ရှမ့်လန်သည် စွမ်းအင် ဝဲကတော့ကို ဖြတ်သန်းပြီး အခန်းအမှတ် ၅ ထဲသို့ ဝင်ရောက်သွားခဲ့သည်။ လွန်စွာ သေးငယ်သော အခန်း ဖြစ်သည်။ ရှမ့်လန်သည် မတ်တပ်ပင် ရပ်မရဘဲ ခါးကို ကွေးထားရ၏။ သို့သော်ငြား အခန်းအမှတ် ၅ သည်လည်း ဗလာသက်သက်သာ ဖြစ်နေခဲ့ချေသည်။ ဆရာကြီး ခေးအော့စ်လည်း ဤနေရာ၌ မရှိတော့ပေ။ ကျောက်ဖြစ်ရုပ်ကြွင်း ရုပ်တုလည်း မရှိတော့ချေ။
အရေးကြီးသော စကားလုံးများ ချန်ထားခဲ့သည်လား။ သဲလွန်စ တစ်စုံတစ်ရာ ချန်ထားခဲ့သည်လား။ စာတစ်လုံးလောက် ဆိုလျှင်တောင် ကောင်းပေသည်။ နောက်ဆုံးတွင် ရှမ့်လန်သည် အခန်းအမှတ် ၅ တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ရှိခဲ့ပေ။
ရှမ့်လန်သည် အခန်းအမှတ် ၅ ၏ နံရံများ၊ ကြမ်းပြင်နှင့် မျက်နှာကြက်များကိုပင် ခွဲစိတ် ရှာဖွေကြည့် သော်လည်း တန်ဖိုးရှိသော သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိခဲ့ပေ။ မည်သို့ ဖြစ်ရသနည်း။ ကျန်းလီက ဤနေရာကို ရှင်းလင်းသွားခဲ့ခြင်းလား။ ဖြစ်နိုင်ချေ များလှသည်။
သို့သော်ငြား ဆရာကြီး ခေးအော့စ်သာ သဲလွန်စ ချန်ထားခဲ့ချင်လျှင် သေချာပေါက် ချန်ထားနိုင်ပေလိမ့်မည်။ ကျန်းလီ ရှင်းလင်းပြီးသည့်တိုင်အောင် တစ်နည်းနည်းဖြင့် သဲလွန်စ ချန်ထားနိုင်ပေလိမ့်မည်။ သို့သော်ငြား ယခု အခန်းအမှတ် ၅ တွင် ဘာမှ မရှိပေ။ ဤအရာသည် ပုံမှန် ဟုတ်ရဲ့လား။
မဟုတ်ပေ။ လုံးဝ ပုံမှန် မဟုတ်ပေ။ ဆရာကြီး ခေးအော့စ်သည် တစ်စုံတစ်ရာ ချန်ထားခဲ့မှာ သေချာသည်။ ရှမ့်လန်ကသာ လျစ်လျူရှုမိနေခြင်း ဖြစ်ပေမည်။ ရှမ့်လန်သည် မျက်လုံးများကို မှိတ်၍ အခန်းအမှတ် ၅ ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူသည် တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်သွား၏။ တိတိကျကျ ပြောရလျှင် ဗလာနယ် အခြေအနေသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။ သူ ဘာကိုမှ မတွေးတော တော့ပေ။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့၏။
နှစ်နာရီ ကုန်ဆုံးသွားသည်။ ခြောက်နာရီ ကုန်ဆုံးသွားသည်။ တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
‘ငါသာ ဆရာကြီး ခေးအော့စ်ဆိုရင် သတင်းစကားကို ဒီအကျဉ်းခန်းတွေထဲမှာ ဘာလို့ ချန်ထားခဲ့မှာလဲ။ ကျန်းလီက ဒီနေရာကို ရှင်းလင်းပြီး သဲလွန်စ တစ်ခုမှ မကျန်အောင် လုပ်ဆောင်သွားမယ် ဆိုတာ လုံးဝ တွေးကြည့်လို့ ရနိုင်တယ်။ ဒါဆိုရင် ပညာရှိ တစ်ယောက်အနေနဲ့ ဘာလုပ်သင့်သလဲ။ ကျန်းလီရဲ့ ရှာဖွေမှုကနေ လွတ်အောင် သဲလွန်စကို ဘယ်လို ဝှက်ထားမလဲ။’
