ကျန်းယီအတု၏ စကားများထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များကို ရှမ့်လန် ကြားလိုက်ရသည်။ ကျန်းလီ သည် အရာအားလုံးကို တစ်ဦးတည်း စီမံခန့်ခွဲသူဖြစ်ရာ သူ၏လက်အောက်ရှိ ရှေးဟောင်းလူသား သိန်းဂဏန်းမှာ လောကကြီးကို အုပ်စိုးသည့် ကစားပွဲတွင် ရုပ်သေးရုပ်များသဖွယ် ပါဝင်ကစားပေးနေရုံသာ ရှိသည်။
ဤအခြေအနေသည် မည်မျှပင် လေးနက်လက်တွေ့ကျနေပါစေ၊ ကျန်းလီအတွက်မူ ကစားပွဲတစ်ခုမျှသာ ဖြစ်သည်။ အကြောင်းမှာ ကျန်းလီ၏ ရည်ရွယ်ချက်မှာ အင်ပါယာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် မဟုတ်ဘဲ လောကကြီးတစ်ခုလုံး၏ သက်စောင့်စွမ်းအားကို ဝါးမျိုရန်သာ ဖြစ်သောကြောင့်ပင်။ နောက်ဆုံးတွင်မူ ဤသန်းပေါင်းရာချီသော လူသားအားလုံးသည် ကျန်းလီအတွက် အစတေးခံနှင့် စွမ်းအင် အရင်းအမြစ်များသာ ဖြစ်သွားကြပေလိမ့်မည်။
ကျန်းရှဲ့၏သားဖြစ်သူ ကျန်းယီပင်လျှင် ဤကစားပွဲတွင် ခြွင်းချက်မဟုတ်ခဲ့ပေ။ ဤအခြေအနေကို ကြည့်ရင်း ရှမ့်လန်သည် ကမ္ဘာမြေပေါ်တွင် ဂိမ်းကစားခဲ့စဉ်က အချိန်များကို ပြန်လည်သတိရသွားမိသည်။ ဂိမ်းတစ်ခု ပျော်စရာကောင်းရန် အလေးအနက်ထား၍ စီးမျောခံစားဖို့ လိုအပ်သည်မဟုတ်ပါလား။
ရှမ့်လန်သည် စာကြည့်ဆောင်ထဲသို့ ဖြည်းညင်းစွာ ဝင်လာပြီး စင်ပေါ်ရှိ စာအုပ်များကို သေချာကြည့်လိုက် မိသည်။ တော်ဝင်ရန်အင်ပါယာဘုရင်ကို အနိုင်ယူပြီးနောက် မြောက်ဝင်ရိုးစွန်းသို့ မသွားမီ အချိန်အတော်ကြာ သူ နေထိုင်ခဲ့ဖူးသော နေရာလေးပင် ဖြစ်သည်။
ရှမ့်လန်သည် စာအုပ်တစ်အုပ်ကို ကျပန်းဆွဲထုတ်ကာ လှန်လှောကြည့်နေစဉ် အိမ်ရှေ့စံကျန်းယီအတုမှာမူ သူ၏ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ ရှမ့်လန်၏ ရင်ထဲတွင် ဝမ်းနည်းမှုနှင့် ကျေနပ်မှုတို့ ဒွန်တွဲ၍ ခံစားနေရသည်။ မိမိ၏သားတော် ရှမ့်ယီ (ကျန်းယီ) နေရာတွင် အစားထိုး ခံလိုက်ရခြင်းအတွက် ဝမ်းနည်းမိသော်လည်း၊ ရှမ့်ယီသည် ကျန်းလီ၏မြေးဖြစ်၍ ကျန်းတော်ဝင်မိသားစု၏ ဆက်ခံသူအစစ်အဖြစ် လမ်းဖွင့်ပေးထားမည်၊ ရှမ့်ယီကလည်း ထိုအရာကို လက်ခံလိမ့်မည်ဟု ရှမ့်လန် ထင်မှတ်ခဲ့ဖူးသည်။
