နဂါးကြီး၏ စွမ်းအင်သက်သက် မဟုတ်ပေ။ ကျန်းလီ၏ ရှေးဟောင်း ရုပ်သေးစစ်သည် သိန်းပေါင်းများစွာ၊ ရှေးဟောင်း လူသားသစ် စစ်သည် တစ်သောင်းနီးပါး၊ နဂါးနောင်တများနှင့် လက်နက်အားလုံးသည်လည်း စွမ်းအင် သလင်းကျောက် အမျိုးမျိုးအဖြစ် ပြောင်းလဲကာ ကောင်းကင်မှ ကျဆင်းလာကြခြင်း ဖြစ်သည်။
ကောင်းကင်တစ်ခုလုံး သလင်းကျောက်မိုးများဖြင့် ပြည့်နှက်နေသည်။ အဆုံးမဲ့ လှပလွန်း၏။
ဤအချက်ကို ကြည့်လျှင် ရှမ့်လန်နှင့် ကျန်းလီကြား ကွာခြားချက်ကို မြင်တွေ့နိုင်ပေသည်။ ကျန်းလီသည် စွမ်းအင်ကို ထိန်းချုပ်ရာတွင် အေးစက်သည်။ ကြောက်မက်ဖွယ် ရေဘဝဲလက်တံများ ပါရှိသော ဧရာမ အာရုံခံ ကိရိယာများကို လောကမြေလွှာထဲသို့ ထိုးစိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ စုပ်ယူတတ်သည်။
ရှမ့်လန်မှာမူ နူးညံ့ပျော့ပျောင်းသည်။ စွမ်းအင်ကို ဝါးမျိုရာတွင်ပင် မိုးရွာသကဲ့သို့ လှပစွာ ဖန်တီးတတ်သည်။ ထို့နောက် နဂါးကြီးနှင့် မရေမတွက်နိုင်သော စွမ်းအင်သလင်းကျောက်များသည် လောကမြေ အဆုံးသတ်ရှိ ရေတံခွန်ကြီးနှင့်အတူ တွင်းနက်အက်ကွဲကြောင်းထဲသို့ ကျဆင်းသွားကြ၏။
... ...
ကွေ့ဝူ မသေသေးပေ။ သို့သော်ငြား သူ အမှန်တကယ် တုန်လှုပ်နေခဲ့သည်။ သူ့စိတ်ကူးထဲတွင် ရှမ့်လန် မည်မျှပင် စွမ်းအားကြီးပါစေ၊ ကျန်းလီနှင့်ယှဉ်လျှင် မိုးနှင့် မြေကဲ့သို့ ကွာခြားနေလိမ့်မည်ဟု ထင်မှတ် ထားခဲ့သည်။ အဓိကအချက်မှာ ရှမ့်လန်သည် ရိုးအပြီး ကလေးဆန်လွန်းသည်။ အသက်နှင့် စွမ်းအင်ကို ဝါးမျိုရန် ဝန်လေးတတ်သည်။ ထို့ကြောင့် ကျန်းလီကဲ့သို့ အကန့်အသတ်မရှိ သုံးစွဲနိုင်သော စွမ်းအင် မရှိပေ။
သို့သော်ငြား ယခု သူ့ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းသည် သူ၏ နားလည်မှုကို လုံးဝ ပြောင်းလဲသွား စေခဲ့သည်။ တစ်စက္ကန့်အတွင်းမှာပင် သူ ခေါ်ဆောင်လာသော အားကောင်းသည့် စစ်တပ်ကြီး လုံးဝ ပျက်သုဉ်းသွားခဲ့ရသည်။
ရှမ့်လန် ဖြည်းညင်းစွာ ပြောလိုက်၏။ “ကျုပ် ပြောသားပဲ။ ခင်ဗျားက ပမွှားလေးပါလို့။ ခင်ဗျားရဲ့ နဂါး နားလည်မှု ဆိုတာ ဘာမှ မဟုတ်ပါဘူး။ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်းအကြောင်း ခင်ဗျား ဘာမှ မသိပါဘူး။ ခင်ဗျား နားမလည်ပါဘူး။ ဒီနယ်ပယ်မှာ ခင်ဗျားရဲ့ အားကောင်းလှပါတယ် ဆိုတဲ့ စစ်တပ်ကြီးက ပုရွက်ဆိတ် တစ်ကောင်လောက်ပဲ ရှိတယ်။”
“ကွေ့ဝူ... ဆော်ရွန်... ဝီလျံ...”
