ယောင်ယောင်က ဖေဖေ နိုင်မည်ဟု ပြောသည်။ သေချာပေသည်။ ဤအရာက သူမ၏ နှလုံးသားထဲမှ လှပသော မျှော်လင့်ချက်လေးပင်။
သို့သော်ငြား ရှမ့်လန်က ကျန်းလီကို မည်သို့ အနိုင်ယူပြီး ဖယ်ရှားပစ်မည် ဆိုသည်ကို ယောင်ယောင်လည်း မသိပေ။ ကျန်းလီကို မြင်ပြီးမှ ယောင်ယောင် ဤစကားကို ပြောခြင်း ဖြစ်သည်။
သို့ပေမည့် အနည်းဆုံး လက်ရှိအချိန်တွင်တော့ ရှမ့်လန်၏ စွမ်းအားက ကျန်းလီ၏ တစ်သောင်းပုံ တစ်ပုံမျှပင် မရှိ။ ကျန်းလီက လောကစွမ်းအားတစ်ဝက်ကို ဝါးမျိုလိမ့်မည်။ သို့သော်ငြား ရှမ့်လန်က ဝါးမျိုမည် မဟုတ်ပေ။
... ...
ရှမ့်လန် လေ့ကျိုးကျွန်း၌ တရားကျင့်နေသည်။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း လောကထဲတွင် လှည့်လည် သွားလာနေခြင်း ဖြစ်သည်။ ထိုအချိန်မှာပဲ လူတစ်ယောက် အလျင်စလို ဝင်လာသည်။ မင်းသမီး ကျိရွှမ်ပင်။
“အရှင်... အက်ကွဲကြောင်းပြည်နယ်ကို ကြွပါအုံး။ ပညာရှင်တွိုင်းနဲ့ ဂရက်ဂိုရီတို့က ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး ကို ဖန်တီးပြီးပါပြီ။ အရှင် ကိုယ်တိုင် ဖောက်ခွဲပေးဖို့ စောင့်နေကြပါတယ်။”
ရှမ့်လန် ကြောင်အသွားသည်။ ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။ ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးမှု မြန်ဆန်မည် ဆိုသည်ကို သူ သိသည်။ သူ့၏ လောကပျက် စီမံကိန်းတုန်းက နျူကလီးယားဗုံး အောင်မြင်ဖို့ နှစ် ၃၀ ကျော် ကြာခဲ့သည်။ သို့သော်ငြား ဟိုက်ဒရိုဂျင်ဗုံး အတွက်မူ တစ်နှစ်တောင် ကြာချင်မှ ကြာပေမည်။
ယခုတော့ နှစ်ဝက်ကျော်ကာလလေးသာ ရှိသေးသည်။ ပညာရှင်တွိုင်းနှင့် ဂရက်ဂိုရီတို့၏ အဖွဲ့က အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဖြစ်သည်။
‘ပါရမီရှင်တွေ... တကယ့် ပါရမီရှင်တွေပါပဲ။’
နုရှောင့်မြို့မှ မထွက်ခွာခင် ရှမ့်လန်သည် ယောင်ယောင်နှင့် ရှမ့်မီဆီ သွားခဲ့၏။ “ဖေဖေ အက်ကွဲကြောင်း ပြည်နယ်ကို ပြန်မလို့၊ လိုက်မလား။”
ယောင်ယောင် ခဏ စဉ်းစားပြီး ခေါင်းခါလိုက်သည်။ ဖေဖေ ဘာကြောင့် ပြန်သွားသည်ကို သူ ခန့်မှန်းမိသည်။ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲခြင်းက နေမင်း၏ စွမ်းအင်နှင့် အနီးစပ်ဆုံး ဖြစ်သည်။ ဤအရာက ဖျက်ဆီးခြင်း တစ်မျိုး ဖြစ်သလို အနုပညာ တစ်မျိုးလည်း ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲသည်ကို မြင်ရလျှင် အနုပညာ စိတ်ကူးစိတ်သန်းများ အများအပြား ပေါ်လာနိုင်သည်။
