ရှမ့်လန်က ဆုံးဖြတ်လိုက်သည်။ “တတိယ စီမံကိန်းက အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။”
ပညာရှင်ကြီးက ဆို၏။ “ကျုပ်လည်း ဒီလိုပဲ ထင်ပါတယ်။ ဒါပေမဲ့ ပညာရှင်အများစုက ကန့်ကွက်နေ ကြတယ်။ ဒီစနစ်က အင်ပါယာကျန်းလီပိုင်ဖြစ်ပြီး တင်းကျပ်တယ်။ ခေတ်နောက်ကျတယ်။ မှောင်မိုက် တယ်လို့ ပြောကြတယ်။ ဥပမာ ဝက်၊ နွား၊ သိုးတွေကို သီးနှံပင်တွေလို မွေးမြူပြီး တိရစ္ဆာန် တစ်ကောင်ချင်းစီက တစ်မီတာထက် ပိုမရွေ့နိုင်ဘူးဆိုတာ လူမဆန်လွန်းရာ ရောက်တယ်။ အမှောင် အင်ပါယာရဲ့ သင်္ကေတ သတ်သတ်ပဲလို့ ပြောကြတယ်။”
ရှမ့်လန်က ပြန်ပြောသည်။ “အရမ်းကြီး ချဲ့မတွေးပါနဲ့။ တော်ဝင်ချန်အင်ပါယာရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူသားအားလုံးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ ကျန်တာတွေ ခဏ ထားလိုက်လို့ ရပါတယ်။ တိရစ္ဆာန်တွေကို ဒီလို မွေးမြူတာ လူမဆန်ဘူးဆိုပေမဲ့ အသား အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပြီး လူတွေ အများကြီးကို အစာကျွေးနိုင်တယ်။ ဒါက အရေးကြီးဆုံးပဲ။
ပြီးတော့ လက်တွေ့ လုပ်ဆောင်ခြင်းကသာ အမှန်တရားကို စမ်းသပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ကျန်းလီ ပုံစံဆွဲထားတဲ့ မြို့တော်စနစ်က အကျိုးအကြောင်း အသင့်လျော်ဆုံးနဲ့ အပြည့်စုံဆုံး ဖြစ်နေမှတော့ ကျုပ်တို့လည်း လေ့လာ အတုယူလို့ ရတာပဲ။ အရမ်းကြီး တယူသန် မဖြစ်ကြပါနဲ့။”
ပညာရှင်ကြီးက ပြော၏။ “အရှင် တကယ် ဉာဏ်ပညာ ကြီးမားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ် ပြောရင် သိပ်ပြီး ထိရောက်မှု မရှိဘူး။ ယာယီဝန်ကြီးချုပ်တောင် သူတို့ကို နားချလို့ မရဘူး။ အရှင် ကိုယ်တိုင်လုပ်မှ ရမယ် ထင်တယ်။ ပညာရှင်တွေနဲ့ စကားပြောပေးပါအုံး။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။”
ထို့နောက် ရှမ့်လန်သည် ပညာရှင်သောင်းချီကို စုဝေးစေပြီး မိန့်ခွန်းပြောကြားကာ သူ၏ သဘောထားကို ရှင်းပြပြီး အားလုံး၏ အတွေးအခေါ်ကို ပေါင်းစည်းလိုက်သည်။ ဟန်ဆောင်မှုများ မလိုအပ်ပေ။ ကောင်းသော အရာဆိုလျှင် ကောင်းသည်ပင်။ ရန်သူ အသုံးပြုနေရုံဖြင့် အသုံးမပြုဘဲ နေစရာ မလိုပေ။
ဤသို့ဖြင့် နုရှောင့်မြို့ ပြန်လည်တည်ဆောက်ရေး စီမံကိန်းကို အတည်ပြုလိုက်ပြီး ကျန်းလီ၏ မြို့တော်ပုံစံ စနစ်အတိုင်း တည်ဆောက်ခဲ့ကြသည်။ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်၊ ဥယျာဉ်ဇုန်၊ ရေသိုလှောင်ရေးဇုန်၊ စက်မှုဇုန် စသည်တို့ကို အင်ပါယာကျန်းလီ၏ မြို့တော်များအတိုင်း အခြေခံအားဖြင့် တည်ဆောက်ခဲ့၏။