ရှမ့်လန် ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ အနှစ် ၃၀က တစ်ဦးချင်းတိုက်ပွဲမှာ ခင်ဗျားကို အပြီးတိုင် မသတ်နိုင်ခဲ့တဲ့အတွက် အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ကျုပ်က သဘောထား သေးသိမ်ပြီး အငြိုးအတေး ကြီးတတ်တဲ့သူဆိုတာ ခင်ဗျား သိသားပဲ။
ဒါကြောင့် အရှင်ကျန်းလီက ကျုပ်မှာ အဆင့်နိမ့် စိတ်ခံစားမှုတွေ ရှိတယ်လို့ အမြဲ ပြောလေ့ရှိတယ်။ သူ ပြောတာ မှန်တယ်လို့ ကျုပ် ထင်ပါတယ်။ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ထားပေမဲ့ ကျုပ်က အကျိုးအကြောင်း မဆီလျော်ဘူး။
ခင်ဗျားက တွင်းနက်အက်ကွဲကြောင်းမှာ ပြည်တွင်းစစ် ဖြစ်စေခဲ့တယ်။ နျူကလီးယား ပြိုကွဲခြင်း လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့တယ်။ ကျုပ်သမီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ခင်ဗျားအပေါ် ထားတဲ့ ကျုပ်ရဲ့ မုန်းတီးမှုကို စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်ဘူး။ ကျုပ် ဘာလုပ်သင့်သလဲ။ ကျုပ်က အဆင့်နိမ့် လူသား တစ်ယောက် ဖြစ်နေဆဲပဲ၊ ကျုပ်စိတ်က အရင်အတိုင်းပဲ။ ခင်ဗျားကို အပိုင်းပိုင်း အစစ ခုတ်ထစ် သတ်ပစ်မယ်။”
ရှမ့်လန် လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ရာ ကွေ့ဝူ၏ခန္ဓာကိုယ်သည် ရှမ့်လန် ရှေ့မှောက်သို့ လွင့်မျောလာပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် ရှမ့်လန်၏ လက်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကွေ့ဝူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်ကာ ဦးနှောက်ထဲမှ ငရဲသလင်းကျောက်ကို ဆွဲထုတ်လိုက်၏။
“ဂုဏ်ယူပါတယ် ကွေ့ဝူ... အခုကစပြီး ခင်ဗျားရဲ့ ဝိညာဉ်ကို ငရဲသလင်းကျောက်က ကာကွယ်မပေးထား တော့ဘူး။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကိုလည်း ငရဲသလင်းကျောက်က ကာကွယ်မပေးထားတော့ဘူး။ ခင်ဗျားက မသေနိုင်တဲ့သူ မဟုတ်တော့ဘူး။”
ရှမ့်လန်က ဆက်ပြောသည်။ “ကောင်းတာပေါ့။ အခုတော့ ကြောက်ရွံ့မှု ရှိလာပြီ။ ကျုပ် ခင်ဗျားကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်တဲ့အခါ နာကျင်မှု ရှိလာတော့မယ်။”
ရှမ့်လန်သည် ငရဲသလင်းကျောက်ကို ဖွဖွလေး ပုတ်လိုက်ရာ ငရဲဝိညာဉ်ပုလဲအဖြစ် ပြောင်းလဲသွား၏
ရှမ့်လန် အမိန့်ပေးလိုက်သည်။ “သူ့ကို ဖမ်းချုပ်လိုက်...”
ချက်ချင်းပဲ စစ်သည်အချို့ ရှေ့ထွက်လာပြီး ကွေ့ဝူကို ဖမ်းချုပ်လိုက်ကြ၏။
... ... ...