ရုတ်တရက် ရှမ့်လန်၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ သူ သဘောပေါက်လိုက်ပြီဖြစ်သည်။ ဆရာကြီး ခေးအော့စ်သာ သဲလွန်စ ချန်ထားခဲ့သည် ဆိုလျှင် အခန်းအမှတ် ၅ တွင် ချန်ထားခဲ့မည် မဟုတ်ဘဲ ကျန်းရှဲ့၏ ကျောက်ဖြစ်ရုပ်ကြွင်း ရှိနေသည့် အခန်းအမှတ် ၁ တွင်သာ ချန်ထားခဲ့မည် ဖြစ်ကြောင်း သူ ရဲရဲတင်းတင်း ကောက်ချက်ချလိုက်၏။
အမှန်တရား တစ်ခု ရှိသည်။ အရေးကြီးဆုံး အရာကို မည်သို့ ဝှက်ထားမည်နည်း။ တစ်ခုတည်းသော အဖြေမှာ အထင်ရှားဆုံး နေရာ၌ ဝှက်ထားခြင်းပင် ဖြစ်သည်။ ထို့အပြင် အခန်းအမှတ် ၁ ရှိ ကျန်းရှဲ့၏ ကျောက်ဖြစ်ရုပ်ကြွင်း သည် ထင်ရှားဆုံး ဖြစ်ပြီး ကျန်းလီနှင့် အရင်းနှီးဆုံး အရာလည်း ဖြစ်ပေသည်။
ရှမ့်လန် အခန်းအမှတ် ၅ မှ ထွက်ခွာပြီး အခန်းအမှတ် ၁ သို့ ပြန်သွားခဲ့သည်။ ကျန်းရှဲ့၏ ကျောက်ဖြစ် ရုပ်ကြွင်းသည် တစ်လက်မမှ မရွေ့လျားဘဲ ငြိမ်သက်စွာ ထိုင်နေဆဲ ဖြစ်၏။ ရှမ့်လန်သည် ကျန်းရှဲ့၏ ခန္ဓာကိုယ်၊ မျက်နှာနှင့် မျက်လုံးများကို သေချာစွာ လေ့လာကြည့်ရှုလိုက်သည်။ မည်သည့် သဲလွန်စမှ မတွေ့ရပေ။
ရှမ့်လန် ဆက်လက် ရှာဖွေကြည့်လိုက်၏။ ထို့နောက် ကျန်းရှဲ့၏ ကိုယ်စားပြု ရုပ်ကြွင်း မျက်လုံးများထဲတွင် အကန့်အသတ်မဲ့ အပြစ်ရှိစိတ်များနှင့် နာကျင်မှုများ ပြည့်နှက်နေကြောင်း သူ တွေ့ရှိလိုက်ရသည်။
အတွေးတစ်ခုသည် ရှမ့်လန်၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏။ ‘ဒီကျောက်ဖြစ်ရုပ်ကြွင်းက တကယ်ပဲ ကျန်းရှဲ့ရဲ့ ကိုယ်စားပြုအရာ ဟုတ်ရဲ့လား။ တကယ်တမ်း ကျန်းရှဲ့ရဲ့ ခန္ဓာကိုယ်အစစ် ဖြစ်နေမလား။’
ရှမ့်လန်သည် သူ၏ကိုယ်ပိုင် တွေးခေါ်မှုကြောင့် အမြဲ လမ်းလွဲနေခဲ့ရသည်။ အခန်းအမှတ် ၁ ကို စတင် တွေ့ရှိစဉ်က ကျန်းရှဲ့၏ အထောက်အထားကို သူ လုံးဝ သံသယ မဝင်ခဲ့ပေ။ သို့သော်ငြား ကျန်းရှဲ့နှင့် ကျန်းလီတို့၏ မျက်နှာအမှန်ကို တွေ့ရှိလိုက်ရချိန်မှာတော့ သူသည် အတုအယောင် ကိုယ်စားပြု အရာ ဖြစ်သည်ဟု ချက်ချင်း ကောက်ချက်ချလိုက်မိသည်။
