ဤစကားများသည် တကယ်ကို တည့်တိုးဆန်ပြီး တိုက်ရိုက်ကျလွန်းလှသည်။ ရှမ့်လန်သည် အိမ်ရှေ့စံ ကျန်းမင်ကို ကြည့်လိုက်ပြီး ကျန်းမင်လက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။ ဤသည်မှာ ယောင်ယောင်၏ လက်ရာ ဖြစ်သည်။
“ကျုပ်အရင်က ပြောဖူးတယ်။ ကျုပ်နဲ့ အရှင် ကျန်းလီကြားမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ ကျုပ် ရှုံးသွားရင် လောကကြီးတစ်ခုလုံး အရှင်ကျန်းလီရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းရလိမ့်မယ်။ အရာအားလုံးက ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး။ ခင်ဗျား ဘာလုပ်ချင်လုပ် ကျုပ်နဲ့ မဆိုင်တော့ဘူး။”
“ကောင်းပါပြီ။ ဒါပေမဲ့ မလိုအပ်တဲ့ အသေအပျောက်နဲ့ ပဋိပက္ခတွေ မဖြစ်ရအောင် စစ်ဘက်ဆိုင်ရာ ဌာနကို အသိပေးဖို့ လိုမယ်လို့ ကျုပ် ထင်တယ်။”
“ကျုပ် လုပ်လိုက်ပါ့မယ်။”
“ဪ ဒါနဲ့... နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်။ တိုက်ပွဲ မတိုင်ခင် ခင်ဗျား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်လို့ အရှင်ကျန်းလီက ကျုပ်ကို ပြောတယ်။ ဒါကြောင့် မိတ်ဆွေဟောင်း တစ်ယောက်ကို ပို့ပေးလိုက်ဖို့ ကျုပ်ကို မှာလိုက်တယ်။”
ရှမ့်လန် ကြောင်အသွား၏။ ‘သူ တကယ် ပို့ပေးလိုက်တာလား။’
သို့သော်ငြား ထိုအချိန်က ရှမ့်လန်သည် မူလန် ဘယ်ရောက်နေမှန်းကိုသာ သိချင်ခဲ့ခြင်း ဖြစ်သည်။
“ခေါ်လာခဲ့လိုက်။”
ထို့နောက် ရှေးဟောင်း လူသားစစ်သည်တော် နှစ်ဦးသည် သလင်းကျောက် ခေါင်းတလား တစ်လုံးကို သယ်ဆောင်ကာ ဝင်ရောက်လာကြ၏။
“ကျုပ် အရမ်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အထဲက လူက မသေသေးပါဘူး။ ရေခဲရိုက်ပြီး ဆောင်းခိုနေရုံ သက်သက်ပါ။ ခေါင်းတလားထဲ ရောက်နေတာပဲ ရှိတာပါ။ ဒီမိတ်ဆွေဟောင်းက တိုက်ပွဲမတိုင်ခင် ခင်ဗျားအတွက် လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“ကျေးဇူးပါပဲ။”
“ဒါဆို ကျုပ် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ နှုတ်ဆက်ပါတယ်။” အိမ်ရှေ့စံကျန်းမင်သည် မတ်တပ် ထရပ်လိုက်သည်။
“ကျုပ် လိုက်မပို့တော့ဘူး။”
ထို့နောက် အိမ်ရှေ့စံကျန်းမင်သည် သူ့လူများကို ခေါ်ဆောင်ကာ နုရှောင့်မြို့မှ ထွက်ခွာသွားပြီး ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။ ရေခဲစွမ်းအင်များ ပြည့်နှက်နေသော ဤခေါင်းတလားကို စာကြည့်တိုက် အတွင်း၌ ထားခဲ့၏။
ရှမ့်လန် ရှေ့သို့တိုးသွားပြီး အဖုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အတွင်းတွင် လှပသော အမျိုးသမီးတစ်ဦး ရှိနေပြီး သူမ၏ မျက်လုံးများ ပွင့်နေသည်။ သူမ နိုးထနေပြီ ဖြစ်၏။ ထိုအမျိုးသမီးမှာ ရှစ်ချင်းချင်း ဖြစ်သည်။