သို့သော်ငြား မြို့တော်ပုံစံကိုမူ အင်ပါယာ ကျန်းလီအတိုင်း ပြုလုပ်၍ မရနိုင်ပေ။ အင်ပါယာ ကျန်းလီ၏ မြို့တော်များသည် အေးစက်လွန်းသည်၊ တင်းကျပ်လွန်းသည်။ ဖိနှိပ်လွန်းသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် အမှောင်အင်ပါယာ၏ အငွေ့အသက်ကို ခံစားမိစေသည်။
ရှမ့်လန်သည် ပြီးပြည့်စုံသော မြို့တော်တစ်ခု ပုံစံဆွဲခွင့် ပေးမည်ဟု ယောင်ယောင်ကို ကတိပေးခဲ့ဖူးသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်က ကတိပေးခဲ့ခြင်း ဖြစ်သည်။ စောစီးစွာ လုပ်ဆောင်နိုင်မည် ထင်ခဲ့သော်လည်း ယနေ့မှသာ ဖြစ်မြောက်လာခဲ့၏။
ယောင်ယောင် အလွန် စိတ်လှုပ်ရှားနေပြီး လုံးဝ နှစ်မြှုပ်ထားသည်။ အက်ကွဲကြောင်းပြည်နယ် ကိစ္စများ ကိုပင် ဂရုမစိုက်ချင်တော့ပေ။ သူမသည် နုရှောင့်မြို့သစ်ကို မနားမနေ ပုံစံဆွဲနေသည်။ မြို့တော်စီမံကိန်း ပြီးစီးပြီ ဖြစ်ရာ ယောင်ယောင် လိုအပ်သည်မှာ အနုပညာဆန်ဆန် မွမ်းမံရန်သာ ဖြစ်သည်။
မြို့တော်တစ်ခုလုံး၏ စရိုက်လက္ခဏာနှင့် ပုံပန်းသဏ္ဍာန်သည် လောကမြေကို တုန်လှုပ်စေမည့် အပြောင်း အလဲများ ဖြစ်ပေါ်လာရမည်။ အင်ပါယာကျန်းလီ၏ မြို့တော်များနှင့် နှိုင်းယှဉ်လျှင် ခမ်းနားထည်ဝါရမည်။ ကောင်းကင်ဘုံမှ မြို့တော်၊ အိမ်မက်မြို့တော်ကဲ့သို့ ဖြစ်ရမည်။
ရှမ့်လန်သည် ရှီလွန်အင်ပါယာ၏ အလှပဆုံး ဘုရင်မမြို့တော်ကို မြင်ဖူးသည်။ တောင်ဝင်ရိုးစွန်းရှိ ပျောက်ဆုံးအင်ပါယာ၏ နောက်ဆုံးမြို့တော်ဖြစ်သော ရေခဲမြို့တော်ကိုလည်း မြင်ဖူးသည်။ ယောင်ယောင်၏ အလှအပ ဆိုင်ရာ ခံစားမှုသည် ရှမ့်လန်ထက်ပင် မြင့်မား၏။
အဘယ်ကြောင့်ဆိုသော် သူမသည် သဘာဝအတိုင်း လှပသူ ဖြစ်သောကြောင့်ပင်။ သူမ၏ မျက်လုံးများတွင် စစ်ထုတ်ကိရိယာတစ်ခု တပ်ထား သကဲ့သို့ပင်။ မည်သည့်အရာကို မြင်သည် ဖြစ်စေ စိတ်ထဲတွင် ပြန်လည် ပုံဖော်နိုင်ပြီး နတ်သမီးပုံပြင်ဆန်ဆန် ပြန်လည် တည်ဆောက်နိုင်သည်။
မင်းသမီးလေးရှမ့်မီသည် အစ်မဖြစ်သူနှင့်အတူ နုရှောင့်မြို့သစ် ပုံစံကို ကူညီလုပ်ဆောင်နေသည်။ အဓိကအားဖြင့် သူမ၏ တာဝန်မှာ အံ့အားသင့်ခြင်းနှင့် အားပေးခြင်းသာ ဖြစ်၏။
“ဝါး... အရမ်း လှတာပဲ။ ဝါး... အစ်မက တကယ် တော်တာပဲ။ ဝါး... အစ်မက ဒါကို ဘယ်လို စဉ်းစားမိတာလဲ။’
ရှမ့်လန်ရှေ့တွင် ရှမ့်မီသည် ကျက်သရေရှိသော မင်းသမီးလေး ဖြစ်သော်လည်း ယောင်ယောင်ရှေ့တွင်မူ စစ်မှန်သော ပရိသတ်လေး ဖြစ်သွားသည်။
... ... ...