သို့သော်ငြား ယောင်ယောင် မလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖေဖေ ရှိနေသည့် အချိန်တွင် သူက လှပသည့်အရာများကိုသာ လက်ခံချင်သောကြောင့် ဖြစ်သည်။ ဖျက်ဆီးခြင်းများကို လက်မခံချင်ပေ။
ရှမ့်မီက မူလက ဖေဖေနှင့် လိုက်သွားချင်သော်လည်း အစ်မဖြ်သူ မလိုက်သောကြောင့် သူမလည်း မလိုက်ချင်တော့ပေ။ သူမက ငယ်ငယ်တည်းက အစ်မနှင့် အမြဲတွဲနေပြီး ခွဲ၍မရသူ ဖြစ်၏။
ရှမ့်လန် ကလေးမလေး နှစ်ယောက်၏ ခေါင်းကို ပွတ်သပ်ပေးပြီး လေ့ကျိုးကျွန်းမှ ထွက်ခွာလာခဲ့သည်။ ဧရာမ နဂါးကြီးကို စီးကာ အက်ကွဲကြောင်းပြည်နယ်ဆီသို့ ပျံသန်းသွားသည်။
ဧရာမနဂါးကြီး၏ ပျံသန်းနှုန်းက အလွန် မြန်သည်။ အသံထက် အဆပေါင်းများစွာ မြန်ဆန်သည်။ နာရီ အနည်းငယ် အတွင်းမှာပဲ ရှမ့်လန် အက်ကွဲကြောင်းပြည်နယ် အထက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာ၏။
“ဖေဖေ...” ဂရက်ဂိုရီက ရှက်နေတုန်းပင်။ ရှမ့်လန်ကို ခေါ်ပြီးသည်နှင့် ခေါင်းငုံ့သွားသည်။ မည်သူ့မျက်လုံးကိုမှ ကြည့်ရဲသည့် သတ္တိမရှိသလိုပင်။ သို့သော်ငြား ဤလူကပင် ဟိုက်ဒရိုဂျင်ဗုံးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ရှမ့်လန်၏ အကြည့်က ဂရက်ဂိုရီ၏ ရှပ်အင်္ကျီပေါ် ရောက်သွားသည်။ ကော်လာအလယ်တွင် တော်ဝင် တံဆိပ်လေးတစ်ခု ပါရှိ၏။
“ရှပ်အင်္ကျီက လှသားပဲ။” ရှမ့်လန် ချီးကျူးလိုက်သည်။
ပညာရှင်တွိုင်း၏ အဝတ်အစားကတော့ အရင်လိုပင် ဖရိုဖရဲ ဖြစ်နေဆဲပင်။ ရှမ့်မီက သူ့အတွက် ပညာရှင် ဝတ်စုံတစ်စုံ ပုံစံဆွဲပြီး ကိုယ်တိုင် ချုပ်ပေးခဲ့သေးသည်။ သို့သော်ငြား ပညာရှင်တွိုင်းက ဝတ်ဖို့ နှမြောနေပုံ ရသည်။ အမြဲတမ်း သူ၏ ဓာတ်ခွဲခန်းဝတ်စုံကိုသာ ဝတ်ဆင်၏။
ပညာရှင်တွိုင်းက ပြောလိုက်သည်။ “အရှင်... မူလစိတ်ကူးအရဆိုရင် ဟိုက်ဒရိုဂျင်ဗုံးကို နျူကလီးယားဗုံးနဲ့ ဖောက်ခွဲရမှာပါ။ အဲဒီလိုလုပ်ရင် ပေါက်ကွဲတဲ့အခါ နျူကလီးယား ညစ်ညမ်းမှုတွေ အများကြီး ထွက်လာလိမ့်မယ်။”
သူက ဆက်ရှင်းပြ၏။ “ဒါကြောင့် ပထမဆုံး စမ်းသပ် ဟိုက်ဒရိုဂျင်ဗုံးအတွက် ကျုပ်တို့က နဂါးနောင်တကို သုံးပြီး ဖောက်ခွဲမှာပါ။ ဘာလို့လဲဆိုတော့ သူ့ရဲ့အပူချိန်ကလည်း နျူကလီးယား ပေါင်းစပ်ခြင်းဖြစ်ဖို့ လုံလောက်လို့ပါ။ ဒါပေမဲ့ မြောက်ဝင်ရိုးစွန်းမှာသုံးမဲ့ ဟိုက်ဒရိုဂျင်ဗုံးအစစ်အတွက် ဆိုရင်တော့ နျူကလီးယားဗုံးနဲ့ ဖောက်ခွဲဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရောင်ခြည်သင့်ခြင်းက ငရဲသလင်းကျောက် ကို အကြီးအကျယ် ဖျက်ဆီးနိုင်လို့ပါ။”