ရှမ့်လန် စကားမပြောနိုင် ဖြစ်သွားရ၏။ ‘အရှင် ကျန်းလီ ဘာတွေ တွေးနေတာလဲ။ တိုက်ပွဲ မတိုင်ခင် ကျုပ် ရှမ့်လန်က စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု လိုအပ်တယ်ဆိုပေမဲ့ ရှစ်ချင်းချင်းဆီက မလိုအပ်ပါဘူး။ ကျုပ် လိုချင်တာ မူလန်။ မူလန်က ကျုပ်မသိတဲ့ နေရာတစ်နေရာ ရောက်နေပြီ ဆိုရင်တောင် ယောက္ခမကြီး နင်ယွမ်ရှန်းကို ပို့ပေးလို့ ရသေးတာပဲ။’
ဤမိသားစုက ရှမ့်လန် အလွမ်းဆုံး မိသားစု ဖြစ်သည်။ အကြောင်းမှာ နင်ယွမ်ရှန်း၏ ရောဂါက အဆိုးရွားဆုံး ဖြစ်ပြီး အသက်ရှင်သေးရဲ့လား ဆိုသည်ကိုတောင် ရှမ့်လန် မသိသောကြောင့် ဖြစ်သည်။
“ကျွန်မကို တွေ့ရတာ အရမ်း စိတ်ပျက်နေပုံပဲ။”
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ မျက်နှာကို သေချာစွာ ကြည့်လိုက်သည်။ တကယ်ကို ထူးဆန်းသော ခံစားမှုမျိုး ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ နိုးထလာစတွင် အတုအယောင် ရှစ်ချင်းချင်းနဲ့ တွေ့ခဲ့ဖူးသည်။ ရှေးဟောင်းလူသားသစ်က ရှစ်ချင်းချင်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်ပြီး ရှမ့်လန်ကိုယ်တိုင် သူမကို သတ်ဖြတ်ခဲ့ဖူး၏။
သူ့ရှေ့မှောက်ရှိ ဤရှစ်ချင်းချင်းသည်ကား အစစ်အမှန် ဖြစ်ကြောင်း သံသယ ဖြစ်ဖွယ် မရှိပေ။ ရာနှုန်းပြည့် အစစ်အမှန် ဖြစ်၏။ အဆင့်မြင့် နဂါးဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ထားသော ရှမ့်လန်သည် တစ်ချက် ကြည့်ရုံဖြင့် သိနိုင်သည်။
သူမသည် အလွန် ငယ်ရွယ်ပြီး လှပနေဆဲဖြစ်ကာ လွန်ခဲ့သော နှစ် ၃၀ ကအတိုင်း အတိအကျပင် ဖြစ်နေသည်။ ဤနှစ်ကာလများ တစ်လျှောက်လုံး ရေခဲ ရိုက်ခံထားရသောကြောင့် သူမ၏ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်များ ရပ်တန့်နေခဲ့ရာ လုံးဝ အိုမင်းခြင်း မရှိခဲ့ပေ။ သို့သော်ငြား သူမ၏ မျက်ဝန်း အကြည့်များသည် အနည်းငယ် ထူးဆန်းနေပြီး အလွန် ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ရှိ၏။
“စိတ်မကောင်းပါဘူး။ ကျွန်မက ရှင်တွေ့ချင်တဲ့လူ မဟုတ်ခဲ့ဘူး။ ကျွန်မရဲ့ အသွင်အပြင်က ရှင့်ကို စိတ်ပျက်စေခဲ့ပုံပဲ။”
“တောင်းပန်ရမှာက ကျုပ်ပါ။ ကျုပ်ကြောင့် မင်းရဲ့ ကံကြမ္မာက အလဟသ ဖြစ်ခဲ့ရတယ်။ ဘေးဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။”
ရှစ်ချင်းချင်းသည် အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ရှင်သာမရှိရင် ကျွန်မ မိသားစု တစ်ခုလုံး အရိုးစုတွေ ဖြစ်ကုန်လောက်ပြီ။ ရှင်နဲ့ အဆက်အစပ် နည်းနည်းရှိလို့ ကျွန်မ မိသားစု တစ်ခုလုံး ရေခဲ ရိုက်ခံထားရပေမဲ့ အနည်းဆုံးတော့ အသက်ရှင်နေကြသေးတာပဲ။”
