ရှမ့်လန်က နဂါး၏လည်ပင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ “မင်း မသေခင်တုန်းက မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ သိမ်းထားတယ်။ ပြန်လိုချင်သလား။”
နဂါး ခေတ္တ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ နိဗ္ဗာန ပြန်လည်မွေးဖွားလာခြင်း ဖြစ်သောကြောင့် အစက ပြန်စသင့်သည်။ မည်သည့် သမိုင်းကြောင်းကိုမှ သယ်ဆောင်မထားသင့်ပေ။
“ကောင်းပြီလေ”
ရှမ့်လန် ပြုံးလိုက်သည်။ “ဒီနေ့ကစပြီး မင်းက ကျန်းကလန်နဂါး မဟုတ်တော့ဘူး။ ရှမ့်နဂါး ဖြစ်သွားပြီ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ‘ရှမ့်ရိလုံ’ လို့ ခေါ်ကြမလား။” (ရှမ့်၏ မိတ်ဖက်နဂါး- သစ္စာခံနဂါး)
နဂါး ပြုံးလိုက်သည်။ ထိုနာမည်သည် စိတ်ဓာတ်ကျစရာ ကောင်းပြီး နားထောင်၍ မကောင်းဟု သူ၏ ဗီဇက ခံစားမိသည်။ သို့သော်ငြား မတတ်သာဘဲ လက်ခံလိုက်ရ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရိလုံ ... မင်းရဲ့ စားသောက်ပွဲကြီးကို ပျော်ပျော်ပါးပါး ဆင်နွှဲလိုက်တော့။”
သူ လက်ကို အနည်းငယ် မြှောက်လိုက်ရာ ချက်ချင်းပဲ စွမ်းအင်သလင်းကျောက် သိန်းပေါင်းများစွာ ကောင်းကင်သို့ ပျံတက်သွားကြသည်။ ရှမ့်လန်သည် နဂါး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော စွမ်းအင်၏ တစ်ရာခိုင်နှုန်း ကိုသာ အသုံးပြုပြီး ကျန်းလီ၏ စစ်သည် သိန်းပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ကျန်ရှိသော ကိုးဆယ်ရာခိုင်နှုန်း အားလုံးကို စွမ်းအင်သလင်းကျောက်များအဖြစ် ဖွဲ့စည်းထားခဲ့၏။
ထို့အပြင် ရှေးဟောင်း ရုပ်သေးစစ်သည် သိန်းပေါင်းများစွာနှင့် လူသားသစ် ရုပ်သေးစစ်သည် သောင်းပေါင်း များစွာ၏ ဝိညာဉ်စွမ်းအင်များကိုလည်း ဝါးမျိုပြီး စွမ်းအင်သလင်းကျောက်များအဖြစ် ဖွဲ့စည်းကာ မိုးစက်များ ပမာ ပင်လယ်ထဲသို့ ကျဆင်းစေပြီး အက်ကွဲကြောင်းထဲသို့ စီးဝင်စေခဲ့သည်။ ယခုမူ ၎င်းတို့အားလုံးသည် နဂါးစာ ဖြစ်သွားရသည်။
“ရွှစ်... ရွှစ်... ရွှစ်...”
