ကွာခြားသွားပြီ ဖြစ်၏။
ကျန်းလီသည် အင်ပါယာအတွင်း၌ နတ်ဘုရားကဲ့သို့ ဖြစ်နေခြင်းမှာ ငရဲသလင်းကျောက် စွမ်းအင် အမြောက်အမြားကို ထိန်းချုပ်ထားနိုင်သောကြောင့် ဖြစ်သည်။ သူ၏ အာရုံခံကိရိယာ မြေကြီးထဲ စိုက်ဝင်သည့် နေရာတိုင်းသည် သူ၏ နယ်မြေ ဖြစ်သည်။
ရှမ့်လန် အတွက်လည်း ထိုနည်းတူပင်။ အဆင့်မြင့်နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ပြီးနောက် လုံလောက်သော စွမ်းအင် ရှိနေသမျှ ကာလပတ်လုံး သူသည် နတ်ဘုရားကဲ့သို့ စွမ်းအား ရှိနေမည် ဖြစ်၏။
လူတိုင်း၏ နဂါးနှင့် ပတ်သက်သော နားလည်မှုမှာ ဆင်တူသော်လည်း ထူးခြားမှု ကိုယ်စီ ရှိကြသည်။ ဥပမာအားဖြင့် ရှမ့်လန်၏ နဂါးနှင့် ပတ်သက်သော နားလည်မှုတွင် ထူးခြားချက်မှာ နျူကလီးယား ပြိုကွဲခြင်း စွမ်းအင် ဖြစ်သည်။ ထို့ကြောင့် နဂါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ထွက်ပေါ်လာသော နျူကလီးယား ပြိုကွဲခြင်း စွမ်းအင် အားလုံးသည် ရှမ့်လန်၏ နတ်ဘုရားစွမ်းအင် အရင်းအမြစ် ဖြစ်လာနိုင်သည်။
အဆုံးမဲ့ ရောင်ခြည် စွမ်းအင်များနှင့် အားကောင်းသော နျူကလီးယား ပြိုကွဲခြင်း မီးတောက်များကို ရှမ့်လန် ချက်ချင်း ထိန်းချုပ်လိုက်သည်။ ထို့နောက်... မကြုံစဖူး ဖျက်ဆီးခြင်း ပြပွဲကြီး စတင်လေ၏။
နဂါး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ထွက်ပေါ်လာသော နဂါးမီးတောက်များနှင့် နျူကလီးယား ပြိုကွဲခြင်း စွမ်းအင်များကို ရှမ့်လန်သည် သေစေနိုင်သော လက်နက်သဖွယ် အသုံးပြုကာ အင်ပါယာကျန်းလီ၏ ကောင်းကင် တပ်တော်ကို ရိုက်ခတ် ချေမှုန်းလိုက်သည်။
ဤဖျက်ဆီးခြင်း စွမ်းအင်ကြီး၏ ရှေ့မှောက်တွင် အင်ပါယာကျန်းလီ၏ ဧရာမ ကောင်းကင်ခံတပ်ကြီး များသည် ခံစစ်စွမ်းအားအားလုံး ဆုံးရှုံးသွားကြသည်။ ရဲတိုက်ကြီးများသဖွယ် ကြီးမားသော ယာဉ်ပျံကြီးများသည် လေထဲတွင်ပင် တစစီ ပြိုကွဲကာ အပိုင်းပိုင်း အစစ ဖြစ်ကုန်ကြ၏။
ဧရာမ ကောင်းကင်ခံတပ်ကြီးများ၊ ရှေးဟောင်း ရုပ်သေးစစ်သည်များနှင့် ရှေးဟောင်း လူသားများသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားကြသည်။ နဂါး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော စွမ်းအင်ကြောင့် ချက်ချင်း ဆိုသလို ပျက်သုဉ်းကုန်ကြ၏။
ရှမ့်လန်၏ ဝိညာဉ်လောကထဲတွင် တစ်စက္ကန့်ဆိုသည်မှာ အစိတ်အပိုင်းပေါင်းများစွာ ခွဲခြားနိုင်ပြီး အလွန် ကြာရှည်သော အချိန်တစ်ခု ဖြစ်နိုင်သည်။ သို့သော်ငြား လက်တွေ့လောကတွင်မူ တစ်စက္ကန့်မျှသာ ကြာမြင့်သည်။ အင်ပါယာကျန်းလီ၏ ဧရာမ ကောင်းကင်ခံတပ် ရာပေါင်းများစွာနှင့် ရှေးဟောင်း ရုပ်သေး စစ်သည် သိန်းပေါင်းများစွာတို့သည် လုံးဝ ပျက်စီး သွားကြသည်။
