ရှမ့်လန်သည် ထျန်းရွှဲ့မြို့တော် နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။ နန်းတော်သည် ယခင်အတိုင်း မပျက်မစီး ရှိနေသေးပြီး လွန်ခဲ့သော နှစ် ၃၀ ကနှင့် ထပ်တူနီးပါး ဖြစ်သည်။ ဤအရာက ရှားပါးသည့် ကိစ္စပင်။ ထျန်းရွှဲ့မြို့တော်တစ်ခုလုံးက လောကကြီး တုန်ဟီးလောက်တဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး ကျန်းလီအင်ပါယာရဲ့ စရိုက်လက္ခဏာတွေဖြစ်သော တုန်လှုပ်ဖွယ် ကောင်းခြင်း၊ အေးစက်ခြင်း၊ ခမ်းနားထည်ဝါခြင်း နှင့် ဖိနှိပ်ခြင်းတွေ ပြည့်နှက်နေ၏။
နန်းတော်တစ်ခုတည်းကသာ နင်ယွမ်ရှန်း ထီးနန်းစိုးစံစဉ်က အတိုင်း လုံးဝ မပြောင်းမလဲ ရှိနေခြင်းပင်။ ရှမ့်လန် နန်းတော်ထဲ ဝင်လိုက်ချိန်၌ ရင်းနှီးပြီးသား မျက်နှာအများကြီး တွေ့ရ၏။ ရန်အီ၊ အိမ်ရှေ့စံကျုံး၊ ကျန်းချုံး၏သား စသဖြင့်ပင်။ ထို့အပြင် ထျန်းရွှဲ့မြို့တော်ကို အုပ်စိုးသည့် အင်ပါယာမင်းသား ရှမ့်လီလည်း ရှိ၏။ သို့ပေမည့် အားလုံးက အတုများဖြစ်သည်။ အားလုံးက ရှေးဟောင်းလူသားများ ရုပ်ဖျက်ထားခြင်းဖြစ်ပြီး တစ်ယောက်မှ အစစ် မဟုတ်ချေ။
ထို့ကြောင့် မိတ်ဆွေဟောင်းဆိုသည်မှာ မရှိတော့ချေ။ ရှမ့်လန်သည် ရှမ့်လီအတု၏မျက်နှာကို သေချာ ကြည့်လိုက်မိသည်။ မိသားစုဝင် အရင်းအချာ မဟုတ်သော်လည်း ရှမ့်လီအစစ်ဆိုသည်မှာ ဤကဲ့သို့သော ပုံစံမျိုးသာ ဖြစ်သင့်သည်။
ဤကလေးသည် ရှမ့်လန်၏ သားများထဲတွင် ရုပ်အဆိုးဆုံးဖြစ်သော်လည်း တည်ကြည်လေးနက်ကာ ရိုးသားသောပုံစံ ပေါက်နေသည်။ ထို့ကြောင့်ပင် ရန်သူဖြစ်နေသည့်တိုင်၊ ရှေးဟောင်းလူသားသစ်တစ်ဦးက ရုပ်ဖျက်ထားခြင်းဖြစ်သည့်တိုင် ရှမ့်လန်သည် ထိုမျက်နှာကိုကြည့်ရင်း ရင်ထဲ၌ လွမ်းဆွတ်မှုကို ခံစားလိုက်ရ၏။
ထျန်းရွှဲ့မြို့တော်တစ်ခုလုံးတွင် ရှေးဟောင်းလူသားသစ် ၁၉ ယောက်သာ ရှိသော်လည်း နန်းတော်ထဲ၌မူ တစ်ရာကျော် ရှိနေသည်။ ဤလူအုပ်စုသည် နန်းတော်အပြင်ဘက်တွင် ရှိနေစဉ်က အလွန်ပင် ရိုသေပြခဲ့ကြသည်။ အထူးသဖြင့် ရှမ့်လီအတုဆိုလျှင် သူ့ကို “ခမည်းတော်” ဟုပင်ခေါ်ကာ အလွန်အမင်း ရိုသေ ကိုင်းရှိုင်းသည့်ဟန်ကို ပြခဲ့သည်။