ယှဉ်ပြိုင်ဖက်ကင်းသော သလင်းကျောက်မုန်တိုင်းသည် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ တွင်းနက်အက်ကွဲကြောင်း ဟင်းလင်းပြင်တစ်ခုလုံးသည် မျက်စိကျိန်းမတတ် လင်းလက်သွားခဲ့သည်။ သောင်းချီ၊ သိန်းချီသော စွမ်းအင်သလင်းကျောက် အားလုံးကို ဧရာမ နဂါးကြီးက ဝါးမျိုလိုက်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ဝါးမျိုလိုက်သည့် အကြိမ်တိုင်းတွင် လောကမြေ တုန်ဟီးသွားစေမည့် ပေါက်ကွဲသံကြီး များ ထွက်ပေါ်လာ၏။ သို့သော်ငြား ထိုပေါက်ကွဲမှု အားလုံးသည် ရှမ့်နဂါး၏ ခန္ဓာကိုယ်အတွင်း၌သာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းမှ ကြည့်လျှင် နဂါးကြီး၏ ခန္ဓာကိုယ်အတွင်း၌ ဆက်တိုက် ပေါက်ကွဲနေပြီး စူးရှသော အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ ထင်ရပေသည်။
၁၅ မိနစ် တိတိ ကြာမြင့်ပြီးနောက် ခမ်းနားထည်ဝါသော သလင်းကျောက်မိုး ရွာသွန်းမှုကြီး ပြီးဆုံးသွား ခဲ့သည်။ နဂါးကြီး၏ ဝါးမျိုမှု ပြီးဆုံးသွားသကဲ့သို့ သူ၏ လျင်မြန်စွာ ကြီးထွားနေမှုလည်း ရပ်တန့်သွား၏။
၁၅ မိနစ်အတွင်းမှာပဲ နဂါးသည် ယခင်စွမ်းအား ၉၅ ရာခိုင်နှုန်းကို ပြန်လည် ရရှိခဲ့သည်။ သို့သော်ငြား ကိုယ်ခန္ဓာအရှည်မှာမူ ဆယ်မီတာကျော်သာ ရှိနေသေး၏။ နဂါးတစ်ကောင်နှင့် မတူဘဲ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်နှင့် ပိုတူနေသည်။
ရှမ့်လန်သည် သူ့ရှေ့မှောက်ရှိ ကွေ့ဝူကို ကြည့်လိုက်သည်။ ထိုသူသည် အမှန်တကယ်ပင် အသားစိုင်များအဖြစ် ခုတ်ထစ်ခံထားရပြီး လူပုံစံပင် မပေါ်တော့ပေ။ သို့သော်ငြား မသေသေးပေ။ သူ၏ မျက်လုံးများသည် ရှမ့်လန်ကို စိုက်ကြည့်နေပြီး သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရဖြစ်ခြင်း၊ မာနထောင်လွှားခြင်းနှင့် ရက်စက် ကြမ်းကြုတ်ခြင်းတို့ ပြည့်နှက်နေသည်။
“မင်း ဘာတွေ ဂုဏ်ယူနေတာလဲ။ မင်းရဲ့ မိုကျင်းတော့ သွားပြီ။ မင်းသမီးလေးရှမ့်မီလည်း အပိုင်းပိုင်း အစစ ဖြစ်သွားပြီ။” ဟု ပြောနေသကဲ့သို့ ရှိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကွေ့ဝူ... ခင်ဗျားက လူဆိုး ဖြစ်သွားပြီပဲ။ ကျုပ်သမီးက ခင်ဗျားနဲ့ ဘာရန်ငြိုးမှ မရှိဘဲနဲ့ သူ့ကို သေစေချင်တာလား။ နောက်ထပ် နဂါးတစ်ကောင်က ကျုပ်မရှိတဲ့အချိန် မိုကျင်းကို ဝင်တိုက်တယ် မဟုတ်လား။”
ကွေ့ဝူ၏ မျက်လုံးများ အရောင်လက်လာပြီး ရက်စက်မှုများ ပြည့်နှက်နေ၏။ “ဟုတ်တယ်။ အရှင်ရှမ့်လန်... အခုမှ သွားကယ်မယ် ဆိုရင်တောင် နောက်ကျသွားပြီ။ မင်းရဲ့ မိုကျင်း ပျက်စီးသွားပြီ။” ဟု ပြောနေသကဲ့သို့ ရှိသည်။
ရှမ့်လန်က အထင်သေးစွာ ပြောလိုက်သည်။ “အရူးကောင်... မိုကျင်းမှာ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း နဲ့ အနီးစပ်ဆုံး တူညီတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိနေတာ သိရဲ့လား။”
ထို့နောက် ရှမ့်လန် အမိန့်ပေးလိုက်၏။ “နဂါး... သူ့ကို အဆုံးသတ်ပေးလိုက်...”
