သို့ဆိုလျှင် မည်သို့ အတည်ပြုမည်နည်း။ ကျန်းလီကို တိုက်ရိုက် မေးမြန်းရမည်လား။
‘ခင်ဗျားမှာနဂါးအသစ် တစ်ကောင် ရှိလား။ အဲဒါက ကျိ မိသားစုနဲ့ ကျန်း မိသားစု နဂါးတို့ရဲ့ သားသမီးလား။ မိဘတွေရဲ့ အကြီးမားဆုံး အားသာချက်တွေကို အမွေဆက်ခံထားပြီး မကြုံစဖူး အင်အားကြီးတဲ့ နဂါးလား။’
ထိုသို့မေးမြန်းရမည်လား။ ကျန်းလီသာ ပြောချင်စိတ် ရှိပါက အစောတည်းက ပြောပြပေလိမ့်မည်။
... ...
ထို့နောက်တွင် အက်ကွဲကြောင်းပြည်နယ်တစ်ခုလုံး အလွန် အလုပ်များလာခဲ့တော့သည်။ ရှမ့်လန်၏ အမိန့်အရ ဟိုက်ဒရိုဂျင်ဗုံး အလုံး ၁၀၀ ကို အတိုဆုံး အချိန်အတွင်း ထုတ်လုပ်ခဲ့ကြ၏။
ရှမ့်လန်သည် ရှမ့်ရိလုံကို စီးနင်းလျက် မြောက်ဘက်အရပ်ဆီသို့ ဦးတည်ပျံသန်း သွားခဲ့သည်။ သို့သော်ငြား ယခုတစ်ကြိမ်တွင် သူသည် နုရှောင့်မြို့သို့ ပြန်မသွားဘဲ ရှေးဟောင်းနဂါးရေကန် ရှိရာသို့ ဦးတည်သွားခဲ့သည်။
ရှမ့်ရိလုံကို ရှေးဟောင်းနဂါးရေကန်၏ ရောင်ခြည်များ စားသုံးစေရန် ခေါ်ဆောင်သွားခြင်းလား။ မဟုတ်ပေ။ အချက်အလက်တစ်ခုကို အတည်ပြုရန် ဖြစ်သည်။ သူ မဖြစ်စေချင်သော၊ သို့သော်ငြား ဖြစ်လာရန် သေချာသလောက် ရှိနေသော အချက်တစ်ချက်ကို အတည်ပြုရန် ဖြစ်၏။
မြောက်ဘက်သို့ တစ်ဖန် ဦးတည်ခဲ့ကြပြန်၏။ ရေခဲပြင် ပင်လယ်နှင့် တော်ဝင်ရန် အင်ပါယာတို့ကို ဖြတ်ကျော် ပျံသန်းခဲ့ကြသည်။ ရှေးဟောင်းနဂါးရေကန်သည် ကျောက်စိမ်းဖြူတောင်ပေါ်တွင် တည်ရှိသည်။ တစ်ချိန်က ကျောက်စိမ်းဖြူမြို့တော်၏ နယ်နိမိတ် ဖြစ်ခဲ့ဖူးသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က ရှမ့်လန်သည် ရောင်ခြည်သင့်နေသော ရှေးဟောင်းနဂါးရေကန် အတွင်း၌ နဂါးကို ပထမအကြိမ် နိဗ္ဗာန ဝင်စေခဲ့ဖူးသည်။ ၎င်းသည် အလယ်အလတ်အဆင့် နဂါးတစ်ကောင် အဖြစ် ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးခဲ့၏။
ထိုအချိန်က ကျန်းမိသားစု၏ နဂါးသည် ရှေးဟောင်းနဂါးရေကန်မှ စွမ်းအင် မည်မျှ စားသုံးခဲ့သနည်း။ တစ်ရာခိုင်နှုန်းလား။ တစ်ထောင်ပုံ တစ်ပုံလား။ ထိုမျှလောက်သာ ရှိပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ရှေးဟောင်းနဂါးရေကန် ၏ စွမ်းအင် အများစုမှာ ကျန်ရှိနေဆဲ ဖြစ်သည်။
မကြာမီမှာပဲ မြင့်မားသော ကျောက်စိမ်းဖြူတောင်သည် ရှမ့်လန်၏ မျက်မှောက်တွင် ပေါ်လာခဲ့၏။ ၎င်းသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀,၀၀၀ ကျော် မြင့်မားသော တောင်ကြီး ဖြစ်သည်။ ရှမ့်လန် ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က လှပသော နှင်းဖုံးတောင် တစ်လုံးဟု ထင်မှတ်ခဲ့ဖူးသည်။
