အရာအားလုံး ထင်ထားသည်ထက် ပိုမို ချောမွေ့ခဲ့သည်။ လက်တွေ့လောကတွင် ရှမ့်လန် နဂါးကို နိဗ္ဗာန ပြန်လည်မွေးဖွားစေရန် ရက်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ ထို့အပြင် နဂါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုမှ ကျန်ရှိသော ၉၀ ရာခိုင်နှုန်းသော စွမ်းအင်များကို ရှမ့်လန်က စွမ်းအင်သလင်းကျောက်များအဖြစ် သိုလှောင် ထားခဲ့သည်။ ထို့ကြောင့် နဂါးဝိညာဉ် နိဗ္ဗာန ပြန်လည်မွေးဖွားပြီးနောက် အချိန်တိုအတွင်း ၉၀ ရာခိုင်နှုန်းသော စွမ်းအားကို ပြန်လည် ရရှိနိုင်မည်။
ရှမ့်လန် နဂါးကို ပြန်လည်ရှင်သန်စေခြင်း၏ အကြီးမားဆုံး ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်သနည်း။
အင်ပါယာ ကျန်းလီကို တိုက်ခိုက်ဖို့လား။ မဟုတ်ချေ။ အကြီးမားဆုံး ရည်ရွယ်ချက်မှာ ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးရန် နှင့် နျူကလီးယားပေါင်းစပ်ခြင်း ပြီးမြောက်စေရန် ဖြစ်သည်။ နဂါးရှိနေခြင်းဖြင့် ရှမ့်လန်၏ ဟိုက်ဒရိုဂျင်ဗုံး စီမံကိန်းသည် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်လာမည်။
သို့သော်ငြား ရှမ့်လန် နဂါးဝိညာဉ်ထဲတွင် ရှိနေစဉ် ဤနဂါးဝိညာဉ်၏ ရှန်ရွှမ် အပိုင်းအစသည် တစ်ကြိမ် ပုံတူကူးခံထားရသကဲ့သို့ ဝါးတားတား ခံစားလိုက်ရသည်။ စကားလုံးဖြင့် ရှင်းပြ၍ မရနိုင်သော လွန်စွာ ဆန်းကြယ်သည့် ခံစားမှု ဖြစ်၏။
မည်သို့ ဖြစ်နိုင်မည်နည်း။ ရှန်ရွှမ် အပိုင်းအစကို အာရုံခံ၍ မရ၊ ကုဒ်ဖော်၍ မရ၊ ဘာသာပြန်၍ မရဘဲနှင့် မည်ကဲ့သို့ ပုံတူကူး၍ ရနိုင်မည်နည်း။ ရှမ့်လန်၏ အဆင့်မြင့် နဂါးနားလည်မှုကို ပုံတူကူး၍ မရသလို ကျန်းလီလည်း ပုံတူကူး၍ မရနိုင်ပေ။
‘ဒါ ဘာဖြစ်နေတာလဲ။’
ရှမ့်လန်သည် ဤ စိတ်အနှောင့်အယှက်များကို ခေတ္တ ဘေးဖယ်ထားလိုက်သည်။ ဤအချိန်သည် နဂါးကို ပြန်လည် ရှင်သန်စေရန် အာရုံစိုက်ရမည့် အချိန် ဖြစ်ပြီး အခြား အာရုံလွင့်ပါးစရာ မလိုပေ။
... ...
