ရှမ့်လန်သည် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ရုပ်တုကို နားချနိုင်ခြင်း မရှိခဲ့ပေ။ သူ အချိန် ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။
“ကောင်းကင်ဘိုးဘေး... ခင်ဗျားလည်း အဆင့်မြင့် နဂါးနားလည်မှုကို ကြိုးစားခဲ့တာလား။ ဒါပေမဲ့ ကြားဖြတ် နှောင့်ယှက်ခံလိုက်ရလို့ မအောင်မြင်ခဲ့တာလား။ ပထမအကြိမ် မဟာနိဗ္ဗာန ပျက်သုဉ်းခြင်းက ခင်ဗျားရဲ့ အဆင့်မြင့် နဂါး နားလည်မှုကို ကြားဖြတ် နှောင့်ယှက်လိုက်တာလား။”
ဤသည်မှာ ရှမ့်လန်၏ ရဲရင့်သော ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။ လူတိုင်း၏ အဆင့်မြင့် နဂါးဉာဏ်အလင်း ပွင့်ခြင်း လုပ်ငန်းစဉ်သည် မတူညီကြပေ။ ပတ်ဝန်းကျင် အခြေအနေလည်း ကွဲပြားကြသည်။ သို့သော်ငြား အနှစ်ချုပ်လိုက်လျှင် စွမ်းအင်ကို ဝါးမျိုခြင်း၊ ဝိညာဉ်ကို ဝါးမျိုခြင်း၊ သေခြင်းတရားကို နားလည်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့သာ ဖြစ်၏။
တစ်ကိုယ်ကောင်းဆန်ဆုံး အချက်မှာ နိဗ္ဗာန ပြန်လည်မွေးဖွားသူမှာ ဉာဏ်အလင်းပွင့်သူ ကိုယ်တိုင် မဟုတ်ဘဲ သားကောင်များ၏ ဝိညာဉ်များသာ ဖြစ်သည်။ ထို့နောက် သားကောင်များကို ဉာဏ်အလင်းပွင့်သူက ဝါးမျိုလိုက်ပြီး သူတို့၏ စွမ်းအား အရင်းအမြစ် ဖြစ်လာစေခြင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “မိုကျင်းပိရမစ်နဲ့ ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက် နှစ်ခုစလုံးက အရမ်း ထူးခြားတယ်။ အရေးကြီးဆုံးက မြေလွှာရဲ့ သက်စောင့်စွမ်းအားနဲ့ စွမ်းအင်ကို ရံဖန်ရံခါ ဝါးမျိုနိုင်ရုံမက အသက်နဲ့ ဝိညာဉ်တွေကိုပါ စွမ်းအင် အရင်းအမြစ်အဖြစ် ဝါးမျိုနိုင်တာပဲ။”
ဤအရာကို ရှမ့်လန် ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည်။ ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်တစ်ခုလုံး၏ အလယ်အလတ်အဆင့် လုပ်ပိုင်ခွင့်ကိုရရှိချိန်တွင် ဤ စွမ်းအင်ဗဟိုချက်သည် လူသားများ၏ အသက်ကို အသုံးပြုပြီး စွမ်းအင် ဖြည့်တင်းနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ ရိုးရှင်းသည်။ သက်ရှိလူသားတစ်ဦးကို ထိန်းချုပ်ရေးဗဟိုချက်ထဲ ပစ်ထည့်လိုက်သည်နှင့် လုံးဝ ပြိုကွဲသွားပြီး စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။ အသက်နှင့်ဝိညာဉ်သည် အလွန် အားကောင်းသော စွမ်းအင်များ ဖြစ်လာ၏။