လက်တွေ့တွင်မူ ထိုအရာသည် အာရုံချောက်ခြားမှု တစ်ခုမျှသာ ဖြစ်သည်။ ၎င်းသည် တောင်တစ်လုံး မဟုတ်ဘဲ ထိတ်လန့်ဖွယ် ရောင်ခြည်များ ထုတ်လွှတ်နေသော ရှေးဟောင်းနဂါးရေကန်ကို ဖုံးအုပ်ထားသည့် ကျောက်စိမ်းဖြူ ပိရမစ်ကြီး၏ စွမ်းအင် အကာအကွယ်ကြီးသာ ဖြစ်၏။
ထို့အပြင် ရှေးဟောင်းနဂါးရေကန်သည် မြေအောက် မီတာသောင်းချီ အနက်တွင် တည်ရှိသည်။ ကျောက်စိမ်းဖြူ တောင်ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်က စိမ်းဖန့်ဖန့်အရောင် သန်းနေခဲ့၏။ ကောင်းကင်တစ်ခုလုံး သည် ရောင်ခြည်သင့်မှုကြောင့် အစိမ်းရောင် ဆိုးထားသကဲ့သို့ ဖြစ်နေပြီး ကမ္ဘာပျက်ကပ် ရောက်နေသကဲ့သို့ ထင်ရသည်။
ယခုအခါတွင်မူ တောင်ကြီးသည် ကြည်လင်နေပြီး ဧရာမ ဖန်ပိရမစ်ကြီး တစ်ခုအလား ဖြစ်နေချေသည်။ ကောင်းကင်ပြာသည် ဆေးကြောထားသကဲ့သို့ ပြာလဲ့နေ၏။ ရှမ့်လန်သည် ၎င်း၏အထက်မှ ဖြတ်ကျော် ပျံသန်းသွား ခဲ့သည်။ မည်သည့်ရောင်ခြည်ကိုမှ မခံစားရသလို၊ မည်သည့်ရောင်ခြည်ကိုမှလည်း မမြင်တွေ့ရပေ။
ယခင်က သူသည် ကျောက်စိမ်းဖြူတောင် အတွင်းသို့ လုံးဝ ဝင်ရောက်နိုင်ခြင်း မရှိခဲ့။ ယခုမူ လွယ်ကူစွာပင် ဖြတ်သန်းသွားလာနိုင်ခဲ့ပြီ ဖြစ်သည်။ အတွင်း၌ ချောက်ကမ်းပါးနက်ကြီး တစ်ခု အမှန်တကယ် ရှိနေခဲ့၏။
ရှမ့်လန်သည် နဂါးကို စီးနင်းကာ ချောက်ကမ်းပါးအောက်ခြေသို့ ပျံသန်း ဆင်းသက်သွားခဲ့သည်။ သူသည် ဆက်လက် ပျံသန်းနေခဲ့၏။ နဂါးရေကန်အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသော်လည်း ဗလာသက်သက်သာ ရှိနေချေသည်။
ရှေးဟောင်းနဂါးရေကန်ကြီး ပျောက်ကွယ်သွားခဲ့သည်။ ရောင်ခြည်တစ်စက်မှ မကျန်ရှိတော့ပေ။ နဂါးရေကန် အရည် တစ်စက်မျှပင် မကျန်တော့။ လုံးဝကို ဗလာသက်သက် ဖြစ်နေခဲ့၏
အဘယ်ကြောင့် ဗလာ ဖြစ်နေရသနည်း။ အဖြေမှာ တစ်ခုတည်းသာ ရှိ၏။ ရှေးဟောင်းနဂါးရေကန် တစ်ခုလုံး၏ စွမ်းအင်များ မျိုချခံလိုက်ရခြင်း ဖြစ်သည်။ ထိုကိစ္စသည် လွန်ခဲ့သော နှစ် ၂၀ ကျော်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကျန်းလီ၏ နဂါးသစ်က မျိုချပစ်လိုက်ခြင်း ဖြစ်၏။ ရှမ့်ရိလုံ၏ သွေးသားက မျိုချလိုက်ခြင်း ဖြစ်သည်။