ဆယ်မီတာကျော် ရှည်လျားသော ရှမ့်ရီလုံသည် ပျင်းရိစွာ သမ်းဝေလိုက်ပြီး နဂါးမီးတောက် အနည်းငယ် မှုတ်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကွေ့ဝူသည် မီးကျွမ်းကာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
... ...
ရှမ့်လန်နှင့် ယောင်ယောင်တို့သည် ခေတ္တ နှုတ်ဆက်လိုက်ကြ၏။ သူမသည် အချိန်အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးစေသည်။ ရှမ့်လန်သည် သူမအတွက် စွမ်းအင်ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးပြီး သန်မာသော ဝိညာဉ်ကို ထောက်ပံ့ပေးနိုင်သော်လည်း ယောင်ယောင်က လက်မခံပေ။ သူမသည် အဖေနှင့် အမေ ပေးထားသော သန့်စင်သော ခန္ဓာကိုယ်ကိုသာ လိုချင်ပြီး ပြုပြင်ပြောင်းလဲခြင်းကို မလိုလားပေ။
ရှမ့်လန် မေးလိုက်၏။ “သမီးလေး... ဒါဆို ဖေဖေက သမီးရဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ချိတ်ပိတ်ပေး ထားရမလား။”
ယောင်ယောင် ခေါင်းခါပြန်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် မေမေမီဒူဆာ ပေးထားသော အရာ ဖြစ်သောကြောင့်ပင်။
“ကောင်းပြီလေ။ သမီး ပျော်ရင် ပြီးတာပါပဲ။”
ထို့နောက် သူသည် ပုတီးစေ့တစ်လုံးကို ထုတ်ယူပြီး ယောင်ယောင်၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ ချက်ချင်းပဲ ယောင်ယောင် လန်းဆန်းသွားပြီး ယခင်ကကဲ့သို့ မပင်ပန်းတော့ပေ။ စဉ်းစားတွေးခေါ်သည့်အခါ ခေါင်းကွဲမတတ် နာကျင်ခြင်းမျိုး မရှိတော့ဘဲ ချက်ချင်း အိပ်ပျော်သွားသည်။
“ဖေဖေ မိုကျင်းကိုသွားပြီး နောက်ထပ် နဂါးတစ်ကောင်ကို ပြန်ခေါ်လာခဲ့မယ်။ ပြီးရင် တွင်းနက် အက်ကွဲကြောင်း နဲ့ သဲကန္တာရကြား လမ်းကြောင်း ဖွင့်ပေးမယ်။ ဒါဆို သမီးတို့ ညီအစ်မနှစ်ယောက် မကြာခဏ တွေ့လို့ရပြီ။ ရှမ့်မီလေးလည်း တွင်းနက်အက်ကွဲကြောင်းကို လာပြီး သမီးကို အဖော်ပြုပေးလို့ ရတာပေါ့။”
ယောင်ယောင် ပြုံးကာ ခေါင်းညိတ်ပြသည်။ အဖေ ရှိနေသည့်အချိန်တွင် သူမသည် နူးညံ့ချိုသာပြီး အပြစ်ကင်းစင်သော သမီးငယ်လေးတစ်ယောက်သာ ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် မရှိသည့်အချိန်တွင်မူ ယောင်ယောင်သည် အလွန် သန်မာသူ ဖြစ်သည်။