သို့သော်ငြား ကျေနပ်စရာကောင်းသည်မှာ ရှမ့်ယီသည် မိမိ၏ မူလအမှတ်အသားအပေါ် သစ္စာရှိနေဆဲ ဖြစ်ခြင်းပင်။ သူသည် ကျန်းတော်ဝင်မိသားစု၏ ဆက်ခံသူဖြစ်ခြင်းထက် ရှမ့်လန်နှင့် မူလန်တို့၏ သားဖြစ်သည်ဟူသော အချက်ကို ပိုမိုဦးထိပ်ထားကာ မြဲမြဲမှတ်ထားခဲ့သည်။ ထို့ကြောင့်ပင် ကျန်းလီက သူ့ကို နန်းပလ္လင်ပေါ်၌ ဆက်လက်မထားရှိဘဲ အတုနှင့် အစားထိုးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က မေးလိုက်၏။ “ကျန်းမင်... အင်ပါယာရဲ့ အထက်တန်းလွှာအားလုံး၊ ကျုပ်ရဲ့ ဆွေမျိုးတွေ အားလုံးက အတုတွေ၊ အားလုံးက ရှေးဟောင်း လူသားတွေ ဟန်ဆောင်ထားတာ၊ ဟုတ်တယ် မဟုတ်လား။”
“ဟုတ်ပါတယ်။”
“ဒါဆို ရှမ့်ယီအစစ် ဘယ်မှာလဲ ခင်ဗျားသိလား။ ပြီးတော့ ကျုပ်ရဲ့ တခြားသားသမီးတွေနဲ့ ဆွေမျိုးတွေ ဘယ်မှာလဲ။”
ကျန်းမင်က ပြောသည်။ “စိတ်မကောင်းပါဘူး။ ကျုပ် မသိပါဘူး။ အရှင်ကျန်းလီပဲ သိပါတယ်။ ခင်ဗျား ကိုယ်တိုင် မေးကြည့်ပါလား။ မြောက်ဝင်ရိုးစွန်းကို သွားပြီး မေးကြည့်လိုက်ပါ။ သူ ခင်ဗျားကို စောင့်နေတာ ကြာပြီ။”
ကျန်းမင်သည် ထိုသူ့ကို ‘အဖေ’ ဟု ဘယ်တော့မှ မခေါ်ခဲ့ပေ။ အရှင် သို့မဟုတ် ခင်ဗျား ဟုသာ ပြောဆိုခေါ်ဝေါ် သုံးနှုန်းလေ့ရှိသည်။ ကျန်းမင်၏ စိတ်ထဲတွင်လည်း အတော်ပင် ရှုပ်ထွေး နေလောက်ပြီဖြစ်သည်။ အမှောင်အင်ပါယာကျန်းလီ၏ ဝိညာဉ်မှာ ကျန်းရှဲ့ ဖြစ်သော်လည်း၊ သူကိုယ်တိုင်ကမူ သူ့ကိုယ်သူ ကျန်းလီအဖြစ်သာ အမြဲတမ်း မှတ်ယူထားခဲ့သည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျန်းမင်အဖို့ ထိုသူ့ကို အဖေဟု ခေါ်ဆိုရန်မှာ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်၏။
ရှမ့်ယီ၊ ပင်းအာ၊ နင်ယွမ်ရှန်း စသည့် ရှမ့်လန်၏ ဆွေမျိုးသားချင်းအားလုံးမှာလည်း လက်ရှိတွင် မည်သည့်နေရာ၌ အကျဉ်းချခံထားရကြောင်း မည်သူမှ မသိရှိကြပေ။ ဤလျှို့ဝှက်ချက်ကို သိရှိသူမှာ ကျန်းလီ တစ်ယောက်တည်းသာ ရှိပေသည်။
“မြောက်ဝင်ရိုးစွန်းကို သွားရမယ် ဟုတ်လား။ အင်ပါယာကျန်းလီနဲ့ နောက်ဆုံး တိုက်ပွဲ တိုက်ရမယ် ဟုတ်လား။ ကျုပ် လုပ်မယ်။ ကျုပ် သွားမယ်။”
သို့သော်ငြား ထိုအချိန်၌ စာကြည့်ဆောင်အတွင်းရှိ စန္ဒကူးမီးခိုးငွေ့များက လေထဲမှာ ရုတ်တရက် စုစည်းသွားပြီး အင်ပါယာကျန်းလီရဲ့ မျက်နှာအဖြစ် ပုံပေါ်လာ၏။ ထိုမျက်နှာက နက်နဲ၏၊ ရိုးရှင်း၏၊ ဆန်းကြယ်သလို အလွန်လည်း စွမ်းအားကြီးမား၏။