ကြည့်ရသည်မှာ ရှမ့်လန်နှင့် ပတ်သက်သူအားလုံး ရေခဲရိုက်ခံထားရပြီး ထာဝရ အိပ်စက်ခြင်းသို့ ရောက်ရှိနေကြပုံပေါ်၏။
ရှမ့်လန်သည် ရှစ်ချင်းချင်း၏ လက်ကို ကိုင်ပြီး ရေခဲ ခေါင်းတလား အတွင်းမှ ထွက်ခွာစေလိုက်သည်။ သို့သော်ငြား ရှစ်ချင်းချင်း၏ ခန္ဓာကိုယ်သည် ယာယီ မလှုပ်ရှားနိုင် ဖြစ်နေ၏။ အကြောင်းမှာ သူမ ရေခဲ ရိုက်ခံထားရသည်မှာ ကြာလွန်းသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေသောကြောင့် ဖြစ်သည်။
ရှမ့်လန်သည် လက်ဝါးဖြင့် ဖြည်းညင်းစွာ ပွတ်သပ်ပေးလိုက်ရာ ရှစ်ချင်းချင်းသည် ချက်ချင်းပဲ နွေးထွေးမှု ပြန်ရလာပြီး လှုပ်ရှားနိုင်လာခဲ့သည်။ သူမသည် ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားရောက်ကာ အပြင်ကို လှမ်းကြည့်လိုက်ပြီး လုံးဝ မိန်းမောသွားခဲ့၏။
“လှလိုက်တဲ့ မြို့တော်ကြီးပဲ...” ဤကဲ့သို့သော မြို့တော်မျိုးသည် သူမ၏ မျက်လုံးများကို အမှန်တကယ် လောဘတက်စေခဲ့၏။ အရာအားလုံးက လှပလွန်းနေသည်။ သူမ နာရီဝက်လောက် စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့သည်။
“ဒီမြို့က ပိုကောင်းတယ် ထင်လား။ ဒါမှမဟုတ် လွန်ခဲ့တဲ့ နှစ် ၃၀ က မြို့က ပိုကောင်းတယ် ထင်လား။”
“ဒါပေါ့... အခုက ပိုကောင်းတာပေါ့။”
“လွန်ခဲ့တဲ့ ၃၅ နှစ်တုန်းက ရွှမ်ဝူမြို့ကို မလွမ်းဘူးလား။”
“လွမ်းတာပေါ့။ ဒါပေမဲ့ ဒီအကြောင်းပြချက်နဲ့ ပိုကောင်းတဲ့ အရာကို ငြင်းပယ်ချင်လို့လား။”
“ရေခဲ ရိုက်ခံထားရတဲ့ နှစ် ၃၀ ကျော်မှာ မင်း ဘယ်လို နေခဲ့သလဲ။”
“တခြားလူတွေကိုတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မကတော့ အိပ်ပျော်သွားသလိုပဲ။ ဒါပေမဲ့ အချိန် ကုန်ဆုံးတာကို ခံစားမိနေတယ်။ ကျွန်မ စိတ်က အိပ်မက်တစ်ခုပြီး တစ်ခု မက်နေခဲ့ပေမဲ့ နိုးထလို့ မရဘူး။ ခန္ဓာကိုယ် ပျောက်ဆုံးသွားသလို၊ အိပ်မက်ဆိုးတစ်ခုထဲ ပိတ်မိနေသလို၊ ရုန်းထွက်လို့ မရသလို ခံစားခဲ့ရတယ်။”
‘တကယ်ပဲ။ ဒီလို ဖြစ်နေခဲ့တာလား။’
ရှစ်ချင်းချင်းက ထပ်ပြောလိုက်၏။ “ရှမ့်လန်... ကျွန်မ ထပ်ပြီး တောင်းပန်ပါတယ်။ ကျင်းမူလန် သူတို့ဆီ မရှိလို့ ကျွန်မကို ပြန်ပို့ပေးလိုက်တာနေမယ်။ စိတ်မကောင်းပါဘူး။ ကျွန်မ ရှင့်ကို စိတ်ပျက်စေမိပြီ။”
“အဲဒီလို မပြောပါနဲ့။”
“ကျွန်မ နိုးလာတာ မကြာသေးတော့ သိပ်အများကြီး မကြားလိုက်ရပေမဲ့ ရှင် မကြာခင် နောက်ဆုံးတိုက်ပွဲ သွားတော့မယ် မဟုတ်လား။”
“ဟုတ်တယ်။”