သို့သော်ငြား နန်းတော်ထဲသို့ ဝင်ရောက်လာချိန်တွင်မူ ရှမ့်လန်နှင့် ရှေးဟောင်းလူသားသစ် ၁၀၀ သာ ကျန်ရှိပြီး သာမန်လူသား တစ်ယောက်မှ မရှိတော့ပေ။ ထိုအခါ သူတို့၏ မျက်နှာများသည် ချက်ချင်းပဲ အေးစက်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ရှေးဟောင်းလူသားသစ် ၁၀၀ သည် သူတို့၏ မူလရုပ်သွင်များကို ပြန်ပြောင်းလိုက်ကြသည်။ သူတို့သည် ဒူးမထောက်သလို၊ အသက်ချမ်းသာပေးရန် မတောင်းပန်ကြချေ။ ခြိမ်းခြောက်ခြင်းလည်း မပြုလုပ်ကြဘဲ အေးစက်စက် အကြည့်များဖြင့်သာ ကြည့်နေကြသည်။
ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျားတို့ ကျန်းလီ ဆီက အမိန့် မရထားဘူး မဟုတ်လား။ ဒါကြောင့် ကျုပ်ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိကြဘူး။”
ရှမ့်လီအတုက ပြန်ဖြေသည်။ “ဟုတ်ပါတယ်။”
ရှမ့်လန်အနေဖြင့် ဤရှေးဟောင်းလူသား ၁၀၀ ကို အခုချက်ချင်း သတ်ပစ်၍ရသော်လည်း ထျန်းရွှဲ့ မြို့တော်က လူငါးသန်းကို လွှဲပြောင်းယူရန်မှာမူ အဆင်သင့် မဖြစ်သေးပေ။ တော်ဝင်ချန်အင်ပါယာ၏ မြို့တော်သစ်ဖြစ်သော နုရှောင့်မြို့သည် ဆောက်လုပ်ဆဲသာ ရှိသေးပြီး လူသန်းပေါင်းများစွာကို တာဝန်ယူရန် အတွက် နျူကလီးယားစွမ်းအင် ဗဟိုချက်များနှင့် အရာရှိများမှာလည်း လုံလောက်မှု မရှိသေးပေ။
အဆုံးမဲ့ အော်ဟစ်သံများကြားမှ ရှမ့်လန်သည် ထျန်းရွှဲ့မြို့တော်မှ ထွက်ခွာကာ မြောက်ဘက်သို့ ဆက်လက် ဦးတည်ခဲ့သည်။ အင်ပါယာအတွင်း၌ စစ်ပွဲဟူ၍ မရှိတော့သကဲ့သို့ မြို့တိုင်းကို တိုက်ခိုက်ရန်လည်း မလိုပေ။ အကြောင်းမှာ သူသည် အင်ပါယာဘုရင် ဖြစ်သောကြောင့် မိမိဘာသာ ပြန်တိုက်နေရန် မလိုအပ်ခြင်းပင်။
ရှေးဟောင်းလူသားသစ် သိန်းဂဏန်းမှလွဲလျှင် ကျန်ရှိသည့် သန်းပေါင်းရာချီသော လူများမှာ သူ့အပေါ် သစ္စာရှိသည့် ပြည်သူများသာ ဖြစ်သည်။ သို့ဖြစ်ရာ ကျန်းလီကို အနိုင်ယူလိုက်သည်နှင့် တစ်လောကလုံးသည် သူ၏လက်ဝယ်သို့ အလိုလို ရောက်ရှိလာမည်ဖြစ်သော်လည်း သူရှုံးနိမ့်သွားပါက အရာအားလုံး ပျက်စီးသွား ပေလိမ့်မည်။
ထို့နောက် ရှမ့်လန်သည် မီတာတစ်သောင်းအထက် အလွန်မြင့်မားသော နေရာမှ ပျံသန်းသွားခဲ့သည်။ လမ်းခရီးတွင် ကျန်းလီအင်ပါယာ၏ စွမ်းအင်အမိုးခုံး မြို့တော်များစွာကို ဖြတ်ကျော်ခဲ့ရပြီး အောက်ခြေမှ သန်းပေါင်း များစွာသော လူထု၏ ဒူးထောက်ကြိုဆိုမှုများမှာ တုန်လှုပ်စရာကောင်းလှသည်။