ရှမ့်လန်၏ တွက်ဆမှု မှန်ကန်နေခဲ့၏။ ကျန်းလီ၌ ပြီးပြည့်စုံသော နဂါးသစ်တစ်ကောင် ရှိနေခဲ့သည်။ ဥမှ ပေါက်သည်နှင့် နဂါးစာချုပ် ချုပ်ဆိုခဲ့သော နဂါးတစ်ကောင် ဖြစ်သည်။ ကျန်းလီသည် နဂါးနှစ်ကောင်ကို မိုကျင်းနှင့် ချောက်ကမ်းပါး အက်ကွဲကြောင်းသို့ စေလွှတ် တိုက်ခိုက်ခိုင်းလောက်အောင် ရက်ရောနေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အကြောင်းမှာ သူ့တွင် သူ့ကို အမှန်တကယ် ပိုင်ဆိုင်သော နဂါးသစ် တစ်ကောင် ရှိနေသောကြောင့် ဖြစ်သည်။ လွန်စွာ အင်အားကြီးမားသော နဂါးတစ်ကောင်လည်း ဖြစ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ရိလုံရေ... မင်းကို ဂုဏ်ပြုရမလား။ မင်းမှာ သားသမီး ရနေပြီ။”
ရှမ့်ရိလုံသည် တိတ်ဆိတ်နေခဲ့၏။ အချိန်အတန်ကြာမှ ပြန်လည်ပြောဆိုလာ၏။ “သခင်... ကျုပ် အရင်ဘဝက မှတ်ဉာဏ်တွေ မပါလာခဲ့ဘူး။ အဲဒါ ကောင်းပါတယ်။”
ရှမ့်လန် သူ၏ဆိုလိုရင်းကို နားလည်လိုက်၏။ မှတ်ဉာဏ်များ ပါမလာခဲ့သည့်အတွက် ဤအမည်မသိ သားသမီးအပေါ် သံယောဇဉ် မရှိပေ။ အရေးကြီးသောအချိန်တွင် ကိုယ့်သွေးသားရင်းချာကို တိုက်ခိုက် ရလျှင်ပင် သူ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ရှမ့်လန်သည် နဂါး၏လည်ပင်းကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်သည်။ “သွေးသားရင်းချာတွေ သတ်ဖြတ်ကြတဲ့ ပြဇာတ်ကိုကပြဖို့ ကျန်းလီနဲ့ ငါ ရှိရင် လုံလောက်ပါပြီ။ မင်းဆီမှာ ထပ်မဖြစ်ပါစေနဲ့။”
ရှမ့်လန်သည် နုရှောင့်မြို့ရှိ လေ့ကျိုးစံအိမ်သို့ ပြန်ရောက်လာခဲ့၏။ ရက်အနည်းငယ် နေထိုင်ပြီးနောက် သူ၏ မူလနေအိမ် ဖြစ်သော ရွှမ်ဝူမြို့စား အိမ်တော်သို့ သွားရောက်ခဲ့သည်။ နောက်ပိုင်းရက်များတွင် သူသည် ကျင်း မိသားစု၏ မူလခြံဝင်းအတွင်း၌ နေထိုင်ခဲ့သည်။ ထိုနေရာသည် သူ၊ မူလန်နှင့် ပင်းအာတို့ အတူတကွ နေထိုင်ခဲ့ကြသော ခြံဝင်းလေး ဖြစ်၏။
သူသည် ခုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းရင်း မျက်နှာကြက်ကို မော့ကြည့်နေမိ၏။ ပင်းအာသည် ဖမ်းဆီး ခံထားရပြီး ရေခဲထဲတွင် ပိတ်လှောင်ခံထားရသည်။ ရှမ့်လန်၏မိသားစုနှင့် ဆွေမျိုး အများစုသည်လည်း ဖမ်းဆီးခံထားရသည်။
သို့သော်ငြား မူလန်ရော ...။ သူမ ဘယ်ရောက်နေသနည်း။ မကြာသေးမီက သူမသည် မိုကျင်းနှင့် ရှေးဟောင်း တော်ဝင်ကပ်ဘေး ဘုရားကျောင်း အပျက်အစီးများထံ သတင်းစကား ပေးပို့ခဲ့သေးသည်။ ထို့ကြောင့် သူမ ဖမ်းဆီး ခံထားရခြင်း မရှိနိုင်ချေ။ သူမ ဘယ်ရောက်နေသနည်း။ သူမသည် မည်သည့်နေရာမှနေ၍ ဤနေရာ နှစ်ခုသို့ သတင်းစကား ပေးပို့ခဲ့သနည်း။