သူမသည် ရုပ်ပြကာတွန်းထဲမှ ထွက်လာသော ၁၅ နှစ်၊ ၁၆ နှစ် အရွယ် မိန်းကလေးတစ်ဦးနှင့် တူသော်လည်း တွင်းနက်အက်ကွဲကြောင်းရှိ စွမ်းအင်မုန်တိုင်းကို ဖိနှိပ်ထားနိုင်သူ၊ ကွေ့ဝူ ဖန်တီးခဲ့သော မီးနတ်ဘုရားဂိုဏ်း ပုန်ကန်မှုကို နှိမ်နင်းခဲ့သူ၊ ရှေးဟောင်းလူသားသစ် ရာပေါင်းများစွာကို ချေမှုန်းခဲ့သူ၊ အားကောင်းသော တွင်းနက်ပြည်နယ် တည်ဆောက်မှုကို ဦးဆောင်ခဲ့သူဟု မည်သူ ထင်မည်နည်း။
ရှမ့်လန်သည် ဧရာမ နဂါးကြီးကို စီးနင်းလျက် တွင်းနက်ပြည်နယ်မှ ထွက်ခွာကာ သဲကန္တာရရှိရာ မိုကျင်းသို့ ပြန်လည် ပျံသန်းလာခဲ့သည်။ နာရီအနည်းငယ် ကြာပြီးနောက် မိုကျင်း၏ ကောင်းကင်ယံသို့ ရောက်ရှိ လာခဲ့၏။ ထို့နောက် အလွန် ခမ်းနားထည်ဝါပြီး လုံးဝ အေးခဲနေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက် ရသည်။
လူမျက်နှာ မြွေခန္ဓာကိုယ်နှင့်သတ္တဝါကြီးသည် ကျိကလန်နဂါးကြီး၏ ခြေသည်းများကို ဆုပ်ကိုင်ထားပြီး နတ်ဘုရားအကြည့် ကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ဤကဲ့သို့ ဖြစ်နေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ရှမ့်လန် ပြန်ရောက်လာသည်ကို မြင်ချိန်မှာတော့ ကောင်းကင်မျှော်ရုပ်တုသည် နဂါးဦးချိုကို ချက်ချင်း လွှတ်ပေးလိုက်ပြီး နတ်ဘုရားအကြည့် ကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ယခင်ကကဲ့သို့ ကောင်းကင်ကို မော့ကြည့်နေသည့် ဟန်ပန်အတိုင်း မလှုပ်မယှက် နေလိုက်သည်။
သူသည် ရုပ်တုအဖြစ် ပြန်မပြောင်းသွားသော်လည်း ရုပ်တုဟန်ပန်ကို ယူလိုက်ခြင်း ဖြစ်သည်။ ရှမ့်လန်နှင့် စကားပြောရန် ဆန္ဒ မရှိပေ။ ဘုရင်တစ်ပါးနှင့် တစ်ပါး မတွေ့ဆုံခြင်းမျိုးလား မသိပေ။
ကျိကလန်နဂါးကြီးသည် လှုပ်ရှားခွင့်ရသည်နှင့် တပြိုင်နက် အသည်းအသန် ထွက်ပြေးလေသည်။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်နှင့် ဧရာမ နဂါးကြီး ပြန်ရောက်လာပြီ ဖြစ်သောကြောင့်ပင်။
“ရွှစ် ရွှစ် ရွှစ်...” မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ရာချီ ဝေးကွာသော နေရာသို့ ရောက်ရှိသွားသည်။
ရှမ့်လန်နှင့် နဂါးကြီးက မလိုက်ပေဘူးလား။ ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်းသည် ကျိကလန်နဂါးကို ထိန်းချုပ်ပြီး မိုင်ထောင်ချီ ဝေးကွာသောနေရာသို့ ရူးသွပ်စွာ ထွက်ပြေးနေကြ၏။
သို့သော်ငြား နောက်တစ်ခဏ၌ ....