မီးခိုးငွေ့များနှင့် ဖန်တီးထားသော မျက်နှာတစ်ခုသာ ဖြစ်သော်လည်း ကြည့်ရသူကို တုန်လှုပ်ခြောက်ခြား သွားစေနိုင်သည့် အရှိန်အဝါမျိုး ရှိနေ၏။ မီးခိုးငွေ့သက်သက် ဖြစ်နေသည့်တိုင်အောင် မရေမတွက်နိုင်သည့် အသက်ပေါင်းများစွာကို တစ်ခဏချင်းမှာပဲ ပြာချပစ်နိုင်မည့် စွမ်းအားမျိုး ကိန်းအောင်းနေတဲ့ပုံ ပေါက်သည်။
ရှမ့်လန်က နှုတ်ဆက်လိုက်၏။ “အင်ပါယာ ကျန်းလီ... နေကောင်းပါရဲ့လား။”
ကျန်းလီက ပြန်ပြောသည်။ “အင်ပါယာ ရှမ့်လန်... နေကောင်းပါရဲ့လား။”
ရှမ့်လန်က မေးလိုက်၏။ “ကျုပ်ရဲ့မိန်းမ၊ သားသမီးတွေနဲ့ ဆွေမျိုးတွေအားလုံး ဘယ်မှာ အကျဉ်းချထားလဲ သိခွင့် ရှိမလား။”
ကျန်းလီ၏ မျက်နှာက ရှမ့်လန်ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ငါ နုရှောင့်မြို့ကို သွားပြီး မင်းရဲ့ ယဉ်ကျေးမှုအသစ်ကို သွားကြည့်မလို့၊ ပြင်ဆင်ထားလိုက်ပါ။”
ရှမ့်လန် တုန်လှုပ်သွားသည်။ သူက ကျန်းအင်ပါယာ၏ မြို့တော်သို့ လာရောက်ခြင်းဖြစ်သော်လည်း ကျန်းလီကမူ သူ၏ နုရှောင့်မြို့သို့ သွားရန် ပြင်ဆင်နေသည်မှာ အံ့ဩစရာပင်။
ကျန်းလီက နုရှောင့်မြို့သို့ ကိုယ်တိုင်သွားမည်လား။ ကိုယ်တိုင်မသွားဘဲ ကိုယ်ပွားတစ်ခုလောက်သာ လွှတ်မည်ဆိုလျှင်ပင် အခြေအနေမှာ အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ ကျိကလန်နဂါး၊ ကောင်းကင်မျှော်ရုပ်တုနှင့် နုရှောင့်မြို့မှလူများအားလုံး စုပေါင်းလိုက်လျှင်ပင် ကျန်းလီ၏ လက်တစ်ချောင်း ကို ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
ယခင်က မိုကျင်းဖြစ်ရပ်၊ တွင်းနက်အက်ကွဲကြောင်း သို့မဟုတ် ရှေးဟောင်းတော်ဝင်ကပ်ဘေးဘုရားကျောင်း ပျက်စီးမှုများတွင်ပင် ကျန်းလီသည် ကိုယ်တိုင်ပေါ်လာခြင်းမရှိခဲ့ဘဲ ဒုတိယတန်းစားနှင့် တတိယတန်းစား လူများကိုသာ စေလွှတ်ခဲ့သည်။ သို့သော် ယခုမူ သူကိုယ်တိုင် နုရှောင့်မြို့သို့ သွားတော့မည်ဟု ပြောဆိုနေသည်။
ရှမ့်လန် တွေးတောရင်း ထိတ်လန့်သွားမိ၏။
ကျန်းလီက ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ရှမ့်လန်... ပြင်ဆင်ထားလိုက်ပါ။ ငါ မကြာခင် ရောက်တော့မယ်။”
ထို့နောက် စန္ဒကူးမီးခိုးငွေ့နှင့် ပြုလုပ်ထားသော ကျန်းလီ၏ မျက်နှာက လုံးဝ ပျောက်ကွယ်သွား၏။
... ...