ရှမ့်လန်က မေးလိုက်သည်။ “ကျုပ်တို့ရဲ့ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံး ပေါက်ကွဲအားက ဘယ်လောက် ရှိလဲ။”
“တန်ချိန် သန်း ၅၀ ပါ။ နဂါးနောင်တ အလုံး ၁,၀၀၀ နဲ့ ညီမျှပါတယ်။”
“သောက်ကျိုးနည်း...” ရှမ့်လန် ခေါင်းနပန်း ကြီးသွား၏။
‘ဒီ မဟာပညာရှင် တွိုင်းက အရူးပဲ။’
ပထမဆုံး စမ်းသပ်မှုမှာတင် ဟိုက်ဒရိုဂျင်ဗုံးက တန်ချိန် သန်း ၅၀ ရှိနေ၏။ တုန်လှုပ်စရာ ကောင်းလှသည်။ ဆိုဗီယက် ပြည်ထောင်စု ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးစဉ်ကတောင် နောက်ပိုင်းအဆင့်တွေကျမှ ဤပမာဏကို သုံးခဲ့ခြင်း ဖြစ်သည်။
“အရှင်... ကိုယ်တိုင် ဖောက်ခွဲပေးပါ။”
ဧရာမ ကောင်းကင်ခံတပ်ကြီးသည် မိုင်ပေါင်း နှစ်ရာကျော် ခရီးနှင်လာခဲ့ပြီးနောက် မီတာသောင်းချီ မြင့်မားသော ဝေဟင်ထက်သို့ ဆက်လက် မြင့်တက်သွား၏။
“သုံး... နှစ်... တစ်... ဟိုက်ဒရိုဂျင်ဗုံးကို ချလိုက်တော့။”
“ဝူး...”
ရုတ်ချည်းပဲ ဧရာမ အရာဝတ္ထုကြီး တစ်ခုသည် ကောင်းကင်ခံတပ်ကြီးပေါ်မှ ပြုတ်ကျလာပြီး မီတာသောင်းချီ အမြင့်မှ သက်ဆင်းလာခဲ့၏။ ဤဟိုက်ဒရိုဂျင်ဗုံးသည် အနည်းဆုံး တန်ချိန် ဒါဇင်နှင့်ချီ၍ လေးလံသည်။ အကယ်၍ ဧရာမ ကောင်းကင်ခံတပ်ကြီးသာ မဟုတ်ခဲ့ပါက ဤမျှ လေးလံသော အရာဝတ္ထုကို သယ်ဆောင်နိုင်မည် မဟုတ်ပေ။
ဧရာမ ဟိုက်ဒရိုဂျင်ဗုံးကြီးသည် အောက်သို့ တရိပ်ရိပ် ကျဆင်းသွားသည်။ မကြာမီတွင် ဧရာမ လေထီးကြီးတစ်ခု ပွင့်လာခဲ့ပြီး ပြုတ်ကျသည့်အရှိန်ကို လျှော့ချပေးလိုက်၏။ ဗုံးကြီးသည် ပင်လယ်ရေ မျက်နှာပြင်သို့ ဖြည်းညင်းစွာ ကျဆင်းသွားခဲ့သည်။
ရှမ့်လန်သည် အသက်ကို ဝဝရှူသွင်းလိုက်၏။ ထို့နောက် အိပ်မက်ဆိုးကျောက်တုံး၏ ခလုတ်ကို ဖိချလိုက်သည်။ တစ်ခဏအတွင်းမှာပဲ ဟိုက်ဒရိုဂျင်ဗုံး အတွင်းရှိ နဂါးနောင်တ ပေါက်ကွဲသွားခဲ့ပြီး ဒီဂရီ သန်းရာချီ ပူပြင်းသည့်အပူချိန်ကို ထုတ်လွှတ်လိုက်၏။ ထိုအပူချိန်သည် အတွင်းဘက်ရှိ လေးလံသော ဟိုက်ဒရိုဂျင်များကို တိုက်ရိုက် ပေါက်ကွဲစေခဲ့သည်။ လောကကို တုန်လှုပ်စေသည့် နျူကလီးယား ပေါင်းစည်းမှုကြီး ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်၏။
“ဝုန်း... ဝုန်း... ဝုန်း...”