ထို့ကြောင့် ထိုစဉ်က ကျူးဟုန်ရွှဲ့နှင့် ကျိုးရှီတို့က အခြေအနေ ဆိုးရွားလာပါက ဖန်သားပြင် ထိန်းချုပ်ရေး ဗဟိုချက်ထဲသို့ ခုန်ချပြီး မိမိတို့ကိုယ်ကိုယ် စွမ်းအင်အဖြစ် ပြိုကွဲစေကာ ကောင်းကင်မျှော်ရုပ်တုကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ခဲ့ကြဖူးသည်။
သို့သော်ငြား ရှမ့်လန် တားမြစ်ခဲ့သည်။ မည်သူမှ မိမိအသက်ကို စတေးပြီး ကောင်းကင်မျှော်ရုပ်တု၏ စွမ်းအင် အရင်းအမြစ် မဖြစ်စေရဟု အမိန့်ထုတ်ခဲ့သည်။ ဤအချက်များကို အခြေခံပြီး ရှမ့်လန် ရဲရင့်စွာ ကောက်ချက်ချ လိုက်၏။
ပိရမစ်တစ်ခုလုံးနှင့် ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်သည် တကယ်တမ်းတွင် ကောင်းကင်မျှော်ရုပ်တု အဆင့်မြင့် ဉာဏ်အလင်းပွင့်ရန် အသုံးပြုသော ကြီးမားသည့် ကိရိယာများသာ ဖြစ်သည်။ ထိုစဉ်က ရှေးဟောင်းအင်ပါယာ၏ နဝမမြောက်မြို့တော်မှ မရေမတွက်နိုင်အောင် များပြားသော လူတို့သည် ကောင်းကင်မျှော်ရုပ်တု ဉာဏ်အလင်းပွင့်စေရန် မိမိတို့၏ အသက်နှင့် ဝိညာဉ်များကို လိုလိုလားလား စတေးခဲ့ကြသည်။ ဤကဲ့သို့ ပေးဆပ်မှုသည် လူပေါင်းသိန်းချီ သို့မဟုတ် သန်းချီ ရှိနိုင်သည်။
မူလက ကောင်းကင်မျှော်ရုပ်တု အောင်မြင်လုနီးပါး ဖြစ်ခဲ့သော်လည်း မဟာနိဗ္ဗာန ရောက်ရှိလာသောကြောင့် အရာအားလုံး ရပ်တန့်သွားခဲ့သည်။ ကောင်းကင်မျှော်ရုပ်တု၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းသည် အချိန်တစ်ခုတွင် တန့်သွားခဲ့၏။
မဟာနိဗ္ဗာနအတွင်း အရာအားလုံး ခဲသွားသကဲ့သို့ ဖြစ်ပြီး ကောင်းကင်မျှော်ရုပ်တုသည် မလှုပ်မယှက်ဖြင့် ရုပ်တုတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်ငြား သူ၏အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းသည် တစ်ဝက်တစ်ပျက် ဖြစ်နေသည်။
ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်အတွင်း၌ သန်းပေါင်းများစွာသော ဝိညာဉ်များ စတေးခံထားရပြီး အခြေခံ အကျဆုံး စွမ်းအင်အမှုန်များအဖြစ် ပြိုကွဲလျက် ရှိသည်။ ထို့ကြောင့် မိုကျင်း အပျက်အစီးများ ဖြစ်သော နဝမမြောက်မြို့တော်သည် လုံးဝ ပျက်စီးမသွားဘဲ ယခုအချိန်ထိ တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်၏။
ဤအရာအားလုံးသည် ခန့်မှန်းချက်သာ ဖြစ်သည်။ ရှမ့်လန် ရဲရင့်စွာ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်ကို ရှမ့်လန် ခံစားလိုက်ရသည်။ ကောင်းကင်မျှော်ရုပ်တုထံမှ တုံ့ပြန်မှု မရှိသေးပေ။