တွင်းနက်အက်ကွဲကြောင်းအတွင်း၌ ကွေ့ဝူသည် မြေကြီးပေါ်တွင် ဒူးထောက်လျက်ရှိပြီး မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ မျက်နှာထားသည် အမြဲ ပြောင်းလဲနေ၏။ တစ်ခဏတွင် ကျန်းလီ၏ ကိုယ်ပွား ကွေ့ဝူ၊ နောက်တစ်ခဏတွင် အင်ပါယာဆော်ရွန်၊ နောက်တစ်ခဏတွင် မီးနတ်ဘုရား ဂိုဏ်း၏ ဆက်ခံသူ ဝီလျံ။
သူ့တွင် ကြောက်ရွံ့မှု မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းလီအပေါ် သစ္စာခံပြီးတည်းက သူ့တွင် မသေနိုင်သော ဝိညာဉ် ရှိလာခဲ့သောကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ တည်းက နာကျင်မှုနှင့် ကြောက်ရွံ့မှုကို သူ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
နှစ် ၃၀ ကြာ မေ့လျော့နေခဲ့သော မည်သည့်ခံစားချက်မဆိုသည် အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ထင်ရသည်။ အကြောင်းမှာ စွမ်းအင်ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် ပြန်လည် တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။ အပိုင်းပိုင်း ခုတ်ထစ်ခံရလျှင်ပင် သူသည် နာကျင်မှုကို ခံစားရမည် မဟုတ်ပေ။
စွမ်းအင် လုံလောက်စွာ ရှိနေသမျှ ကာလပတ်လုံး လျင်မြန်စွာ ပြန်လည် သက်သာလာနိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူ မည်ကဲ့သို့ ကြောက်ရွံ့မှုနှင့် နာကျင်မှုကို ခံစားရမည်နည်း။ ခန္ဓာကိုယ် က တစ်ခုတည်းရှိပြီး ပြန်လည် ပြုပြင်၍ မရနိုင်သော အခါမှသာလျှင် ထိုအရာကို တန်ဖိုးထားတတ်ကြ စမြဲ ဖြစ်သည်။
ရှမ့်လန် အမိန့်ပေးလိုက်၏။ “စလိုက်တော့...”
မင်းသမီးကျိရွှမ် ကိုယ်တိုင် ကွေ့ဝူကို စတင် စီရင်သည်။ ပထမဆုံး ဓားချက်တွင်ပင် ကွေ့ဝူ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် နာကျင်မှုနှင့် ယှဉ်ပြိုင်ဘက်ကင်းမဲ့သော ကြောက်ရွံ့မှုတို့သည် သူ၏ စိတ်ဝိညာဉ်ထဲသို့ တမဟုတ်ချင်း ဝင်ရောက်လာသည်။ နှစ်ပေါင်း ၃၀ ကြာ ပျောက်ကွယ်နေခဲ့သော ခံစားချက်များက သူ့ကို လွှမ်းမိုးသွားခဲ့သည်။ ပြတ်တောက်သွားသော သူ၏ခန္ဓာကိုယ်မှ သွေးများ ယိုစီးလာပြီး ပြန်လည် ပြုပြင်၍ မရတော့ပေ။
“အား... အား... အား...”