တော်ဝင်ချန် အင်ပါယာ၏ ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံး၊ တန်ချိန် သန်းငါးဆယ် အားရှိသည့် ကောင်းကင်အာဏာစက် လက်နက်ကြီး အောင်မြင်စွာ ပေါက်ကွဲသွားခဲ့လေပြီ။
ဤ တန်ချိန် သန်းငါးဆယ် အားရှိသည့် ဟိုက်ဒရိုဂျင်ဗုံး၏ အဖျက်စွမ်းအားကို ဖော်ပြရန် စကားလုံးများ ဖြုန်းတီးနေစရာ မလိုတော့ပေ။ အတိုချုပ်ဆိုရလျှင် ၎င်းသည် အထူးနဂါးနောင်တ အလုံးတစ်ထောင်နှင့် ညီမျှသည်။ ထိုအရာသည် လောကကို ဖျက်ဆီးပစ်နိုင်၏။
ဆိုဗီယက် ပြည်ထောင်စုက အထူး ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုများကို နောက်ပိုင်းတွင် ရပ်တန့်ပစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့အနေဖြင့် သင့်တော်သည့် စမ်းသပ်ကွင်းကို ရှာမတွေ့နိုင်ခဲ့ သောကြောင့် ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံးဆိုသည်မှာ နေမင်းကို အဆုံးစွန် အတုယူ ဖန်တီးထားခြင်း ဖြစ်သည်။
မိုင်ပေါင်း နှစ်ရာကျော် ကွာဝေးနေသော်လည်း မဟာပညာရှင်တွိုင်း၊ ဂရက်ဂိုရီနှင့် အခြားသူများမှာ ထိုမြင်ကွင်းကြောင့် အလွန်တရာ တုန်လှုပ်ချောက်ချား သွားခဲ့ကြရ၏။ အထူးသဖြင့် ဂရက်ဂိုရီပင်။ အမြဲတစေ တည်ငြိမ်နေတတ်သော သူ၏မျက်ဝန်းများသည် ယခုအခါ အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ ဤအရာကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင် ဖြစ်ကြောင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေ၏။
အချိန်အတန်ကြာပြီးနောက် မဟာပညာရှင် တွိုင်းက မေးမြန်းလာခဲ့သည်။ “အရှင်... ဒီအရာက လောကကြီး တစ်ခုလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်တယ် မဟုတ်လား။”
ရှမ့်လန်က ဖြေ၏။ “ယုတ္တိဗေဒအရတော့ ဟုတ်တယ်။”
မှန်ပေသည်။ ယုတ္တိဗေဒအရသာ ဖြစ်ပေ၏။ အမေရိကန်နှင့် ဆိုဗီယက်တို့၏ နျူကလီးယားဗုံးများသည် လောကကြီးကို အကြိမ်ကြိမ် ဖျက်ဆီးနိုင်သည်ဟု သီအိုရီများစွာ ရှိခဲ့ဖူးသည်။ သို့သော်ငြား လက်တွေ့တွင်မူ နျူကလီးယား ခြိမ်းခြောက်မှုလောက်သာ ရှိသည်။