အခြားတစ်ဖက်တွင်မူ ကွေ့ဝူ၏ သေဆုံးခြင်း လုပ်ငန်းစဉ်သည် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယခုအချိန်တွင် သူ အော်ဟစ်နိုင်ခြင်း မရှိတော့ပေ။ တစ်ကိုယ်လုံး မြေကြီးပေါ်တွင် ပျော့ခွေနေပြီး ကြိုးများဖြင့် တုပ်နှောင်ကာ ဒူးထောက်ခိုင်းထားသည်။
ရှမ့်လန်သည် တရားကျင့်သည့် အခြေအနေသို့ ရောက်ရှိနေပြီး ပြင်ပလောကတွင် ဖြစ်ပျက်နေသည်များကို တုံ့ပြန်ခြင်း မရှိတော့ပေ။ ဤအခြေအနေသည် နောက်ထပ် ရက်အနည်းငယ် ကြာမြင့်ဦးမည်။ နဂါးဝိညာဉ် ပြန်လည် ရှင်သန်လာမည့်အချိန် မတိုင်မီအထိ ရှမ့်လန် နိုးထလာမည် မဟုတ်ပေ။
ယခုအခါ ကွေ့ဝူကို စီရင်နေသူမှာ မင်းသမီးကျိရွှမ် မဟုတ်တော့ဘဲ အခြား တပ်မှုးတစ်ဦး ဖြစ်သည်။ ကွေ့ဝူ မအော်ဟစ်တော့ပေ။ သူ မကြောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အချက်ပေါင်း ထောင်ချီ ခုတ်ထစ် ခံခဲ့ရပြီးပြီ ဖြစ်သည်။ နာကျင်မှု ဖြစ်စေ၊ ကြောက်ရွံ့မှု ဖြစ်စေ၊ သူ၏ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်သွားပြီး ထုံကျဉ်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်ငြား ရှမ့်လန် တရားမှတ်နေသည့် အခြေအနေသို့ လုံးဝ ရောက်ရှိသွားသည်ကို မြင်ချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အထင်သေးသောအပြုံးနှင့် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ့အပြုံးက အရမ်း ရက်စက်၏။ မည်သည့် သဘောနည်း။
ကွေ့ဝူတွင် လျှာမရှိတော့သဖြင့် စကား မပြောနိုင်ပေ။ သို့သော်ငြား သူ၏ စိတ်ထဲတွင် အော်ဟစ်နေ၏။
“ရှမ့်လန်... မင်း အဆင့်မြင့် နဂါး နားလည်မှု ပြီးမြောက်ထားရင်တောင် မင်းက ရိုးလွန်းတယ်။ အမြော်အမြင် နည်းလွန်းတယ်။ ကလေးဆန်လွန်းတယ်။ ရှမ့်လန်... ဒီရက်ပိုင်းမှာ နဂါးဝိညာဉ်ကို ပြန်လည် ရှင်သန်စေဖို့ အာရုံစိုက်နေပြီး ဘယ်ကိုမှ သွားလို့ မရဘူး။
ဒါဆို... နောက်ထပ် နဂါးတစ်ကောင်ကို မင်း ဘယ်လို ကာကွယ်မလဲ။ မင်း တွင်းနက် အက်ကွဲကြောင်းကို ကယ်တင်နိုင်တယ်။ ဒါပေမဲ့ မိုကျင်းကိုရော ကယ်တင်နိုင်မှာလား။ မင်းက ကျန်းကလန် နဂါးကို ပြန်ယူချင်နေ တုန်းလား။ မင်းရဲ့ အမြော်အမြင်နည်းပါးမှုနဲ့ လောဘက တော်ဝင်ချန်အင်ပါယာရဲ့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးပစ်လိမ့်မယ်။ ဟား ဟား ဟား”
မှန်ပေသည်။ မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ ဖြစ်စဉ်တွင် ကျန်းလီသည် နဂါးနှစ်ကောင်ကို ထိန်းချုပ်ခဲ့သည်။ ကျန်းကလန် နဂါးနှင့် ကျိကလန် နဂါး ဖြစ်သည်။ မြို့တော်ဖြူ၏ စွမ်းအင်အမိုးခုံးကို ဝင်တိုက်ပြီး မြောက်ဝင်ရိုးစွန်း အပြောင်းအလဲနှင့် လောကမြေ တိမ်းမှောက်မှုကို ဖြစ်စေခဲ့သည်မှာ ကျိကလန် နဂါး ဖြစ်သည်။