ထို့နောက် ရှမ့်လန်က ပြောလိုက်သည်။ “စီနီယာ ကောင်းကင်မျှော်ရုပ်တု... ကျုပ် ခန့်မှန်းတာ မှန်မမှန် မသိပါဘူး။ ခင်ဗျား ယဇ်ပလ္လင်ပေါ်က မဆင်းချင်တာ၊ ထာဝရရုပ်တု ရုပ်တုအဖြစ် ဆက်ရှိနေချင်တာက ရပ်တန့်လို့ မရလို့၊ နိုးထလို့ မရလို့ ဖြစ်မယ်။
ဘာလို့လဲဆိုတော့ ခင်ဗျားက အဆင့်မြင့် ဉာဏ်အလင်းပွင့်ဖို့ အရမ်း အရမ်း နီးစပ်နေပြီ။ တကယ်တမ်း ၉၉.၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီ။ နည်းနည်းလေးပဲ လိုတော့တယ်။ ခင်ဗျား နိုးထလာပြီး ယဇ်ပလ္လင်ပေါ်က ဆင်းလိုက်တာ နဲ့ အရင် ကြိုးစားခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်သွားမယ်။ လုံးဝ ကျရှုံးသွားလိမ့်မယ်။
မူလက ဘုရင်မမီဒူဆာလည်း ဆင်းလာမှာ မဟုတ်ဘူး။ မီဒူဆာ တော်ဝင်မိသားစုဝင် အများအပြား ဆုတောင်း အသနားခံခဲ့ပေမဲ့ ပျောက်ဆုံးအင်ပါယာပြိုကွဲပြီး အရှေ့တိုင်းအင်ပါယာရဲ့ ကျွန်ပြုခြင်း ခံရတော့မဲ့ ကပ်ဘေးကို ရင်ဆိုင်နေရတဲ့အချိန်ကျမှ ဘုရင်မမီဒူဆာ စိတ်လျော့ပြီး အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းကို ရပ်တန့်လိုက်တယ်။ ယဇ်ပလ္လင်ပေါ်က ဆင်းလာပြီး သူ့ရဲ့ မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်တယ်။ အရင် ကြိုးစားခဲ့သမျှ အလဟဿ ဖြစ်သွားရုံမက သူကိုယ်တိုင်လည်း အားနည်း သွားခဲ့တယ်။”
ကောင်းကင်မျှော်ရုပ်တုထံမှ တုံ့ပြန်မှု မရှိသေးပေ။
“ကျုပ် ခန့်မှန်းတာ မှန်တယ်ဆိုရင် ခင်ဗျားကို ကျုပ် ကောင်းကောင်း နားလည်ပါတယ်။ အဆင့်မြင့် ဉာဏ်အလင်းပွင့်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့အချိန်မှာ ဘယ်သူက လက်လျှော့ချင်ပါ့မလဲ။ ခင်ဗျား အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ဖို့ လူပေါင်း မရေမတွက်နိုင်အောင် အသက်နဲ့ ဝိညာဉ်တွေ စတေးခဲ့ကြတာလေ။ ခင်ဗျား လက်လျှော့လိုက်ရင် သူတို့ရဲ့ ပေးဆပ်မှုကို သစ္စာဖောက်ရာ ရောက်နေမှာပေါ့။”
ရှမ့်လန်က ဆက်ပြော၏။ “ပြီးတော့ ပထမဆုံး ကယ်တင်ရှင်အနေနဲ့ ခင်ဗျား လက်လျှော့လိုက်ရင် လုံးဝ ကျရှုံးမှုကြီး ဖြစ်သွားမှာပါ။ စီနီယာ ကောင်းကင်မျှော်ရုပ်တု... လူတိုင်းရဲ့ အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းက မတူညီကြပါဘူး။ ခင်ဗျား ဆန္ဒရှိရင် ကျုပ်ရဲ့ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို ပြသပေးနိုင်ပါတယ်။
ပြီးတော့ ကျုပ်က ရှေးဟောင်း လူသား ရုပ်သေး သိန်းပေါင်းများစွာနဲ့ ရှေးဟောင်းလူသား ဝိညာဉ် ၃,၀၀၀ ကို ဖမ်းဆီးထားပြီးပြီ။ အားလုံးကို ဖန်သားပြင် စွမ်းအင် ထိန်းချုပ်ရေး ဗဟိုချက်ထဲ ထိုးသွင်းပေးထားတယ်။ ဒီစွမ်းအင်တွေက ခင်ဗျားရဲ့ နောက်ဆုံးအဆင့်၊ နောက်ဆုံး ၀.၀၁ ရာခိုင်နှုန်းကို ပြီးမြောက်အောင် ကူညီပေးနိုင်မလား ဆိုတာ ကျုပ် မသိပါဘူး။”