“ပြီးတော့ နောက်ဆုံးတိုက်ပွဲရဲ့ ပြိုင်ဘက်က ဒီလောကကြီးကို ဖျက်ဆီးခဲ့တဲ့ တရားခံ မဟုတ်လား။ သူက အရမ်းအားကောင်းလား။”
“သူက လောကတစ်ဝက်ရဲ့စွမ်းအားကို ထိန်းချုပ်ထားပြီး ကျုပ်ထက် အဆပေါင်း တစ်သန်းလောက် ပိုသန်မာတယ်။”
“ဒါဆို ဒီ နောက်ဆုံးတိုက်ပွဲက အဆိုးမြင်စရာ ကောင်းနေတာပေါ့။”
နောက်ဆုံးတွင် သူမသည် စာကြည့်တိုက်ထဲသို့ ပြန်လာကာ ထိုင်လိုက်သည်။
“ရှမ့်လန်... ရှင် မှတ်မိသေးလား။ လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ကျွန်မ ရောဂါဆိုးကြီးဖြစ်ပြီး သေတော့မလို ဖြစ်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့ ရှင်လိုအသုံးမကျတဲ့လူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပြီး လက်ထပ် လိုက်ရတယ်။ နောက်ဆုံးတော့ ကျွန်မ တကယ် ပြန်ကောင်းလာခဲ့တယ်။ ဘာကြောင့့်လို့ ထင်လဲ။”
ရှမ့်လန် ဘယ်လိုလုပ် သိမည်နည်း။ ဤအရာက သူ ကူးပြောင်းမလာခင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး ရှစ်ချင်းချင်း သေခြင်း၊ ရှင်ခြင်းကို သူ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့တာကြောင့် အထူးတလည် လိုက်စုံစမ်းမနေခဲ့ပေ။
“ဘာပဲဖြစ်ဖြစ် ရှင့်ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်လိုက်တာက အသုံးဝင်ခဲ့ပုံရတယ်။ နောက်ထပ် ဆယ်ရက်လောက်ကြာရင် ရှင် အဲဒီနတ်ဆိုးနဲ့ နောက်ဆုံးတိုက်ပွဲ တိုက်ရတော့မယ်။ ကြည့်ရတာ အသက်ရှင်ဖို့ အခွင့်အလမ်း မရှိသလောက်ပဲ။”
‘မင်း ဒီလောက်ကြီး ပြောနေစရာမလိုပါဘူး။ စကားကောင်းလေးဘာလေး ပြောပါလား။’
“ကျွန်မက ရှင့်မျက်လုံးထဲမှာတော့ အရေးမပါပါဘူး။ တစ်ချိန်က ရှင်လိုအသုံးမကျတဲ့လူက ကျွန်မ မျက်လုံးထဲမှာ အရေးမပါသလိုပေါ့။ ဒါပေမဲ့ ကျွန်မ ရှင့်ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်လိုက်ပြီးနောက် ကျွန်မ တကယ် ပြန်ကောင်းလာခဲ့တယ်။”
“ဒါဆို အခု ကျွန်မ ရှင့်ကိုကူညီပေးရင် ဘယ်လိုလဲ။ နိမိတ် နည်းနည်း ပိုကောင်းရုံလေး ဆိုရင်တောင်၊ ကျွန်မရဲ့ အကူအညီ နည်းနည်းလေးနဲ့ ရှင် နောက်ဆုံးတိုက်ပွဲကနေ အသက်ရှင်လျက် ပြန်လာနိုင်မလား။” စကားပြောရင်း ရှစ်ချင်းချင်း၏ မျက်ရည်များ ကျဆင်းလာခဲ့သည်။
“ဒီလို လုပ်စရာ မလိုပါဘူး။”
“လုပ်ရမယ်။ မရဘူး .... ရှင် လုပ်ရမယ်။” ရှစ်ချင်းချင်းက အကျယ်ကြီး အော်ပြောလိုက်၏။
ထို့နောက် သူမသည် ရှမ့်လန်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “မင်္ဂလာဆောင်တာက ကံဆိုးတာတွေကို လျှော့ချရာမှာ အရမ်း ထိရောက်တယ်။ တကယ့် ဆက်ဆံရေး ရှိစရာ မလိုပါဘူး။ ရိုးရှင်းတဲ့ အခမ်းအနားလေး ဆိုရင် လုံလောက်ပါပြီ။”