ကွေ့ဝူ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မင်း ကျုပ်ကို ဘာလုပ်လိုက်တာလဲ။ မင်း ကျုပ်ကို ဘာလုပ်လိုက်တာလဲ။”
ရှမ့်လန်က ဖြေ၏။ “ခင်ဗျားရဲ့ အရင်ခံစားချက်တွေကို ပြန်ခေါ်ပေးဖို့ လိုအပ်တယ်လို့ ကျုပ် ထင်လို့လေ။ ဒါကြောင့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို သွေးနဲ့ အသား ပုံစံ ပြန်လည် တည်ဆောက်ပေးလိုက်တာ။ အဲဒီ နာကျင်မှု၊ အထူးသဖြင့် ခန္ဓာကိုယ် ပျောက်ကွယ်သွားတော့မဲ့ ခံစားချက်ကို ပြီးပြည့်စုံစွာ ပြန်လည် ခံစားနိုင်အောင် လုပ်ထားထားတယ်။”
မင်းသမီးကျိရွှမ်၏ မျက်နှာထားမှာ အေးစက်နေပြီး ကွေ့ဝူကို တစ်ချက်ပြီး တစ်ချက် ခုတ်ထစ် စီရင်နေသည်။
“အား... အား...” ကွေ့ဝူ သနားစဖွယ် အော်ဟစ်နေရသည်။ သူ မယုံကြည်နိုင် ဖြစ်နေ၏။ အဘယ်ကြောင့် ဤမျှလောက် နာကျင်ပြီး ကြောက်ရွံ့နေရသနည်း။ ငရဲသလင်းကျောက် မရှိခင်၊ စွမ်းအင်ခန္ဓာကိုယ် မရခင်တုန်း ကတောင် သေခြင်းတရားကို သူ ဤမျှအထိ မကြောက်ခဲ့ချေ။
လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက သူ သေခြင်းတရားကို မကြောက်ခဲ့ခြင်းမှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူက ကျန်းလီအပေါ် သစ္စာရှိပြီး ပေးဆပ်လိုစိတ် ပြည့်ဝနေခဲ့၍ ဖြစ်သည်။ သို့ပေမည့့် နဂါးကို ကိုယ်ပိုင် လိုချင်လာသည့်အချိန်၊ ဆော်ရွန်ကို ပူးကပ်ချင်သည့် အချိန်၊ အာဏာနှင့် စွမ်းအားကို တောင့်တလာသည့် အချိန်မှာတော့ သူသည် အသက်ကို မက်မောပြီး သေခြင်းတရားကို ကြောက်ရွံ့လာခဲ့ပြီ ဖြစ်၏။
လူပေါင်း သောင်းချီ၏ ရှေ့မှောက်တွင် ကွေ့ဝူ ဆက်လက် သတ်ဖြတ်ခံနေရသည်။ အချက်ပေါင်း တစ်ထောင်တိတိ ခုတ်ထစ် သတ်ဖြတ်မည် ဖြစ်ပြီး ရက်ပေါင်းများစွာ ကြာမြင့်မည်။
“အရှင်ရှမ့်လန်... ကျုပ်ကို သတ်လိုက်ပါ။ သတ်လိုက်ပါ။ မြန်မြန် သေပါရစေ။”
“အရှင်ရှမ့်လန်... ကျုပ်ကို ခွင့်လွှတ်ပါ။ မသတ်ပါနဲ့။ မသတ်ပါနဲ့။ ကျုပ် အရှုံးပေးပါပြီ။ တကယ် အရှုံးပေးပါပြီ။” ကွေ့ဝူ အစွမ်းကုန် အော်ဟစ်နေသည်။ ပါးစပ်မှ ထွက်လာသော စကားလုံးများမှာ ကစဉ့်ကလျားနှင့် ရှုပ်ထွေးနေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “တော်ပြီ။ ကျုပ် နားငြီးလှပြီ။ သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်၊ အော်ပဲ အော်ခိုင်းလိုက်၊ စကား မပြောစေနဲ့။ မဟုတ်ရင် နောက်ကျ ကျုပ်ကို ဆဲတော့မှာ...”