ရှမ့်လန်သည် ခုတင်ပေါ်မှ ထကာ ခြံဝင်းအတွင်း ရည်ရွယ်ချက်မဲ့ လျှောက်သွားနေမိ၏။ သူ၏ မျက်စိရှေ့တွင် AR မျက်နှာပြင်တစ်ခု ရှိနေသကဲ့သို့ပင်။ မည်သည့်နေရာကို ကြည့်လိုက်သည် ဖြစ်စေ လွန်ခဲ့သော ဆယ်စုနှစ်များဆီက မြင်ကွင်းများမှာ ခေါင်းထဲသို့ ဝင်ရောက်လာကြသည်။
ထိုအချိန်က သူ အလွန် ပျော်ရွှင်ခဲ့ဖူးသည်။ မူလန်နှင့် လက်ထပ်ချိန်မှစ၍ ကျန်းလီ၏ သားဖြစ်ကြောင်း အထောက်အထား မပေါ်ပေါက်လာမီ အချိန်အထိ လွန်စွာ ပျော်ရွှင်စရာကောင်းသော အချိန်ကာလ ဖြစ်ခဲ့သည်။ အလုပ်များနေလျှင်ပင် သူ လိုလိုလားလား လုပ်ဆောင်ခဲ့၏။ ကျင်းမိသားစုကို ကာကွယ်ရန် ရွှဲ့ပြည်နယ် အိမ်ရှေ့စံ၊ စုနန်နှင့် ရွှယ်ချီတို့ကို သူ လိုလိုလားလား သတ်ဖြတ်ခဲ့၏။
သို့သော်ငြား သူ၏ အထောက်အထား ပေါ်ပေါက်လာပြီးနောက် သူလုပ်သမျှ အရာအားလုံးသည် တာဝန် တစ်ခု ဖြစ်လာခဲ့ရသည်။
ယခုအချိန်မှာတော့ သူ မလုပ်မဖြစ် လုပ်ရတော့မည့် အခြေအနေ ဖြစ်လာခဲ့၏။ ပထမအဆင့်မှာ ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲပြီး စွမ်းအင် လစ်ဟာနယ်မြေတစ်ခု ဖန်တီးရန် ဖြစ်သည်။ ဒုတိယအဆင့်မှာ ကျန်းလီ ကို တိုက်ခိုက်ရန် ဖြစ်၏။
“ငါ့မှာ နဂါးတစ်ကောင် ရှိသလို ကျန်းလီမှာလည်း နဂါးတစ်ကောင် ရှိနေတယ်။ ကျန်းလီက ငါ့ထက် အများကြီး ပိုသန်မာတယ်။ ငါ ဘာလုပ်သင့်သလဲ။ ကျန်းလီကို ဘယ်လိုအနိုင်ယူရမလဲ။” ရှမ့်လန် ခေါင်းပေါက်မတတ် စဉ်းစားနေမိသည်။
တခြားနည်းလမ်း မရှိတော့ဘူးလား။ နည်းလမ်းတော့ ရှိသေးသည်။ ရှေးဟောင်း အကျဉ်းထောင်ထဲတွင် အကျဉ်းသား အမှတ် ၂၊ ၃ နှင့် ၄ တို့အားလုံး ရှမ့်လန်ကို လမ်းပြပေးခဲ့ကြသည်။ အကျဉ်းထောင် အမှတ် ၅ မှ အကျဉ်းသား တစ်ဦးတည်းသာ မပါဝင်ခဲ့ပေ။
ဆရာကြီး ခေးအော့စ်သည် သုညအဖွဲ့အစည်း၏ ခေါင်းဆောင်အစစ် ဖြစ်သည်။ ထို့ကြောင့် သူသည် ရှမ့်လန်အတွက် နောက်ဆုံးသော လမ်းပြ ဖြစ်သင့်သည်။ သို့သော်ငြား ယခုအချိန်အထိ ရှမ့်လန်သည် ဤလမ်းပြမှု ကို လက်ခံရန် အဆင်သင့် ဖြစ်မဖြစ် တွေးတောနေခဲ့မိ၏။
အရပ်ပုပုနှင့် ဤဆရာကြီး ခေးအော့စ်သည် ကျန်းရှဲ့၏ အမြင့်ဆုံးသော ဆရာသခင် ဖြစ်သည်။ ကျန်းရှဲ့အား အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးအောင် သင်ကြားပေးခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် သူသည် ကျန်းရှဲ့၏ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲခြင်းကိုလည်း လိုလိုလားလား ခံယူခဲ့သူလည်း ဖြစ်သည်။
