ယွင်ဟယ်ဂိုဏ်းသည် ဤဒေသတစ်ဝိုက်၌ ကာလရှည်ကြာစွာလွှမ်းမိုးခြယ်လှယ်လာခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည့်အားလျော်စွာ၊ ဒေသခံ ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်နေခဲ့လေပြီ။ ဂိုဏ်းစတင်တည်ထောင်ချိန်မှစ၍ ယနေ့တိုင် အစွမ်းထက်မြက်သော ကျင့်ကြံသူတစ်ဦးအဖြစ် ရပ်တည်လာခဲ့သော ဂိုဏ်းချုပ်ကြီးအကြောင်းကိုကားဆိုဘွယ်ရာပင် မရှိတော့ချေ။
သူ၏ မြင့်မြတ်လှသော အဆင့်အတန်း ဂုဏ်ပုဒ်မှာ အထူးတလည် ပြောဆိုနေရန်ပင် မလိုအပ်တော့ပေ။
သို့ရာတွင်၊ ဤအကြောင်းရင်းကြောင့်ပင်လျှင်၊ နှစ်ပေါင်းတစ်သိန်းတိုင်တိုင် ရှုပ်ထွေးကြမ်းတမ်းလှသော အစုလိုက်အပြုံလိုက်သတ်ဖြတ်ပွဲကြီးများမှ အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူများအနက်၊ အများစုမှာ တစ်ချိန်မဟုတ် တစ်ချိန်က ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူကြီး၏ ကျေးဇူးတော်ကို ခံစားခဲ့ရဖူးသူများချည်းသာ ဖြစ်လေသည်။
"ယဉ်ကျေးပျူငှာနေဖို့ မလိုပါဘူး၊ လူ့အသက်ကယ်ဖို့က အရေးကြီးပါတယ်။"
ယွင်ဟယ် ဂိုဏ်းချုပ်ကြီးသည် သူ၏ ဝတ်ရုံလက်ကို ညင်သာစွာဝှေ့ယမ်းလိုက်ပြီး နတ်သမီး ကျသ်လန်၏ အရိုအသေပေးမှုကို တားဆီးလိုက်ကာ၊ ရွယ်တူတန်းတူတစ်ဦးအားပေးသော ဂါရဝမျိုးဖြင့် ပြန်လည် နှုတ်ခွန်းဆက်သလိုက်လေသည်။
မိမိ ကြီးကြပ်အုပ်ချုပ်ရသော နယ်မြေအတွင်း၌ အရှေ့ပိုင်း နဂါးနန်းတော်မှ မိတ်ဆွေများ ဒုက္ခနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို ယွင်ဟယ်ဂိုဏ်းအနေဖြင့်ကြိုတင် သိရှိမနေခဲ့ခြင်းမှာ အလွန်ပင် ရှက်ရွံ့ဖွယ် ကောင်းလှ၏။
တိမ်တိုက်များအထက်ရှိ များပြားလှစွာသော ကျင့်ကြံသူအပေါင်းတို့သည် ဟုန်ကျယ်မှ နာမည်ကျော် နတ်သမီး ကျစ်လန်အား မြင်တွေ့လိုက်ရသောအခါ၊ သူမ၏ နတ်သမီးတစ်ပါးပမာ လှပယဉ်ကျေးလှသောရုပ်ဆင်းအင်္ဂါကြောင့် ဆွဲဆောင်ခံလိုက်ရသကဲ့သို့၊ တစ်ဦးချင်းစီ၏ မျက်နှာထက်တွင်လည်း ရှက်ရွံ့မှုအရိပ်အယောင်များ အသီးသီး ပေါ်လွင်နေကြလေသည်။
အနီရောင်မေပယ်တောင်ကြား ကဲ့သို့သော လက်အောက်ခံအင်အားစု တစ်ခုသည်ပင်လျှင်၊ ကယ်တင်ရှင်အဖြစ်ပြင်ပလူဖြစ်သော နတ်သမီး ကျစ်လန်အပေါ်တွင် မှီခိုအားထားနေရလေသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရယ်စရာပင် ကောင်းနေတော့သည်။