အနည်းဆုံး ဤအချိန်၌ ရှစ်ချင်းချင်း၏မျက်လုံးနှင့် အမူအရာက သိသိသာသာ ပုံမှန် မဟုတ်တာ သေချာနေသည်။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက မတည်ငြိမ်ပေ။ သို့သော်ငြား ထိုအရာက ပုံမှန်ပင်။ အဘယ်ကြောင့်ဆိုသော် သူမက ရေခဲ ရိုက်ခံထားရသည့် အိပ်စက်ခြင်းထဲ၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အိပ်မက်ဆိုးများ၏ နှိပ်စက်မှုကို ခံစားခဲ့ရသောကြောင့်ပင်။
“ကျွန်မမှာ ရှင့်ကို ကူညီခွင့်တောင် မရှိတော့ဘူးလား။ ရှင် ကျွန်မကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ပြီး ကူညီခဲ့ဖူးတယ်။ အခု ကျွန်မ ရှင့်ကို ပြန်ကူညီမယ်။ ဒါ အရမ်း တရားမျှတတယ် မဟုတ်လား။ တကယ်လို့ အလုပ်ဖြစ်ခဲ့ရင်၊ နောက်ဆုံးတိုက်ပွဲကနေ ရှင်အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ရင် ကျွန်မကို ကွာရှင်းလို့ ရပါတယ်။”
ရှမ့်လန် မျက်လုံးများကို မှိတ်ပြီး ရှစ်ချင်းချင်း၏ ဝိညာဉ်ကို အာရုံခံလိုက်သည်။ အမှန်တကယ်ပင် သူမ၏ စိတ်ဝိညာဉ်သည် အပိုင်းပိုင်းအစစ ကွဲအက်ကြေမွနေခဲ့ပြီ ဖြစ်သည်။ ရှမ့်လန်သည် သူမ၏ ဦးနှောက် အာရုံထဲသို့ နောက်တစ်ကြိမ် နက်ရှိုင်းစွာ ဝင်ရောက်သွားသည့်အခါ ရေတွက်၍ မကုန်နိုင်သော အိပ်မက်ဆိုး များကို ချက်ချင်းပဲ ခံစားလိုက်ရသည်။ ထိုအိပ်မက်ဆိုးများသည် သူမ၏စိတ်အာရုံ၌ ဒဏ်ရာ အမာရွတ်များအဖြစ် ပြည့်နှက်နေစေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်ကြာ အေးခဲအိပ်စက်ခြင်းကာလအတွင်း သူမသည် အနည်းဆုံး အိပ်မက်ဆိုးပေါင်း သောင်းချီ၍ မက်ခဲ့ပေလိမ့်မည်။ ယခုအချိန်တွင် သူမသည် စိတ်ဝိညာဉ် ပြိုလဲ ပျက်စီးရန် နှင့် လုံးဝ ရူးသွပ်သွားရန် ခြေတစ်လှမ်းဝက်အလိုသို့ပင် ရောက်ရှိခဲ့၏။
အပြင်ပန်းတွင် အကောင်းပကတိအတိုင်း ရှိနေသော်လည်း အတွင်း၌မူ အက်ကြောင်းများ ထောင်သောင်းချီ ဖြစ်ပေါ်နေသည့် ရတနာတစ်ခုကဲ့သို့ပင်။ အနည်းငယ်မျှ ထိခိုက်လိုက်ရုံဖြင့် တစ်စစီ ကြေမွသွားနိုင်သည့် အနေအထား ဖြစ်သည်။
ရှမ့်လန်သည် သူမအား ဤကိစ္စရပ်များထဲသို့ ဆွဲထည့်မိသကဲ့သို့ ဖြစ်ခဲ့ရပြီး ဘဝပေါင်းများစွာ နာကျင် ခံစားစေခဲ့မိသည်။ သူသည် ရှေ့သို့ တိုးလိုက်ပြီး ရှစ်ချင်းချင်း၏ ဦးခေါင်းပေါ်သို့ လက်တင်ကာ နွေးထွေး၍ ညင်သာသော စွမ်းအင်များကို ဖြည်းညင်းစွာ ထုတ်လွှတ်ပေးလိုက်သည်။ သူသည် ရှစ်ချင်းချင်း စိတ်ငြိမ်သက်သွားစေရန်နှင့် သူမ၏ စိတ်အာရုံထဲရှိ ဒဏ်ရာအနာတရပေါင်းများစွာကို ကုသပေးရန် ကြိုးပမ်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မင်း ကောင်းကောင်း အိပ်ပျော်ဖို့ လိုတယ်။ အေးခဲအိပ်စက်ခြင်းမျိုး မဟုတ်ဘဲ သဘာဝအတိုင်း အိပ်စက်ခြင်းမျိုးပေါ့။ အိပ်မက်တွေ ရှိချင်ရှိလာလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက အိပ်မက် လှလှလေးတွေ ဖြစ်မှာပါ။”
