မိစ္ဆာမယ်တော်သည် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းလျက် ရှမ့်လန်ရှေ့မှောက်သို့ ရောက်ရှိလာသည်။
သူမ အံ့ဩသွားသည်။ တုန်လှုပ်သွားသည်၊ ထို့နောက် ဝမ်းနည်းသွားသည်။ တောင်ဝင်ရိုးစွန်းတွင် ဘုရင်မ မီဒူဆာက ရှမ့်လန်ကို ကျောက်ဖြစ်စေခဲ့သော်လည်း သူမ လွတ်လပ်ခွင့် ပြန်ရခဲ့သည်။ ဤအချက်က မိစ္ဆာ မယ်တော်ကို စိတ်ပျက်စေခဲ့သော်လည်း သူမ ဘာမှ မတတ်နိုင်ခဲ့ပေ။
သို့သော်ငြား သူတို့ထွက်ခွာလာစဉ်က ဘုရင်မ မီဒူဆာက သူတို့ကို ဘယ်တော့မှ စိတ်ပျက်စေမည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။ ယခု ရှမ့်လန်သည် မိစ္ဆာမယ်တော်၏ ရှေ့မှောက်တွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ဤအရာက ဘာကို သက်သေပြနေသနည်း။
ရှမ့်လန်က ပြောလိုက်သည်။ “ဘုရင်မမီဒူဆာ သူ့ကိုယ်သူ စတေးလိုက်ပါပြီ။ သူ... ခင်ဗျားတို့အားလုံးကို အပြီးတိုင် စွန့်ခွာသွားခဲ့ပြီ။”
မိစ္ဆာမယ်တော် အနည်းငယ် တုန်လှုပ်သွားပြီး ပြန်လည် တုံ့ပြန်လိုက်၏။ “ကျွန်မ... ကျွန်မ နားလည်ပါပြီ။”
ထို့နောက် ပင်လယ်မွန်းစတားသိန်းပေါင်းများစွာသည် ခေါင်းငုံ့ကာ ငိုကြွေးကြသည်။ သူတို့ အလွန် ဝမ်းနည်း ကြေကွဲနေကြသည်။ သူတို့ကို ကာကွယ်ပေးခဲ့သော အရှင်သခင် မရှိတော့ပေ။
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျားတို့က ကျုပ်ရဲ့ပြည်သူတွေပဲ။ ကျုပ်... ခင်ဗျားတို့ တစ်ဦးချင်းစီကို ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ တစ်ဦးချင်းစီကို တန်းတူညီမျှ ဆက်ဆံပါ့မယ်။ အနာဂတ်မှာ ကျုပ်တို့ အတူတကွ သမုဒ္ဒရာ အင်ပါယာသစ် တစ်ခု တည်ဆောက်ကြမယ်။”
မိစ္ဆာမယ်တော်သည် ရှမ့်လန်ကို ကြည့်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှ ရေခဲများကို ဖြည်းညင်းစွာ ခါချလိုက်ရာ သူမ၏ မူလရုပ်သွင်အမှန် ပေါ်လာသည်။ ဤသည်မှာ ရှမ့်လန် သူမ၏ ရုပ်သွင်အမှန်ကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ သူမသည် တကယ်ပင် အရုပ်ဆိုးသည်။ ဆင့်ကဲဖြစ်စဉ် မပြီးဆုံးသေးသော ရေသူမ တစ်ကောင်ကဲ့သို့ပင်။ လူသားဆန်မှု အလွန်နည်းပါးပြီး လူပုံသဏ္ဍာန် ပင်လယ်မွန်းစတားဟုသာ သတ်မှတ်နိုင်၏။
မိစ္ဆာမယ်တော် ဒူးထောက်လိုက်ရာ ပင်လယ်မွန်းစတားသိန်းပေါင်းများစွာလည်း လိုက်ပါ ဒူးထောက်ကြသည်။
“အရှင်ကို ဂါရဝပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”
ရှမ့်လန် အမိန့်ပေးလိုက်၏။ “ရိလုံ ... ရှေ့က သွားပြီး ပျောက်ဆုံးအင်ပါယာက မိတ်ဆွေတွေ အတွက် လမ်းရှင်းပေးလိုက်။”