‘သောက်ကျိုးနည်း... ဒါ မြောက်ပိုင်းစစ်ဆင်ရေး ဆိုတာ ဟုတ်ရဲ့လား။’
ရှမ့်လန်၏ တပ်တော် မြောက်ဘက်သို့ ချီတက်ပြီးနောက် တိုက်ပွဲတစ်ပွဲမှ မတိုက်ခဲ့ရပေ။ နုရှောင့်မြို့နှင့် ကျန်းအင်ပါယာ၏ တောင်ဘက်ထျန်းနန်မြို့တော်သည် မိုင်နှစ်ထောင်သာ ကွာဝေးသော်လည်း တစ်ဖက်မှ စစ်တပ် စေလွှတ်ခြင်း မရှိပေ။ ကောင်းကင်ကင်းထောက်များပင် မရှိပေ။ ဤနေရာတွင် ဘာဖြစ်နေမှန်း မသိသကဲ့သို့ပင်။
ထိုအချိန်တွင် နုရှောင့်မြို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။ လုံးဝ ပြန်လည် တည်ဆောက်ခြင်း ဖြစ်သည်။ ယခင် ရဲတိုက်ကြီး၊ အိမ်များအားလုံးနှင့် တံတိုင်းများအားလုံး ဖျက်ဆီးခံခဲ့ရသည်။ နုရှောင့်မြို့သည် မြေပြင်နှင့် ညီညာသွားပြီး အစမှ ပြန်လည် စတင်ခဲ့သည်။ အစပိုင်းတွင် လူအင်အား တစ်သိန်းခွဲ အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင် သုံးသိန်းအထိ တိုးမြှင့်ကာ မြို့တော်ကို ပြန်လည် တည်ဆောက်ခဲ့သည်။
မရေမတွက်နိုင်သော ကောင်းကင်ခံတပ်များနှင့် ဧရာမနဂါးကြီးများပင် မြို့တော်တည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည်။ ဤအခြေအနေများကြောင့် တည်ဆောက်ရေးလုပ်ငန်းစဉ်သည် အလွန် လျင်မြန်ပြီး ခေတ်သစ် ကမ္ဘာမြေ ထက်ပင် ပိုမို လျင်မြန်၏။
သို့သော်ငြား ပုံစံအရ နုရှောင့်မြို့သည် လူဦးရေသန်းချီ နေထိုင်နိုင်သော မြို့ကြီး ဖြစ်သောကြောင့် လအနည်းငယ်အတွင်း ပြီးစီးရန် မဖြစ်နိုင်ပေ။ ပြန်လည် တည်ဆောက်ရင်း၊ ဝင်ရောက် နေထိုင်ရင်း၊ ထုတ်လုပ်ရင်းဖြင့်သာ တပြိုင်နက် လုပ်ဆောင်နိုင်မည်။ လအနည်းငယ်ကြာပြီးနောက် မိုကျင်းရှိ လူပေါင်းသိန်းချီ အားလုံးကို ပြောင်းရွှေ့နေရာချထားရမည်။
ရှေးဟောင်းအင်ပါယာ၏ နဝမမြောက်မြို့တော်သည် နောက်တစ်ကြိမ် လူသူကင်းမဲ့ပြီး တားမြစ်နယ်မြေ ဖြစ်သွားပြန်သည်။ လွန်ခဲ့သော နှစ် ၃၀ က ကောင်းကင်ပင်လယ်နန်းဆောင်သည် ဤ ရှေးဟောင်းအပျက် အစီးကို တွေ့ရှိခဲ့ပြီး ဝင်ရောက်နေထိုင်ခဲ့သည်။ နှစ် ၃၀ ကြာ နေထိုင်ပြီးနောက် နောက်ဆုံးတွင် ပြန်လည် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
နောက်ဆုံးလူတစ်ယောက် မိုကျင်းမှ ထွက်ခွာသွားချိန်တွင် စွမ်းအင်အကာအရံ ပျောက်ကွယ်သွားသည်။ ဖန်သားပြင် ထိန်းချုပ်ရေးဗဟိုချက်လည်း စတင် ခဲသွားသည်။ ကောင်းကင်မျှော်ရုပ်တုသည် ပြန်လည် ရှင်သန်လာသော်လည်း ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ကျန်ရှိနေခဲ့၏။