ရှမ့်လန်က အိမ်ရှေ့စံကျန်းမင်ကို ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။”
ထို့နောက် အင်ပါယာမြို့တော်ကနေ တိတ်ဆိတ်စွာ ထွက်ခွာပြီး နုရှောင့်မြို့ဘက်ကို ပြန်လည် ပျံသန်း လာခဲ့၏။
နုရှောင့်မြို့သစ် တည်ဆောက်ရေးမှာ နှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီးနောက် ယခုအခါ မြို့ကြီး၏ သုံးပုံတစ်ပုံခန့် ပြီးစီးနေပြီ ဖြစ်သည်။ လက်ရှိတွင် လူဦးရေ သုံးသိန်းကျော် ရှိနေသော်လည်း အရပ်သားဟူ၍ မရှိသလောက်ပင်။ အားလုံးမှာ စစ်သည်များ၊ ပညာရှင်များနှင့် အလုပ်သမားများသာ ဖြစ်ကြသည်။
နုရှောင့်မြို့တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲနေသော်လည်း လေ့ကျိုးကျွန်းမှာမူ မူလအတိုင်းပင် တည်ရှိနေသည်။ သို့သော်ငြား ကျွန်းပေါ်ရှိအပင်များကို စွမ်းအင်တုံ့ပြန်မှု ကောင်းမွန်ပြီး ကြီးထွားနှုန်း မြန်သည့် ရှေးဟောင်းအပင်များနှင့် အစားထိုးလိုက်ရာ ပန်းများမှာ ပိုမိုလှပလာသဖြင့် ပညာရှင်များက ရိုးရှင်းတင့်တယ်စေရန် ပြန်လည်ပြုပြင်နေကြရ၏။
လက်ရှိတွင် လေ့ကျိုးကျွန်းသည် ကလေးငယ်များနှင့် ဆရာပေါင်း ထောင်နှင့်ချီ ရှိနေသည့် သန့်စင်သော ကျောင်းတော်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ ဤကလေးများသည် မိုကျင်းမှလာသူများဖြစ်ပြီး နောင်တွင် တွင်းနက်အက်ကွဲကြောင်းမှ ကလေးများလည်း ထပ်မံရောက်ရှိလာဦးမည်။ ထို့ကြောင့် နုရှောင့်မြို့အတွင်း မူကြိုကျောင်းများနှင့် အထွေထွေကျောင်းပေါင်းများစွာကို ကြိုတင်ပြင်ဆင် ဆောက်လုပ်ထားရသည်။
ဥယျာဉ်အတွင်း၌ ယောင်ယောင်သည် နုရှောင့်မြို့၏ အိမ်တိုင်း၊ ဥယျာဉ်တိုင်းအတွက် လိုအပ်နေသည့် အသေးစိတ် ပုံစံများကို အားသွန်ခွန်စိုက် ရေးဆွဲနေသည်။ သူမနှင့်အတူ မင်းသမီးလေးရှမ့်မီလည်း ပုံဆွဲနေ၏။ သူမသည် မိုကျင်း၌နေထိုင်စဉ်ကပင် အဝတ်အစားနှင့် လက်ဝတ်ရတနာ ပုံစံပိုင်း၌ ထူးခြားသည့် ပါရမီရှိကြောင်း သိရှိခဲ့ရသူ ဖြစ်သည်။ သူမ၏ လက်ရာများသည် အလွန်လှပသဖြင့် လက်ရှိတွင် အမြောက်အမြား ထုတ်လုပ်နေရပြီး လူကြိုက်လည်း များလှ၏။