“အမိန့်တော်အတိုင်းပါ သခင်...” ရှမ့်ရိလုံသည် ရုတ်တရက် အော်ဟစ်ပြီး ပျံသန်းထွက်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ကြီးထွားလာပြီး ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားသည်။ ကျိလုံအာလည်း စတင် ပြောင်းလဲလာပြီး ပိုမို ကြီးမားလာသည်။
ထို့နောက် ဧရာမနဂါးကြီးနှစ်ကောင်သည် ရေခဲပြင်အထက် မီတာထောင်ပေါင်းများစွာ အမြင့်တွင် ယှဉ်တွဲလျက် မြောက်ဘက်သို့ တဟုန်ထိုး ပျံသန်းသွားကြသည်။ သူတို့ မီးမှုတ်ထုတ်စရာပင် မလိုပေ။ သူတို့ ဖြတ်သန်းသွားသော နေရာတိုင်းရှိ ရေခဲပြင်များသည် အရည်ပျော်ကျသွားပြီး ၂၀ ဒီဂရီစင်တီဂရိတ်ကျော် ရှိသော ပင်လယ်ရေအဖြစ် ပြောင်းလဲသွား၏။
မိစ္ဆာမယ်တော်၏ အမိန့်ပေးသံနှင့်အတူ ပင်လယ်မွန်းစတား သိန်းပေါင်းများစွာသည် နဂါးကြီးနှစ်ကောင် ဖွင့်ပေးလိုက်သော ရေလမ်းကြောင်းအတိုင်း မိစ္ဆာတြိဂံနယ်မြေ ပင်လယ်မှ ထွက်ခွာကာ နုရှောင့်မြို့ရှိရာသို့ ဦးတည် ကူးခတ် သွားကြသည်။
“သွားကြစို့။” ရှမ့်လန်သည် တချောင်၏ကျောပေါ်သို့ နောက်တစ်ကြိမ် တက်လိုက်၏။
တချောင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေသည်။ ‘သခင်... ခင်ဗျားက တောက်လျှောက် ဧရာမ နဂါးကြီးကိုပဲ စီးနေတာဆိုတော့ ကျုပ်ကို မေ့သွားပြီ ထင်နေတာ။’
တကယ်တော့ အချိန်အများစုတွင် ရှမ့်လန်သည် တချောင်ကိုသာ စီးနင်းလေ့ ရှိသည်။ နဂါးသည် သူ၏ တိုက်ပွဲဝင် ရဲဘော် ဖြစ်သည်။ အနာဂတ်တွင် နဂါးသည် ဆက်လက် ကြီးထွားလာမည် ဖြစ်ပြီး တာဝန်များစွာ ထမ်းဆောင်ရပေဦးမည်။ အရင်းအမြစ်သစ်များ ရှာဖွေရန်နှင့် နေမုန်တိုင်းဆိုင်ရာ အချက်အလက်များ စုဆောင်းရန် ဤလောကမှ ထွက်ခွာရဦးမည်။ ထို့ကြောင့် နဂါးသည် စီးတော်ယာဉ် မဟုတ်ပေ။
ရှမ့်လန်၏တပ်တော်ကြီးသည် မြောက်ဘက်သို့ ခမ်းနားထည်ဝါစွာ ဆက်လက် ချီတက်ခဲ့ကြသည်။ လမ်းတစ်လျှောက် တွင် အင်ပါယာကျန်းလီ၏ တပ်မကြီးများနှင့် မတွေ့ဆုံခဲ့ရသော်လည်း ရံဖန်ရံခါ အထူး သံတမန်များနှင့် ကြုံတွေ့ရတတ်သည်။ သူတို့အားလုံးသည် ရှေးဟောင်းလူသားသစ်များ ဖြစ်ကြပြီး အပြင်ဘက်ရှိ တော်လှန်ရေးတပ်ဖွဲ့များကို လိုက်လံ ချေမှုန်းနေကြခြင်း ဖြစ်၏။
ရှေးဟောင်းလူသားသစ်တစ်ဦးသည် ရှမ့်လန်၏ ကောင်းကင်တပ်တော်ကို တွေ့လိုက်ရချိန်မှာတော့ မျက်နှာပျက်သွားပြီး ရေခဲလွှာအောက်သို့ လျင်မြန်စွာ ငုပ်လျှိုးကာ ပုန်းအောင်းပြီး တောင်ဘက် ထျန်းနန ်ပြည်နယ် သို့မဟုတ် မြို့တော်သို့ သတင်းပို့ရန် ကြိုးစားသည်။ သို့သော်ငြား ထိုအချိန်၌ပင် ဤရှေးဟောင်းလူသားသစ်သည် မိမိခန္ဓာကိုယ်ကို လုံးဝ မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက် လွင့်မျောသွားရသည်။
“ဝုန်း...”
သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ပြာကျသွားပြီး ဝိညာဉ်သည် အတင်းအဓမ္မ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ငရဲသလင်းကျောက်သည် အပိုင်းအစတစ်ခုအဖြစ် ဖိသိပ်ခံလိုက်ရပြီး ရှမ့်လန်၏ လက်ကောက် အတွင်းသို့ သိမ်းဆည်းခြင်း ခံလိုက်ရ၏။
ထိုကဲ့သို့ပင် သူတို့သည် မြောက်ဘက်သို့ ဆက်လက် ချီတက်ခဲ့ကြသည်။ မြောက်ဘက် လမ်းတောက်လျှောက်၌ စုစုပေါင်း အင်ပါယာကျန်းလီ၏ အထူးသံတမန် ရာဂဏန်းခန့်ကို သတ်ဖြတ်ခဲ့ပြီး တောင်ဘက် ထျန်းနန်ပြည်နယ်မှ ကောင်းကင်ရေယာဉ်စုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်ငြား ရေယာဉ်စုကို ထိန်းချုပ်ထားသူအများစုမှာ သာမန်လူသားများ ဖြစ်ကြသောကြောင့် ရှမ့်လန် ဘာမှမလုပ်ခဲ့ပေ။ သူတို့ကို တောင်ဘက် ကောင်းကင်မြို့တော်သို့ ပြန်လည် ထွက်ပြေးခွင့်ပေးလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ရှမ့်လန်၏ တပ်တော်သည် နုရှောင့်မြို့ ကောင်းကင်ယံသို့ နောက်ဆုံး ရောက်ရှိလာခဲ့သည်။ နှစ်ဝက်နီးပါးကြာပြီးနောက် ရှမ့်လန် နုရှောင့်မြို့သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။ သူ့အတွက်မူ ဤမြို့သည် ထူးခြားသော အဓိပ္ပာယ်ရှိ၏။
ရှမ့်လန်သည် ကျင်းမိသားစု၏ အကျပ်အတည်းကို ဖြေရှင်းရန် နုရှောင့်မြို့ကို အားကိုးခဲ့ဖူးသည်။ ထို့နောက် အနောက်တိုင်းလောကမှ ပြန်လာပြီး ရှေးဟောင်းယဉ်ကျေးမှုနှင့် နည်းပညာယဉ်ကျေးမှု အသစ်ကို တည်ထောင်ခဲ့သည်မှာလည်း နုရှောင့်မြို့တွင်ပင်။ ယခုအခါ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း စွမ်းအင်ဖြင့် ပြန်လာရာတွင်လည်း နုရှောင့်မြို့သို့ပင် ဖြစ်သည်။ ထို့ကြောင့် နုရှောင့်မြို့သည် ရှမ့်လန်နှင့် ထပ်တူ ဖြစ်နေပြီဟု ဆိုနိုင်သည်။
ရှမ့်လန်သည် တချောင်ကို စီးလျက် နုရှောင့်မြို့ ကောင်းကင်ယံတွင် အကြိမ်အနည်းငယ် လှည့်ပတ် ပျံသန်း လိုက်သည်။ တချောင်သည်လည်း အလွန် စိတ်လှုပ်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အချိန်ကြာမြင့်စွာ သူ၏နေအိမ် ဖြစ်ခဲ့ဖူးသည်။ သူ၏ အထွန်းတောက်ဆုံး နေ့ရက်များတွင် သားရဲ ထောင်ပေါင်းများစွာကို လေ့ကျင့်ထိန်းကျောင်းခဲ့ဖူး၏။