ရှမ့်လန်က ဆက်ပြောလိုက်၏။ “မင်း နိုးလာတဲ့အခါ ကျုပ် မင်းကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ပြီး မင်္ဂလာပွဲ ကျင်းပပေးမယ်။”
ရှစ်ချင်းချင်းက တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “မဟုတ်ဘူး။ ဒါက ရှင်ပျော်ရွှင်ဖို့အတွက်... ရှင် ပျော်ရွှင်ဖို့အတွက်ပါ။”
သူမက ဆက်ပြောလိုက်၏။ “ကျွန်မက ရှင့်ရဲ့ ပျော်ရွှင်မှုကို မြှင့်တင်ပေးမှာပါ။ နောက်ဆုံးတိုက်ပွဲပြီးရင် ရှင် အသက်ရှင်လျက် ပြန်လာနိုင်ကောင်း ပြန်လာနိုင်လိမ့်မယ်။ ဒီလိုကိစ္စမျိုးက အရမ်းဆန်းကြယ်ပေမဲ့ တစ်ခါတလေကျတော့လည်း လူတွေက ယုံကြည်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူးလေ။”
ရှမ့်လန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ မင်း သဘောကျမယ်ဆိုရင် ဒါကို ပျော်ရွှင်မှုလို့ပဲ မှတ်ယူ လိုက်ကြတာပေါ့။ ကဲ... အခုတော့ ကောင်းကောင်း အိပ်လိုက်တော့နော်။”
ရှစ်ချင်းချင်းသည် ရှမ့်လန်အား ခေတ္တမျှ စိုက်ကြည့်နေခဲ့၏။ သူမသည် တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း မပြောဖြစ်ခဲ့ပေ။ ထို့နောက် သူမသည် စာကြည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ခွေခွေလေး လှဲလျောင်းရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် သဘာဝအတိုင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။
သူမသည် ဆယ်စုနှစ်များစွာကြာအောင် အိပ်စက်ခဲ့ရသော်လည်း ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် စစ်မှန်စွာ အိပ်ပျော်သွားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။ ရှမ့်လန်သည် သူ၏သမီးဖြစ်သူ ရှမ့်မီတွင် ထိုကဲ့သို့သော အတွေ့အကြုံဆိုးမျိုး မရှိခဲ့သည့်အတွက် အလွန်တရာ ဝမ်းမြောက်မိသည်။ ရှမ့်မီသည် ရှစ်ချင်းချင်း လောက် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိမည် မဟုတ်ပေ။
... ...
ရှစ်ချင်းချင်းသည် ငါးရက်နှင့် ငါးညတိတိ အိပ်စက်ခဲ့သည်။ သူမ နိုးလာပြီးသည့်နောက် ရှမ့်လန်သည် သူမအား အမှန်တကယ်ပင် မင်္ဂလာပွဲ ကျင်းပပေးခဲ့သည်။ ရိုးရှင်းသော်လည်း ခမ်းနားလေးနက်ပြီး ပျော်ရွှင်ဖွယ်ရာကောင်းသော အခမ်းအနားတစ်ခု ဖြစ်ခဲ့သည်။
တော်ဝင်ချန်အင်ပါယာ၏ အရှင်သခင်သည် ရှစ်ချင်းချင်းအား ကိုယ်လုပ်တော်အဖြစ် တရားဝင် လက်ထပ် ပေါင်းသင်းခဲ့၏။
***