ဟိုက်ဒရိုဂျင်ဗုံးသည် လုံလောက်အောင် စွမ်းအားပြင်းထန်လှသည်။ သို့သော်ငြား တကယ်တမ်း လကမ္ဘာပေါ်ရှိ ဟီလီယမ် အားလုံးနှင့် နေအဖွဲ့အစည်း အတွင်းရှိ ဂြိုဟ်များပေါ်ရှိ ဟိုက်ဒရိုဂျင် စွမ်းအင်အားလုံးကို စုစည်း၍ ဟိုက်ဒရိုဂျင်ဗုံး ဖန်တီးလိုက်မည် ဆိုလျှင်ပင် ထွက်ပေါ်လာသည့် ပေါက်ကွဲအားသည် နေမင်းကြီး မိနစ်အနည်းငယ်အတွင်း ထုတ်လွှတ်သော စွမ်းအင်နှင့်သာ ညီမျှပေလိမ့်မည်။
နေမင်း၏ နှာချေမှု တစ်ခုသည်ပင် ကမ္ဘာဂြိုဟ်ကို အကြိမ်တစ်ရာမက ဖျက်ဆီးပစ်ရန် လုံလောက်၏။ နှစ်ပေါင်း ၉၀ ကြာပြီးနောက် သေဆုံးခါနီး နေ ကြုံတွေ့ရမည့် ပြင်းထန်သော အပြောင်းအလဲသည် မကြုံစဖူး ကြီးမားသည့် ပျက်သုဉ်းခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။
သို့သော်ငြား ထိုကိစ္စများမှာ စဉ်းစားရန် လွန်စွာ ဝေးကွာလွန်းလှသေး၏။ ယခုအချိန်တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ ကျန်းလီကို အနိုင်ယူပြီး ချေမှုန်းရန်သာ ဖြစ်၏။
မဟာပညာရှင်တွိုင်းက မေးလိုက်သည်။ “အရှင်... ကျန်းလီကို အနိုင်ယူဖို့ ဒီလို ဟိုက်ဒရိုဂျင်ဗုံးမျိုး ဘယ်နှစ်လုံးလောက် ထုတ်လုပ်ဖို့ လိုမလဲ။”
“ကျန်းလီကို ဟိုက်ဒရိုဂျင်ဗုံး သတ်သတ်နဲ့ အနိုင်ယူမယ် ဟုတ်လား။”
ရှမ့်လန်က ပြန်လည် ပြောဆိုလိုက်၏။ “ရေလို့မရအောင် အရမ်းများလိမ့်မယ်။”
မှန်ပေသည်။ ရေတွက်၍မကုန်နိုင်အောင်ပင်။ ကျန်းလီသည် မြောက်ဝင်ရိုးစွန်းရှိ လောကစွမ်းအင် ထက်ဝက်ကျော်ကို ဝါးမျိုထားခဲ့ပြီ ဖြစ်သည်။ ထိုနေရာရှိ ငရဲသလင်းကျောက်များသည် မည်မျှ စွမ်းအား ကြီးမားလိုက်သနည်း။ တိုင်းတာ၍ မရနိုင်အောင်ပင်။
သို့သော်ငြား တွက်ချက်၍ ရနိုင်သေး၏။ နောက်တစ်ဆင့်တွင် ရှမ့်လန်နှင့် ကျန်းလီတို့ ပြိုင်ဆိုင်ကြရမည် ဖြစ်သည်။ ကျန်းလီက လောက တစ်ခုလုံး၏ သက်စောင့်စွမ်းအားကို ဆက်လက် ဝါးမျိုနေမည် ဖြစ်သကဲ့သို့ ရှမ့်လန်ကလည်း ဟိုက်ဒရိုဂျင်ဗုံးများကို ဆက်လက် ဖန်တီးနေရမည်။
အတိုချုပ် ဆိုရသော် မည်သူ့ စွမ်းအင်က ပိုမို မြန်ဆန်စွာ တိုးတက်လာမည်နည်း ဟူသည့် ပြိုင်ပွဲပင် ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်၏တွက်ချက်မှုအရ ဤကဏ္ဍတွင် သူသည် ကျန်းလီကို ဘယ်တော့မှ မီနိုင်မည် မဟုတ်ကြောင်း သိရှိထားပြီး ဖြစ်၏။