ရှမ့်လန် အမိန့်ပေးလိုက်သည်။ “ရိလုံ .. လုံအာ... မင်းတို့ တာဝန်ပဲ။”
ရှမ့်လန်၏ အမိန့်ကိုကြားပြီးနောက် နဂါးကြီးနှစ်ကောင်သည် နုရှောင့်မြို့ ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားပြီး ဆက်တိုက် လှည့်ပတ် ပျံသန်းကြလေသည်။ နုရှောင့်မြို့တစ်ခုလုံးရှိ ရေခဲများ လုံးဝ အရည်ပျော်ကျသွားသည်။ ရေခဲလွှာ တစ်ခုပြီး တစ်ခု ပျော်ကျသွား၏။
နုရှောင့်မြို့ ပတ်ဝန်းကျင်ရှိ ပင်လယ် ရေပြင်သည် လုံးဝ အရည်ပျော်သွားသည်။ တစ်ချိန်က တော်ဝင်ချန် အင်ပါယာ၏ ယာယီမြို့တော် ဖြစ်ခဲ့ဖူးသော နုရှောင့်မြို့သည် လူတိုင်း၏ ရှေ့မှောက်တွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
နဂါးများသည် ကောင်းကင်သို့ နောက်တစ်ကြိမ် ပျံတက်သွားကြသည်။ ထို့နောက် နဂါးကြီးနှစ်ကောင်သည် နုရှောင့်မြို့အထက်တွင် ဆက်လက် လှည့်ပတ် ပျံသန်းနေကြသည်။ ထိုမှသာ နုရှောင့်မြို့၏ အပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်တွင် ထိန်းထားနိုင်မည်။
ရှမ့်လန်သည် မျက်လုံးမှိတ်ပြီး သူ၏ အဆင့်မြင့် နဂါးနားလည်မှုစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ပတ်ဝန်းကျင် လေထုကို စတင်ဝါးမျိုပြီး နုရှောင့်မြို့အတွင်းရှိ လေထုသိပ်သည်းဆကို ပုံမှန်အတိုင်း ပြန်လည် ထိန်းညှိပေးလိုက်၏။
အရာအားလုံး ပြီးစီးပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ ဧရာမ ကောင်းကင်ခံတပ်ရာပေါင်းများစွာသည် မြေပြင်သို့ စတင် ဆင်းသက်လာကြသည်။ လူပေါင်းတစ်သိန်းခန့် ကောင်းကင်ခံတပ်များထဲမှ ထွက်လာ ကြပြီး နုရှောင့်မြို့၏ စွမ်းအင်စနစ်တစ်ခုလုံးကို အမြန်ဆုံး ပြန်လည် တည်ဆောက်ကြသည်။
ပထမအဆင့်မှာ စွမ်းအင်အကာအရံ တည်ဆောက်ခြင်း ဖြစ်သည်။ ဤအရာသည် အင်ပါယာကျန်းလီ၏ စွမ်းအင် အကာအရံနှင့် အလွန် တူညီသည်။ မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားသော ဧရာမ အာရုံခံ ကိရိယာတစ်ခုဖြစ်ပြီး ၎င်းသည် စွမ်းအင်တိုင်လုံးကြီးတစ်ခုလည်း ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် ထိုးစိုက်လိုက်သော အာရုံခံကိရိယာသည် လောကမြေ၏ သက်စောင့်စွမ်းအားကို ဝါးမျိုမည် မဟုတ်ပေ။