"စီနီယာ၊ ကျွန်မရဲ့ ဒီတာအိုမိတ်ဆွေက သူ့ဘာသာသူ ပြန်ရောက်လာခဲ့ပါပြီရှင်။"
နတ်သမီး ကျစ်လန်သည် အကူအညီမဲ့စွာ ပြုံးလိုက်ပြီး၊ သူမ၏ နွေးထွေးသော အသံလေးဖြင့် လူတိုင်း၏ စိုးရိမ်ပူပန်မှုများကို ညင်သာစွာ ပြေလျော့သွားစေခဲ့၏။
ထိုစကားကို ကြားလိုက်ရသောအခါ၊ ယွင်ဟယ် ဂိုဏ်းချုပ်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားပြီး "စာထဲမှာတော့ တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ နီးစပ်နေတဲ့ နတ်ဆိုးကြီးတစ်ကောင်လို့ ပါတယ်လို့ပြေသလိုပဲ။" ဟု ဆိုလေသည်။
နတ်သမီး ကျစ်လန်က ရှန်းယီကို ဘေးတိုက် စောင်းငဲ့ကြည့်လိုက်ပြီး တိတ်ဆိတ်သွားလေ၏။
အကယ်၍ သူက စကားပြောရန် ငြင်းဆန်နေပါက၊ အခြေအနေအရပ်ရပ်ကို သူမ မည်သို့ သိရှိနိုင်မည်နည်း။
သူမ ကိုယ်တိုင် ကိုယ်ကျကြုံတွေ့ခဲ့ရသော နတ်ဆိုးကြီး၏ စွမ်းအားမှာ အတုအယောင် မဟုတ်၊ အစစ်အမှန်ပင်။ မြောက်ပိုင်း ဟုန်ကျယ်မှ ထင်ရှားကျော်ကြားသော မိသားစု၏ မျိုးဆက်သစ်ဖြစ်သူ ယွဲ့ထျန်းရှဲ့ကဲ့သို့ ကြီးမားလှသော ပါရမီနှင့် မြင့်မြတ်သော သွေးမျိုးဆက်ရှိသူပင်လျှင် အနာတရကင်းစွာဖြင့် ပြန်လည်ရောက်ရှိလာနိုင်ရန် အကြောင်းမရှိချေ။
နတ်သမီး၏ အကြည့်များနောက်သို့ လိုက်ကာ၊ တိမ်တိုက်များအတွင်းပြည့်နှက်နေသော ပုံရိပ်များ အားလုံးသည် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသောထိုလူငယ်လေးဆီသို့ အကြည့်များကို ပြောင်းလဲသွားကြလေသည်။
သူ၏ နုပျိုမှုကို မြင်တွေ့လိုက်ရသောအခါ အကြီးအကဲများနှင့် တိုက်ရိုက်တပည့်များ၏ မျက်နှာအမူအရာများမှာ မသိမသာပြောင်းလဲသွားကြ၏။
"ခင်ဗျား အဲဒါကို ယုံလား။" လော့ချန်ချွန်းက သူ၏ဘေးရှိ လူတစ်ဦးအားတိုးညှင်းသော အသံဖြင့် မေးလိုက်လေသည်။
ယွင်ဟယ်ဂိုဏ်း၏ တာအိုကလေးငယ် တစ်ဦးအနေဖြင့်၊ သူ၏ စွမ်းအားမှာ လူငယ်ကျင့်ကြံသူများအကြားအမြင့်ဆုံး ထိပ်တန်းအဆင့်တွင် မရှိသော်ငြားလည်း၊ ပထမတန်းစားအဆင့်တွင်တော့ သေချာပေါက် ရှိနေလေသည်။ သို့တိုင်အောင် တာအိုပေါင်းစည်းခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော နတ်ဆိုးကြီးတစ်ကောင်ထံမှ လွတ်မြောက်လာနိုင်ရန်ဆိုသည်မှာ သူ စိတ်ကူးကြည့်ရန်ပင် မဝံ့ရဲသောအရာ ဖြစ်နေလေသည်။
