လက်တွေ့လောကတွင် တစ်လ၊ ငါးလ၊ တစ်နှစ်၊ နှစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့၏။ ရှမ့်ရိလုံမှာမူ ရှမ့်လန်၏ ရှေ့တွင် နှစ်နှစ်လုံးလုံး မလှုပ်မယှက် ရပ်တန့်နေခဲ့ပြီး ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိသည်။
ရှမ့်လန်သည်လည်း လုံးဝ မလှုပ်ရှားခဲ့ပေ။ ရုပ်တုတစ်ခုနှင့် တူညီနေ၏။ သူသည် ဝိညာဉ် ကမ္ဘာထဲတွင် မရေမတွက်နိုင်သော နှစ်ကာလများစွာ ဉာဏ်အလင်း ပွင့်နေခဲ့၏။
ခဏအကြာတွင် နဂါး၏မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ရှမ့်လန်၏ မျက်လုံးများလည်း အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူ၏မျက်ဝန်းများသည် လုံးဝ ဗလာ ဖြစ်နေခဲ့သည်။ ပထမတွင် နာကျင်မှု၊ ထို့နောက် အပြစ်ရှိစိတ်၊ ထို့နောက် အေးစက်မှု၊ ထို့နောက် နှလုံးသားကင်းမဲ့မှု။ သူသည် ကျန်းရှဲ့၏ ဝိညာဉ် အခြေအနေသို့ ဝင်ရောက်နေစဉ် မိမိကိုယ်ကို လုံးဝ မေ့လျော့နေခဲ့သည်။
နဂါး၏ဝိညာဉ်က အော်ဟစ်လိုက်၏။ “သခင်... ပြန်လာပါတော့... ပြန်လာပါတော့။”
ဤသည်မှာ ကျောက်ဆူးတစ်ခု ကဲ့သို့ပင်။ ရှမ့်လန်၏ ဝိညာဉ်သည် ကျန်းရှဲ့၏ ခန္ဓာကိုယ်မှ ထွက်ခွာပြီး မိမိခန္ဓာကိုယ်ထံသို့ ပြန်ရောက်လာခဲ့သည်။
“ဟူး...” ရှမ့်လန် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ နောက်ဆုံးတော့ သူ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ မိမိကိုယ်ကိုယ် ပျောက်ဆုံးပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အခြေအနေနှင့် လွန်စွာ နီးကပ်ခဲ့သည်။ ဤခံစားချက်ကို ဖော်ပြရန် ခက်ခဲလှ၏။
အာကာသယာဉ်မှူး တစ်ဦးသည် အာကာသ ဟင်းလင်းပြင်ထဲရှိ အာကာသ စခန်းတစ်ခုမှ ထွက်ခွာသွား သကဲ့သို့ပင်။ သူသည် အာကာသ စခန်းနှင့် ချိတ်ဆက်ထားမည့် ကြိုးတစ်ချောင်း လိုအပ်ပြီး အကယ်၍ ထိုကြိုး ပြတ်တောက်သွားပါက သူသည် အနည်းငယ်သော တွန်းကန်အားဖြင့်ပင် လွင့်ပါသွားနိုင်ပြီး စကြဝဠာ နက်ရှိုင်းရာသို့ လွင့်မျောကာ ဘယ်တော့မှ ပြန်လာနိုင်တော့မည် မဟုတ်ပေ။
ရှမ့်လန်နှင့် နဂါး၏ ဝိညာဉ်တို့သည် အမှီသဟဲ ပြုနေကြသည်။ ဤကြိုးသည်သာလျှင် သူ ဘယ်တော့မှ လမ်းမပျောက်ဘဲ ပြန်လာနိုင်ကြောင်း အာမခံချက် ပေးနိုင်သော အရာ ဖြစ်သည်။
နဂါးက မေးလိုက်၏။ “သခင်... အောင်မြင်လား။ ကျန်းလီကို အနိုင်ယူမယ့် နည်းလမ်း တွေ့ပြီလား။”
“တွေ့ပြီ။”
“ဒါဆို ကျုပ်တို့ သွားလို့ ရပြီလား။”
ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မရသေးဘူး။ ငါက ကိုယ့်ကိုယ်ကိုယ်ရော ရန်သူကိုရော သိပြီ။ ငါ့ရဲ့ စစ်မှန်တဲ့ ဝှက်ဖဲကိုလည်း သိပြီ။ ပြီးတော့ တိုက်ပွဲ အစီအစဉ်ကိုလည်း ပြီးမြောက်ပြီးပြီ။ ဒါပေမဲ့ စစ်ဆင်ရေး ပုံဖော်တာကို လုပ်ရအုံးမယ်။”
နဂါးက ပြုံးပြီး ပြော၏။ “ကောင်းပါပြီ။”
သူသည် ဤနေရာတွင် မလှုပ်မယှက်ဘဲ နှစ်နှစ်ကြာ နေခဲ့ရသည်။ သူ အမှန်တကယ် အပြင်ထွက်ပြီး ဆော့ကစားချင်နေပြီ ဖြစ်၏။ အတိတ်က နဂါးသည် ဤသို့ မဟုတ်ခဲ့ပေ။ အတိတ်က နဂါးသည် လွန်စွာ အေးစက်ပြီး ဘယ်တော့မှ ဆော့ကစားခြင်း မရှိခဲ့ချေ။
ဤနဂါးသည် ရှမ့်လန်၏ လမ်းပြမှုအောက်တွင် ပြန်လည် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ စရိုက်လက္ခဏာသည် ရှမ့်လန်နှင့် တူညီနေ၏။ သူတို့နှစ်ဦးစလုံးသည် စိတ်အားထက်သန်ပြီး ဆော့ကစား ရသည်ကို နှစ်သက်ကြသည်။ ရက်စက်ပြီး မာနကြီးသော နဂါးနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့သည်။
... ...
ထို့နောက် ရှမ့်လန်သည် ကျန်းလီနှင့် တိုက်ပွဲကို စတင် ပုံဖော်ကြည့်လိုက်သည်။ သူသည် ကျန်းလီ၏ ခံစားချက်ပိုင်းဆိုင်ရာ အားနည်းချက်ကို အသုံးမပြုခဲ့ပေ။ ထိုအစား သူနှင့် ကျန်းလီကြားရှိ တစ်ခုတည်းသော ကွာခြားချက် ဖြစ်သည့် သူ၏ ကိုယ်ပိုင် အင်အားကိုသာ လုံးဝ အားကိုးရမည်။
သူ၏ဝိညာဉ် နက်ရှိုင်းရာအရပ်ရှိ ဝိညာဉ်အပိုင်းအစ၊ အန္တိမ နဂါးဉာဏ်အလင်းပွင့်ခြင်း ဆီသို့ ဦးတည် သွားစေမည့် လှေကားထစ်၊ ဤအရာသည် ဆရာကြီး ခေးအော့စ် ရှမ့်လန်အား ပေးခဲ့သော အဆုံးစွန် လက်ဆောင် ဖြစ်ကောင်း ဖြစ်နိုင်၏။
ဤကဲ့သို့သော တိုက်ပွဲ ပုံဖော်ခြင်းသည် လွန်စွာ ပျင်းစရာ ကောင်းလှ၏။ စူပါကွန်ပျူတာ တစ်လုံးက စစ်ပွဲ ပုံဖော်ခြင်းကို လုပ်ဆောင်နေသကဲ့သို့ပင်။ ရှမ့်လန်၏ အင်အားသည် ကျန်းလီ၏ တစ်သောင်းပုံတစ်ပုံခန့်သာ ရှိသည်။ ထို့အပြင် ကျန်းလီ ထိန်းချုပ်နိုင်သော ငရဲသလင်းကျောက်များကို ထည့်သွင်း တွက်ချက် ထားခြင်း မရှိသေးပေ။ သူသည် တစ်သောင်းပုံတစ်ပုံသော အင်အားဖြင့် ကျန်းလီကို မည်သို့ အနိုင်ယူမည်နည်း။ သူ့စိတ်ထဲရှိ နတ်ဘုရား ဝိညာဉ်အပိုင်းအစကို မည်သို့ အသုံးပြုမည်နည်း။
သူ့တွင် အကောင်းဆုံး ပုံဖော်နိုင်သော ပတ်ဝန်းကျင် ရှိနေခဲ့၏။ အကြောင်းမှာ ကျန်းရှဲ့၏ ခန္ဓာကိုယ်သည် ဤနေရာတွင် ရှိနေသောကြောင့်ပင်။ ကျန်းရှဲ့၏ဦးနှောက်သည်လည်း အကောင်း ပကတိ ရှိနေသေးသည်။ ရှမ့်လန်သည် ကျန်းရှဲ့၏ နေရာမှ ဝင်ရောက် တိုက်ခိုက်နိုင်သလို သူ့နေရာမှလည်း ဝင်ရောက် တိုက်ခိုက် နိုင်သည်။ တိုက်ပွဲ ပုံဖော်ခြင်းကို ဆယ်ကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။
အကြိမ်နှစ်ဆယ်...