ဤသည်မှာ ကောင်းကင်ခံတပ်များနှင့် နဂါးကြီးများကို အသုံးပြုရမည့် အလွန် ကြီးမားသော စီမံကိန်းကြီး တစ်ခု ဖြစ်သည်။ စုစုပေါင်း ဧရာမ အာရုံခံကိရိယာ ကိုးခုကို နုရှောင့်မြို့ ပင်လယ်ကြမ်းပြင်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ပြီး ဧရာမ ဘဲဥပုံသဏ္ဍာန် အကာအကွယ်အဖြစ် ဖန်တီးလိုက်သည်။
နုရှောင့်မြို့၏ စွမ်းအင်အကာအရံသည် တောင်ဘက်ကောင်းကင်မြို့တော်နှင့် အရွယ်အစား တူညီသည်။ ဧရိယာ စတုရန်းကီလိုမီတာ ၅,၀၀၀ ခန့် ကျယ်ဝန်းပြီး လေ့ကျိုးကျွန်း တစ်ခုလုံးနှင့် ပင်လယ်ပြင် တစ်စိတ်တစ်ပိုင်း ကို ဖုံးလွှမ်းထား၏။
ရက်အနည်းငယ် ကြာပြီးနောက် ဧရာမ အာရုံခံကိရိယာများကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့သည်။ ထို့နောက် မြို့တော်တစ်ခုလုံးကို စွမ်းအင်ပေးနိုင်ရန် နျူကလီးယားစွမ်းအင်စက်ရုံကို စတင် တည်ဆောက်ကြသည်။ စွမ်းအင်အကာအရံ တည်ဆောက်ခြင်းသည် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ် ဖြစ်သည်။ အဆင့်ဆင့် ပြောင်းလဲပြီးမှ နောက်ဆုံးတွင် မြို့တော်ဖြူ ၏ စွမ်းအင်အမိုးခုံး ဖြစ်လာခြင်း ဖြစ်သည်။
ဤအရာအားလုံးသည် အဒေါ့ဖ်၏ ကျေးဇူးကြောင့် ဖြစ်သည်။ သူ၏ သုတေသနရလဒ်ကြောင့် တော်ဝင်ချန် အင်ပါယာသည် မြို့တော်ဖြူ၏ စွမ်းအင်အကာအရံကို ပြန်လည် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်၏။
... ...
တစ်လတိတိ ကုန်ဆုံးသွားခဲ့သည်။ မရေမတွက်နိုင်သော ကုန်ကြမ်းပစ္စည်းများနှင့် အိမ်မက်ဆိုးကျောက်တုံး ကိရိယာများကို တွင်းနက်အက်ကွဲကြောင်းမှ ဆက်တိုက် သယ်ယူပို့ဆောင်လာခဲ့သည်။ နောက်ဆုံးတွင် စွမ်းအင် အကာအရံစနစ်တစ်ခုလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
“စက်နှိုး...”
အမိန့်ပေးသံနှင့်အတူ ဧရာမ နျူကလီးယားစွမ်းအင်စက်ရုံကြီး စတင် လည်ပတ်လာပြီး နှိုင်းယှဉ်၍ မရနိုင်အောင် အားကောင်းသည့် စွမ်းအင်များကို ရှေးဟောင်းစွမ်းအင်ဗဟိုချက် ဒါဇင်ပေါင်းများစွာနှင့် မြို့တော်ဖြူ၏ စွမ်းအင်အမိုးခုံးစက်ရုံထဲသို့ ချက်ချင်း ထုတ်လွှတ်လိုက်၏။
“ရွှစ် ရွှစ် ရွှစ်...”