ကျန်းလီသည် ငရဲသလင်းကျောက်ကို အသုံးပြုပြီး ကျိကလန် နဂါးကို ထိန်းချုပ်ခဲ့သည်။ ထိုအချိန်က ကျိကလန် နဂါးသည် သခင်မဲ့ ဖြစ်နေသည်။ သခင်မရှိသော နတ်ဘုရား သားရဲတစ်ကောင် ဖြစ်၏။
ကျန်းကလန် နဂါးကြီးသည် အကောင်ပေါက်စ ဖြစ်သော်လည်း ကျိကလန်နဂါးကြီးသည် ရှေးပဝေသဏီ တည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား မဟာနိဗ္ဗာန ပျက်သုဉ်းခြင်း ကာလတွင် နဂါးရေကန်၌ သေလုနီးပါး ဖြစ်ခဲ့သည်။ ကျိကလန်နှင့် မြို့တော်ဖြူတို့က ကြီးမားသည့်တန်ဖိုးကို ပေးဆပ်ပြီး ပြန်လည် ရှင်သန်စေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တော်ဝင်ရန်အင်ပါယာဘုရင်သည် နဂါး၏ ပထမသခင် မဟုတ်ပေ။ သူသည် နဂါးပဋိညာဉ်ကို ဆက်ခံသူ တစ်ဦးသာ ဖြစ်သည်။ ဘုရင်သေဆုံးချိန်မှာတော့ နဂါးပဋိညာဉ်သည် အခြေခံအားဖြင့် ပျက်ပြယ်သွားခဲ့၏။
ရှမ့်လန်သည် ကျန်းလီ၏နဂါးပဋိညာဉ်ကို ဆက်ခံပြီး ရှီလွန်အင်ပါယာသို့ သွားရောက်ကာ နဂါး၏ သစ္စာစောင့်သိမှုကို ရယူခဲ့သကဲ့သို့ပင်။ သို့သော်ငြား ရှမ့်လန်မရှိလျှင် ပဋိညာဉ်ကို ဆက်ခံရန် ခက်ခဲပြီး ကျန်းကလန် နဂါးကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ကျန်းကလန်နဂါး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားချိန်တွင် ရှမ့်လန်သည် ဝိညာဉ်အားလုံးကို အသုံးပြုပြီး နိဗ္ဗာန ပြန်လည်မွေးဖွားစေရန် ကူညီပေးခဲ့သည်။
ထိုအချိန်၌ ကျန်းလီ၏ အခြား နဂါးတစ်ကောင်သည် မြောက်ဝင်ရိုးစွန်းမှ တောင်ဘက်သို့ ဆင်းလာခဲ့သည်။ သူ၏ ပစ်မှတ်မှာ တွင်းနက်အက်ကွဲကြောင်း မဟုတ်ပေ။ အကြောင်းမှာ ရှမ့်လန် ရှိနေသောကြောင့် ဖြစ်သည်။ သူ၏ ပစ်မှတ်မှာ မိုကျင်း ဖြစ်၏။
တစ်ရက် မပြည့်မီမှာပဲ ဧရာမ နဂါးကြီးသည် သဲကန္တာရကြီးသို့ ပျံသန်းရောက်ရှိလာပြီး မိုကျင်း၏ ပထဝီဝင် တည်နေရာသို့ ရောက်ရှိလာခဲ့သည်။ မင်းသမီးနင်ဟန်သည် ကောင်းကင်စောင့်ကြည့်ရေး ရုပ်တုမှတစ်ဆင့် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ကောင်းကင်ယံမှ ကြီးမားသော အရိပ်မဲကြီးတစ်ခု သူတို့အပေါ် လွှမ်းမိုးလာသည်ကို တွေ့လိုက်ရသည်။
နဂါးတစ်ကောင်တည်းသာ ဖြစ်သည်။ အင်ပါယာကျန်းလီ၏ စစ်တပ် အရိပ်အယောင် မတွေ့ရပေ။ ကျန်းလီ ထိန်းချုပ်ထားသော ဤကျိကလန် နဂါးကြီးသည် မိုကျင်း၏ ကောင်းကင်ယံသို့ ပျံသန်း ရောက်ရှိလာသည်။ နေ့အချိန် ဖြစ်သော်လည်း နေမင်းကို ပိတ်ဆို့ထားသကဲ့သို့ မိုကျင်း၏ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွား၏။
အမှောင်ထုသည် ခဏသာ ကြာမြင့်ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ နေမင်းထက် အဆပေါင်းများစွာ ပိုမို တောက်ပသည်။ စွမ်းအင် အကာအရံ အပြင်ဘက်ရှိ နဂါးနောင်တ ပေါက်ကွဲမှုထက်ပင် အဆပေါင်းများစွာ ပိုမို တောက်ပသည်။ အကြောင်းမှာ နဂါးမီးဖြစ်စဉ် စတင်နေပြီ ဖြစ်သောကြောင့်ပင်။ နဂါးနောင်တ များစွာ ပေါက်ကွဲသကဲ့သို့ပင်။
“ဝုန်း... ဝုန်း... ဝုန်း...”