ထို့နောက် ရှမ့်လန်သည် မည်သည်ကိုမှ ဖုံးကွယ်မထားဘဲ သူ၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ကောင်းကင်မျှော် ရုပ်တုအား ခြွင်းချက်မရှိ ပြသလိုက်သည်။
ဤသည်မှာ ရှမ့်လန်၏ ပြတ်သားမှုကို ပြသခြင်း ဖြစ်သည်။ ဤလောကတွင် နောက်ထပ် အဆင့်မြင့် ဉာဏ်အလင်းပွင့်သူ တစ်ဦး ရှိလာမည်ကို သူ ဂရုမစိုက်ပေ။ ဤ တစ်ပိုင်းတစ်စ နတါဘုရားစွမ်းအားကို မျှဝေရန် သူ ဆန္ဒရှိ၏။
ထိုအခါ ကောင်းကင်မျှော်ရုပ်တုက ဝိညာဉ်မှတစ်ဆင့် ရှမ့်လန်ကို တုံ့ပြန်လိုက်သည်။ “သိပြီ။ မင်း လုပ်စရာ ရှိတာ သွားလုပ်ပါ။ မင်း ဘာစိတ်ပူနေလဲ ကျုပ် သိတယ်။ ဒီကိစ္စ ကျုပ်နဲ့ ထားခဲ့လိုက်။”
ထို့နောက် ကောင်းကင်မျှော်ရုပ်တုသည် ပြန်လည် တိတ်ဆိတ်သွား၏။
ရှမ့်လန် စိတ်အေးချမ်းသာစွာဖြင့် မိုကျင်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
... ...
ယခုအချိန်တွင် စွမ်းအင်အကာအရံ လုံးဝ ပျက်စီးသွားပြီး ကျိကလန်နဂါးကြီးက မိုကျင်းတစ်ခုလုံးကို ဖျက်ဆီး တော့မည့်အချိန်တွင် ကောင်းကင်မျှော်ရုပ်တုသည် ရှမ့်လန်အား ကတိပေးခဲ့သည့်အတိုင်း ပြုလုပ်ခဲ့သည်။ သူ ချက်ချင်း နိုးထလာပြီး နဂါးကြီးကို ထိန်းချုပ်လိုက်၏။
နိုးထလာသည့် အခိုက်အတန့်တွင် အဆုံးမဲ့ သက်ပြင်းချသံကြီး ထွက်ပေါ်လာသည်။ နှစ်ပေါင်း မရေမတွက် နိုင်အောင် ကုန်ဆုံးခဲ့ပြီ ဖြစ်သော်လည်း သူ့အတွက်မူ တစ်ခဏမျှသာ ထင်မှတ်ရသည်။ ရှမ့်လန်၏ ခန့်မှန်းချက် မှန်ကန်သည်။ သူသည် ရှေးဟောင်းခေတ်၏ ကယ်တင်ရှင် ဖြစ်သည်။
သူ အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်စေရန် ရှေးဟောင်းအင်ပါယာသည် ဝိညာဉ် သန်းပေါင်းများစွာ ကို စတေးခဲ့သည်။ အဆုံးမဲ့ ဝိညာဉ်ပင်လယ်ပြင်ထဲတွင် သူ တရားမှတ်ပြီး ဉာဏ်အလင်းပွင့်ရန် ကြိုးစားနေစဉ် ကြီးမားသည့် ပျက်သုဉ်းခြင်း ရောက်ရှိလာခဲ့၏။
သူ မျက်လုံး မှိတ်လိုက်သည်။ ပြန်ဖွင့်လိုက်ချိန်မှာတော့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ အိပ်ပျော်သွားသကဲ့သို့ ခံစားရသော်လည်း အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ သက်ရှိတိုင်းတွင် ဉာဏ်အလင်းပွင့်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်။ မအောင်မြင်လျှင် ကျရှုံးခြင်းသာ ဖြစ်သည်။ လူတိုင်း၏ အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းသည် ထူးခြားသည်။