ဥပမာအားဖြင့် တော်ဝင်ချန်နိုင်ငံသည် နေ့စဉ် ဟိုက်ဒရိုဂျင်ဗုံး ဆယ်လုံး ထုတ်လုပ်နိုင်သည် ထားဦး၊ ကျန်းလီ မြောက်ဝင်ရိုးစွန်းမှ စုပ်ယူနေသည့် သက်စောင့်စွမ်းအား ဆယ်ပုံတစ်ပုံကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။ ကွာခြားချက် မှာ ရက်အလိုက် ကြီးထွားလာနေ၏။ ထို့အပြင် တော်ဝင်ချန် အင်ပါယာ အနေဖြင့် တစ်ရက်လျှင် ဟိုက်ဒရိုဂျင်ဗုံး ဆယ်လုံး ထုတ်လုပ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
ကျန်းလီ၏ လက်ရှိစွမ်းအင်သည် ရှမ့်လန်ထက် အဆပေါင်း ၁၀,၀၀၀ ကျော် များပြားနေပြီ ဖြစ်သည်။ ဤကွာဟချက်သည် မိုးနှင့် မြေပမာ ကွာခြားလွန်းလှပြီး အချိန်ကြာလာသည်နှင့်အမျှ ပို၍ ကြီးမား လာပေလိမ့်မည်။
ထို့သို့ဆိုလျှင် ရှမ့်လန်သည် ကျန်းလီကို ဘယ်တော့မှ အနိုင်ယူနိုင်တော့မည် မဟုတ်ဟု ဆိုလိုခြင်းလား။ မဟုတ်ပေ။ ရှမ့်လန်အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး အရေအတွက် အမြောက်အမြား လိုအပ်မည် မဟုတ်ပေ။ အဓိက နေရာများကို တိုက်ခိုက်ရန် အများဆုံး အလုံးတစ်ရာ ဆိုလျှင် လုံလောက်ပေလိမ့်မည်။
သူသည် ထိုဗုံးများကို အသုံးပြုကာ ကျန်းလီအတွက် “စွမ်းအင် လစ်ဟာနယ်မြေ” တစ်ခုကို မြောက်ဝင်ရိုးစွန်း ၌ ဖန်တီးပေးရမည် ဖြစ်သည်။ ထိုမှသာ ကျန်းလီသည် ပတ်ဝန်းကျင်ရှိ ငရဲသလင်းကျောက် စွမ်းအင်များကို စုပ်ယူနိုင်တော့မည် မဟုတ်ပေ။ ဤအချိန်ကာလမှာ အလွန် တိုတောင်းကောင်း တိုတောင်းနိုင်သော်လည်း လုံလောက်မှု ရှိသည်။
ထိုစွမ်းအင် လစ်ဟာနယ်မြေ အတွင်း၌ ကျန်းလီနှင့် ရှမ့်လန်တို့သည် တန်းတူ ဖြစ်သွားကြမည်။ သူတို့သည် တိုက်ခိုက်ရန် မိမိတို့၏ ကိုယ်ပိုင် အင်အားကိုသာ အားပြုကြရပေလိမ့်မည်။ ထိုသို့မဟုတ်ပါက လောကစွမ်းအင် ထက်ဝက်ကို အသုံးပြုထားသော ကျန်းလီအား ရှမ့်လန် တစ်သက်လုံး တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်ပေ။ ကျန်းလီကလည်း ဘယ်တော့မှ သေမည်မဟုတ်ပေ။
“အလုံး တစ်ရာ ထုတ်လုပ်မယ်။” ရှမ့်လန်က အမိန့်ပေးလိုက်၏။