အဆုံးမဲ့ နဂါးမီးတောက်များသည် မိုကျင်း၏ စွမ်းအင်အကာအရံကို ဝင်ဆောင့်သည်။
မိုကျင်းတစ်ခုလုံး ကြောက်ရွံ့ တုန်လှုပ်နေကြသည်။ ရှမ့်လန်သည် အင်ပါယာကျန်းလီ၏ စစ်သည် သိန်းပေါင်းများစွာကို ပြာချပြီး စွမ်းအင်အဖြစ် ပြောင်းလဲကာ မိုကျင်း၏ ထိန်းချုပ်ရေး ဗဟိုချက်သို့ ပို့ဆောင် ပေးခဲ့သဖြင့် စွမ်းအင် အကာအရံကို ထောက်ပံ့ပေးထားနိုင်ခဲ့၏။
မိုကျင်း၏ စွမ်းအင်အကာအရံသည် နဂါးမီးတောက်များ၏ ရူးသွပ်စွာ တိုက်ခိုက်မှုကို မည်မျှကြာကြာ ခံနိုင်ရည် ရှိပါမည်နည်း။ အလွန်ဆုံး တစ်ရက်သာဖြစ်သည်။ တစ်ရက်ကြာပြီးနောက် မိုကျင်းထိန်းချုပ်ရေး ဗဟိုချက်၏ စွမ်းအင်သည် နောက်ထပ်တစ်ကြိမ် ကုန်ခမ်းသွားပေလိမ့်မည်။ စွမ်းအင်အကာအရံ ပျောက်ကွယ် သွားပေလိမ့်မည်။ ထိုအခါ မိုကျင်းတစ်ခုလုံးသည် နဂါးမီးဒဏ်ကို မည်သို့ခံနိုင်ရည် ရှိပါမည်နည်း။
တစ်နာရီမပြည့်ခင်မှာပင် မိုကျင်းတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။ အတွင်းရှိ လူပေါင်းသိန်းချီသည် မြေမြှုပ်စရာ နေရာပင် မရှိဘဲ သေဆုံးကြရလိမ့်မည်။ နဂါးကို ခုခံကာကွယ်နိုင်သူမှာ ရှမ့်လန်တစ်ဦးတည်းသာ ရှိသည်။ သို့သော်ငြား ယခုအချိန်တွင် ရှမ့်လန်သည် မိုင်ပေါင်းသောင်းချီ ဝေးကွာသော တွင်းနက် အက်ကွဲကြောင်း ထဲတွင် ရှိနေသည်။ သူသည် ကျန်းကလန်နဂါး၏ ဝိညာဉ်ကို ပြန်လည်မွေးဖွားပေးရန် သူ၏ ဝိညာဉ်အားလုံးကို နှစ်မြှုပ်ထားသည်။
ကျိကလန်နဂါးကြီးသည် လုံးဝ ထိန်းချုပ်ခံထားရပြီး အသိစိတ် လွတ်နေသည်။ နဂါးမီးတောက်များကို မှုတ်ထုတ်ကာ မိုကျင်း၏ စွမ်းအင်အကာအရံကို ရူးသွပ်စွာ တိုက်ခိုက်နေ၏။
ဆယ်နာရီ ကုန်ဆုံး သွားသည်။ နာရီ နှစ်ဆယ် ကုန်ဆုံးသွားသည်။ နှစ်ဆယ့်လေးနာရီ ကုန်ဆုံးသွားသည်။
မိုကျင်းစွမ်းအင်ထိန်းချုပ်ရေးဗဟိုချက်၏ စွမ်းအင်သည် နည်းသထက် နည်းလာနေသည်။ ဆယ်ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ တစ်ရာခိုင်နှုန်း... မိုကျင်းရှိ လူပေါင်းသိန်းချီသည် လောကပျက်မည့်နေ့ရက်ကို နောက်တစ်ကြိမ် ကြုံတွေ့နေရပြန်၏။