ရှေးဟောင်း ခေတ်ကာလ ကြီးမားသည့် ပျက်သုဉ်းခြင်းပြီးနောက် ကျန်းရှဲ့နှင့် ရှေးဟောင်း လူသား ဝိညာဉ် သိန်းချီတို့သည် ငရဲသလင်းကျောက်၏ အကာအကွယ်အောက်တွင် အာကာသယာဉ်ဖြင့် ဤဂြိုဟ်မှ ထွက်ခွာ သွားခဲ့ကြသည်။ သို့သော်ငြား အာကာသယာဉ်တွင် စွမ်းအင် အကန့်အသတ်သာ ရှိသဖြင့် ဂြိုလ်အနီးတွင်သာ လှည့်ပတ်နေနိုင်ခဲ့၏။ ထိုအချိန်က ကျန်းရှဲ့၏ ဝိညာဉ်သာ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ် ပါသွားခဲ့ခြင်း မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ငရဲသလင်းကျောက် ရှိနေသောကြောင့် ကျန်းရှဲ့သည် မူလ ခန္ဓာကိုယ်ကို စွန့်ပစ်ကာ ပြီးပြည့်စုံသော စွမ်းအင် ခန္ဓာကိုယ်ကို ဖန်တီးနိုင်သည်။
မဟုတ်သေးပေ။ ဤအရာက အရေးကြီးဆုံး အချက် မဟုတ်သေးပေ။ အရေးကြီးသော သတင်းအချက်အလက် တစ်ခုသာ ရှိ၏။ သူ့ကို ကျန်းရှဲ့ဟု ခေါ်ရမလား၊ ကျန်းလီဟု ခေါ်ရမလားဟု ရှမ့်လန် မေးမြန်းခဲ့ဖူးသည်။ တစ်ဖက်လူက သူ့ကို ကျန်းလီဟု ခေါ်သင့်ကြောင်း ပြောကြားခဲ့၏။
ထိုအချိန်က ရှမ့်လန် အနည်းငယ် နားမလည် ဖြစ်ခဲ့ရသည်။ သူ့ဝိညာဉ်မှာ ကျန်းရှဲ့ အမှန်ဖြစ်ပြီး ကျန်းလီ၏ ခန္ဓာကိုယ်ကို ယူထားခြင်း ဖြစ်သည်။ ဘာကြောင့် သူ့ကိုယ်သူ ကျန်းလီဟု ခေါ်သနည်း။ ရှမ့်လန်၏ ဖခင် ဖြစ်ချင်ရုံ သတ်သတ်ကြောင့်လား။
ထို့အပြင် ကျန်းလီ၏ ပြီးပြည့်စုံလုနီးပါး အေးစက်မှုနှင့် ခံစားချက်ကင်းမဲ့မှုတို့သည် သဘာဝအတိုင်း ဟုတ်ပါသည်လား။ မဟုတ်ပေ။ ကျန်းလီသည် သူ၏ ခံစားချက်များကို ဖြတ်တောက်ပစ်လိုက်ခြင်းသာ ဖြစ်သည်။
ဤမြင်ကွင်းသည် မည်မျှ ရင်းနှီးနေသနည်း။
မကြာသေးမီက ရှမ့်လန်သည် အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်းကို ပြီးမြောက်ခဲ့သည်။ ဝိညာဉ် ရေတွင်းထဲတွင် မရေမတွက်နိုင်သော နှစ်ကာလများစွာ ကုန်ဆုံးခဲ့ရပြီး သေဆုံးခြင်းကို အကြိမ်ကြိမ် ခံစားခဲ့ရကာ သန်းပေါင်းများစွာသော ခံစားချက်များကို ဖျက်ဆီးပစ်ခဲ့ရသည်။
ထို့ကြောင့် အရာအားလုံး ပြီးဆုံးသွားပြီး ရှမ့်လန် လက်တွေ့ဘဝသို့ ပြန်ရောက်လာချိန်မှာတော့ သူသည်လည်း ကျန်းလီ နောက်တစ်ယောက်အလား အေးစက်ပြီး ခံစားချက် ကင်းမဲ့နေခဲ့သည်။ သို့သော်ငြား ဘုရင်မမီဒူဆာက သူ့ကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲပေးခဲ့သောကြောင့် သူ၏ ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓာကိုယ်သည် ခံစားချက် အငွေ့အသက်များကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူ၏ ဝိညာဉ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓာကိုယ်တို့ ပေါင်းစည်းသွားချိန်မှာတော့ ခံစားချက်များ အားလုံး ပြန်လည် ရောက်ရှိလာခဲ့၏။