ရုတ်တရက်ဆိုသလိုပင်၊ သူ မျှော်လင့်မထားသော အဖြေတစ်ခုကို ရရှိလိုက်လေ၏။
"ကျွန်မ... ယုံတယ်။"
လော့ချန်ချွန်းသည် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ၊ လင်းယောင်သည် အနက်ရောင်ဝတ်ရုံလူငယ်လေးအား ထူးဆန်းသော အမူအရာဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
"ဘာမှ မဟုတ်ပါဘူး။" သူမ၏ သတိလွတ်သွားမှုကို သိရှိသွားသည့်အလား၊ လင်းယောင်သည် ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး ထိုအကြောင်းအရာကို ရှောင်လွှဲသွား၏။
ဤနေရာသို့ မရောက်လာမီက၊ သူမသည် အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။
အချိန်အတော်ကြာအောင် အားထုတ်ခဲ့ရပြီးမှ၊ တောင်ပိုင်း ဟုန်ကျယ်၏ သားတော်ခုနစ်ပါးအား ထောက်ခံပေးရန် ယွင်ဟယ်ဂိုဏ်းကို သူမ မနည်း ဖျောင်းဖျခဲ့ရသည်။
သို့ရာတွင် အရှေ့ပိုင်းနဂါးနန်းတော်သည် ရုတ်တရက်မမျှော်လင့်ဘဲ ဇာတ်ခုံပေါ်သို့ ရောက်ရှိလာခဲ့လေ၏။
အရှေ့ပိုင်း ဟုန်ကျယ်၏ ကြီးမားကျယ်ပြန့်လှသော လွှမ်းမိုးနိုင်စွမ်းနှင့် နှိုင်းယှဉ်လိုက်လျှင်၊ တောင်ပိုင်းဟုန်ကျယ်မှ သားတော်ခုနစ်ပါး၏ ဂုဏ်သတင်းမှာများစွာ မှေးမှိန်သွားခဲ့ရလေသည်။
သို့ရာတွင် ယခုအခါ၌မူ၊ သူမ၏ အမြင်များ ပြောင်းလဲသွားခဲ့လေပြီဖြစ်၏။
အောက်ဘက်ရှိ ရင်းနှီးကျွမ်းဝင်နေသော ခန့်ညားလှသည့်မျက်နှာနှင့် သူ၏ တည်ငြိမ်လှသော ကိုယ်နေဟန်ထားတို့ကို ကြည့်လိုက်လျှင် နန်ယန်၏ ဂိုဏ်းချုပ်ကြီးမှလွဲ၍ အခြား မည်သူ ဖြစ်နိုင်ဦးမည်နည်း။
အရှေ့ပိုင်း နဂါးနန်းတော်မှ မိတ်ဆွေဆိုသည်မှာ ဂိုဏ်းချုပ်ကြီးရှန်းအပြင် အခြားမရှိချေ။ သူမ နားမလည်နိုင်သည့် အချက်မှာ၊ တောင်ပိုင်း ဟုန်ကျယ်မှ ပထမဆုံးအကြိမ်ထွက်ခွာလာခဲ့သော ဂိုဏ်းချုပ်ရှန်းသည် အရှေ့ပိုင်း ဟုန်ကျယ်၏ အရှင်သခင်နှင့် မည်သို့မည်ပုံ ပတ်သက်ဆက်နွှယ်သွားခဲ့သနည်း ဆိုသည်ကိုပင် ဖြစ်လေသည်။
"ဘယ်လိုပဲဆိုပါစေ၊ သူ ပြန်ရောက်လာတာဟာ အမြဲတမ်း ကောင်းတဲ့ကိစ္စပါပဲ။"
ယွင်ဟယ် ဂိုဏ်းချုပ်ကြီးသည် ခေါင်းခါယမ်းလိုက်လေ၏။ အပြင်လောကသို့ ထွက်ခွာစွန့်စားရဲသော ကျင့်ကြံသူတိုင်းတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်မည့် ကိုယ်ပိုင်လျှို့ဝှက်နည်းလမ်းများ ရှိကြစမြဲပင် ဖြစ်ကြောင်း သူ သိရှိထားလေသည်။