ယခုတစ်ကြိမ်သည် နဂါးကြီးကိုယ်တိုင် တိုက်ခိုက်နေခြင်း ဖြစ်သောကြောင့် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် မိုကျင်းပြည်သူများသည် ထိတ်လန့်ခြင်း မရှိကြပေ။ ယခင်အကြိမ်များထက် ပိုမို တည်ငြိမ်ပြီး ယုံကြည်မှု ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် အရှင်ရှမ့်လန်သည် မိုကျင်းကို နောက်တစ်ကြိမ် ကယ်တင်နိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ထားကြသောကြောင့် ဖြစ်သည်။ အရှင်သည် သူတို့ရှေ့မှောက်တွင် အံ့ဖွယ်အမှုများ ပြုလုပ် ပြခဲ့ဖူးသည်။ အရှင်၏ နတ်ဘုရားစွမ်းအားကို မည်သူမှ သံသယ မရှိကြပေ။
သို့သော်ငြား သူတို့ မသိသည်မှာ ရှမ့်လန် ယခုချက်ချင်း ရောက်မလာနိုင်ခြင်းပင်။ သူသည် ကျန်းကလန် နဂါးကို ပြန်လည်ရှင်သန်စေရန် သူ၏ စိတ်စွမ်းအား ၁၀၀ ရာခိုင်နှုန်းကို အသုံးပြုနေရ၏။
နဂါးကြီးသည် နောက်တစ်ကြိမ် မီးမှုတ်ထုတ်လိုက်ပြန်သည်။ နောက်ဆုံးတွင် မိုကျင်း၏ စွမ်းအင် အကာအရံသည် နောက်တစ်ကြိမ် ပြိုကျပျက်စီးသွားသည်။ မိုကျင်း မြို့တော်သည် ပြင်ပလောကနှင့် နဂါးကြီး၏ အမြင်အာရုံအောက်သို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။
ယခုအချိန်တွင် ကျိကလန်နဂါးကြီးသည် အင်ပါယာကျန်းလီ၏ ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် နဂါးခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ထိန်းချုပ် ထားကြသည်။ အားကောင်းသော ငရဲသလင်းကျောက်သည် ကျိကလန်နဂါး၏ ဝိညာဉ်ကို ဖိနှိပ်ထားသဖြင့် သေလုမြောပါး ဖြစ်နေ၏။
မိုကျင်း၏ စွမ်းအင်အကာအရံ ပျက်စီးသွားသော အခိုက်အတန့်တွင် ဤနဂါးကြီး၏ မျက်လုံးများမှ အလွန် ရက်စက်ပြီး အေးစက်သော အရောင်များပင် ထွက်ပေါ်လာသည်။ ထိုအရာမှာ နဂါး၏ ကိုယ်ပိုင်မျက်လုံးများ မဟုတ်ပေ။ ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်း၏ မျက်လုံးများသာ ဖြစ်သည်။
ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာ ယာယီမြို့တော် မိုကျင်းသည် ပြာပုံအဖြစ် ပြောင်းလဲသွားတော့မည်လား။
သူတို့သည် ကျိကလန်နဂါးကြီးကို ခေါင်းမော့စေပြီး ပါးစပ်ဟစေရန် ထိန်းချုပ်လိုက်ကြသည်။ ဖျက်ဆီးအား ပြင်းထန်သော နဂါးမီးတောက်များကို နောက်တစ်ကြိမ် မှုတ်ထုတ်တော့မည်။ မိုကျင်းရှိ အရာ အားလုံးကို ဖျက်ဆီးတော့မည်။ မိုကျင်းရှိ လူပေါင်းသိန်းချီကို ပြာချတော့မည်။
မိုကျင်းတစ်ခုလုံး ပျက်စီးတော့မည်။
မင်းသမီးနင်ဟန်နှင့် မင်းသမီးလေးရှမ့်မီတို့သည် မိုကျင်းထဲတွင် ရှိနေဆဲ ဖြစ်သည်။ မိုကျင်းကို ကယ်တင်နိုင်သူ တစ်ယောက်မှ မရှိတော့ပြီလား။