မှန်ပေသည်။ ဤမြင်ကွင်းသည် လွန်စွာ တူညီနေခဲ့၏။ သို့သော်ငြား ကျန်းရှဲ့သည် ပြန်လာရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူသည် အဆုံးထိတိုင် အေးစက်ပြီး ခံစားချက် ကင်းမဲ့နေရန် ရွေးချယ်ခဲ့သည်။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထံသို့ ပြန်မလာခဲ့ပေ။
ထို့ကြောင့် ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး စွမ်းအားကြီးမားသော ဤကျန်းလီကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ နာကျင်မှု အားလုံး၊ အပြစ်ရှိစိတ် အားလုံးကို ဤခန္ဓာကိုယ်ထဲတွင် ချန်ထားရစ်ခဲ့သည်။
ဟုတ်ပေသည်။ ထိုသို့ ဖြစ်သင့်သည်။ ကျန်းရှဲ့သည် မွေးရာပါ သွေးအေးသူ မဟုတ်ပေ။ ဘုရင်မ မီဒူဆာ အပေါ်ထားသော သူ၏ ချစ်ခြင်းမေတ္တာသည်လည်း စစ်မှန်ခဲ့၏။ ထို့ကြောင့် ဘုရင်မမီဒူဆာကို ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲလိုက်ချိန်တွင် ဓားဖြင့်မွှန်းသကဲ့သို့ နှလုံးသား နာကျင်မှုကို သူ ခံစားခဲ့ရပေလိမ့်မည်။
လူအများအပြားသည် ဝိညာဉ်နှင့် အသက်ကို စတေးခဲ့ကြသည်။ လောကကို ကယ်တင်ရန် ကျန်းရှဲ့ သည်လည်း သူ၏ခံစားချက်များနှင့် နွေးထွေးမှု အားလုံးကို စတေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤခန္ဓာကိုယ်သည် ကျန်းရှဲ့၏ တစ်ခုတည်းသော အားနည်းချက် ဖြစ်နေသည်လား။
အကယ်၍ ထိုသို့သာ ဖြစ်ပါက ကျန်းလီသည် ဘာကြောင့် ဤခန္ဓာကိုယ်ကို မဖျက်ဆီးပစ်ခဲ့သနည်း။
မဟုတ်ပေ။ သူ ဖျက်ဆီး၍ မရနိုင်ပေ။ ချစ်ခြင်း၊ မုန်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် အဆင့်နိမ့်သော ခံစားချက်များ ဖြစ်ကြောင်း၊ ထိုအရာတို့ကို လုံးဝ ဖယ်ရှားပစ်လိုကြောင်း ကျန်းရှဲ့ ပြောခဲ့ဖူးသည်။ အကယ်၍ သူသာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပါက ကြောက်ရွံ့နေသည်ဟု အဓိပ္ပာယ် ပေါ်သွားပေလိမ့်မည်။ ဆိုလိုသည်မှာ သူသည် အဆင့်နိမ့် ခံစားချက်များကို မဖယ်ရှားနိုင်သေးဟု အဓိပ္ပာယ်ပေါ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ကို အခန်းအမှတ် ၁ ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