မြောက်ဘက်သို့ ရောက်လေလေ ရာသီဥတုမှာ ပို၍အေးစက်လာကာ ရွှဲ့ပြည်နယ်ကို ကျော်လွန်ပြီးနောက် အပူချိန်မှာ အနှုတ် တစ်ရာဒီဂရီ ဆဲစီးရပ် အထိ ရောက်ရှိသွားသည်။ စွမ်းအင်အကာအရံ ပြင်ဘက်၌ မည်သူမှ အသက် မရှင်နိုင်တော့ဘဲ မြင်ကွင်းတစ်ခုလုံးမှာ ရေခဲနှင့် နှင်းများဖြင့်သာ ဖုံးလွှမ်းနေသည်။ ဤလောကကြီး၏ ထက်ဝက်ကျော်မှာ သေဆုံးနေပြီဖြစ်ရာ ပင့်ကူအိမ်ကဲ့သို့ ယှက်နွှယ်နေသော စွမ်းအင် လမ်းကြောင်းများသာ မြို့တော်များကို ဆက်စပ်ပေးထား၏။
ထိုအမြင့်၌ ပျံသန်းရင်း ရှမ့်လန် မတွေးဘဲ မနေနိုင်ဖြစ်မိသည်။ ကျန်းလီကို အနိုင်ယူနိုင်လျှင်ပင် လူသန်းပေါင်းရာချီကို အကာအရံများအတွင်း၌သာ ဆက်လက်ထားရှိရမည်လားဟု တွေးတောမိသည်။ ဤသည်မှာ ကမ္ဘာမြေမှ လူသားများ အင်္ဂါဂြိုဟ်ပေါ်တွင် လေထုပါးလွှာမှုကြောင့် မြေအောက်အကာအရံ များဖြင့် ရှင်သန်ရသကဲ့သို့ ဖြစ်နေသည်။
နာရီအနည်းငယ် ပျံသန်းပြီးနောက် ရှမ့်လန်သည် ယခင်က မီးတောက်မြို့တော်ဖြစ်ခဲ့ဖူးသော အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် မြို့တော်၏ အရိပ်အယောင်ပင် မကျန်တော့ဘဲ ကမ္ဘာပေါ်ရှိ အထူးမြို့ကြီးပြကြီးများကဲ့သို့ ခမ်းနားထည်ဝါသော မြို့ပြကြီးတစ်ခုအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။
စတုရန်းကီလိုမီတာ ထောင်ဂဏန်းရှိသော ထိုမြို့ကြီးအတွင်းရှိ အဆောက်အအုံများသည် ရှေးဟောင်းဆန် သော်လည်း အထပ်ပေါင်း ဒါဇင်ချီကာ အလွန်မြင့်မားနေသည်။ ၎င်းသည် “Lord of the Rings” ထဲမှ မော်ဒိုမြို့တော်ထက်ပင် ပိုမိုကြီးမားကာ မှောင်မိုက်သော သစ်တောကြီးအတွင်း လင်းထိန်နေသည့် မကောင်းဆိုးဝါး အင်ပါယာမြို့တော်ကြီးကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ရာကောင်းလှသည်။
မြို့တော်တစ်ခုလုံး ပြောင်းလဲသွားသော်လည်း နန်းတော်တစ်ခုတည်းသာ ရှမ့်လန် ထွက်ခွာသွားစဉ်ကအတိုင်း မပြောင်းမလဲ ရှိနေသေးသည်။ အခြားအဆောက်အအုံများ မြင့်မားနေသော်လည်း နန်းတော်နှင့် တားမြစ်မျှော်စင်မှာမူ အရင်အတိုင်းပင် ဖြစ်သည်။ သို့သော်လည်း နန်းတော်တည်ရှိရာ မြေမျက်နှာသွင်ပြင်ကို မီတာရာချီ မြှင့်တင်ထားသောကြောင့် အင်ပါယာနန်းတော်သည် မြို့တော်တစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေသည့် ကောင်းကင်ဘုံ မြို့တော်အစစ်ကဲ့သို့ ခန့်ညားထည်ဝါနေ၏။
... ...