“ဝုန်း... ဝုန်း... ဝုန်း...” တုန်လှုပ်ဖွယ်ရာ မီးတောက်များနှင့် အလွန် ကြီးမားသော နဂါးကြီး တစ်ကောင်သည် သူ၏ ရှေ့တွင် ရုတ်တရက် ပိတ်ဆို့လိုက်သည်။
ရှမ့်လန်၏နဂါးကြီးသည် ချက်ချင်း ကြီးထွားလာပြီး မိုးနှင့် မြေကို ဆက်စပ်ထားသကဲ့သို့ ဖြစ်လာ၏။ ပြင်းထန်သော မီးတောက်များဖြင့်အတူ ကျိကလန်နဂါးကို စူးစိုက်ကြည့်နေ၏။
ရှမ့်လန်က ပေါ့ပါးစွာ ပြောလိုက်သည်။”ရောက်မှတော့ ပြန်ပြေးဖို့ မစဉ်းစားနဲ့တော့။ အရှင်ကျန်းလီ က နဂါးနှစ်ကောင် လွှတ်လိုက်မှတော့ ကျုပ်သာ ငြင်းပယ်လိုက်ရင် ရိုင်းရာ ကျနေမှာပေါ့။”
ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်းသည် ကျိကလန်နဂါးကို ထိန်းချုပ်ပြီး ကောင်းကင်ပေါ်သို့ အသည်းအသန် တိုးဝင်သွားကြသည်။ သို့သော်ငြား နောက်တစ်စက္ကန့်တွင် ကောင်းကင်တစ်ခုလုံးသည် နျူကလီးယား ပြိုကွဲခြင်း မီးတောက်များဖြင့် ဖုံးလွှမ်းသွား၏။
တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက်... နေရာတိုင်းတွင် မီးတောက်များ ဖုံးလွှမ်းနေ၏။ ထို့ကြောင့် သူတို့သည် မြေကြီးထဲသို့ အသည်းအသန် တိုးဝင်ပြီး မြေအောက်လောကမှ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော်ငြား မြေကြီးထဲ ရောက်သွားချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးတွင် နျူကလီးယားပြိုကွဲခြင်း မီးတောက်များ ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမျိုလိုက်ကြောင်း တွေ့လိုက်ရသည်။
ရှမ့်လန်က ဖြည်းညင်းစွာ ပြောလိုက်၏။ “ထွက်ပြေးချင်တာလား။ နောက်နေတာလား။ မြောက်ဝင်ရိုးစွန်းမှာ ကျန်းလီက နတ်ဘုရားလိုပဲ။ တော်ဝင်ကျန်းအင်ပါယာမှာ ကျန်းလီက ပြိုင်ဘက်ကင်းတယ်။ ဒါပေမဲ့ ဒီနေရာက ကျုပ်ရဲ့ နယ်မြေပဲ။ ခင်ဗျားတို့ ပြေးချင်သေးတာလား။”
ကျိကလန်နဂါး၏ ခန္ဓာကိုယ်သည် အဆုံးမဲ့ မီးတောက်များ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။