ရှမ့်လန်သည် ကျန်းကလန်နဂါးကို ပြန်လည်ရှင်သန်စေရန် ဝိညာဉ်အားလုံး အသုံးပြုနေချိန်တွင် မိုကျင်းကို ကျန်းလီ၏ အခြားနဂါးတစ်ကောင်က တိုက်ခိုက်လာလိမ့်မည်ဟု မတွေးမိခဲ့ဘူးလား။
တွေးမိခဲ့သည်။ မိုကျင်းမှ မထွက်ခွာမီကပင် သူသည် ကြိုတင်ပြင်ဆင်မှု အားလုံး ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ ကျန်းလီက နဂါးတစ်ကောင်တည်းသာ စေလွှတ်ခဲ့လျှင် ရှမ့်လန်ဘက်မှ လွယ်ကူစွာ အနိုင်ရ ပေလိမ့်မည်။ သို့သော်ငြား ကျန်းလီက နဂါးနှစ်ကောင်စလုံး စေလွှတ်ခဲ့လျှင် အန္တရာယ် များပေလိမ့်မည်။ သို့ပေမည့် အောင်ပွဲသည် ပိုမို တောက်ပပေလိမ့်မည်။
ကျိကလန်နဂါးကြီး၏ ပါးစပ်သည် ပိုမို ကျယ်လောင်စွာ ဟလာသည်။ တုန်လှုပ်ဖွယ်ရာ နဂါးမီးတောက်များ စတင် စုစည်းလာသည်။ ထို့နောက် ရုတ်တရက် မှုတ်ထုတ်လိုက်ပြီး မိုကျင်းကို ဖျက်ဆီးရန် ပြင်ဆင် လိုက်သည်။
သို့သော်ငြား ထိုအချိန်၌ ကျိကလန်နဂါးကြီး၏ လှုပ်ရှားမှု အားလုံး ယာယီ ရပ်တန့်သွားသည်။ မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခု သူတို့ရှေ့မှောက်တွင် ပေါ်ပေါက်လာခဲ့၏။
မိုကျင်းပိရမစ်ထိပ်ရှိ လူမျက်နှာ မြွေခန္ဓာကိုယ်နှင့် ကောင်းကင်မျှော်ရုပ်တုသည် လှုပ်ရှားလာခဲ့သည်။ သူ ပြန်လည် နိုးထလာခဲ့၏။ ဘုရင်မ မီဒူဆာက အမြဲ ပြောလေ့ရှိသည်။ ကောင်းကင်မျှော် ရုပ်တုသည် သူ့ထက် ပိုမို အေးစက်သည်။ လောကပျက်သွားလျှင်တောင် ယဇ်ပလ္လင်ပေါ်မှ ဆင်းလာလိုစိတ် မရှိပေ။
အဘယ်ကြောင့်ဆိုသော် ယဇ်ပလ္လင်ပေါ်မှ ဆင်းလိုက်သည်နှင့် နတ်ဘုရားဟူသော အရောင်အဝါ ပျောက်ဆုံး သွားမည် ဖြစ်သောကြောင့်ပင်။ ဘုရင်မမီဒူဆာကမူ လွန်ခဲ့သော ကာလကြာမြင့်စွာ တည်းက ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်ခဲ့ပြီး ဖြစ်သည်။
ဤ ကောင်းကင်မျှော်ရုပ်တုသည် မဟာနိဗ္ဗာန် ပျက်သုဉ်းခြင်း နှစ်ကြိမ်တိုင်တိုင် ဖြတ်သန်းခဲ့ သော်လည်း ရုပ်တုဖြစ်သည်။ သို့သော်ငြား ယခု သူသည် ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းလီက နဂါးနှစ်ကောင်လုံးကို ခွဲကာစေလွှတ်ခဲ့သည်။ ရှမ့်လန်၏ အောင်ပွဲကို ပိုမို ကြီးကျယ်ခမ်းနားစေရန်ပင်။