ဤလူသည် တကယ်ကို အံ့အားသင့်ဖွယ်ရာ ကောင်းလှပေသည်။ သူသည် အခြားသူများအပေါ် ရက်စက်သော်လည်း သူ့ကိုယ်သူ ပို၍ ရက်စက်သည်။ နောက်တစ်ဆင့်အနေဖြင့် ရှမ့်လန် ဆုံးဖြတ်ချက် ချရပေတော့မည်။ ဤခန္ဓာကိုယ်သည် ကျန်းလီ၏ တစ်ခုတည်းသော အားနည်းချက် ဟုတ်သည်လား။ ကျန်းလီကို အနိုင်ယူပြီး ဖျက်ဆီးပစ်ရန် သော့ချက် ဟုတ်သည်လား။
ထို့အပြင် ဆရာကြီး ခေးအော့စ်သည် သဲလွန်စ တစ်စုံတစ်ရာ ချန်ထားခဲ့သည်လား။ အကယ်၍ ချန်ထားခဲ့လျှင် မည်သည့်နေရာတွင် ဖြစ်မည်နည်း။ ရှမ့်လန်သည် လေးလေးနက်နက် ထပ်မံ စဉ်းစားလိုက်ပြန်သည်။ မကြာမီတွင် သူ၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။
အကယ်၍ ဆရာကြီး ခေးအော့စ်သည် အရာအားလုံးကို ကြိုတင် ဟောကိန်းထုတ်နိုင်ခဲ့သည် ဆိုပါက သဲလွန်စသည် သူ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲပြီးနောက်မှ ချန်ထားခဲ့ခြင်း မဟုတ်နိုင်ပေ။ ထိုအစား ကျန်းရှဲ့ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြုလုပ်နေစဉ်တည်းက ချန်ထားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကျန်းရှဲ့၏ ခန္ဓာကိုယ် အတွင်း၌ ဖြစ်နေမည်လား။
အကယ်၍ ဆရာကြီး ခေးအော့စ်သည် သတင်းအချက်အလက် တစ်စုံတစ်ရာ ချန်ထားခဲ့လိုပါက ကျန်းရှဲ့၏ ခန္ဓာကိုယ်သည် အလုံခြုံဆုံး ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ကျန်းလီသည် ဤခန္ဓာကိုယ်ထဲသို့ ဘယ်တော့မှ ဝင်ရောက်တော့မည် မဟုတ်သောကြောင့်ပင်။ သူ့ကိုယ်သူ အနိုင်ယူရန် ကျန်းလီသည် ဤခန္ဓာကိုယ်ကို ဖျက်ဆီးလိမ့်မည် မဟုတ်သလို ဖုံးကွယ်ထားမည်ပင် မဟုတ်ပေ။
ထို့ကြောင့် ရှမ့်လန်သည် ဆရာကြီး ခေးအော့စ် ချန်ထားခဲ့သော သဲလွန်စများကို မည်သို့ ရှာဖွေသင့်သနည်း။ ကျန်းလီကို အနိုင်ယူနိုင်မည့်သော့ချက်ကို မည်သို့ ရှာဖွေရမည်နည်း။ သူသည် ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓာကိုယ်၏ ဦးနှောက်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြည့်သော်လည်း ဂရင်းနိုက် ကျောက်သားကဲ့သို့ မာကျောနေခဲ့၏။ ဦးနှောက်ထဲသို့ ဝင်ရောက်၍ မရနိုင်ခဲ့ပေ။
အကယ်၍ ရှမ့်လန်၏ ထင်ကြေးသာ မှန်ကန်ခဲ့ပါက ဤကျောက်ဖြစ်ရုပ်ကြွင်းကို သွေးနှင့် အသား ရှိသော ခန္ဓာကိုယ် အဖြစ်သို့ ပြန်လည် ပြောင်းလဲပေးရန် လိုအပ်ပေလိမ့်မည်။ ယခင်ကဆိုလျှင် ဤအရာသည် ရှမ့်လန်အတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်သော်လည်း ယခုအခါ သူသည် အဆင့်မြင့် နဂါးဉာဏ်အလင်း ပွင့်ခြင်းကို ပြီးမြောက်ထားပြီး နတ်ဘုရားအကြည့်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သည်။