ပင်လယ်ပြင်အထက် ကောင်းကင်ယံတစ်ခုလုံးသည် နဂါးမီးတောက်များနှင့် နျူကလီးယားပြိုကွဲခြင်း မီးတောက်များ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့၏။ ကွေ့ဝူ ခေါ်ဆောင်လာသည့် အင်အားကြီးမားသည့် စစ်တပ်ကြီးသည် လုံးဝ ပျက်စီးသွားခဲ့သည်။ တိုက်ခိုက်စရာ မလို၊ ဖောက်ခွဲပစ်စရာ မလိုပေ။ နဂါးကြီး မိမိကိုယ်ကို အဆုံးစီရင်သည့် လုပ်ငန်းစဉ် ပြီးမြောက်ရန် တစ်စက္ကန့်သာ ကြာမြင့်ခဲ့၏။
ဝိညာဉ် သေဆုံးသွားပြီး ခန္ဓာကိုယ်လည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သိုလှောင်ထားသော စွမ်းအင် အားလုံးနီးပါး လွတ်ထွက်သွားခဲ့၏။ နဂါးကြီး၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် မီတာ အနည်းငယ်မျှသာ ရှည်လျားသော မြွေငယ်လေးတစ်ကောင်ပမာ ကောင်းကင်မှ ပြုတ်ကျလာသည်။
ရှမ့်လန်သည် နဂါးကြီး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော စွမ်းအင်ကို အသုံးပြုပြီး ကွေ့ဝူ၏ စစ်တပ်ကြီးကို ချေမှုန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား သူ အသုံးပြုလိုက်သော စွမ်းအင်ပမာဏမှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိသေး၏
ကျန်ရှိနေသော ၉၀ ရာခိုင်နှုန်းသော စွမ်းအင်များ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ အလဟဿ ဖြစ်သွားသည်လား။ မဖြစ်နိုင်ပေ။ ထိုစွမ်းအင်များသည် ဝါးမျိုခြင်း ခံလိုက်ရသည်။ မည်သည့်အရာက ဝါးမျိုလိုက်သနည်း။ ဤသည်မှာ ရှမ့်လန်၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းပင် ဖြစ်သည်။
သေဆုံးသွားသော အစွမ်းထက် ပုဂ္ဂိုလ်ကြီး သုံးဦးနှင့် ဝိညာဉ်တစ်သောင်းတို့ ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ ဤဖြစ်စဉ်သည် ကျန်းလီ၏ ငရဲသလင်းကျောက်နှင့် အလွန် တူညီလှသည်။ အနည်းဆုံး ၉၉ ရာခိုင်နှုန်းခန့် တူညီသည်ဟု ဆိုရမည်။
ရှမ့်လန်သည် ငရဲဝိညာဉ်ပုလဲ၏ ပုံပန်းသဏ္ဍာန်ကို အလွန် နှစ်သက်သည်။ အလွန် လှပပြီး ဆန်းကြယ်မှုများ ပြည့်နှက်နေသောကြောင့်ပင်။
ထို့ကြောင့် နဂါးကြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီးနောက် ကျန်ရှိနေသော ၉၀ ရာခိုင်နှုန်းသော စွမ်းအင်များသည် ဝါးမျိုခြင်းခံရပြီး လေထဲတွင် စွမ်းအင်သလင်းကျောက်များအဖြစ် ဖွဲ့စည်းသွားကြသည်။ ထို့နောက် အောက်သို့ ကြွေကျလာသည်။
ယှဉ်ပြိုင်ဖက်ကင်းမဲ့သော ခမ်းနားထည်ဝါသည့် မြင်ကွင်းကြီး ပေါ်ပေါက်လာခဲ့၏။ ကောင်းကင်ယံမှ စွမ်းအင်မိုးများ ရွာသွန်းလာသည်။ ထူထပ်လွန်းသဖြင့် ရေတွက်၍ပင် မရနိုင်ပေ။ သောင်းချီသော စွမ်းအင်သလင်းကျောက်များသည် ကောင်းကင်မှ ပင်လယ်ထဲသို့ ကျဆင်းလာကြ၏။
***