မရေမတွက်နိုင်သော နျူကလီးယားပြိုကွဲခြင်း ပေါက်ကွဲမှုများကြောင့် ငရဲသလင်းကျောက်ဖြင့် ပြုလုပ် ထားသော နဂါးကြီး၏ခန္ဓာကိုယ်သည် တစ်လက်မချင်း ပျက်စီးသွားသည်။ ဧရာမ ခန္ဓာကိုယ်ကြီးသည် ဆက်တိုက် ပြိုကွဲပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွား၏။
ရှမ့်လန်၏စိတ်စွမ်းအားသည် ကျိကလန်၏ နဂါးဝိညာဉ်ပုလဲထဲသို့ တိုးဝင်သွားသည်။ အတွင်း၌ သေလုမြောပါး ဖြစ်နေသော နဂါးဝိညာဉ်ကို တွေ့လိုက်ရ၏။ ထိုအရာကို ငရဲသလင်းကျောက်များစွာက ဖိနှိပ်ထားသည်။
တစ်ချိန်က စွမ်းအားကြီးခဲ့သော နဂါးဝိညာဉ်သည် လေထဲမှ ဖယောင်းတိုင်မီးပမာ အားနည်းနေရှာသည်။ နဂါး ဝိညာဉ်ပုလဲအတွင်း၌ ရှေးဟောင်းလူသားဝိညာဉ်တစ်သောင်းသည် ငရဲသလင်းကျောက်၏ အကာအကွယ်ဖြင့် နဂါးကြီးကို ထိန်းချုပ်ထား၏။
ရှမ့်လန်သည် လက်စွပ်တစ်ကွင်းကို မြှောက်လိုက်သည်။ ၎င်းမှာ ကျိမျိုးနွယ်အင်ပါယာ၏ ရှေးဟောင်း အင်ပါယာလက်စွပ် ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ မသေဆုံးမီ ထိုလက်စွပ်နှင့် နဂါးနှလုံးသားကို ရှမ့်လန်အား ပေးအပ်ခဲ့သည်။ ရှမ့်လန်က တဖန် ကျိရွှမ်ကို ပေးအပ်ခဲ့သည်။ ယခု ကျိရွှမ်က ရှမ့်လန်ကို ပြန်လည် ပေးအပ်ထားခြင်း ဖြစ်သည်။
ရှမ့်လန်က မေးလိုက်၏။ “ကျိနဂါး... မင်းနဲ့ တော်ဝင်ရန်အင်ပါယာက သခင်နဲ့ ကျွန် ဆက်ဆံရေး သက်သက် မဟုတ်ဘူးဆိုတာ ကျုပ် သိတယ်။ သူက နဂါးပဋိညာဉ်ကို ဆက်ခံထားပေမဲ့ မင်းတို့နှစ်ယောက်က နှစ်ဖက် ပဋိညာဉ် ချုပ်ဆိုထားခဲ့ကြတာ။ မင်းတို့က သေအတူ ရှင်မကွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပဲ။
တော်ဝင်ရန်အင်ပါယာ သေဆုံးသွားပြီ။ သူက ရှေးဟောင်းအင်ပါယာ လက်စွပ်ကို ကျုပ်ဆီ ပေးခဲ့တယ်။ ဆိုလိုတာက သူက နဂါးပဋိညာဉ်ကိုပါ ကျုပ်ဆီ လွှဲပြောင်းပေးခဲ့တာပဲ။ ဒီနဂါး ပဋိညာဉ်က တတိယအဆင့် ဖြစ်သွားလို့ အရမ်း အားနည်းနေပြီ။ မင်း မလိုက်နာချင်ရင် ငြင်းလို့ ရပါတယ်။ ကျိနဂါး... အခု ကျုပ် မင်းကို မေးမယ်။ ဒီပဋိညာဉ်ကို လိုက်နာဖို့ ဆန္ဒရှိလား။”
ကျိကလန် နဂါးဝိညာဉ်က အားနည်းစွာ ဖြေကြားလိုက်သည်။ “ကျုပ်... ကျုပ် ဆန္ဒရှိပါတယ် အရှင်ရှမ့်လန်...”