ခဏအကြာတွင် ကျန်းရှဲ့၏ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိ လာခဲ့၏။ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်မှ သွေးနှင့် အသားတို့ တည်ရှိရာ ခန္ဓာကိုယ် တစ်ခုအဖြစ်သို့ ပြောင်းလဲ လာခဲ့၏။
ချက်ချင်းပဲ သူ၏ မျက်နှာ အမူအရာသည် ပိုမို သက်ဝင်လာပြီး မျက်လုံးများမှာ ပိုမို နက်ရှိုင်းလာခဲ့သည်။ ရှမ့်လန်သည် ယခင်တုန်းက ဤအကြည့်နှင့် အမူအရာကို မြင်တွေ့ခဲ့ရစဉ်က သေချာ နားမလည်ခဲ့ပေ။ ယခုမူ သူ အမှန်တကယ် နားလည်သွားခဲ့ပြီ။
ဤသည်မှာ လွန်စွာ နာကျင်ခြင်းနှင့် အပြစ်ရှိစိတ်ကို ခံစားနေရသော အမျိုးသားတစ်ဦး၏ အမူအရာ ဖြစ်သည်။ သို့သော်ငြား ဤခန္ဓာကိုယ်သည် လုံးဝ ဗလာ ဖြစ်နေသော ခန္ဓာကိုယ်ဖြစ်ရာ မည်သူမဆို ဝင်ရောက် ပူးကပ်နိုင်သည် မဟုတ်ပါလား။
ရှမ့်လန်သည် ကျန်းရှဲ့ ခန္ဓာကိုယ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး သူ၏ ဝိညာဉ်ကို ဦးနှောက်အတွင်းသို့ စီးဝင်စေလိုက်၏။
“ဝုန်း...”
တစ်ခဏအတွင်းမှာပဲ ရှမ့်လန်သည် ကျန်းလီကို အနိုင်ယူနိုင်မည့် သော့ချက်ကို ရှာဖွေတွေ့ရှိ သွားခဲ့သည်။
... ...
ရှမ့်လန်၏ဝိညာဉ်သည် ကျန်းရှဲ့၏ စိတ်အာရုံနယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် အကန့်အသတ်မဲ့သော နာကျင်မှုနှင့် အပြစ်ရှိစိတ်တို့က ဒီရေအလား လွှမ်းမိုးတိုက်စားလာခဲ့သည်။ ၎င်းသည် ခံစားချက် သတ်သတ် ဖြစ်သော်လည်း သွန်မှောက်ထားသော ဝိုင်ပုလင်းတစ်လုံးနှင့် တူနေသည်။ ဝိုင်ကို သွန်ပစ်လိုက်သော်လည်း ပြင်းထန်သော ဝိုင်နံ့များက စွဲကျန်ရစ်နေဆဲ ဖြစ်၏။ ထိုအနံ့ကို ရှူရှိုက်မိရုံမျှဖြင့် ယစ်မူးသွားစေနိုင်၏။
လွန်စွာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်သည်။ တမ်းတလွမ်းဆွတ်ခြင်း၊ အပြစ်ရှိစိတ်၊ နူးညံ့ သိမ်မွေ့ခြင်းနှင့် နောင်တတရားများ... ရှုပ်ထွေးလွန်းလှသောကြောင့် ရှမ့်လန် ခွဲခြား၍ပင် မရနိုင်တော့ပေ။ ကျန်းရှဲ့သည် ဆရာသခင်နှင့် ချစ်သူကို သစ္စာဖောက်ခဲ့သည်။ ဝိညာဉ်သဘောတရားကို နားလည်ရန်နှင့် စမ်းသပ်မှုများ ပြုလုပ်ရန် လူသန်းပေါင်းများစွာကို ယဇ်ပူဇော်ခဲ့သည်။