ဤမိန်းကလေးနှစ်ဦးစလုံးသည် တွင်းနက်အက်ကွဲကြောင်းတွင် နေထိုင်ရမည် ဖြစ်သော်လည်း လေ့ကျိုးကျွန်းကို လွမ်းဆွတ်သောကြောင့် ရှမ့်လန်ထံ ခွင့်တောင်းကာ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ တိတ်ဆိတ်စွာ ပုံဆွဲနေကြစဉ်အတွင်း ရှမ့်မီသည် ယောင်ယောင်၏ လက်ရာများကို ကြည့်ကာ ခဏခဏ ချီးကျူးနေမိသည်။ “ဝါး... အရမ်း လှတာပဲ။ အစ်မက အရမ်း တော်တာပဲ။”
ယောင်ယောင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ရှက်သွေးဖြာသော အပြုံးနုနုတစ်ခု ပွင့်အာ လာသည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစား၊ စီးထားသော ဖိနပ်မှစ၍ ဆင်မြန်းထားသည့် လက်ဝတ်ရတနာ အားလုံးသည် ညီမဖြစ်သူ ရှမ့်မီလေးကိုယ်တိုင် ပုံစံရေးဆွဲ ချုပ်လုပ်ပေးထားခြင်း ဖြစ်၏။
မြင်ကွင်းက အနည်းငယ်တော့ ဆန်းကြယ်နေသည်။ ရုပ်သွင်အရ မင်းသမီးလေးရှမ့်မီက ယောင်ယောင့်ထက် အသက်ပိုကြီးပုံ ပေါက်နေသော်လည်း နှုတ်မှမူ “အစ်မ... အစ်မ” ဟု တရစပ် ခေါ်ဝေါ်နေသောကြောင့် ဖြစ်သည်။
အတိတ်ကာလတစ်ခုဆီက သူတို့နှစ်ဦးစလုံး နှစ်ပေါင်းများစွာကြာအောင် ရေခဲရိုက် အိပ်စက်ခဲ့ဖူးသည်။ ရှမ့်မီက မိန်းမပျိုအရွယ်ရောက်မှ အိပ်စက်ခဲ့ရသူဖြစ်ပြီး ယောင်ယောင်မှာမူ ၁၅ နှစ်၊ ၁၆ နှစ် အရွယ်၌ အချိန်ခဲသွားခဲ့ရသူ ြစ်ရာ ယခုကဲ့သို့ အသက်အရွယ် ကွာဟချက်များ ဖြစ်ပေါ်နေခြင်းပင်။
လက်ရှိအချိန်တွင် ရှမ့်မီသည် ပုံဆွဲစက္ကူပေါ်၌ အဝတ်အစား ပုံစံတစ်ခုကို အာရုံစိုက်ဆွဲနေသော်လည်း အတွေးစများက ရှေ့မဆက်နိုင်ဘဲ တုန့်ဆိုင်းနေသည်။ သူမ လိုချင်သော စိတ်လှုပ်ရှားဖွယ်ရာ အထူး ပြုလုပ်ချက် တစ်ခုကို ရှာမတွေ့နိုင် ဖြစ်နေခြင်းပင်။
သူမ ဖန်တီးချင်သည်က ရိုးရှင်းသော ရှပ်အင်္ကျီ အဖြူရောင် သီးသန့် ဖြစ်သည်။ မထင်ပေါ်လွန်းဘဲ သန့်စင် နေရမည်။ သို့သော်ငြား လုံးဝ အဖြူထည် သက်သက်လည်း မဖြစ်စေချင်ပေ။ အလှဆင်မှု တစ်ခုတော့ လိုအပ်နေသည်။