အကြိမ်တစ်ရာ...
အကြိမ်တစ်ထောင်...
အကြိမ်တစ်သောင်း...
အချိန်များ ကုန်ဆုံးသွားခဲ့၏။ ဝိညာဉ်ကမ္ဘာအတွင်း မရေမတွက်နိုင်သော နှစ်ကာလများ ကုန်ဆုံးသွားခဲ့သည်။ လက်တွေ့လောကတွင်မူ သုံးလ၊ ငါးလ၊ နှစ်ဝက်၊ နှစ်နှစ်၊ သုံးနှစ်...။
ရှမ့်ရိလုံသည် အပြင်ထွက် ကစားချင်နေပြီ ဖြစ်၏။ သို့သော်ငြား သူ မထွက်ခွာနိုင်ပေ။ သခင်ဖြစ်သူ၏ ဘေးတွင်သာ နေရမည် ဖြစ်သည်။ နောက်တစ်ကြိမ် သူသည် ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။ နောက်ဆုံးတွင် ရှမ့်လန်သည် တိုက်ပွဲပုံဖော်ခြင်း အကြိမ်တစ်သန်း ပြည့်မြောက်သွားခဲ့သည်။
အမှန်တကယ်ပင် အကြိမ်တစ်သန်းတိတိ ဖြစ်သည်။ ဝိညာဉ်ကမ္ဘာအတွင်း အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ခန့်မှန်းရန် မဖြစ်နိုင်တော့ပေ။ ဤပုံဖော်ခြင်း အကြိမ်တစ်သန်းတွင် ရှမ့်လန် ဘယ်နှစ်ကြိမ် အနိုင်ရခဲ့သနည်း။ တစ်ကြိမ်မှ မနိုင်ခဲ့ပေ။ အားလုံး ရှုံးနိမ့်ခဲ့၏။
သူ၏ဝိညာဉ် နက်ရှိုင်းရာအရပ်တွင် နတ်ဘုရား အပိုင်းအစ ရှိနေသော်လည်း အားနည်းလွန်းလှသည်။ သူ့တွင် ကျန်းလီ၏ အင်အား တစ်သောင်းပုံတစ်ပုံသာ ရှိသည်။ မည်သို့ပင်ဖြစ်စေ သူ နိုင်,နိုင်မည် မဟုတ်ပေ။
ထို့ဆိုလျှင် ရှမ့်လန်သည် ဤတိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်တော့မည်လား။
မဟုတ်ပေ။ ရှမ့်လန်၏ ပုံဖော်ခြင်းအားလုံးသည် အမှားများကို ဖယ်ထုတ်ခြင်းအပေါ် အခြေခံထားသည်။ သူသည် ကျရှုံးမှုဆီသို့ ဦးတည်စေနိုင်သော တိုက်ခိုက်နည်းအားလုံးကို ပုံဖော်ကြည့်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်နိုင်ချေရှိသမျှ အားလုံးကို နောက်တစ်ကြိမ် ပုံဖော်ကြည့်ခဲ့၏။ နောက်ဆုံးကျန်ရစ်သော နည်းလမ်း သည်သာ တိုက်ပွဲကို အဆုံးသတ်မည့် မှန်ကန်သော နည်းလမ်း ဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် မှန်ကန်သော တိုက်ခိုက်နည်းကို ပုံဖော်ကြည့်ခဲ့ပါသည်လား။ မလုပ်ခဲ့ပေ။ သူ ပုံဖော်၍ မရနိုင်ပေ။ အကြောင်းမှာ အခွင့်အရေးတစ်ကြိမ်တည်းသာ ရှိသောကြောင့် ဖြစ်သည်။ ထို့အပြင် ဤရူးသွပ်ဖွယ် တိုက်ခိုက်နည်းကို ပုံဖော်၍ မရသလို ပုံဖော်ခွင့်လည်း မရှိပေ။ ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပြီး တကယ့် လက်တွေ့တိုက်ပွဲ ဖြစ်လာမည်။ ပုံဖော်၍ မရသလို ပြန်လုပ်၍လည်း မရနိုင်ချေ။ ဂိမ်းကစားခြင်း မဟုတ်သောကြောင့်ဖြစ်၏။