ရှေးဟောင်းခေတ်ကာလက လောကအပြစ် အကုသိုလ်အားလုံးနီးပါးကို သူတစ်ယောက်တည်း ကျူးလွန် ခဲ့ခြင်း ဖြစ်သည်။ သူ၏ဂုဏ်သတင်း၊ မိသားစု၏ ထီးနန်း၊ ချစ်ခြင်းမေတ္တာ၊ မိတ်ဆွေဖွဲ့ခြင်းနှင့် အရာ အားလုံးကို စွန့်လွှတ် ဆုံးရှုံးခံခဲ့သည်။ သို့သော်ငြား သူ့တွင် ရည်မှန်းချက် တစ်ခုတည်းသာ ရှိခဲ့၏။ ဤလောက ကို ကယ်တင်ရန် ဖြစ်၏။
လူသားတစ်ဦး၏ ဝိညာဉ်စွမ်းအားသည် ထိုအရာကို ပြုလုပ်ရန် လုံလောက်စွာ မသန်မာခဲ့ပေ။ ထို့ကြောင့် သူသည် မိမိ၏ခံစားချက်များကို ခန္ဓာကိုယ်ထံမှ ဖြတ်တောက်ပစ်ရန် ရွေးချယ်ခဲ့သည်။ သူသည် ငရဲသလင်းကျောက်များ နှင့် သူ့ဝိညာဉ်ကို အသုံးပြုကာ ခန္ဓာကိုယ် အသစ်တစ်ခု ဖန်တီးခဲ့သည်။
သူသည် လမ်းလျှောက်အလောင်းကောင် တစ်ခု မဟုတ်သလို စက်ရုပ်တစ်ရုပ်လည်း မဟုတ်ပေ။ သူ့ကို ထိုသို့ ခေါ်ဝေါ်ရန် နည်းလမ်း မရှိချေ။ ကျန်းလီသည် ရှမ့်လန်ထက် များစွာ ပိုမို အင်အားကြီးမားကြောင်း လူအများ က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးကြသည်။ အကြောင်းမှာ သူ့တွင် အားနည်းချက် မရှိသောကြောင့်ဖြစ်ပြီး ရှမ့်လန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာမူ အားနည်းချက်တို့ဖြင့် ပြည့်နှက်နေ၏။
ဤခန္ဓာကိုယ်အတွင်းမှ နာကျင်မှုနှင့် အပြစ်ရှိစိတ်တို့သည် ကျန်းရှဲ့၏ အကြီးမားဆုံး အားနည်းချက် ဖြစ်နိုင်၏။ ၎င်းသည် ဝိညာဉ်အပေါ် ဖိစီးထားသည့် တောင်ကြီးတစ်လုံးပမာ ဖြစ်နေပြီး အသက်ရှူရ ခက်ခဲစေခဲ့သည်။ ထို့ကြောင့် သူသည် ခံစားချက်ကို ခန္ဓာကိုယ်ထံမှ ဖြတ်တောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့ဆိုလျှင် ကျန်းလီကို အနိုင်ယူရန် ကျန်းရှဲ့၏ခံစားချက်များနှင့် အပြစ်ရှိစိတ်ကို ရှမ့်လန် အသုံးပြုသင့်လား။
မသုံးသင့်ပေ။ ထိုသို့ပြုလုပ်ခြင်းသည် အဆင့်အတန်း နိမ့်ကျလွန်းလှသည်။ အဆင့်နိမ့်လွန်းသော နည်းလမ်း ဖြစ်သည်။ ရှမ့်လန်သည် ကိုယ်ကျင့်တရား စောင့်ထိန်းသူတော့ မဟုတ်ပေ။ သူသည် ရန်သူများကို ဖျက်ဆီးရာတွင် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလေ့ ရှိသူပင်။
သို့သော်ငြား ကျန်းလီကို ယှဉ်ပြိုင်ရာတွင်မူ ထိုကဲ့သို့သော နည်းလမ်းကို အသုံးမပြုနိုင်ပေ။ အကြောင်းမှာ ရှမ့်လန်နှင့် ကျန်းလီတို့၏ တိုက်ပွဲသည် မည်သူရှင်၍ မည်သူသေမည် ဆိုသည်ကိုသာ ဆုံးဖြတ်ပေးမည် မဟုတ်ဘဲ အနာဂတ်တွင် သူတို့ လျှောက်လှမ်းမည့် လမ်းစဉ်ကိုပါ ဆုံးဖြတ်ပေးမည့်အရာ ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ဤကဲ့သို့သော