မဟာပညာရှင်တွိုင်းက မေးလိုက်သည်။ “တစ်ရာ... တစ်ရာတည်းနဲ့ လုံလောက်ပါ့မလား။”
ရှမ့်လန် ခေါင်းညိတ်လိုက်၏။ “လုံလောက်တယ်။”
သူတို့တွင် ယူရေနီယမ်နှင့် ဟိုက်ဒရိုဂျင် လုံလောက်စွာ ရှိနေလျှင်ပင် ဟိုက်ဒရိုဂျင်ဗုံး အလုံးတစ်ရာ ထုတ်လုပ်ရန် အချိန်ကြာမြင့်ဦးမည် ဖြစ်သည်။ သို့သော်ငြား ရှမ့်လန်၌ အချိန်ဖိအား မရှိတော့ပေ။ တော်ဝင်ချန် အင်ပါယာနှင့် ကျန်းအင်ပါယာတို့သည် စစ်ဖြစ်မနေကြတော့ချေ။
ကျန်းလီသည် ရှမ့်လန်ကို အချိန်အလုံအလောက် ပေးထားခဲ့၏။ ရှမ့်လန် သူ့ကိုယ်သူ အင်အား လုံလောက်ပြီဟု ခံစားရသည့်အချိန်တွင် မြောက်ဝင်ရိုးစွန်းသို့ လာရောက် တိုက်ခိုက်နိုင်ကြောင်း ကျန်းလီက ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။
ထိုအချိန်အတွင်း၌ ကျန်းလီသည် မြောက်ဝင်ရိုးစွန်း၌ ရှိနေမည်မှာ သေချာသည်။ သူသည် မရေမတွက်နိုင်သော ငရဲအပ်များနှင့် ငရဲသလင်းကျောက်လမ်းကြောင်းများကို အသုံးပြု၍ လောကတစ်ခုလုံး ၏ စွမ်းအင်ကို စုပ်ယူနေပေလိမ့်မည်။
ရှမ့်လန် တိုက်ပွဲကို နှောင့်နှေးစေလေ၊ လောကသည် သေဆုံးခြင်းနှင့် ပိုမို နီးကပ်လာလေ ဖြစ်၏။ ဟိုက်ဒရိုဂျင်ဗုံး အလုံးတစ်ရာတည်းဖြင့် ကျန်းလီကို အနိုင်ယူနိုင်ပါမည်လား။
တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စွမ်းအင် လစ်ဟာနယ်မြေ တစ်ခု ဖန်တီးရန် ဖြစ်ပြီး ထိုသို့ ဖန်တီးနိုင်မှသာ ကျန်းလီသည် သူ့ပတ်ဝန်းကျင်ရှိ ငရဲသလင်းကျောက်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သူ၏ နတ်ဘုရားအစွမ်းများ ပျောက်ဆုံးသွားပြီး ရှမ့်လန်နှင့် တူညီသော အဆင့်အတန်း တစ်ခုသို့ ရောက်ရှိလာပေလိမ့်မည်။
ထိုသို့ဖြစ်လာလျှင်ပင် ကျန်းလီသည် ရှမ့်လန်ထက်များစွာ သာလွန် အားကောင်းနေဆဲ ဖြစ်၏။ ကျန်းလီကို အနိုင်ယူရန် ရှမ့်လန်သည် သူ၏ကိုယ်ပိုင် အင်အားကိုသာ အားကိုးရပေမည်။ သူ မည်သို့ လုပ်ဆောင်မည်နည်း။ လွန်စွာ ခက်ခဲသည်။ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲ၏။