မင်းသမီးကျိရွှမ် လက်ဝှေ့ယမ်းလိုက်ရာ ကွေ့ဝူ ဆွံ့အသွားသည်။ သူ စကား မပြောနိုင်တော့ဘဲ လည်ချောင်းထဲမှ အော်သံသာ ထွက်ပေါ်လာတော့သည်။ ဤအချိန်တွင် မင်းသမီးကျိရွှမ်သည် ရှမ့်လန်နှင့် ပတ်သက်ပြီး ရင်းနှီးသော ခံစားချက်ကို ပြန်လည် ရရှိလိုက်သည်။ သူသည် အရင်အတိုင်း လက်စားချေ တတ်ပြီး အရင်အတိုင်း ဆိုးသွမ်းနေဆဲဖြစ်၏။
ရှမ့်လန်သည် ၁၅ မိနစ်ခန့် ကြည့်ရှုပြီးနောက် မျက်လုံး မှိတ်လိုက်သည်။ သူ ကျေနပ်ပြီ ဖြစ်သည်။ ကွေ့ဝူ လုံလောက်စွာ ခံစားနေရပြီ ဖြစ်၏။ နောက်တစ်ဆင့်အနေဖြင့် သူသည် နဂါးဝိညာဉ်ကို အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း နယ်ပယ်ထဲတွင် နိဗ္ဗာန ပြန်လည်မွေးဖွားစေရမည်။ ဤအတွက် သူ၏ စွမ်းအင်အားလုံး၊ ဝိညာဉ်အားလုံးကို နှစ်မြှုပ်ထားရန် လိုအပ်သည်။
နဂါးဝိညာဉ်ပုလဲအတွင်း၌ ဝိညာဉ်ရေတွင်းသဖွယ် သီးခြား စွမ်းအင်ဟင်းလင်းပြင်တစ်ခု ဖြစ်နေသည်။ ဤဟင်းလင်းပြင်အတွင်းတွင် နဂါးဝိညာဉ်၊ နဂါးပဋိညာဉ်နှင့် ရှေးဟောင်းလူသား ဝိညာဉ်တစ်သောင်းတို့ ရှိသည်။ သို့သော်ငြား ယခုအခါ အားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျန်းလီ၏ နဂါးပဋိညာဉ် ဖြစ်စေ၊ ရှမ့်လန်နှင့် နဂါးကြားမှ နှစ်ဖက်ပဋိညာဉ် ဖြစ်စေ၊ နှစ်ခုစလုံး လုံးဝ ပျက်စီးသွားပြီ ဖြစ်၏။
နဂါးဝိညာဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသည် ပဋိညာဉ်အားလုံး၏အဆုံးသတ် ဖြစ်သည်။ ပြာသည် ပြာသို့၊ မြေမှုန်သည် မြေမှုန်သို့ ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်သည်။ ယခုအခါ နဂါးဝိညာဉ်ပုလဲ အတွင်းတွင် ဖရိုဖရဲဖြစ်ခြင်းနှင့် တိတ်ဆိတ် ငြိမ်သက်ခြင်းတို့သာ ရှိတော့သည်။
ဧရာမ နဂါးဝိညာဉ် စွမ်းအင် နှင့် ရှေးဟောင်း လူသားဝိညာဉ်တစ်သောင်း၏ စွမ်းအင်များသည် ဤ သီးခြားဟင်းလင်းပြင်အတွင်း၌ ဦးတည်ချက်မဲ့ ပြန့်ကျဲနေပြီး တစ်ခုနှင့် တစ်ခု တိုးဝှေ့ တိုက်ခိုက်နေကြ၏။
ဂလက်ဆီတစ်ခု ကဲ့သို့ပင်။ နေမင်း သေဆုံးပြီးနောက် ဂလက်ဆီအတွင်းရှိ ဂြိုဟ်များ၊ လများနှင့် ကြယ်များ အားလုံး လုံးဝ ပျက်သုဉ်းကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။ သို့သော်ငြား စွမ်းအင်သည် ပျောက်ကွယ်သွားမည် မဟုတ်ချေ၊ ပုံသဏ္ဍာန် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် နဂါးဝိညာဉ်စွမ်းအင်နှင့် ရှေးဟောင်း လူသားဝိညာဉ်တစ်သောင်းသည် အခြား ပုံစံတစ်မျိုးဖြင့် တည်ရှိနေကြသည်။ နေမင်း သေဆုံးပြီးနောက် ဂြိုဟ်ပု၊ နျူထရွန်ကြယ် သို့မဟုတ် တွင်းနက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန်သည် ဤ စွမ်းအင်များကို ဆင့်ကဲ ပြောင်းလဲစေကာ နောက်ထပ် ပြင်းထန်သော ဓာတ်ပြုမှုတစ်ခု ဖြစ်ပေါ်စေ၍ နိဗ္ဗာန ပြန်လည်မွေးဖွားစေရမည်။