အောင်ပွဲသည် စေ့စပ်သေချာပြီး တရားဝင် ဖြစ်ရပေမည်။ ရှမ့်လန်နှင့် တော်ဝင်ရန် အင်ပါယာတို့၏ တိုက်ပွဲကဲ့သို့ပင် လျှို့ဝှက်စွာ ပြုလုပ်၍ မရနိုင်ပေ။ ဤအရာသည် အရှေ့အရပ်၏ ပိုင်ဆိုင်ခွင့်ကို ဆုံးဖြတ်ပေးမည့်အရာ ဖြစ်သည်။ ခမ်းနားထည်ဝါစွာ၊ ပွင့်လင်းမြင်သာစွာ ပြုလုပ်ရမည်။ လူသန်းပေါင်းများစွာ၏ ထောက်ခံမှုကို ရယူနိုင်ရမည်။
သူရဲကောင်း နှစ်ဦး ထိပ်တိုက် တွေ့ဆုံကာ တိုက်ခိုက်ခြင်းမျိုး ဖြစ်၏။ ထောင်ချောက် မပါ၊ ပူးပေါင်းကြံစည်မှု မပါ၊ အဆိပ် မပါပေ။ သူတို့ နှစ်ဦးအနက် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်မည် ဖြစ်၏။ ကျဆုံးသွားသူသည် လောက၏ ကံကြမ္မာကို ရှင်ကျန်ရစ်သူ ထံသို့ လွှဲအပ်ပေးရမည်။
အကယ်၍ ရှမ့်လန် သေဆုံးသွားခဲ့ပါက အရာအားလုံးကို လုံးဝ လက်လွှတ်လိုက်မည်ဖြစ်ပြီး ကျန်းလီ၏ လောက ကယ်တင်ရေး နည်းလမ်းအတိုင်း လိုက်နာရမည်။ အနည်းဆုံးတော့ ဤမတိုင်မီက ရှမ့်လန်သည် လက်စားချေလိုစိတ်သာ ရှိခဲ့ပြီး သူ၏ အဓိကရည်မှန်းချက်မှာ ကျန်းလီကို သုတ်သင်ရှင်းလင်းရန်သာ ဖြစ်ခဲ့သည်။
သို့သော်ငြား ယခုအခါ သူ၏နှလုံးသားထဲတွင် မြင့်မြတ်သော ခံစားမှုမျိုး ဖြစ်ပေါ်လာခဲ့သည်။ ဤမြင့်မြတ်သောခံစားမှုကို ကျန်းလီက သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ရှမ့်လန်၏ နျူကလီးယား ဗဟိုချက်စနစ် တည်ထောင်ပြီးနောက် နုရှောင့်မြို့သစ် တည်ဆောက်ပြီးနောက်တွင် ကျန်းလီသည် တော်ဝင်ချန်အင်ပါယာအပေါ် တိုက်ခိုက်မှု အားလုံးကို ချက်ချင်း ရပ်တန့်ပေးခဲ့၏။
သူသည် ရှမ့်လန်၏ လမ်းစဉ်ကို ဆန့်ကျင်နေဆဲ ဖြစ်၏။ မသန့်စင်ဟု ခံယူထားသည်။ ရှင်သန်ရပ်တည်ခြင်း ဒဿနကို နားမလည်ဘဲ ခရီးအဝေးကြီး ရောက်နိုင်မည် မဟုတ်ဟု ထင်မြင်သည်။ သို့သော်ငြား ကျန်းလီသည် ရှမ့်လန်၏ လမ်းစဉ်သစ်ကို လေးစားပြီး ရှမ့်လန်အား မိမိကိုယ်ကိုယ် သက်သေပြရန် အခွင့်အရေး တစ်ခု ပေးခဲ့သည်။
မဟာပျက်သုဉ်းခြင်း မတိုင်မီအချိန်ထိ သူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ထိုအချိန်ကာလ အတွင်း၌ ရှမ့်လန်သည် မိမိကိုယ်ကိုယ် အင်အားဖြည့်တင်းရန် မည်သည်ကိုမဆို လုပ်ဆောင်နိုင်၏။ ကျန်းအင်ပါယာအတွင်း၌ပင် သူကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်၏။
သို့သော်ငြား ရှမ့်လန်အနေဖြင့် ကျန်းလီကို အနိုင်ယူလိုလျှင် တရားဝင်ရမည်၊ စေ့စပ်သေချာမှု ရှိရမည်။
***