ရှမ့်လန် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
နဂါးက မေးလိုက်၏။ “သခင်... ပြီးပြီလား။”
“ပြီးပြီ။”
“ကျန်းလီကို အနိုင်ယူမဲ့ နည်းလမ်း ရှာတွေ့ပြီလား။”
“တွေ့ပြီ။ ဒါပေမဲ့ လမ်းကြောင်း တစ်ခုတည်း ရှိတယ်။”
“အို... ဒါဆို ကျုပ်တို့ သွားလို့ ရပြီလား။”
“သွားကြစို့... မင်း စောင့်ရတာ စိတ်မရှည်တော့ဘူး မဟုတ်လား။”
ထို့နောက် ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်မှ ထွက်ခွာလာပြီး ပင်လယ်ရေမျက်နှာပြင် အထက်သို့ ပျံသန်း တက်ရောက်လာခဲ့သည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ရှမ့်လန် လက်ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း အကျဉ်းထောင် တစ်ခုလုံး ပြာကျသွားခဲ့သည်။ ထိုအကျဉ်းထောင်၏ တာဝန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ထိုအရာသည် ကျန်းရှဲ့၏ ထာဝရသင်္ချိုင်းဂူ ဖြစ်သလို ကျန်းလီ၏ သင်္ချိုင်းဂူလည်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ရှမ့်လန်သာ တိုက်ပွဲတွင် အနိုင်ရခဲ့ပါက ကျန်းလီ၏သေဆုံးခြင်းအတွက် နေရာတစ်ခု လိုအပ်ပေလိမ့်မည်။
ပင်လယ်ထဲမှ အရှိန်ဖြင့် ထိုးထွက်လာပြီးနောက် ပင်လယ်ကမ်းစပ်သည် ရေခဲများဖြင့် ဖုံးလွှမ်းမနေတော့ဘဲ ပင်လယ်ရေအဖြစ် ပြန်လည် ပြောင်းလဲသွားကြောင်း ရှမ့်လန် တွေ့ရှိလိုက်ရသည်။ ပင်လယ်ရေထဲတွင် ရေနေ သတ္တဝါများပင် ရှိနေကြ၏။ မျိုးစိတ်သိပ်မများလှသော်လည်း ရေဘဝဲများနှင့် ငါးများစွာ ရှိနေသည်။ လောကကြီး ပြောင်းလဲသွားသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။
ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်ထဲတွင် စုစုပေါင်း ငါးနှစ် ကြာမြင့်ခဲ့၏။ ဤငါးနှစ်တာ ကာလအတွင်း ကျန်းအင်ပါယာသည် မပြောင်းမလဲ ရှိနေသော်လည်း ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာမှာမူ နေ့စဉ်နှင့်အမျှ တိုးတက် ပြောင်းလဲနေခဲ့သည်။ နုရှောင့်မြို့ပတ်ဝန်းကျင်ရှိ ပင်လယ်ပြင်တစ်ခုလုံး အရည်ပျော်ကျခဲ့ပြီး သက်ရှိများနှင့် ပြည့်နှက်နေခဲ့၏။
ရှမ့်လန်သည် ဧရာမနဂါးကြီးကို စီးနင်းလျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ နုရှောင့်မြို့၏ စွမ်းအင် အကာအကွယ်သည် စတုရန်းကီလိုမီတာ ငါးထောင်မှ စတုရန်းကီလိုမီတာ သောင်းချီ အထိ ကျယ်ပြန့် လာခဲ့သည်။ မြောက်ဘက်ရှိ ကောင်းကင်လေကျွန်းမှသည် ရွှဲ့ပြည်နယ် အရှေ့ဘက်အထိ အရာအားလုံးကို စွမ်းအင် အကာအကွယ်ဖြင့် လွှမ်းခြုံထားနိုင်ခဲ့ပြီ ဖြစ်သည်။