ရှမ့်လန်သည် အင်ပါယာမြို့တော်အထက်တွင် ပျံသန်းနေသော်လည်း မည်သူ့ထံမှ တိုက်ခိုက်ခြင်း မခံရသကဲ့သို့ သူ့ကို အော်ဟစ်ကြိုဆိုမည့်သူလည်း မရှိတော့ပေ။ ရှမ့်လန် ရောက်ရှိလာခြင်းကို မည်သူတစ်ဦး တစ်ယောက်မှ သတိမထားမိကြချေ။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကျန်းလီရော ရှမ့်လန်ပါ ပျောက်ကွယ်နေခဲ့ရာ လောကကြီးတစ်ခုလုံးကို အရှေ့ဘက်တွင် အိမ်ရှေ့စံကျန်းယီနှင့် အနောက်ဘက်တွင် ဘုရင်မ ဟယ်လင်တို့က အုပ်စိုးနေကြခြင်း ဖြစ်သည်။ ရှီလွန်အင်ပါယာသည် ကျန်းအင်ပါယာ၏ အစိတ်အပိုင်း ဖြစ်သွားခဲ့သဖြင့် ဟယ်လင်မှာ ဘုရင်မ ဖြစ်လာခဲ့ခြင်းပင်။
ရှမ့်လန်၏ ရှေ့မှောက်ရှိ အင်ပါယာမြို့တော်သည် လောကကြီးတစ်ခုလုံး၏ အုပ်ချုပ်ရေးဗဟိုချက်ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် အမိန့်ပြန်တမ်းအားလုံးမှာ နန်းတော်အတွင်းရှိ အိမ်ရှေ့စံကျန်းယီထံမှ လာခြင်းဖြစ်သည်။
ကျန်းယီသည် အလွန်ဝီရိယရှိပြီး ဉာဏ်ပညာကြီးမားသူဖြစ်ရာ ဝန်ကြီးချုပ် မင်းသားကျင်း၏ အကူအညီဖြင့် အင်ပါယာ၏ အုပ်ချုပ်ရေးအာဏာကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ခဲ့၏။
ယခုကဲ့သို့ ညဉ့်နက်ချိန်၌ပင် နန်းတော်အတွင်းရှိ စာကြည့်ဆောင်ထဲတွင် အိမ်ရှေ့စံကျန်းယီ၊ ဝန်ကြီးချုပ် မင်းသားကျင်း၊ ဒုဝန်ကြီးချုပ် ကျင်းမူကုန်းနှင့် အတွင်းဝန်ရုံးမှ ဝန်ကြီးများသည် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်တိတ်ဆိတ်နေပြီး မည်သူမှ စကားမပြောကြပေ။ ဝန်ကြီးများအားလုံးမှာ အစီရင်ခံစာများကိုသာ အာရုံစိုက်ဖတ်နေကြပြီး အရေးမကြီးသော ကိစ္စများကို ကိုယ်တိုင်ဆုံးဖြတ်ကာ မဆုံးဖြတ်နိုင်သော ကိစ္စများကိုမူ အိမ်ရှေ့စံထံ တိုက်ရိုက်ပေးပို့ကြ၏။
၎င်းတို့အချင်းချင်း ဆက်သွယ်ရာတွင် စကားလုံးများကို အသုံးမပြုကြဘဲ အစီရင်ခံစာများမှတစ်ဆင့်သာ လိုရင်းတိုရှင်း ဆက်သွယ်ကြသည်။ စာကြောင်းတစ်ကြောင်းကို စကားလုံး နှစ်လုံး၊ သုံးလုံးခန့်ဖြင့်သာ ဖော်ပြလေ့ရှိရာ အင်ပါယာ၏ အမြင့်ဆုံးအဆင့်ရှိသူများမှလွဲ၍ မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။
ထူးခြားသည်မှာ ယခင်ကထက် ပိုမိုရင့်ကျက်လာသည့် ကျင်းမူကုန်းပင် ဖြစ်သည်။ သူသည် အင်ပါယာ၏ ဒုဝန်ကြီးချုပ် ဖြစ်နေပြီဖြစ်ကာ ဉာဏ်အကောင်းဆုံးမဟုတ်သည့်တိုင် အလေးနက်ဆုံးနှင့် ဝီရိယအရှိဆုံး တာဝန်ကျေပွန်သူတစ်ဦးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...” နာရီ ဆယ်ချက်ထိုးသံ ထွက်ပေါ်လာ၏။ ည ၁၀ နာရီ ရှိနေပြီဖြစ်၏။