ရှမ့်လန်သည် ကောင်းကင်မျှော်ရုပ်တုထံသို့ နောက်တစ်ကြိမ် ရောက်လာပြီး ပြောလိုက်သည်။ “ဘိုးဘေး... ကျုပ်ကို စကား နည်းနည်းလောက် မပြောချင်ဘူးလား။”
ကောင်းကင်မျှော်ရုပ်တုသည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး ပြန်မပြောပေ။
ရှမ့်လန်က ဆက်ပြော၏။ “ကျုပ်တို့ရဲ့ ထုံးစံအရ ဘယ်နေရာကိုပဲပြောင်းပြောင်း ဘိုးဘေးရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ကို ယူသွားရစမြဲပါ။ ခင်ဗျားက ဒီလူပေါင်း သိန်းချီကို နှစ် ၃၀ ကျော် ကာကွယ်ပေးခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားရဲ့ အထိမ်းအမှတ် ကျောက်စာတိုင်ကို ကျုပ်တို့ရဲ့ အိမ်သစ်ဆီ ခေါ်သွားချင်ပါတယ်။ ဖြစ်မလား။”
ကောင်းကင်မျှော်ရုပ်တုသည် ခမ်းနားထည်ဝါစွာ၊ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မလှုပ်မယှက် ရှိနေဆဲပင်။
“ခင်ဗျား ဘယ်လို သဘောထားလဲ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ နုရှောင့်မြို့မှာ ဒီ ပိရမစ်ထက် ပိုမြင့်တဲ့၊ ပိုလှတဲ့ ဧရာမ ပိရမစ်သစ်တစ်ခု တည်ဆောက်ထားတယ်။ ခင်ဗျား ဆန္ဒရှိရင် အဲဒီ ပိရမစ်ထိပ်မှာ ရပ်ပြီး ခင်ဗျားရဲ့ မျိုးဆက်တွေကို ငုံ့ကြည့် စောင့်ရှောက်ပေးဖို့ ကျုပ်တို့အားလုံး မျှော်လင့်နေပါတယ်။”
ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။ မျက်တောင်ပင် မခတ်ပေ။ ရှမ့်လန်နှင့် လုံးဝ မဆက်ဆံရန် ဆုံးဖြတ်ထားပုံ ရသည်။ ဘုရင်တစ်ပါးနှင့်တစ်ပါး မတွေ့ဆုံခြင်းဖြင့် အနေခက်မှုကို ရှောင်ရှားခြင်း ဖြစ်နိုင်သည်။
ရှမ့်လန် အနည်းငယ် စိတ်ပျက်သွား၏။ “ဘိုးဘေး... တကယ်ပဲ နုရှောင့်မြို့ကို မလိုက်ချင်ဘူးလား။ ကျုပ်တို့ အားလုံး သွားကြပြီ။ သက်ရှိ တစ်ယောက်မှ မရှိတဲ့ ဒီသဲကန္တာရထဲမှာ တစ်ယောက်တည်း ရပ်နေပြီး ဘာလုပ်မှာလဲ။”
ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။ မိုကျင်းပိရမစ်ထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေသည်။ စွမ်းအင် အကာအရံ အကာအကွယ် မရှိတောသောကြောင့် အပြင်ဘက်မှ သဲမုန်တိုင်းများ မိုကျင်းကို စတင် တိုက်ခိုက်လာသည်။
မရေမတွက်နိုင်သော သဲမုန်တိုင်းများသည် ကောင်းကင်မျှော်ရုပ်တု၏ မျက်နှာကို ဖြတ်သန်း တိုက်ခတ်သွားရာ အလွန် သနားစရာ ကောင်းနေသည်။ ဤပထမမျိုးဆက် ကယ်တင်ရှင်သည် လောကကို ကယ်တင်ရန် မအောင်မြင်ခဲ့ဘဲ ယခုအခါ သဲကန္တာရအလယ်တွင် တစ်ကိုယ်တည်း ရပ်တည် နေရှာ၏