ရွှမ်ဝူမြို့နှင့် ရွှမ်ဝူနယ်စားအိမ်တော်ကိုပင် စွမ်းအင် အကာအကွယ် ပေးထားနိုင်ခဲ့သည်။ သူ၏ နေအိမ်ဖြစ်သော ရွှမ်ဝူနယ်စားအိမ်တော်သည် ယခုအခါ ငှက်သံများ၊ ပန်းရနံ့များဖြင့် ပြည့်နှက်နေ၏။ အရာအားလုံး သည် မြောက်ဝင်ရိုးစွန်း အပြောင်းအလဲ မဖြစ်မီ အချိန်ကအတိုင်း အတိအကျပင် ဖြစ်နေ၏။
ရှမ့်လန် ဆက်လက်၍ မြင့်သထက် မြင့်အောင် ပျံသန်းသွားခဲ့သည်။ ထို့နောက် သူ့ရှေ့ရှိ မြင်ကွင်းသည် အေးစက်ပြီး သေဆုံးနေဆဲ ဖြစ်၏။ ဤငါးနှစ်တာကာလအတွင်း တော်ဝင်ချန်နိုင်ငံ၏ စွမ်းအင် အကာအကွယ် သည် စတုရန်းကီလိုမီတာ သောင်းချီအထိသာ ကျယ်ပြန့်လာခဲ့သည်။ ကျန်ရှိနေသော နေရာများမှာ သက်ရှိ မရှိသော ရေခဲနှင့် နှင်းလောကကြီးအဖြစ် ရှိနေဆဲပင်။
အမှန်စင်စစ် လောကကြီးတစ်ခုလုံး၏အပူချိန်သည် ကျဆင်းသွားခဲ့သည်။ ဤငါးနှစ်တာကာလအတွင်း ကျန်းလီသည် နေ့စဉ် လောကတစ်ခုလုံး၏ သက်စောင့်စွမ်းအားကို ဆက်လက် ဝါးမျိုနေခဲ့သည်။ ထို့ကြောင့် သူသည် သေဆုံးခြင်းနှင့် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့သည်။ အကယ်၍ ရှမ့်လန်သာ ဆက်လက် အချိန်ဆွဲ နေပါက လောကကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ရှမ့်လန် ဆက်လက်၍ မြင့်သထက် မြင့်အောင် ပျံသန်းသွားခဲ့သည်။ ထို့နောက် မြောက်ဝင်ရိုးစွန်းကို မြင်လိုက်ရ၏။ ဟုတ်ပေသည်။ အမှန်တကယ်တော့ သူ ဘာမှ မမြင်ရပေ။ အကြောင်းမှာ မြောက်ဝင်ရိုးစွန်း သည် ငရဲကဲ့သို့ လုံးဝ မှောင်မိုက်နေသောကြောင့် ဖြစ်သည်။ ထိုနေရာသည် ကျန်းလီ၏ ဌာနချုပ်၊ အမှောင် အင်ပါယာ၏ အူတိုင် ဖြစ်သည်။
ရှမ့်လန်သည် မြောက်ဝင်ရိုးစွန်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ကျန်းလီ... ကျုပ် အဆင်သင့် ဖြစ်ပါပြီ။ အခု ကျုပ် ခင်ဗျားကို တိုက်ခိုက်နိုင်ပါပြီ။”
ခဏအကြာ၌ မြောက်ဝင်ရိုးစွန်း အထက် ကောင်းကင်ယံတွင် ကြီးမားသော မျက်နှာကြီးတစ်ခု ပေါ်လာ ခဲ့သည်။ ကျန်းလီ၏ မျက်နှာကြီးသည် မြောက်ဝင်ရိုးစွန်း၏ မိုင်ထောင်ပေါင်းများစွာကို ဖုံးလွှမ်းထားသည်။
“အရှင်ရှမ့်လန်... မင်း အဆင်သင့် ဖြစ်ပြီဆိုတာ သေချာရဲ့လား။”