အတွင်းဝန်ရုံး၏ ပထမဝန်ကြီးချုပ် မင်းသားကျင်းက ပြောလိုက်သည်။ “ဒီနေ့တော့ ဒီလောက်ပါပဲ။ မနက်ဖြန် စောစော လာကြပါ။ အားလုံး အိမ်ပြန် အနားယူကြပါတော့။”
အိမ်ရှေ့စံကျန်းယီ ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အားလုံး အိမ်ပြန်ကြပါ။ မနက်ဖြန် အရမ်း စောစောကြီး လာစရာ မလိုပါဘူး။ ၇ နာရီ မတိုင်ခင် နန်းတော် ရောက်ရင် ရပါပြီ။”
‘မစောဘူး ဟုတ်လား။ ည ၁၀ နာရီမှ နန်းတော်က ထွက်ပြီး နောက်တစ်နေ့ မနက် ၇ နာရီ မတိုင်ခင် အလုပ်ဆင်းရမှာ။ ဒါ 996 ထက်တောင် ဆိုးနေသေးတယ်။’
(996 ဆိုသည်မှာ မနက် ၉ နာရီမှ ည ၉ နာရီအထိ၊ တစ်ပတ် ၆ ရက် အလုပ်လုပ်ခြင်းကို ဆိုလိုသည်။)
ပထမဝန်ကြီးချုပ် မင်းသားကျင်းက ပြောလိုက်သည်။ “ကျုပ်တို့ သွားပါရစေ။”
မင်းသားကျင်း၏ ဦးဆောင်မှုနှင့် ဝန်ကြီးများ မတ်တတ်ရပ်ပြီး အိမ်ရှေ့စံကို ဦးညွှတ်ကာ စည်းစနစ်တကျ ထွက်ခွာသွားကြ၏။ ခဏအကြာ၌ စာကြည့်ဆောင်ထဲတွင် အိမ်ရှေ့စံတစ်ယောက်တည်း ကျန်ခဲ့၏။
မိန်းမစိုးအိုကြီးတစ်ယောက် ဝင်လာသည်။ “အရှင်မင်းသား... ညဉ့်နက်နေပါပြီ။ ပြန်ပြီး အနားယူပါတော့။”
အိမ်ရှေ့စံကျန်းယီက ပြောလိုက်၏။ “ဝန်ကြီးတွေက အနားယူလို့ ရပေမဲ့ ကျုပ်ကတော့ မရဘူး။ ကျုပ်ရှေ့မှာ အစီရင်ခံစာ ပုံလိုက်ကြီး ကျန်နေသေးတယ်။”
မိန်းမစိုးအိုကြီးက ထပ်ပြောသည်။ “ဒီအစီရင်ခံစာတွေကို မနက်ဖြန်မှ အတည်ပြုလည်း နောက်မကျပါဘူး။”
“ဒီနေ့ကိစ္စကို မနက်ဖြန် ရွှေ့မယ်။ မနက်ဖြန် ကိစ္စကို သဘက်ခါ ရွှေ့မယ်။ နောင်ဆို နောက်ကျသွား လိမ့်မယ်။ ကျုပ်ကို မဆိုထားနဲ့၊ ဝန်ကြီးချုပ်မင်းသားကျင်း နဲ့ ဒုဝန်ကြီးချုပ် ကျင်းမူကုန်းတောင် မနက် ၁ နာရီလောက်မှ အိပ်ရတာ။”
မိန်းမစိုးအိုကြီးက ပြောလိုက်၏။ “အရှင်မင်းသားက အရမ်း ဝီရိယ ကြီးလွန်းပါတယ်။ အရှင်ရှမ့်လန်ကို အတုယူသင့်တယ်။ သူက ဘဝကို ဘယ်လို ပျော်ရွှင်အောင် နေရမလဲ သိတယ်။”
အိမ်ရှေ့စံကျန်းယီက တုံ့ပြန်သည်။ “ခမည်းတော်နဲ့ ကျုပ်က မတူဘူး။ ကျုပ်တို့ရဲ့ တာဝန်တွေက မတူကြဘူး။”
“အရှင်မင်းသား ပြောတာ ကျုပ် နားမလည်ပါဘူး။ အရှင်မင်းသားအတွက် ငှက်သိုက်ရည် တစ်ခွက် လုပ်ပေးပါ့မယ်။ သောက်ပြီးရင် အိပ်ပျော်သွားပါလိမ့်မယ်။”