ရှမ့်လန် ခါးသီးစွာ မေးလိုက်သည်။ “တကယ်ပဲ နုရှောင့်မြို့ကို မလိုက်ချင်ဘူးလား။”
ကောင်းကင်မျှော်ရုပ်တု ပြန်မပြောပေ။
“ဟူး...” ရှမ့်လန် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။
သို့သော်ငြား နောက်တစ်နေ့ နေထွက်လာချိန်မှာတော့ မိုကျင်းပိရမစ်ထိပ်ရှိ ကောင်းကင်မျှော်ရုပ်တု ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်၌ နုရှောင့်မြို့ပိရမစ်ထိပ်တွင် ရုပ်တုတစ်ခု ပိုလာသည်။ လူမျက်နှာ မြွေခန္ဓာကိုယ်နှင့်ဖြစ်ပြီး ကောင်းကင်ကို မော့ကြည့်နေဆဲ ဖြစ်သည်။ မျက်နှာထားနှင့် လှုပ်ရှားမှု အားလုံး ထပ်တူပင်။
အားလုံး တုန်လှုပ်သွားကြသည်။ ‘ဟမ်... ကောင်းကင်ဘိုးဘေးကြီး ဘယ်တုန်းက ရောက်လာတာလဲ။ မျက်စိ ဖွင့်လိုက်တာနဲ့ ဘာလို့ ပိရမစ်ထိပ်မှာ ပေါ်နေတာလဲ။’
‘ဟူး... ဒီရှေးဟောင်းအင်ပါယာရဲ့ ကောင်းကင်ဘိုးဘေးကြီးလည်း မာနမထားနိုင်တော့ပါလား။ နိုးထပြီးတာတောင် လူသားတွေကို မခွဲနိုင်၊ မခွာရက် ဖြစ်နေရှာတယ်။ ဒါပေမဲ့ ရုပ်တုရုပ်တုအဖြစ် နေမယ်လို့ ဆုံးဖြတ်ထား ပြီးသား ဆိုတော့ အဆုံးထိ လုပ်ရမှာပေါ့။ လုံးဝ စကား မပြောဘူး။’
‘နောင်ကျရင် ကျုပ် မရှိဘူးလို့သာ သဘောထားကြ။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ လှုပ်ရှားရုန်းကန်နေပုံတွေကို ကျုပ် စောင့်ကြည့်နေမယ်။ အရေးကြီးတဲ့ အချိန်ကျရင် မင်းတို့ရဲ့ နောက်ဆုံးခံတပ် ဖြစ်ပေးနိုင်တာပေါ့။’
ကောင်းကင်ဘိုးဘေးကြီးသည် နုရှောင့်မြို့သစ်တစ်ခုလုံးကို ငုံ့ကြည့်လိုက်ပြီး ချက်ချင်း စိတ်သက်သာရာ ရသွားသည်။
‘လှလိုက်တာ။ အင်ပါယာတစ်ခုရဲ့ ခမ်းနားထည်ဝါမှုလည်း မလျော့ဘူး။ နတ်သမီးပုံပြင်ထဲက မြို့တော်လိုပါလား။ ဘယ်သူ ပုံစံဆွဲတာလဲ။ သေချာတာကတော့ ဟိုကောင်စုတ် ရှမ့်လန် မဖြစ်နိုင်ဘူး။ သူ့မှာ ဒီလောက် လှပတဲ့ အတွေးမျိုး မရှိဘူး။’
မြို့တော် တည်ဆောက်မှု မပြီးသေးဘဲ တစ်စိတ်တစ်ပိုင်းသာ ပြီးစီးသေးသော်လည်း ကောင်းကင် ဘိုးဘေးကြီး အနေဖြင့် မြို့၏ အံ့မခန်းအလှကို ခံစားမိနေပြီ ဖြစ်၏။
“လှတယ်။ အရမ်း လှတယ်။” ကောင်းကင်ဘိုးဘေးကြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်လုံးများပင် ရုပ်တုအခြေအနေသို့ ဝင်ရောက်သွားသည်။ ခန္ဓာကိုယ် ရပ်တန့်သွားရုံ သာမက အတွေးများပါ အေးခဲသွားသကဲ့သို့ ရှိသည်။
... ...