ပြီးနောက် ထိုသူသည် ရှေးဟောင်း အကျဉ်းထောင်ရှိ အခြားအကျဉ်းသားများ ဖြစ်သော အမှောင်ဘုရင်မ၊ နဂါးမယ်တော်နှင့် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်တို့ကို လွှတ်ပေးခဲ့သည်။ သို့သော်ငြား သူသည် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။
ရှေးဟောင်း ခေတ်ကာလတုန်းက သူသည် အဆုံးစွန် နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ချင်သော်လည်း အချိန်မရှိခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲပြီးနောက် သူ့တွင် အကန့်အသတ်မရှိသော အချိန်များ ရှိနိုင်ခဲ့သည်။ အဆုံးစွန် နဂါးဉာဏ်အလင်းပွင့်ခြင်းကို ထိုသူ အောင်မြင်ခဲ့သည်လား။
ရှမ့်လန်သည် နုရှောင့်မြို့ရှိ ကောင်းကင်ဘုံစံအိမ်သို့ ပြန်ရောက်လာခဲ့၏။ “ယောင်ယောင်... ဖေဖေ့ကို ပုံတစ်ပုံလောက် ဆွဲပေးပါအုံး။”
ရှမ့်လန်က ဆက်ပြောသည်။ “ဒါက ဆရာကြီး ခေးအော့စ်လို့ ခေါ်တဲ့ လူပုလေး တစ်ယောက်ရဲ့ ပုံပဲ။ သူက လောကပေါ်မှာ ဉာဏ်အကြီးဆုံး လူသားဖြစ်ပြီး ကျန်းရှဲ့ရဲ့ ဆရာသခင်လည်း ဖြစ်တယ်။ သူက အနာဂတ်ကို ဟောကိန်းထုတ်နိုင်တယ်။ သူ ဘယ်ကလာသလဲဆိုတာ ဘယ်သူမှ မသိသလို ဘယ်ကိုရောက်သွားသလဲ ဆိုတာလည်း ဘယ်သူမှ မသိကြဘူး။
ဒါပေမဲ့ နောက်ဆုံးမှာ သူက ဖေဖေ့ကို ရွေးချယ်လိုက်ပုံ ရတယ်။ ဒါကလည်း ကျန်းလီက ဖေဖေ့ကို နောက်ဆုံး တိုက်ပွဲ ဆင်နွှဲချင်ရတဲ့ အကြောင်းရင်းပဲ။ ကဲ... ဖေဖေ ပြောပြတဲ့အတိုင်း ယောင်ယောင် စိတ်ထဲ မြင်တဲ့ ဆရာကြီး ခေးအော့စ် ပုံကို ဆွဲပေးပါအုံး။”
ယောင်ယောင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပုံဆွဲဘုတ်ပေါ်တွင် သတ္တဝါတစ်ကောင်၏ ပုံကို ဆွဲလိုက်၏။ ရှမ့်လန် တစ်ချက် ကြည့်လိုက်၏။
‘ဒါက ယောင်ယောင် စိတ်ထဲက ဆရာကြီး ခေးအော့စ် ပေါ့လေ။’
လိပ်ခေါင်းကဲ့သို့ ခေါင်းမျိုး ရှိပြီး သေးငယ်သော မျက်လုံးများထဲတွင် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်သည့် အကန့်အသတ်မဲ့ ဉာဏ်ပညာများ ပြည့်နှက်နေသယောင် ရှိသည်။ ခေါင်းပေါ်တွင် ဆံပင်မရှိသော်လည်း ကြီးမားသော နားရွက်ကြီး နှစ်ဖက် ရှိနေ၏။ ခေါင်းမှာ မကြီးသော်လည်း သေးငယ်သော ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် အထူးတလည် ကြီးမားနေသကဲ့သို့ ထင်ရသည်။
ယောင်ယောင်၏ လက်ရာအောက်တွင် ဆရာကြီး ခေးအော့စ်သည် ကြောက်စရာ လုံးဝ မကောင်းဘဲ ကြင်နာတတ်ပုံ ပေါ်၏။