“သေချာပါတယ်။ အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။ လဝက်အတွင်းမှာ ကျုပ် နောက်ဆုံးတိုက်ပွဲအတွက် မြောက်ဘက်ကို လာခဲ့ပါ့မယ်။”
“ကောင်းပြီ။ ငါ မင်းကို ဒီမှာ စောင့်နေမယ်။”
ထို့နောက် သူတို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်ကျန်းလီ... တိုက်ပွဲမစခင် ကျုပ်ရဲ့မိသားစုကို နုရှောင့်မြို့ဆီ ပြန်ပို့ပေး နိုင်မလား။”
“အဲဒါ တကယ် လိုအပ်လို့လား။ မင်း ရှုံးရင် သေမှာပဲ။ သူတို့အတွက်လည်း နှိပ်စက်ရာ ရောက်တာပေါ့။ သူတို့ နိုးထသင့်တဲ့ အချိန်အထိ အိပ်ခိုင်းထားလိုက်တာ မကောင်းဘူးလား။ မင်းနိုင်ရင် မင်းရဲ့ မိသားစုအားလုံး မင်းဆီ အလိုလို ပြန်ရောက်လာမှာပဲ။ ပြီးတော့ သူတို့က တစ်နှစ်ပတ်လုံး အေးခဲနေတာဆိုတော့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပုံစံအတိုင်း ရှိနေတုန်းပဲ။ သူတို့ မအိုမင်းကြသေးဘူး။”
“လိုအပ်ပါတယ်။ အရမ်း လိုအပ်ပါတယ်။ ကျုပ်ဆီ လူတစ်ယောက်လောက် ပို့ပေးပါ။ နောက်ဆုံးတိုက်ပွဲ မတိုင်ခင် ကျုပ် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်လို့ပါ။”
“ဟူး... အဆင့်နိမ့်တဲ့ ခံစားချက်ပါပဲလား။ ပြော .... မင်း ဘယ်သူ့ကို ပြန်ပို့ပေးစေချင်တာလဲ။”
“ကျုပ်မိန်းမ ကျင်းမူလန်ပါ။ သူ့ကို ကျုပ်ဆီ ပြန်ပို့ပေးပါ။”
ကျန်းလီ သက်ပြင်းချလိုက်သည်။ “စိတ်မကောင်းပါဘူး အရှင်ရှမ့်လန်... ငါ မလုပ်ပေးနိုင်လောက်ဘူး။”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ သူ ငါ့ဆီမှာ မရှိလို့ပဲ။”
“ဒါဆို သူဘယ်ရောက်နေလဲ။”
“နောင်ကျရင် မင်း သိလာပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုတော့ သိထားဖို့ လိုတယ်။ သူ နေကောင်းပါတယ်။ သူ ဘာမှ မဖြစ်ဘူး။ စိတ်ပိုင်းဆိုင်ရာအရလည်း ဘာမှ မဖြစ်ပါဘူး။”
“သူ ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားတာလဲ။”
“မင်း ဘယ်တော့မှ ထင်မထားမဲ့ နေရာတစ်နေရာပေါ့ ငါ့သားရယ်။”
ရှမ့်လန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”
ကျန်းလီက ပြောလိုက်၏။ “နောက်ဆုံးတိုက်ပွဲမတိုင်ခင် ဒီလို အဆင့်နိမ့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျိုး မင်း တကယ် လိုအပ်တာလား။ မင်း အဆင်သင့် ဖြစ်ပြီဆိုတာ သေချာရဲ့လား။”
“လဝက်အတွင်း တွေ့ကြတာပေါ့။”
“နှုတ်ဆက်ပါတယ်။”
ကျန်းလီ၏ မျက်နှာကြီး ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့သည်။