ဧရာမ စွမ်းအင်အကာအရံကြီး စတင် ပုံဖော်လာသည်။ မြို့တော်ဖြူ၏ စွမ်းအင်အကာအရံနှင့် ထပ်တူ ဖြစ်သော်လည်း အရွယ်အစား ပိုမို သေးငယ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ စွမ်းအင်အကာအရံ တစ်ခုလုံး အသက်ဝင်လာခဲ့သည်။
စွမ်းအင်အကာအရံ ပြီးစီးသွားပြီ ဖြစ်သောကြောင့် နဂါးကြီးများ ကောင်းကင်တွင် လှည့်ပတ် ပျံသန်းနေစရာ မလိုတော့ပေ။ နုရှောင့်မြို့တစ်ခုလုံးသည် ထိတ်လန့်ဖွယ်ရာ အေးခဲခြင်း မရှိတော့ဘဲ သာယာသော အပူချိန်ကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်၏။
နောက်တစ်ဆင့်အနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုကိရိယာများကို အသုံးပြုပြီး လေထုလည်ပတ်မှုစနစ် တစ်ခုလုံးကို တည်ဆောက်ရမည်။ ကြီးမာသည့် ပျက်စီးခြင်းကပ်ဘေးကို ရှောင်ရှားရန် ရှေးဟောင်း အင်ပါယာသည် မြေအောက်မြို့တော်အများအပြား တည်ဆောက်ခဲ့သည်။
ထို့ကြောင့် ကျင်းကန်တောင် ရှေးဟောင်းအပျက်အစီး ဖြစ်စေ၊ တောင်ဘက်ပင်လယ် ရှေးဟောင်းအပျက်အစီး ဖြစ်စေ၊ အားလုံးတွင် ပြီးပြည့်စုံသော လေထုလည်ပတ်မှုစနစ် ပါရှိသည်။ စွမ်းအင် ကုန်ခမ်းသွားမှသာ အတွင်းရှိ လေထု ပြတ်တောက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မြို့တော်အတွင်းရှိ ဂေဟစနစ်နှင့် လေထု လည်ပတ်မှုစနစ်ကို ရှေးဟောင်းယဉ်ကျေးမှုထံမှ လုံးဝ ကူးယူနိုင်သည်။ စွမ်းအင်ဗဟိုချက်တစ်ခုတည်း ကသာ တော်လှန်ပြောင်းလဲမှု ဖြစ်၏။
နုရှောင့်မြို့၏ ဂေဟစနစ်နှင့် လေထုလည်ပတ်မှုစနစ်အတွက်မူ ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်များ စွမ်းရည်ပြရမည့်အချိန် ရောက်လာခဲ့သည်။ လုပ်ပိုင်ခွင့် အကန့်အသတ် ရှိသောကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း မိုကျင်း၏ လက်နက်စနစ်ကို သူတို့ မလေ့လာနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့သည် သက်ရှိနှင့် ဂေဟစနစ် သုတေသနဘက်တွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့ကြသည်။
ပညာရှင် သုံးသောင်းကျော်သည် စစ်သည် တစ်သိန်းကျော်ကို ဦးဆောင်ပြီး နုရှောင့်မြို့တွင် စနစ်တစ်ခုလုံးကို တည်ဆောက်ကြသည်။ ဤသည်မှာ အလွန် တိကျသော တွက်ချက်မှုများ လိုအပ်သည်။ လူတစ်ဦးချင်းစီ အတွက် လိုအပ်သော ရှေးဟောင်းအပင်နှင့် တိရစ္ဆာန် အရေအတွက်ကိုပင် အတိအကျ တွက်ချက်ရ၏။
လူတစ်ယောက် လေ ဘယ်လောက် ရှူသနည်း၊ အပင်တစ်ပင် ကာဗွန်ဒိုင်အောက်ဆိုက် ဘယ်လောက် စုပ်ယူသနည်း၊ အောက်ဆီဂျင် ဘယ်လောက် ထုတ်ပေးသနည်း စသည်ဖြင့် ပြီးပြည့်စုံသော လိုက်ဖက်မှု ရှိစေရန် ရှေးဟောင်းအပင်ထောင်ပေါင်းများစွာကို အသုံးပြုရသည်။