ထိုအရာမှာ ရှမ့် တော်ဝင်မိသားစု၏ တံဆိပ် ဖြစ်ရပေမည်။ ထို့အပြင် ရိုးရှင်းအောင် ပြုပြင်ထားပြီး ရှပ်အင်္ကျီ၏နှင့်လည်း လိုက်ဖက်ညီရမည်။ ပုံစံပြီးဆုံးသွားပါက ရှမ့် တော်ဝင်မိသားစုဝင်များ ဝတ်ဆင်ရန် သူမ ကိုယ်တိုင် ချုပ်လုပ်ပေးမည်။
ဤရှပ်အင်္ကျီသည် ကော်လံအထောင် အသေးစားသာပါရှိပြီး ကော်လံ မပါသလောက်နီးပါး ဖြစ်သည်။ ဝတ်ဆင်ရသူအတွက် သက်တောင့်သက်သာ ရှိစေမည့်အပြင် ရှေးဆန်သော ခံစားမှုမျိုးကိုလည်း ပေးစွမ်း နိုင်လိမ့်မည်။
သို့သော် ပြဿနာမှာ တော်ဝင်တံဆိပ်ကို မည်သည့်နေရာတွင် ထားရှိမည်နည်း။ လက်မောင်း၌လား၊ ရင်ဘတ်၌လား၊ သို့မဟုတ် အနားသတ်၌ ထားမည်လား။ မည်သည့်နေရာတွင် ထားလိုက်လျှင် ဤအင်္ကျီက အသက်ဝင်သွားမည်နည်း။
ထိုစဉ် မင်းသမီး ယောင်ယောင်၏ မျက်တောင်ကော့ကြီးများ ရုတ်တရက် တုန်ခါသွားသည်။ သူမသည် ခြေလှမ်းကို အသာရွှေ့လိုက်ပြီး ညီမဖြစ်သူ ရှမ့်မီကို သူမ၏ ကျောဘက်သို့ ပို့ကာ ကွယ်ထားလိုက်သည်။
မြက်ခင်းပြင်ထက်တွင် လူတစ်ဦး ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်။ ပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်အဘိုးအိုတစ်ဦးနှင့် တူလှသည်။ တစ်ချက်ကြည့်လိုက်လျှင် လေ့ကျိုးကျွန်းမှ ဆရာတစ်ဦးဟု ထင်မှတ်ရ၏။
ထိုအဘိုးအို၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ ဆွတ်ဆွတ်ဖြူနေသည်။ အသန့်စင်ဆုံးသော ဝတ်ရုံကို ဆင်မြန်းထားပြီး လမ်းလျှောက်နေပုံက ကျက်သရေ ရှိလှသည်။ အေးဆေး တည်ငြိမ်လွန်းလှသည်။
သူသည် မိန်းကလေးနှစ်ဦးဆီသို့ တန်းတန်းမတ်မတ် လျှောက်လာပြီး ပုံဆွဲစက္ကူကို ငုံ့ကြည့်လိုက်သည်။ အဘိုးအိုက မေးလိုက်၏။ “သမီးလေးတို့... ဘာတွေများ စိတ်ညစ်နေရတာလဲ။”
မင်းသမီး ရှမ့်မီက ပြန်ဖြေသည်။ “ကျွန်မ မောင်လေးအတွက် ရှပ်အင်္ကျီတစ်ထည် ပုံစံဆွဲနေတာပါ။ သူက သိပ္ပံပညာရှင်ဆိုတော့ သက်တောင့်သက်သာရှိပြီး အရောင်ဖျော့တာမျိုး ဝတ်ရတာ ကြိုက်တယ်။ တတ်နိုင်သမျှ ရိုးရှင်းရမယ်။ ဒါပေမဲ့ အလုပ်သမားဝတ်စုံနဲ့လည်း မတူစေချင်ဘူး။ ရိုးရှင်းပေမဲ့ မရိုးရှင်းဘူးပေါ့။”