ရှမ့်လန်သည် မိုကျင်းမှ မထွက်ခွာမီ၊ အက်ကွဲကြောင်းသို့ မသွားမီ ရုပ်တုနှင့် အချိန်ကြာမြင့်စွာ စကား ပြောဆိုခဲ့သည်။ စကားပြောဆိုသည် ဟုဆိုသော်လည်း အခြေခံအားဖြင့် ရှမ့်လန်တစ်ယောက်တည်း ပြောခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်မျှော်ရုပ်တုသည် ရုပ်တုတစ်ခု ဖြစ်သောကြောင့် မည်သည့် တုံ့ပြန်မှုမှ မပေးခဲ့ပေ။
ဘုရင်မမီဒူဆာ ပြောခဲ့သကဲ့သို့ပင် ရုပ်တုသည် ယဇ်ပလ္လင်ပေါ်မှ ဆင်းလာလိုစိတ် မရှိခဲ့ပေ။ သူ အဘယ်ကြောင့် ယဇ်ပလ္လင်ပေါ်မှ မဆင်းလိုသနည်း။ အဘယ်ကြောင့် ထာဝရ ရုပ်တုအဖြစ် နေလိုသနည်း။ မာနကြီး၍လား။ မဟုတ်ပေ။ စိတ်ပျက်အားငယ်မှုကြောင့်လား၊ ထုံထိုင်းမှုကြောင့်လား၊ သို့မဟုတ် ထို့ထက်ပိုသော အကြောင်းပြချက် ရှိနေ၍လား။
ရုပ်တုဖြစ်လာသော ရုပ်တုတိုင်းတွင် အကြောင်းပြချက် ကိုယ်စီ ရှိကြသည်။ သူ့ရှေ့မှ ဤရုပ်တုသည် အဘယ့်ကြောင့် ရုပ်တု ဖြစ်လာသနည်း။ ရှမ့်လန်လည်း မသိပေ။ အဘယ်ကြောင့်ဆိုသော် စကားပြောနေစဉ် တစ်လျှောက်လုံး တုံ့ပြန်မှု မရှိခဲ့သောကြောင့် ဖြစ်သည်။ စကားပြန်မပြောသလို စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မရှိခဲ့ပေ။
ရှမ့်လန်သည် စကားများစွာ ပြောခဲ့သည်။ အထူးသဖြင့် ဘုရင်မမီဒူဆာ၏ ပေးဆပ်မှု ဖြစ်စဉ်ကို ပြောပြခဲ့သည်။ ရုပ်တု မြင်တွေ့နိုင်ရန် ပုံရိပ်များကို ပြန်လည် ပြသခဲ့သည်။ တုံ့ပြန်မှု မရှိသေးပေ။
စကားပုံတစ်ခု ရှိသည်။ “ကောင်းကင်ကြီးသာ ခံစားတတ်လျှင် ကောင်းကင်ကြီးလည်း အိုမင်းသွားလိမ့်မည်” ဟူ၍ပင်။
ရုပ်တုသည် မည်မျှ ကြာရှည်စွာ တည်ရှိခဲ့သည် မသိပေ။ ကျောက်တုံးတစ်တုံးကဲ့သို့ ခံစားချက်အားလုံး ထုံကျဉ်နေပြီ ဖြစ်သည်။ အလွယ်တကူ နားချ၍ ရလျှင် ရုပ်တု ဖြစ်နေမည် မဟုတ်ပေ။ အရေးအကြီးဆုံး အချက်မှာ ရုပ်တုအဖြစ် ရှိနေစဉ် သူ၏ အာရုံခံစားမှုများ ထုံကျဉ်နေသည်။ နာကျင်မှုနှင့် စိတ်ပျက် အားငယ်မှုကို မခံစားရပေ။
ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်လိုက်သည်နှင့် သာမန်သက်ရှိတစ်ဦး ဖြစ်လာမည်။ ထိုအခါ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း စသည့် ခံစားမှုများ ဝင်ရောက်လာလိမ့်မည်။ နာကျင်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ သူ့ စိတ်နှလုံးသားထဲသို့ ပြန်လည် ရောက်ရှိလာလိမ့်မည်။ ထို့ကြောင့် ဘဝ၏ နာကျင်မှုကို ခံစားရမည့်အစား ထာဝရ ရုပ်တုအဖြစ်သာ နေလိုခြင်း ဖြစ်သည်။
***