ရှမ့်လန်သည် နုရှောင့်မြို့အထက်သို့ တစ်ဖန် ပျံသန်း ရောက်ရှိလာခဲ့ပြန်သည်။ ထို့နောက် ခမ်းနား ထည်ဝါသော မြို့တော်ကြီးတစ်ခုကို သူ မြင်လိုက်ရ၏။ ဤမြို့သည် ဤလောကတွင် ဖြစ်စေ၊ ကမ္ဘာမြေတွင် ဖြစ်စေ အလှပဆုံး မြို့တော် ဖြစ်သည်မှာ သေချာလှ၏။
သုံးကြိမ်တိုင်တိုင် ပျက်စီးပြီး သုံးကြိမ်တိုင်တိုင် ပြန်လည် တည်ဆောက်ပြီးနောက် နုရှောင့်မြို့သည် နောက်ဆုံးတွင် ပင်လယ်ပြင်၏ စစ်မှန်သော ပုလဲရတနာ ဖြစ်လာခဲ့သည်။ အင်ပါယာတစ်ခု၏ မြို့တော် ဖြစ်လာရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် မြို့အမည်ကိုလည်း နုမြို့တော်ဟု တရားဝင် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ အမှန်စင်စစ် အမည် ပြောင်းလဲခြင်းကို လွန်ခဲ့သောဆယ်စုနှစ်များစွာတည်းက ကြေညာခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ တရားဝင် စာရွက်စာတမ်း အားလုံးတွင် နုမြို့တော်ဟု ပြောင်းလဲ သုံးစွဲနေခဲ့ကြပြီ ဖြစ်၏။
လေ့ကျိူးကျွန်းတစ်ကျွန်းလုံးသည် စတုရန်းကီလိုမီတာ ၅,၀၀၀ ကျော် ကျယ်ဝန်းပြီး မျက်စိတစ်ဆုံး နေရာတိုင်း တွင် ရှေးဟောင်း အဆောက်အအုံများဖြင့် ပြည့်နှက်နေသည်။ တောင်ကဲ့သို့ မြင့်မားသော အိမ်များပေါ်တွင် အလွှာလိုက် ၊ အလွှာလိုက် တည်ဆောက်ထားသော လှေကားထစ် စိုက်ခင်းများ၊ စားကျက်မြေများ၊ ဥယျာဉ်များနှင့် သစ်တောများစွာ ရှိနေကြသည်။
မြို့တော်တစ်ခုလုံးသည် စိမ်းလန်းသောသစ်ပင်များ၊ ပန်းများ၊ စီးဆင်းနေသော ရေတံခွန်များဖြင့် ပြည့်နှက်နေ၏။ လမ်းတိုင်းသည် အမှိုက်ကင်းစင်ကာ ကျယ်ဝန်းပြီး သန့်ရှင်း သပ်ရပ်နေသည်။ မည်သည့် အဆောက်အအုံနှင့်မှ မရှုပ်ထွေးဘဲ သဘာဝနှင့် အနုပညာ အလှတရားများဖြင့် ပြည့်စုံနေ၏။
အမိုးခုံး၏ အရောင်သည်လည်း လုံးဝ ပြောင်းလဲသွားခဲ့၏။ ယခင်က ဖျော့တော့သော အဖြူရောင် ဖြစ်သော်လည်း ယခုအခါ လုံးဝ ကြည်လင်နေသည်။ သူ၏ တည်ရှိမှုကို မှေးမှိန်အောင် ကြိုးစားထားခြင်း ဖြစ်၏။ ထိုသို့မဟုတ်ပါက စွမ်းအင်အမိုးခုံးကို မော့ကြည့်လိုက်ရုံဖြင့် ဖိနှိပ်ခံထားရသကဲ့သို့၊ အကျဉ်းချ ခံထားရသကဲ့သို့ ခံစားရစေနိုင်သည်။
ယခုအခါ စွမ်းအင်အမိုးခုံးသည် မမြင်ရလောက်အောင် ကြည်လင်နေသောကြောင့် အတွင်းရှိ လူများ မော့ကြည့် လိုက်လျှင် အမိုးခုံး ရှိနေကြောင်းကိုပင် မခံစားရတော့ပေ။
***