သူမက သက်ပြင်းချလိုက်ရင်း ဆက်ပြောသည်။ “ကျွန်မ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက တော်ဝင်တံဆိပ်ကို အင်္ကျီပေါ်မှာ အလှဆင်ထည့်ပေးဖို့ပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ ထားရင် အသက်ဝင်မလဲ ဆိုတာ မသိနိုင်ဘူး ဖြစ်နေတယ်။”
အဘိုးအိုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပုံဆွဲစက္ကူပေါ်မှ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီနေရာမှာ ထားလိုက်ပါ။ ကော်လံထောင် နှစ်ခုကြား အလယ်တည့်တည့်မှာ။”
မင်းသမီးလေးရှမ့်မီ ကြောင်အသွားသည်။ ထို့နောက် တော်ဝင်တံဆိပ်ကို ကော်လာထောင် နှစ်ခုကြား အလယ်တည့်တည့်တွင် စမ်းသပ် ရေးဆွဲကြည့်လိုက်သည်။ တကယ်ပင် ကြည့်ကောင်းသွားသည်။ တော်ဝင် တံဆိပ်က သေးငယ်သော်လည်း ဖမ်းစားမှု ရှိသွားပြီး နေရာမှန်သို့ ရောက်ရှိသွားသည့်နှယ်ပင်။
နည်းလေ ကောင်းလေ ဆိုသည့် အကျိုးသက်ရောက်မှုကို ပြီးပြည့်စုံစွာ ရရှိသွားခြင်း ဖြစ်၏။
ရှမ့်မီက ဝမ်းသာအားရ ရေရွတ်လိုက်သည်။ “ဝါး... တကယ် တော်တာပဲ။ ကျေးဇူးပါပဲ အဘိုး... အဘိုး နာမည် ဘယ်သူလဲဟင်။ ကျွန်မတို့ လေ့ကျိုးကျွန်းက ဆရာတစ်ယောက်လား။”
အဘိုးအိုက ပြုံးလိုက်၏။ အဘိုးကို ‘ပထမအဘိုးလို့ပဲ ခေါ်ပါကွယ်။”
ပထမအဘိုး... နာမည်က တော်တော်တော့ ဆန်းနေသည်။ ထို့နောက် အဘိုးအိုသည် ယောင်ယောင်၏ ပုံဆွဲစက္ကူကို ငေးကြည့်ရင်း မေးလိုက်ပြန်သည်။ “သမီးက ရေကန်တစ်ကန် ပုံစံဆွဲနေတာလား။”
ယောင်ယောင် ခေါင်းညိတ်လိုက်၏။ “ဟုတ်ပါတယ်။ အပူချိန် လျှော့ချပေးမယ့် ရေကန်ပါ။ ဒါပေမဲ့ မြို့တော်ရဲ့ အဓိက ဆွဲဆောင်မှုလည်း ဖြစ်ဖို့ လိုပါတယ်။ ကျွန်မမှာ စိတ်ကူးနှစ်ခု ရှိတယ်။ ပထမတစ်ခုက သရဖူပေါ်မှာ မြှုပ်ထားတဲ့ ရတနာတစ်ပါးအဖြစ် ဖန်တီးဖို့နဲ့ ဒုတိယတစ်ခုက မျက်လုံးထောင့်က မျက်ရည်တစ်စက်အဖြစ် ဖန်တီးဖို့ပါ။”
အဘိုးအိုသည် ယောင်ယောင်၏ ပုံဆွဲစာအုပ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးမှ လေးလေးနက်နက် ပြောလိုက်သည်။ “ရတနာတွေက ကျိုးပဲ့လွယ်တယ်။ မျက်ရည်တွေကသာ ထာဝရ တည်တံ့တာပါ။ ရတနာတွေ က လူတွေရဲ့စိတ်ကို ခဏတာ လှုပ်ရှားစေနိုင်ပေမဲ့ လူတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်တာ ကတော့ မျက်ရည်တွေပါပဲ။”