ကောင်းကင်မျှော်ရုပ်တုသည် အရှုံးကို ဝန်မခံလိုသဖြင့် နိုးထရန် ဝန်လေးနေခဲ့သည်။ ရုပ်တုတစ်ခုကဲ့သို့ ထိုနေရာတွင် ကပ်နေခဲ့သည်။ တိုးတက်မှုပြသသော ဘားတန်းသည် ၉၉.၉၉ ရာခိုင်နှုန်းတွင် ရပ်တန့်နေသကဲ့သို့ ဖြစ်နေသည်။ နှစ်ပေါင်းများစွာ ရှေ့မဆက်နိုင်သော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသေးသည်ဟု ခံစားရစေသည်။ နိုးထလိုက်သည်နှင့် လုံးဝ ကျရှုံးခြင်း ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က သူ၏အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်းကို လွတ်လပ်စွာ မျှဝေခြင်းနှင့် ဘုရင်မမီဒူဆာ၏ ကိုယ်ကျိုးစွန့် ပေးဆပ်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးသည် ကောင်းကင်မျှော်ရုပ်တုကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ အရေးကြီးဆုံးမှာ ထိုဖြစ်စဉ်များသည် ကောင်းကင်မျှော်ရုပ်တုကို လုံးဝ သတိပေးလိုက်ခြင်း ဖြစ်သည်။
လွဲချော်ခြင်းသည် လွဲချော်ခြင်း၊ ကျရှုံးခြင်းသည် ကျရှုံးခြင်းသာ ဖြစ်သည်။ တိုးတက်မှုသည် ၉၉.၉၉ ရာခိုင်နှုန်းတွင် ရပ်တန့်နေပြီး နောက်ဆုံး ၀.၀၁ ရာခိုင်နှုန်းသည် ဘယ်တော့မှ ပြီးမြောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူ၏တာဝန်ကို အခြားတစ်ယောက်က ဆက်ခံလိုက်ပြီ ဖြစ်ပုံရသည်။ သို့သော်ငြား ထိုဆက်ခံသူမှာ ကျန်းလီလား၊ ရှမ့်လန်လား။ မည်သူမှ မသိနိုင်ပေ။
ကောင်းကင်မျှော်ရုပ်တုသည် ရုပ်တုဘဝမှ နိုးထလာပြီးနောက် စွမ်းအားကြီးမားနေဆဲ ဖြစ်သည်။ သူသည် ကျိကလန်နဂါး နှင့် ရူးသွပ်စွာ တိုက်ခိုက်သည်။ သူ၏မျက်လုံးများမှ မကြုံစဖူး စွမ်းအားများ ထွက်ပေါ်လာသည်။
ကောင်းကင်မျှော်ရုပ်တုသည် အဆင့်မြင့် ဉာဏ်အလင်းပွင့်ခြင်း မပြီးမြောက်ခဲ့သော်လည်း ၉၉.၉၉ ရာခိုင်နှုန်း ပြီးစီးခဲ့သည် မဟုတ်လား။
သူ၏ နတ်ဘုရားအကြည့်သည် ဧရာမ နဂါးကြီးကို သော့ခတ်ထား၍ မရနိုင်ပေ။ သို့သော်ငြား ကျိကလန်နဂါးကြီးကို ထိန်းချုပ်ထားသည်မှာ နဂါးဝိညာဉ် မဟုတ်ဘဲ ရှေးဟောင်းလူသားဝိညာဉ် တစ်သောင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်မျှော် ရုပ်တု၏ နတ်ဘုရားအကြည့်ကို ခံနိုင်ရည် မရှိသဖြင့် ချက်ချင်း အေးခဲသွားကြ၏။
သို့သော်ငြား ငရဲသလင်းကျောက်သည် ယှဉ်ပြိုင်ဖက်ကင်းမဲ့စွာ သန်မာလှသည်။ နတ်ဘုရားအကြည့် စွမ်းအင်ကိုပင် ဝါးမျိုနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကောင်းကင်မျှော်ရုပ်တုနှင့် နဂါးကြီးတို့သည် ရှည်လျားသော ပွဲတစ်ပွဲကို ကပြနေကြသည်။