သို့သော်ငြား နှစ်ပေါင်း မရေမတွက်နိုင်သော ကာလ ကြာမြင့်ပြီးနောက် ဤ အရာဝတ္ထုများသည် ပြန်လည် စုစည်းကာ ပေါက်ကွဲပြီး နေမင်းသစ်တစ်စင်းနှင့် ဂလက်ဆီသစ်တစ်ခုကို မွေးဖွားပေးပေလိမ့်မည်။
အာကာသထဲတွင် ဆိုလျှင် ဤဖြစ်စဉ်သည် နှစ်သန်းပေါင်း ထောင်ချီ ကြာမြင့်ပေလိမ့်မည်။ နဂါးဝိညာဉ်ပုလဲ၏ ဟင်းလင်းပြင်အတွင်းတွင်လည်း နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပေလိမ့်မည်။ သို့သော်ငြား လက်တွေ့တွင်မူ ပိုမို တိုတောင်းမည် ဖြစ်သည်။ အနည်းဆုံးတော့ ရှမ့်လန် အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ရန် ကြာမြင့်သော အချိန်ထက် တိုတောင်းပေလိမ့်မည်။
နဂါးဝိညာဉ်ကို နိဗ္ဗာန ပြန်လည်မွေးဖွားစေခြင်း လုပ်ငန်းစဉ်သည် တကယ်တမ်းတွင် အဆင့်မြင့် နဂါးဉာဏ် အလင်းပွင့်ခြင်း လုပ်ငန်းစဉ်နှင့် အလွန် တူညီသည်။ ထို့အပြင် ဤတစ်ကြိမ်သည် ဒုတိယအကြိမ် ဖြစ်သဖြင့် ရှမ့်လန်အနေဖြင့် လမ်းလွှဲမှု နည်းပါးစွာ သွားနိုင်မည်။
ရှမ့်လန်၏သိစိတ်သည် နဂါးဝိညာဉ်ပုလဲအတွင်း၌ လှည့်လည် သွားလာနေသည်။ သူသည် ဤ စွမ်းအင်များကို သေချာစွာ နားလည် သဘောပေါက်ပြီးမှသာ ပြန်လည် စီစဉ်ပြီး ဓာတ်ပြုမှု ဖြစ်စေနိုင်မည်။
“စူးစမ်း... စူးစမ်း.... သေချာစူးစမ်း လေ့လာစမ်း...”
ဝိညာဉ်အားလုံး သေဆုံးသွားပြီ ဖြစ်သောကြောင့် ဟင်းလင်းပြင် တစ်ခုလုံး လုံးဝ အမှောင်ကျနေသည်။ သို့သော်ငြား ရှမ့်လန်၏သိစိတ်က ဤဟင်းလင်းပြင်၏ ဗဟိုချက်ကို စူးစမ်းမိချိန်မှာတော့ သူ၏ အသိစိတ် လုံးဝ ဝါးမျိုခံလိုက်ရတော့မလို ခံစားလိုက်ရသည်။
မည်ကဲ့သို့ ဖြစ်သွားရသနည်း။ ယခင် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းနှင့် လုံးဝ ကွဲပြားနေသည်။ ရှမ့်လန်သည် နည်းလမ်းပေါင်းစုံသုံး၍ အာရုံခံ စစ်ဆေးကြည့်သည်။ နောက်ဆုံးတွင် မဖြစ်နိုင်မှန်း သူ သိလိုက်ရသည်။ ရှမ့်လန်၏သိစိတ်အမြင်တွင် လုံးဝ ရှုပ်ထွေးနေပြီး အမည်မသိ အရာတစ်ခု ဖြစ်ပေါ်နေ၏။
သူ၏သိစိတ်လောကတွင်ပင် ထိုအရာသည် ပုံသဏ္ဍာန် မရှိ၊ မြင်ရခြင်း မရှိပေ။ ရှိနေမှန်း သိသော်လည်း မြင်နိုင်၊ ထိတွေ့နိုင်ခြင်း မရှိပေ။