ကောင်းကင်ပင်လယ်နန်းဆောင်မှ ပညာရှင်တစ်ဦး ရှမ့်လန်ထံ ရောက်လာ၏။ “အရှင်... ကျုပ် အရှင်ကို တွေ့ခွင့် တောင်းခံပါတယ်။”
ရှမ့်လန် မေးလိုက်သည်။ “ဘာကိစ္စလဲ။”
ပညာရှင်အိုကြီးက လျှောက်တင်၏။ “လောကကြီးရဲ့ အပြောင်းအလဲတွေကြောင့် မြို့တော်ကလည်း အများကြီး ပြောင်းလဲဖို့ လိုအပ်ပါတယ်။ အိမ်တစ်လုံးချင်းစီကိုတောင် တိတိကျကျ တွက်ချက်ရပါမယ်။ လက်ရှိမှာ နုရှောင့်မြို့ ပြန်လည် တည်ဆောက်ရေးအတွက် စီမံကိန်း သုံးခု ရှိပါတယ်။
ပထမစီမံကိန်းက မိုကျင်းကို အတုယူပြီး ရှေးဟောင်း အင်ပါယာ စနစ်ကို အသုံးပြုတာပါ။ ဒုတိယ စီမံကိန်းက ပုံစံသစ်၊ ဝိသေသလက္ခဏာသစ်တွေနဲ့ တော်ဝင်ချန်အင်ပါယာအတွက် စနစ်သစ် တစ်ခု တည်ဆောက်တာပါ။ တတိယစီမံကိန်းကတော့ အင်ပါယာကျန်းလီရဲ့ စွမ်းအင်အမိုးခုံး မြို့တော်စနစ်ကို အတုယူပြီး ပုံတူ ကူးချတာပါ။”
ရှမ့်လန်သည် ပုံကြမ်းကို ကြည့်ပြီး အမြန် တွက်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျန်းလီ၏ စွမ်းအင် အမိုးခုံးမြို့တော်စနစ်သည် အမှန်တကယ်ပင် အပြည့်စုံဆုံး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ၎င်းတွင် အလွှာလိုက် စိုက်ပျိုးမြေသစ်များ ပါဝင်ပြီး ကျွဲ၊ နွား၊ သိုးများကို သီးနှံများကဲ့သို့ စိုက်ပျိုးမွေးမြူခြင်းများ ပါဝင်သည်။
အတိုချုပ် ပြောရလျှင် အရင်းအမြစ်များကို အမြင့်ဆုံး အသုံးချပြီး အလေအလွင့် နည်းပါးအောင် ပြောင်းလဲခြင်း ဖြစ်သည်။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ အရာရှိများအကြားတွင် အင်ပါယာ ကျန်းလီ ဆိုသည်မှာ ဖောက်ပြန်သော၊ ခေတ်နောက်ကျသော အရာနှင့် ထပ်တူ ဖြစ်နေသည်။ ထို့ကြောင့် သူ လုပ်သမျှ အရာအားလုံး မှားယွင်းပြီး လုံးဝ အဆက်ဖြတ်ရမည်ဟု ယူဆကြသည်။ အရာရှိများကြားတွင်သာမက ပညာရှင်များ ကြားတွင်လည်း ထိုနည်းတူပင်။
ရှမ့်လန်၏ စွမ်းအင်စနစ်သစ်သည် အင်ပါယာကျန်းလီထက် အမှန်တကယ် ပိုမို ခေတ်မီပြီး ငြိမ်းချမ်း သောကြောင့် တော်ဝင်ချန်အင်ပါယာ၏ ပညာရှင်များ ဂုဏ်ယူကြ၏။
မြို့တော် တည်ဆောက်ရာတွင် အဓိက စိတ်ကူးတစ်ခုမှာ ကျန်းလီကို တော်လှန်ရန် ဖြစ်သည်။
ကျန်းလီ၏မြို့တော်သည် ဤသို့ တည်ဆောက်ထားသည်။ ဂေဟစနစ်သည် ဤသို့ ဖွဲ့စည်းထားသည်။ ထို့ကြောင့် သူတို့သည် ဆန့်ကျင်ဘက် လုပ်ရမည်၊ ကွဲပြားခြားနားရမည်။ မဟုတ်လျှင် ခေတ်နောက်ကျပြီး ဖောက်ပြန်ရာ ရောက်လိမ့်မည်။ သို့သော်ငြား စွမ်းအင်အရင်းအမြစ်ကို ဘေးဖယ်ထားလျှင် ကျန်းလီ၏ စွမ်းအင်အမိုးခုံး မြို့တော်စနစ်သည် အမှန်တကယ်ပင် အလွန် ခေတ်မီပြီး ပြီးပြည့်စုံ၏။
***