ကောင်းကင်မျှော်ရုပ်တုက နတ်ဘုရားအကြည့်ကို မပြတ်ထုတ်လွှတ်ပြီး နဂါးကို အေးခဲစေရန် ကြိုးစားသည်။ ငရဲသလင်းကျောက်က ဝါးမျိုပြီး အေးခဲမှုကို ဖြေဖျက်ကာ ရှေးဟောင်းလူသား ဝိညာဉ်တစ်သောင်းကို နဂါးအား ဆက်လက် ထိန်းချုပ်စေပြီး မိုကျင်းကို ဖျက်ဆီးရန် ကြိုးစားစေ၏။
ကောင်းကင်မျှော်ရုပ်တုနှင့် နဂါးတို့၏ တိုက်ပွဲသည် အလွန် ပြင်းထန်သော်လည်း အလွန် တိတ်ဆိတ်နေသည်။ နှစ်ဖက်စလုံး လုံးဝ မလှုပ်မယှက် ဖြစ်နေသကဲ့သို့ပင်။ ကောင်းကင်မျှော် ရုပ်တုသည် နတ်ဘုရားအကြည့် ကို ဆက်တိုက် ထုတ်လွှတ်နေရပြီး တစ်စက္ကန့်မျှပင် ရပ်တန့်၍ မရပေ။ ရပ်တန့်လိုက်သည်နှင့် နဂါး ပြန်လည် သက်သာလာပြီး မိုကျင်းကို ဖျက်ဆီးပစ်လိမ့်မည်။
‘အရှင်ရှမ့်လန်... ကျုပ်ရဲ့ စွမ်းအင်လည်း ကုန်ခမ်းတော့မယ်။ ခင်ဗျား အမြန်ဆုံး ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။’
ထိုကဲ့သို့ပင် ကောင်းကင်မျှော်ရုပ်တုသည် နဂါး၏ ဦးချိုများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး နတ်ဘုရားအကြည့် ကို ထုတ်လွှတ်နေသည်။
မြင်ကွင်းတစ်ခုလုံးသည် ဤ ခမ်းနားထည်ဝါသော အခိုက်အတန့် တွင် လုံးဝ ရပ်တန့်နေခဲ့၏။
တွင်းနက်အက်ကွဲကြောင်း၌ ရှမ့်လန်၏ ကျန်းကလန်နဂါး နိဗ္ဗာန ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်သည် ၉၉.၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ စွမ်းအင်များနှင့် ဓာတ်ပြုမှု အားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ နေမင်းသစ်တစ်စင်း မွေးဖွားမည့် အကြိုကာလကဲ့သို့ပင်။
ကုန်ကြမ်းအားလုံး အဆင်သင့်၊ စွမ်းအင် လုံလောက်၊ နက်ဗျူလာဖိအား လုံလောက်၊ အပူချိန်လည်း လုံလောက်နေပြီဖြစ်သည်။ သတ်မှတ်တန်ဖိုးကို ကျော်လွန်သွားသည်နှင့် မီးပွားတစ်ခုက ဟိုက်ဒရိုဂျင် အက်တမ်ပေါင်းစပ်မှုကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားမည်။ ထို့နောက် မကြုံစဖူး ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး ကြယ်တစ်စင်း မွေးဖွားလာပေလိမ့်မည်။ နဂါးပုလဲဟင်းလင်းပြင်သည် သီးခြား စကြဝဠာ တစ်ခုကဲ့သို့ပင်။ အရာအားလုံး အဆင်သင့် ဖြစ်နေသည်။
ရှမ့်လန် ဖွဖွလေး တို့ထိလိုက်၏။ “ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”