နုရှောင့်မြို့တော်သစ် တည်ဆောက်ရေးလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဆက်လက် လည်ပတ်နေသည်။ လူပေါင်းသိန်းချီသည် သူတို့၏ ချွေး၊ ဉာဏ်ပညာ၊ အဆုံးမဲ့ စိတ်အားထက်သန်မှုနှင့် သစ္စာတရားတို့ကို အသုံးပြုပြီး အစွမ်းကုန် ကြိုးစားနေကြ၏။
နုရှောင့်မြို့သည် နုရှောင့်မြို့သက်သက် မဟုတ်ပေ။ တော်ဝင်ချန်အင်ပါယာ၏ မြို့တော်လည်း ဖြစ်သည်။ နုရှောင့်မြို့သည် ယဉ်ကျေးမှုအသစ်ကို ကိုယ်စားပြုပြီး တိုးတက်မှုကို ကိုယ်စားပြုသည်။ အင်ပါယာ ကျန်းလီကို ချေမှုန်းရမည်။ တော်ဝင်ချန်အင်ပါယာသည် အင်ပါယာကျန်းလီထက် ပိုမို ကောင်းမွန်ကြောင်း လူများကို ခံစားရစေမည်။
တော်ဝင်ချန်အင်ပါယာမှ လူပေါင်းသိန်းချီသာ အလုပ်ရှုပ်နေသည် မဟုတ်၊ ပျောက်ဆုံးအင်ပါယာမှ ပင်လယ်မွန်းစတားသိန်းပေါင်းများစွာလည်း ခြွင်းချက် မဟုတ်ပေ။ သူတို့သည်လည်း နုရှောင့်မြို့ ကမ်းရိုးတန်း ဒေသများတွင် သူတို့၏ ပျောက်ဆုံးအင်ပါယာမြို့တော်ကို တည်ဆောက်နေကြသည်။
ဤသို့ဖြင့် နုရှောင့်မြို့သည် ပင်လယ်နှင့် ကောင်းကင် ဆက်စပ်နေသည်။ မြို့တော်သည် ကုန်းမြေမှ ပင်လယ် အထိ ရှည်လျားစွာ တည်ရှိနေသည်။ တကယ်ကို လှပလွန်း၏။
..................
ယနေ့တွင် ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် နုရှောင့်မြို့မှ ထွက်ခွာလာခဲ့သည်။ တောင်ဘက် ထျန်းနန်ပြည်နယ် နှင့် ရွှမ်ဝူနယ်စား စံအိမ်တော်သို့ ဦးတည် ပျံသန်းသွားသည်။ နုရှောင့်မြို့မှ ထွက်ခွာမှသာ မြို့၏ အလှကို ခံစားနိုင်ပေမည်။ ယခုအချိန်တွင် မြို့ကို ပင်လယ်ပေါ်မှ ပုလဲတစ်လုံးဟု တင်စားနိုင်သည်။
နုရှောင့်မြို့၏ စွမ်းအင်နယ်ပယ်မှ ထွက်ခွာလိုက်သည်နှင့် ပင်လယ်ရေ စတင် ခဲလာပြန်သည်။ ရှမ့်လန်သည် ရွှမ်ဝူစံအိမ်တော်သို့ နောက်တစ်ကြိမ် ဆင်းသက်လိုက်သည်။ ဤနေရာသည် ရေခဲနှင့်နှင်းများဖြင့် နောက်တစ်ကြိမ် ဖုံးလွှမ်းနေသည်။ မည်သူမှ သန့်ရှင်းရေးမလုပ်သည်မှာ ကြာမြင့်ခဲ့ပုံပင်။ သူသည် စာကြည့်ခန်း သို့ နောက်တစ်ကြိမ် သွားပြီး နံရံပေါ်တွင် နာမည်တစ်ခု ရေးသားလိုက်သည်။
“ကျန်းလီ”
ဤသည်မှာ သူ၏ နောက်ဆုံးနှင့် တစ်ဦးတည်းသော ရန်သူ ဖြစ်သည်။ လောကတွင် ရန်ငြိုးမရှိသော်လည်း သူ၏ မူလရည်မှန်းချက်ကို ဘယ်တော့မှ မေ့ပျောက်မည် မဟုတ်ပေ။