ရှမ့်လန် အံ့ဩ ဝမ်းသာသွားမိ၏။ ဤအရာသည် “ရှန်ရွှမ် အပိုင်းအစ” ဖြစ်ကြောင်း သူ သိလိုက်သည်။ နဂါးဝိညာဉ်၏ မူလအစ ဖြစ်သည်။
တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ဝိညာဉ်အမွေအနှစ်ထဲတွင် အလွန် ဝါးတားတား ဖြစ်သော အကြောင်းအရာ တစ်ခု ပါရှိသည်။ တစ်စုံတစ်ယောက်က ရှန်ရွှမ် အပိုင်းအစကို ခိုးယူပြီး စစ်နဂါးတစ်ကောင် ဖန်တီးခဲ့သည် ဟူ၍ပင်။
ဤ ရှန်ရွှမ် အပိုင်းအစသည် နဂါး၏ စစ်မှန်သော ဝိညာဉ် ဗဟိုချက် ဖြစ်သည်။ ၎င်း မရှိလျှင် နဂါး မွေးဖွား လာနိုင်မည် မဟုတ်ပေ။ ထိုအရာသည် တကယ်ကို ဖျက်ဆီး၍ မရနိုင်သော အရာ ဖြစ်သည်။ ဤ ခံစားချက်သည် ဒိုင်နိုဆောတစ်ကောင်၏ မျိုးဗီဇအပိုင်းအစကို ဖြတ်ယူပြီး အထူးပုတ်သင်ညိုတစ်ကောင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်သည်။ ဒိုင်နိုဆော၏ တိုက်ခိုက်စွမ်းရည် ၁ ရာခိုင်နှုန်းသာ ပါဝင်သော်လည်း အထူး သားရဲတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။
နဂါးဆိုသည်မှာ ရှန်ရွှမ်၏ သေးငယ်သော အပိုင်းအစတစ်ခုသာ ဖြစ်သည်။ လက်ရှိအချိန်တွင် ဤအရာသည် ရှမ့်လန်နှင့် မသက်ဆိုင်သေးဟု ဆိုနိုင်သည်။ သူ မထိတွေ့နိုင်သော အလွန် အန္တရာယ်များသည့် သတင်းအချက်အလက်တစ်ခု ဖြစ်သည်ဟုပင် ခံစားမိ၏။
သို့သော်ငြား ဤ ရှန်ရွှမ် အပိုင်းအစ ရှိနေခြင်းဖြင့် နဂါး၏ နိဗ္ဗာန ပြန်လည်မွေးဖွားခြင်းသည် ပိုမို သေချာပြီး မြန်ဆန်လာမည် ဖြစ်သည်။
ထိုအရာသည် ရောင်စုံအပိုင်းအစ သောင်းချီ ပါဝင်သော ဂျစ်ဆော ပဟေဠိကြီး တစ်ခုနှင့် တူသည်။ အစမှ ပြန်လည် ဆက်စပ်ရမည် ဆိုလျှင် အချိန်အကြာကြီး ပေးရပေမည်။ သို့သော်ငြား ပဟေဠိ၏ အလယ်တွင် အပိုင်းအစ တစ်ရာခန့် ဆက်စပ်ပြီးသား ဖြစ်နေလျှင် အချိန်များစွာ သက်သာသွားပေမည်။
မူလက ရှမ့်လန် ခန့်မှန်းထားသည်မှာ နဂါးပုလဲ ဟင်းလင်းပြင်ထဲတွင် နဂါးဝိညာဉ်ကို နိဗ္ဗာန ပြန်လည် မွေးဖွားစေရန် နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်မည်ဖြစ်ပြီး လက်တွေ့လောကတွင် လဝက်ခန့် ကြာမြင့်မည် ဟူ၍ပင်။ သို့သော်ငြား ရှန်ရွှမ် အပိုင်းအစ ရှိနေခြင်းကြောင့် အချိန်များစွာ တိုတောင်း သွားပေမည်။
တကယ်ကို မသေနိုင်သော အရာဖြစ်သည်။ ဤသည်မှာ နဂါးမျိုးနွယ်၏ ထူးခြားချက်ဖြစ်ပြီး လူသားများ အားကျ၍ မရနိုင်သောအရာ ဖြစ်သည်။ အခြား သက်ရှိများ၊ မီဒူဆာပင်လျှင် သေခြင်းနှင့် ရှင်ခြင်းကို ပြောင်းပြန် မလှန်နိုင်သော်လည်း နဂါးမျိုးနွယ်က လုပ်နိုင်သည်လား။
***