အိမ်ရှေ့စံကျန်းယီက အစီရင်ခံစာများကို ပြန်ဖတ်နေရင်း ပြောလိုက်၏။ “ကောင်းပြီ။”
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဤအိမ်ရှေ့စံသည် တစ်နေ့လျှင် ၁၅ နာရီကျော်အထိ အလုပ်လုပ်ခဲ့သည်။ ညတိုင်း ၁ နာရီမှ အိပ်စက်ရသော်လည်း မနက် ၆ နာရီမတိုင်ခင် ပြန်ထရသည့် ဤလူနေမှုပုံစံကို နှစ်နှင့်ချီ၍ စွဲမြဲစွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ဝီရိယမှာ နှစ်တစ်ထောင်မှတစ်ခါ ပေါ်ထွန်းသည့် စံပြအုပ်ချုပ်သူ ဟုပင် တင်စားနိုင်သည်။
ရှမ့်လန်သည် တော်ဝင်ချန်အင်ပါယာကို အုပ်စိုးစဉ်က ပေါ့ပါးလွတ်လပ်သလို ရှိခဲ့သော်လည်း ထိုအရာမှာ လောကကို သိမ်းပိုက်နေသည့် ကာလသာ ဖြစ်သည်။ အမှန်စင်စစ် လောကကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး သည် ဝီရိယမရှိဘဲ ပေါ့ပေါ့ပါးပါး နေထိုင်ရန် မဖြစ်နိုင်ကြောင်း အင်ပါယာကျားကျင်းနှင့် အင်ပါယာရွှမ်ကျုံးတို့၏ သမိုင်းသင်ခန်းစာများက သက်သေပြနေ၏။
သန်းခေါင်ယံအချိန်တွင် အိမ်ရှေ့စံကျန်းယီသည် ငှက်သိုက်ရည်တစ်ခွက် သောက်ပြီး အစီရင်ခံစာများကို ဆက်လက်ဖတ်ရှုနေသည်။ တစ်အုပ်ပြီးတစ်အုပ် စနစ်တကျ ဖတ်ရှုပြီးနောက် မနက် ၁ နာရီ ခေါင်းလောင်း ထိုးသံ ပေါ်ထွက်လာသည်။
“ဒေါင်...”
အိပ်စက်ရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ အိမ်ရှေ့စံသည် နောက်ဆုံးအစီရင်ခံစာကို ပိတ်ကာ မတ်တတ်ရပ်၍ အကြောဆန့်လိုက်သည်။ သူသည် စာကြည့်ဆောင်မှထွက်ကာ အိပ်ဆောင်သို့ သွားရန် ပြင်လိုက်သော်လည်း တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ ပုံမှန်ဆိုလျှင် မိန်းမစိုးအိုကြီးနှင့် တော်ဝင်နဂါးကိုယ်ရံတော်များက သူ့ကို လာရောက်ခြံရံရမည် ဖြစ်သော်လည်း ယခမည်သူမှ ရှိမနေပေ။
ထိုစဉ် စာကြည့်ဆောင်အတွင်းရှိ လေထုမှာ ရုတ်တရက် လှုပ်ခတ်သွားပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ ရှမ့်လန်ပင် ဖြစ်သည်။ အိမ်ရှေ့စံကျန်းယီ ရှမ့်လန်ကို မြင်ချိန်၌ အနည်းငယ် အံ့ဩသွား၏။
“ရောက်လာပြီလား။ နောက်ဆုံးတော့ ရောက်လာပြီပေါ့။” အိမ်ရှေ့စံကျန်းယီ ဖြည်းညင်းစွာ ပြန်ထိုင်လိုက်သည်။
ရှမ့်လန်သည် အိမ်ရှေ့စံ၏ မျက်နှာကို စိုက်ကြည့်မိသည်။ သူသည် ငယ်စဉ်တည်းက ရှမ့်လန်ထက်ပင် ပိုမို ချောမောခဲ့သူဖြစ်ပြီး ယခုအရွယ်တွင်မူ လူတိုင်း တည့်တည့်မကြည့်ရဲလောက်အောင်ပင် ခန့်ညားနေ၏။