“ကျေးဇူးပါပဲ သမီးလေး။” ကြည့်ရှုပြီးနောက် ရှမ့်လန်သည် ပုံကို သူ၏အင်္ကျီလက်ကြားထဲသို့ ထည့်လိုက်သည်။
ထို့နောက် ရှမ့်လန်သည် နုရှောင့်မြို့မှတောင်ဘက် မိုင်ရာချီဝေးသော ပင်လယ်ပြင်သို့ ပျံသန်း ထွက်ခွာ လာခဲ့ပြန်သည်။ နဂါးက လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ရေခဲများ အားလုံး အရည်ပျော်ကျသွား၏။
ရှမ့်လန်သည် နဂါးကိုစီးလျက် ပင်လယ်ထဲသို့ ငုပ်လျှိုးသွားခဲ့သည်။ သူသည် ဝင်ပေါက်ကို ဖွင့်ကာ ရှေးဟောင်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်သည်။
နောက်ဆုံး၌ သူသည် ဤနေရာသို့ ပြန်ရောက်လာခဲ့ပြန်သည်။ ဤနေရာကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့စဉ်က ဤရှေးဟောင်း အကျဉ်းထောင်သည် လောက၏ အဆုံးစွန် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားလိမ့်မည်ဟု ရှမ့်လန် ခံစားခဲ့ရဖူးသည်။
ထင်ထားသည့် အတိုင်းပင်။ အကျဉ်းထောင် အမှတ် ၁ ထဲရှိ ကျန်းရှဲ့မှာ အတုအယောင် ဖြစ်နေသော်လည်း အကျဉ်းသား အမှတ် ၂၊ ၃၊ ၄ နှင့် ၅ တို့သည် ရှမ့်လန် မျှော်လင့်ထားသည့်အတိုင်း လောက၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်စွမ်း ရှိသူများ ဖြစ်ကြ၏။
နှစ်ပေါင်းသုံးဆယ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရှေးဟောင်း အကျဉ်းထောင်သည် ပုံမှန် လည်ပတ်နေဆဲ ဖြစ်၏။ အကျဉ်းခန်းတံခါးများ အားလုံး လုံးဝ ပိတ်ထားဆဲပင်။
ရှမ့်လန်သည် အကျဉ်းခန်း အမှတ် ၁ ထဲသို့ ဝင်လိုက်သည်။ ကျန်းရှဲ့၏ ကျောက်ဖြစ်ရုပ်ကြွင်း ရှိနေဆဲ ဖြစ်သော်လည်း ထိုအရာမှာ အတုအယောင်နှင့် အစားထိုးထားသော အရာသာ ဖြစ်သည်။ ဤလူသည် လောကကို ဖျက်ဆီးမည့် အဆုံးစွန်သော လက်သည်တရားခံ ဖြစ်လာလိမ့်မည်ဟု တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
ရှမ့်လန် အခန်းအမှတ် ၁ မှ ထွက်ခွာပြီး အခန်းအမှတ် ၂ ထဲသို့ ဝင်ခဲ့သည်။ ဗလာသက်သက် ဖြစ်နေ၏။ အမှောင်ဘုရင်မ မရှိတော့ပေ။ သူမသည် မြောက်ဝင်ရိုးစွန်း၌ ကျန်းလီ၏ အကျဉ်းချမှုကို ခံထားရပြီး စွမ်းအား အားလုံး ဆုံးရှုံးနေလောက်ပြီ ဖြစ်၏။
သူသည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် နေထိုင်ခဲ့သည့် အခန်းအမှတ် ၃ ရှေ့သို့ ရောက်လာခဲ့သည်။ ဤအခန်း ဘာကြောင့် ဤမျှ ကြီးမားနေရသည်ကို သူ မသိပေ။ တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် ဝမ်ထျန်း ကဲ့သို့ ဧရာမ လူသားကြီး ဖြစ်နေသည်လား။