မကြုံစဖူး ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ လုံးဝ အမှောင်ကျနေသော နဂါးပုလဲဟင်းလင်းပြင် အတွင်းတွင် ယှဉ်ပြိုင်ဖက်ကင်းမဲ့သော အလင်းရောင်တစ်ခု ရုတ်တရက် ဖြာထွက်လာသည်။ နဂါးဝိညာဉ်သစ်တစ်ခု မွေးဖွားလာပြီဖြစ်သည်။
ကျန်းကလန်နဂါး၏ဝိညာဉ် နိဗ္ဗာန ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ ဤသည်မှာ အဆင့်မြင့် နဂါး ဉာဏ်အလင်းပွင့်ခြင်း ၏ ရလဒ် ဖြစ်ပြီး ယခင် နဂါးဝိညာဉ်ထက်ပင် ပိုမို စွမ်းအား ကြီးမား၏။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် နဂါးပဋိညာဉ်စွမ်းအင်၊ ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်း၏ စွမ်းအင်နှင့် ငရဲသလင်းကျောက်၏ စွမ်းအားတို့ကိုပါ အပြည့်အဝ ဝါးမျိုထားသောကြောင့် ဖြစ်သည်။
“ဝုန်း...”
အလင်းတန်း တစ်ချက် လက်သွားသကဲ့သို့ ဆယ်မီတာ ရှည်လျားသော နဂါးအလောင်းကောင်သည် အနည်းငယ် လင်းလက်လာသည်။ ထို့နောက် အကြေးခွံအားလုံး လျှပ်စစ် စီးသွားသကဲ့သို့ဖြစ်ပြီး အသက်ဓာတ် အရောင်အဝါများ ဖုံးလွှမ်းသွားကာ တစ်ခုပြီး တစ်ခု ပြန်လည် ကောင်းမွန်လာကြသည်။ သေဆုံးနေသော ခန္ဓာကိုယ်သည်လည်း တစ်လက်မချင်း ပြန်လည် ရှင်သန်လာ၏။
နောက်ဆုံးတွင် ကျန်းကလန်နဂါးကြီးသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ အပြစ် ကင်းစင်သော၊ အနာအဆာ ကင်းမဲ့သော၊ အနည်းငယ် ကြောင်ငေးနေသော မျက်လုံးများပင်။ သေခြင်း တရားသည် ပြောင်းလဲ၍ မရနိုင်ပေ။ ကျန်းကလန်နဂါး ပြန်လည် မွေးဖွားပြီးနောက် ယခင် မှတ်ဉာဏ်များ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ပင်လျှင် ပြန်လည် မွေးဖွားလာခြင်းဖြစ်ပြီး လုံးဝ ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။
ဆယ်မီတာ ရှည်လျားသော နဂါးသည် ဖြည်းညင်းစွာ ထရပ်ပြီး ရှမ့်လန် ဘေးနားသို့ တိုက်ရိုက် ရောက်ရှိ လာသည်။ ကလေးငယ်တစ်ဦးကဲ့သို့ ရှမ့်လန်ကို တွယ်ကပ်ပြီး ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ကာ သူ၏လည်ပင်းနှင့် ရှမ့်လန်၏ မျက်နှာကို ဖွဖွလေး ပွတ်သပ်နေ၏။
ဤအချိန်တွင် နဂါးသည် တချောင် ကဲ့သို့ ချစ်စရာ အိမ်မွေး တိရစ္ဆာန်လေး ဖြစ်နေသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းသည် ရှမ့်လန်၏ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းမှ လုံးဝ မွေးဖွားလာခြင်းဖြစ်ပြီး ဝိညာဉ်ကိုလည်း ရှမ့်လန် ကိုယ်တိုင် ပြန်လည် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် ရှမ့်လန်သည် လောကမြေ ဖန်တီးရှင် နီးပါး ဖြစ်ပြီး နဂါးပဋိညာဉ်ထက် များစွာ သာလွန်သည်။
***