မိမိ၏ယီလေးမှာ ဤမျှအထိ ကြီးပြင်းသွားခဲ့ပြီလားဟု ရှမ့်လန် တွေးတောနေမိသည်။ သို့သော်ငြား သူ၏ရှေ့မှောက်ရှိ အိမ်ရှေ့စံမှာ ကျန်းယီအစစ် မဟုတ်ပေ။ ရှေးဟောင်းလူသားသစ်တစ်ဦးက ရုပ်ဖျက် ထားခြင်းသာ ဖြစ်သည်။
အိမ်ရှေ့စံသာမက မင်းသားကျင်း၊ ကျင်းမူကုန်းနှင့် ဝန်ကြီးများ အားလုံးမှာလည်း အတုများသာ ဖြစ်ကြပြီး ၎င်းတို့သည် မိမိကိုယ်ကိုယ် ရှေးဟောင်းလူသားများ ဖြစ်ကြောင်းပင် မေ့လျော့နေကြ၏။
ထိုကျန်းယီအတုက ရှမ့်လန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဟူး... ဆယ်စုနှစ်တွေချီ ဟန်ဆောင်လာတာ ကျုပ်ရဲ့ မူလအမှတ်အသားကိုတောင် မေ့လုနီးပါး ဖြစ်နေပြီ။ ခင်ဗျားသာ မလာရင် ကျုပ်ကိုယ်ကျုပ် ရှမ့်ယီ လို့ တကယ် ထင်နေတော့မှာ။”
စကားပြောရင်းနှင့် ရှမ့်ယီအတုက သူ့၏မျက်နှာအစစ်ကို ပြောင်းလိုက်သည်။ သူသည် ယခင်ကအတိုင်း ချောမောနေတုန်းဖြစ်ပြီး ရှမ့်လန်၊ ရှမ့်ယီတို့နှင့်တောင် ဆင်တူနေသေး၏။
“မိတ်ဆက်ပါရစေ။ ကျုပ်က ကျန်းရှဲ့ရဲ့ သား၊ ကျန်းမင်ပါ။”
သူ့ရှေ့က လူက ရှမ့်ယီအတု ဖြစ်သော်လည်း အိမ်ရှေ့စံအစစ် ဖြစ်နေ၏။ ကျန်းရှဲ့၏သား ဖြစ်လိမ့်မည်ဟု ရှမ့်လန် မထင်ထားခဲ့ချေ။
ကျန်းမင်က ဆက်ပြောသည်။ “အထင်မလွဲပါနဲ့။ ကျုပ် အမေက ဘုရင်မမီဒူဆာ မဟုတ်ပါဘူး။ ပြီးတော့ ကျုပ်နာမည်ကို အဖေ ငယ်ငယ်တုန်းက ပေးခဲ့တာပါ။”
‘ကျန်းမင် - ပျက်သုဉ်းခြင်း။ ဒီနာမည်ကို အဆိုးမြင်တယ်လို့ ယူဆရမလား၊ အကောင်းမြင်တယ်လို့ ယူဆရမလား။’
ရှမ့်လန်က မေးလိုက်သည်။ “ကျန်းချုံးလည်း အင်ပါယာရဲ့ ဒုဝန်ကြီးချုပ် မဟုတ်လား။ သူ ဘယ်မှာလဲ။”
ကျန်းမင်က ဖြေ၏။ “ကျန်းချုံးက ဒုဝန်ကြီးချုပ် ဟုတ်ပါတယ်။ ဒါပေမဲ့ သူက အင်ပါယာ မြို့တော် ကိုယ်စား ဘုရင်မဟယ်လင်နဲ့ တွေ့ဖို့ ရှီလွန်ကို သွားတယ်။”
ရှမ့်လန် ကြောင်အသွား၏။
ရှမ့်ယီအတု (ကျန်းမင်) က ပြောလိုက်သည်။ “သေချာပေါက် ကျန်းချုံးက အတုပါ။ ကျုပ်တို့ ရှေးဟောင်း လူသားတွေက ဟန်ဆောင်ထားတာပါ။ ဘုရင်မဟယ်လင်လည်း အတုပါပဲ။”
ရှမ့်လန်က မေးလိုက်၏။ “ဒီလောက်ထိ အလေးအနက် ထားဖို့ လိုလို့လား။ အားလုံးက ရှေးဟောင်း လူသားတွေပဲလေ။ ဘာလို့ ကျန်းချုံးအတုက ဟယ်လင်အတုကို သွားတွေ့ဖို့ လိုတာလဲ။”
“ကျုပ်တို့ အလေးအနက် မထားရင် ဒီလောက် ကြီးမားတဲ့ အင်ပါယာကြီးကို ဘယ်လို အုပ်ချုပ်မလဲ။ ဒီ သန်းပေါင်း ရာချီတဲ့ ပြည်သူတွေက အစစ်တွေလေ။”
***