ရှမ့်လန်နှင့် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်သည် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိသင့်သော်လည်း တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်၏ ရုပ်သွင်ကို ယခုထိ မသိရသေးပေ။ ယခင်က ရှမ့်လန်သည် အခန်းအမှတ် ၃ ၏ တံခါးကိုပင် မဖွင့်နိုင်ခဲ့ချေ။ ယခုမူ ဖွင့်စရာပင် မလိုဘဲ တိုက်ရိုက် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
အခန်းအမှတ် ၃ သည်လည်း ဗလာသက်သက် ဖြစ်နေသည်မှာ သေချာပေသည်။ ရှေးဟောင်း ဉာဏ်ပညာ ဘုရင်လည်း ဤနေရာ၌ မရှိတော့ပေ။ သူသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ရှမ့်လန်အား အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်စေရန် သူ၏ ဝိညာဉ်ကို စတေးခဲ့ပြီး ဖြစ်သည်။ အခန်းအမှတ် ၃ တွင် စာတစ်လုံးမျှပင် မကျန်ရစ်ခဲ့ချေ။ သူသည် အကျဉ်းချခံရစဉ်တည်းက ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်နေခဲ့ သောကြောင့် တစ်စုံတစ်ရာ ချန်ထားခဲ့ရန်မှာလည်း မဖြစ်နိုင်ပေ။
အခန်းအမှတ် ၃ မှ ထွက်ခွာပြီးနောက် ရှမ့်လန်သည် အခန်းအမှတ် ၄ သို့ ရောက်လာခဲ့သည်။ နဂါးမယ်တော်သည် ဤမျှ ကြီးမားသော အကျဉ်းခန်းထဲတွင် နေထိုင်ရသောကြောင့် မည်သည့်မျိုးနွယ် ဖြစ်နေမည်ကို တွေးကြည့်ရန် ခက်ခဲလှ၏။ သာမန် လူသားတစ်ဦးအနေဖြင့် ဤမျှ ကြီးမားသော အခန်း လိုအပ်မည် မဟုတ်ပေ။
တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင်ကဲ့သို့ပင် ရှမ့်လန်သည် နဂါးမယ်တော်၏ ရုပ်သွင်ကို မသိရပေ။ သူမလည်း စတေးခံလိုက်ရပြီ ဖြစ်သည်။ အခန်းအမှတ် ၄ တံခါးသည်လည်း ဗလာသက်သက် ဖြစ်နေ၏။ စာတစ်လုံးမျှပင် မကျန်ရစ်ခဲ့ချေ။
ရှမ့်လန်၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အခန်းအမှတ် ၅ ဖြစ်သည်။ ဤအခန်းသည် အငယ်ဆုံး အကျဉ်းခန်း ဖြစ်ပြီး စတုရန်းမီတာ အနည်းငယ်မျှသာ ရှိသည်။ ခွေးအိမ်တစ်လုံးကဲ့သို့ လွန်စွာ နိမ့်သော အခန်းလည်း ဖြစ်၏။
ရှမ့်လန်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး အခန်းအမှတ် ၅ ၏ တံခါးပေါ်သို့ လက်ဝါး တင်လိုက်သည်။ ဤအခန်းသည် ဤလောက၏ အဆုံးစွန်သော အကျဉ်းသား ရှိနေခဲ့သည့် နေရာ ဖြစ်သည်။ ရှမ့်လန်၏လက်ဝါး တံခါးပေါ်သို့ ဖိလိုက်သည်နှင့် စွမ်းအင် ဝဲကတော့တစ်ခုသည် အခန်းအမှတ် ၅ တံခါးဝတွင် ပေါ်လာခဲ့သည်။
‘ဆရာကြီး ခေးအော့စ်... ခင်ဗျား ကျုပ်အတွက် ဘာများ ချန်ထားခဲ့လဲ။’
***