သို့သော်ငြား ရှမ့်လန်တွင် ကြီးမားသော အားသာချက်တစ်ခု ရှိနေပြန်သည်။ ၎င်းမှာ နဂါးတစ်ကောင် ဖြစ်သည်။ ကျိလုံအာ မဟုတ်ဘဲ ရှမ့်ရိလုံ ဖြစ်ပေသည်။ သူသည် မြောက်ဝင်ရိုးစွန်းတွင် ရှမ့်လန်နှင့်အတူ တိုက်ခိုက်ပေးနိုင်သည်။ သူ၏ အသက်နှင့် ခွန်အားကိုပင် ရှမ့်လန်နှင့် မျှဝေပေးနိုင်သည်။
ထို့ကြောင့် ဟိုက်ဒရိုဂျင်ဗုံး အလုံး ၁၀၀ ကို အသုံးပြု၍ စွမ်းအင် လစ်ဟာနယ်မြေကို ဖန်တီးလိုက်သည်နှင့် ရှမ့်လန်နှင့် ရှမ့်ရိလုံတို့ ပူးပေါင်း၍ ကျန်းလီတစ်ယောက်တည်းကို တိုက်ခိုက်ရမည်။ ဤနည်းအားဖြင့် သူတို့တွင် ကြီးမားသော အားသာချက် ရှိလာပေလိမ့်မည်။
သို့ရာတွင် ရှမ့်လန်သည် အကောင်းမြင်လွန်းသော အတွေးကို မတွေးရဲခဲ့ပေ။ အကြောင်းမှာ ရှမ့်ရိလုံ၏ ဝိညာဉ် ပြန်လည် မွေးဖွားလာချိန်တွင် နဂါး၏ နတ်ဘုရားအပိုင်းအစသည် တစ်ကြိမ် ပွားများခံထားရကြောင်း သတိထားမိလိုက်သောကြောင့် ဖြစ်သည်။
ထို့အပြင် ကျိမိသားစု၏ နဂါးသည်လည်း ရှမ့်ရိလုံနှင့် အလွန် ရင်းနှီးပုံ ရသည်။ နဂါးနှစ်ကောင် ကြားတွင် မိတ်ဆွေထက် ပိုသော ဆက်ဆံရေး ရှိနေသကဲ့သို့ပင်။ နဂါးနှစ်ကောင်ကြားမှ အချစ်ရေးတော့ မဟုတ်နိုင်ချေ။ ထိုအချိန်က နဂါးနှစ်ကောင်လုံးကို ကျန်းလီက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်၏။
စိတ်ကူးဉာဏ်ကို ဖွင့်လှစ်၍ ရဲရဲတင်းတင်း တွေးတောကြည့်လိုက်မည်ဆိုလျှင် ကျန်းလီသည် နဂါးနှစ်ကောင် ကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ပြုလုပ်ခဲ့ပြီး နဂါးအသစ်တစ်ကောင်ကို မွေးမြူခဲ့ခြင်းလား။ ထို ဧရာမနဂါးကြီးသည် နဂါးနှစ်ကောင်လုံး၏ အားသာချက်များကို ပေါင်းစပ်ထားပြီး မူရင်းထက်ပင် သာလွန်နေသည်လား။
အကယ်၍ ရှမ့်လန်၏ထင်ကြေးသာ မှန်ကန်ခဲ့ပါက ဤနဂါးသစ်သည် အသက် နှစ်ဆယ်ကျော် အရွယ် ရှိနေပေလိမ့်မည်။ ကျန်းလီ၏ ပြုစုပျိုးထောင်မှုအောက်တွင် မည်မျှ အင်အားကြီးမား နေမည်နည်း။ လုံးဝ တွေးကြည့်၍ ရနိုင်သည်။
ထို့ကြောင့် မြောက်ဝင်ရိုးစွန်းတွင် စွမ်းအင် လစ်ဟာနယ်မြေ ဖန်တီးနိုင်ခဲ့လျှင်ပင်၊ ရှမ့်လန်၌ နဂါးတစ်ကောင် ရှိနေလျှင်ပင်၊ ကျန်းလီ၌လည်း နဂါးတစ်ကောင် ရှိနေနိုင်သည်။ ထို့ကြောင့် ရှမ့်လန်သည် ဤအချက်ကို အတည်ပြုရန် လိုအပ်သည်။ အဆုံးအဖြတ်တိုက်ပွဲတွင် သူလုံးဝ ပေါ့ဆ၍ လုံးဝ မဖြစ်ပေ။
***