မင်းသမီး ယောင်ယောင် ပြုံးလိုက်ပြီး ချက်ချင်း ပြန်မပြောပေ။
ရှမ့်မီက ကြားဖြတ်ဝင်ပြောလိုက်သည်။ “အဘိုးရဲ့ အနုပညာအမြင်က တကယ် မြင့်မားတာပဲ။ အင်ပါယာ တက္ကသိုလ် အနုပညာဌာနက ဆရာတွေ အကုန်လုံးကို ကျွန်မ သိပေမဲ့ အဘိုးကို တစ်ခါမှ မတွေ့ဖူးပါလား။ ကျွန်မတို့ အနုပညာဌာနမှာ လာသင်ပေးပါလား။”
မင်းသမီးလေးရှမ့်မီ ပြောသော အင်ပါယာ တက္ကသိုလ်သည် မပြီးစီးသေးသော်လည်း ပါမောက္ခအဖွဲ့မှာမူ ပြည့်စုံလုနီးပါး ဖြစ်နေသည်။ မဟာပညာရှင် တွိုင်းသည် ကျောင်းအုပ်ကြီး ဖြစ်ပြီး မင်းသမီးလေးရှမ့်မီသည် လက်ထောက်နည်းပြသာ ဖြစ်သည်။ ဂရက်ဂိုရီ သည် အသက် ၃၀ မပြည့်သေးသော်လည်း ပါမောက္ခ ဖြစ်နေ၏။ ထို့အပြင် အနောက်လောကမှ ကျန်းလီ၏ တပည့်ရင်း အဒေါ့ဖ်လည်း ဒုတိယကျောင်းအုပ် စာရင်းထဲတွင် ပါဝင်၏။
အဘိုးအိုက ခေါင်းခါလိုက်သည်။ “အနုပညာက အရမ်း လှပပါတယ်။ ဒါပေမဲ့ အရမ်း လှပလွန်းလို့ လူတွေကို နစ်မွန်းစေတယ်။”
“လှပတဲ့ အရာတွေဆီမှာ နစ်မွန်းရတာ မကောင်းဘူးလား။”
“ကောင်းပါတယ်။ အရမ်း ကောင်းပါတယ်။”
အဘိုးအိုက ဆက်ပြော၏။ “ဒါပေမဲ့ လူတိုင်းမှာ ဒီအခွင့်အရေး မရှိဘူး။ အရည်အချင်း မြင့်မားလေ တာဝန် ကြီးမားလေပဲ။ ပိုပြီး အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရလိမ့်မယ်။”
“အဘိုးပြောတာ မှန်ပါတယ်။”
ထိုအချိန်၌ ယောင်ယောင်၏ မျက်လုံးဝိုင်းကြီးများ အရောင်လက်လာသည်။ အဝေးမှ ရှမ့်လန် ရောက်ရှိ လာခြင်းကို သူမ အာရုံခံမိသည်။ ‘ဖေဖေ လာပြီ။’
ခဏအကြာတွင် ရှမ့်လန်သည် မြက်ခင်းပြင်ပေါ်မှ တစ်လှမ်းချင်း လျှောက်လာ၏။ “ဖေဖေ... ဒါက ပထမအဘိုးပါ။ အနုပညာဘက်မှာ အရမ်း ထူးချွန်တယ်။ အင်ပါယာတက္ကသိုလ်မှာ စာသင်ပေးဖို့ သမီး ဖိတ်ခေါ်နေတာ။”
ရှမ့်လန် ပြုံးလိုက်သည်။ “သူက ဖေဖေ့ကို လာရှာတာပါ။”
ထို့နောက် ရှမ့်လန်က အဘိုးအိုဘက်သို့ လှည့်ကာ ဖိတ်ခေါ်၏။ “လမ်းလျှောက်ကြမလား။”
“ကောင်းပြီ။”
***