“ကောင်းပြီ။ ဒီနေ့ကစပြီး မင်းက ကျုပ်ရဲ့ တိုက်ပွဲဝင် ရဲဘော်ရဲဘက်ပဲ။ ဒီ လူပြက်ဝိညာဉ် တစ်သောင်းက မင်းကို ဖိနှိပ်ပြီး မင်း ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတယ်။ မင်းကို လမ်းလျှောက်အလောင်းကောင် ဖြစ်အောင် လုပ်နေကြတယ်။ သူတို့ကို မင်း ကိုယ်တိုင် သတ်ဖြတ်ပြီး ဝါးမျိုပစ်နိုင်တဲ့ စွမ်းအား ကျုပ် ပေးမယ်။”
နဂါးပဋိညာဉ် ပြန်လည် တည်ဆောက်ပြီးပြီ ဖြစ်သည်။ ရှမ့်လန်သည် နှိုင်းယှဉ်၍မရနိုင်သော စွမ်းအားကို ကျိနဂါး၏ဝိညာဉ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။ နဂါးဝိညာဉ်သည် တစတစ အားကောင်းလာသည်။ သူသည် ကျန်းလီနှင့် နဂါးပဋိညာဉ် မရှိခဲ့သဖြင့် အချုပ်အနှောင် ကင်းမဲ့စွာ ကြီးထွားလာ၏။
မူလက နဂါးဝိညာဉ်ဟင်းလင်းပြင်၏ ၀.၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ခဲ့သော်လည်း ကျန်အပိုင်းကို အင်ပါယာ ကျန်းလီ၏ ရှေးဟောင်းလူသားဝိညာဉ်များက သိမ်းပိုက်ထားခဲ့သည်။ ယခုအခါ ရှမ့်လန်၏ အကူအညီဖြင့် နဂါးဝိညာဉ်သည် ၉၉ ရာခိုင်နှုန်းအထိ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
အဆုံးမဲ့ ရောင်ခြည်မီးတောက်များနှင့် နျူကလီးယားပြိုကွဲခြင်း မီးတောက်များသည် နဂါးခန္ဓာကိုယ်အတွင်းရှိ ငရဲသလင်းကျောက်များကို လုံးဝ လောင်ကျွမ်းစေခဲ့သည်။ ထို့နောက် နဂါးဝိညာဉ်သည် အစွမ်းကုန် ရုန်းကန်ပြီး နဂါးဝိညာဉ်ပုလဲအတွင်းရှိ ရှေးဟောင်းလူသားဝိညာဉ်များကို တစ်ယောက်ပြီး တစ်ယောက် ဖျက်ဆီး ပစ်လိုက်၏။
ခဏအကြာတွင် သိမ်းပိုက်ထားသော ဝိညာဉ်တစ်သောင်းလုံး သေဆုံးသွားကြသည်။ ရှမ့်လန် ရပ်တန့် လိုက်၏။ နျူကလီးယားပြိုကွဲခြင်း မီးတောက်များ ငြိမ်းသွားပြီး ကျိနဂါးသည် လွတ်လပ်မှုကို အပြည့်အဝ ပြန်လည် ရရှိသွားသည်။ သူ၏ ခန္ဓာကိုယ်သည် မီတာ တစ်ရာကျော်သာ ကျန်ရှိတော့သော်လည်း လွတ်လပ်သွားပြီ ဖြစ်သည်။
ငရဲသလင်းကျောက်များ လုံးဝ ပျက်စီးသွားပြီလား။ မပျက်စီးပေ။ ငရဲသလင်းကျောက်သည် အဆင့်မြင့် နဂါးနားလည်မှု၏ ရလဒ်ဖြစ်သောကြောင့် ဖျက်ဆီးရ ခက်ခဲသည်။ သို့သော်ငြား နျူကလီးယား ပြိုကွဲခြင်းက ထိုအရာတို့ကို အရည်ပျော်စေပြီး စွမ်းအင်များကို ပြန်အန်ထွက်စေခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်း ကျုံ့သွားသည်။ နောက်ဆုံးတွင် ကာရက်တစ်ခုပင်မရှိသော စိန်ပွင့်လေးတစ်ပွင့် အရွယ်အစားသို့ ရောက်ရှိသွား၏။
ရှမ့်လန် လက်ဝှေ့ယမ်းလိုက်ရာ ထိုငရဲသလင်းကျောက်လေး ထွက်ပေါ်လာပြီး လက်ကောက်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ငရဲသလင်းကျောက်ကို သူတစ်ယောက်တည်းသာ ဖိနှိပ်ထားနိုင်ပြီး နဂါးပင် မတတ်နိုင်ပေ။
***