ရွှမ်ဝူနယ်စားစံအိမ်တော်တွင် ခေတ္တ နေထိုင်ပြီးနောက် ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် ထွက်ခွာလာခဲ့သည်။ တောင်ဘက်ထျန်းနန်ပြည်နယ်သို့ ဆက်လက် ပျံသန်းသွားသည်။ ကောင်းကင်ယံတွင် ဧရာမ စွမ်းအင်အမိုးခုံးမြို့တော်ကြီးကို အဝေးမှ လှမ်းမြင်နေရသည်။
စွမ်းအင်အမိုးခုံးမြို့တော်အပြင်ဘက်တွင် မရေမတွက်နိုင်သော ကျွန်များသည် ပုရွက်ဆိတ်လုပ်သားများကဲ့သို့ ဝီရိယရှိစွာ အလုပ်လုပ်နေကြ၏။ သူတို့သည် ဧရာမ ရေခဲတုံးကြီးများ၊ ကျောက်တုံးကြီးများနှင့် သစ်တုံးများကို စွမ်းအင် အကာအရံအတွင်းသို့ ဆွဲယူနေကြ၏။
တောင်ဘက်ကောင်းကင်မြို့တော်တွင် လူဦးရေ သုံးသန်းနီးပါးရှိပြီး ကျွန် ၁.၅ သန်း ရှိသည်။ သူတို့အားလုံး သည် စွမ်းအင်အကာအရံအစွန်းရှိ မြေအောက်လှိုဏ်ဂူများတွင် နေထိုင်ကြသည်။ အိမ်တွင် နေထိုင်ခွင့် မရှိရုံမက မြေပြင်ပေါ်တွင် နေထိုင်ခွင့်ပင် မရှိပေ။ ထို့အပြင် အင်ပါယာကျန်းလီက ကျွန် မရှိကြောင်း၊ သူတို့သည် အပြစ်ဆေးကြောသူများသာ ဖြစ်ကြောင်း ကြေညာထားသည်။
တောင်ဘက်ထျန်းနန်ပြည်နယ်၏ မြို့စားမင်းသည် အမည်ခံအားဖြင့် ရှမ့်လန်၏ တူ ... ရှမ့်ချန် ဖြစ်သည်။ တောင်ဘက်ထျန်းနန်မြို့တော်၏ စွမ်းအင်အကာအရံအတွင်းတွင် တပ်တော်အမျိုးမျိုး ရှိနေသည်။ လေးသိန်းကျော် ရှိသည်။ ကောင်းကင်ခံတပ်၊ နဂါးအရှိန်အဝါ၊ အိမ်မက်ဆိုးကျောက်တုံး စက်သေနတ်နှင့် စွမ်းအင်အမိုးခုံး ကာကွယ်ရေးစနစ်တစ်ခုလုံး ပါဝင်၏။
ပုံမှန်အားဖြင့် ဧရာမ နဂါးကြီး မပါ,ပါက တောင်ဘက်ထျန်းနန်မြို့တော်ကို တိုက်ခိုက်ရန် စစ်သည် တစ်သန်းခန့် လိုအပ်မည်။ ဤသည်မှာ အင်ပါယာကျန်းလီ၏ ပြည်နယ် ၂၀၀ အနက် တစ်ခုသာ ရှိသေးသည်။
သို့သော်ငြား ယခုအချိန်တွင် နဂါးတစ်ကောင်နှင့် ရှမ့်လန်သည် တောင်ဘက်ကောင်းကင်မြို့တော်၏ အမိုးခုံးဆီသို့ ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ကျွန်များသည် ကောင်းကင်မှ ဧရာမ နဂါးကြီးနှင့် ရှမ့်လန်ကို မြင်တွေ့လိုက်ကြသည်။ ထို့နောက် သူတို့ ရပ်တန့်သွားပြီး ကောင်းကင်ကို ငေးမော ကြည့်နေကြသည်။
ယခုအချိန်တွင် ဧရာမ နဂါးကြီးသည် မီးတောက်များ ဖုံးလွှမ်းမနေပေ။ သာမန်ပျံသန်းသားရဲတစ်ကောင်ကဲ့သို့ မီတာဒါဇင်အနည်းငယ်သာ ရှည်လျား၏။
***