ထိုသို့ ပြောဆိုပြီးနောက်၊ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပိုမို လေးနက်သွားပြီး "ဒါပေမဲ့၊ နတ်သမီးရဲ့ စာထဲမှာ နတ်ဆိုးတစ်ခန်းမအကြောင်းကို ထည့်သွင်းပြောဆိုထားတယ်။ တိုက်ဆိုင်စွာနဲ့ပဲ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က သတင်းစကား တစ်ခုကို ကျုပ်ကြားဖြတ်ဖမ်းယူရရှိခဲ့တယ်။ အဲဒီသတင်းရဲ့ မူလအရင်းအမြစ်ကို ခြေရာခံကြည့်လိုက်တဲ့အခါ တောင်ပိုင်း ဟုန်ကျယ်ကနေ လာတာ ဖြစ်နေတယ်။အဲဒီကိစ္စ နှစ်ခုကြားမှာ ဆက်စပ်မှု တစ်ခုခုများ ရှိနေမလားလို့ ကျုပ် စဉ်းစားနေမိတယ်။" ဟု ဆိုလေသည်။
ယွင်ဟယ် ဂိုဏ်းချုပ်ကြီးသည် သူ၏ ဝတ်ရုံလက်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာဖြန့်လိုက်ပြီး၊ နတ်သမီး ကျစ်လန်ထံသို့ ကမ်းပေးလိုက်လေသည်။
စာထဲတွင် စကားလုံး နှစ်လုံးတည်းသာ ပါရှိလေ၏။
"အမြန် လာခဲ့။"
လက်ရေးစာသား၏ အဆုံးတွင်ကား လျှို့ဝှက်ဆန်းကြယ်သောသင်္ကေတတစ်ခု ရှိနေပြီး၊ တောက်ပသောအလင်းရောင်များဖြင့်မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။
နတ်သမီး ကျစ်လန်သည် မျက်မှောင်ကြုတ်ကာ ယင်းကို ခေတ္တမျှကြည့်ရှုလိုက်သော်လည်း၊ သူမအတွက်အဖြေတစ်ခုမျှ ထွက်ပေါ်မလာခဲ့ချေ။
ထိုခဏတွင်၊ အစဉ်အမြဲ တိတ်ဆိတ်နေတတ်သော ရှန်းယီသည် နောက်ဆုံးတွင် သူ၏ လက်ကို ဆန့်တန်းလိုက်ပြီး "ကျွန်တော် တစ်ချက်လောက် ကြည့်လို့ ရမလား။" ဟု မေးလိုက်လေသည်။
"ဒီအရာနဲ့ တာအိုမိတ်ဆွေ ရှန်းက ရင်းနှီးနေလို့လား။" ကျစ်လန်သည် အံ့အားသင့်သွားပြီး၊ စာကို သူ့ထံသို့ ကမ်းပေးလိုက်လေ၏။ ခေတ္တမျှကြာပြီးနောက်၊ သူမက စူးစမ်းလိုစိတ်ဖြင့် "အဲဒါက ဘာအဓိပ္ပာယ်လဲဟင်။" ဟု မေးလိုက်သည်။
"ကျွန်တော်လည်း သေချာတော့ မသိဘူး။" ရှန်းယီ၏ အကြည့်များမှာ အနည်းငယ်အေးစက်သွားသော်လည်း၊ သူ၏ အမူအရာမှာမူ ပုံမှန်အတိုင်းပင် ဖြစ်နေလေသည်။
သူသည် စာကို သူမထံ ပြန်ပေးလိုက်ပြီးနောက်၊ ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း "ကျွန်တော့်မှာ အရေးတကြီး ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့၊ အခုပဲ ခွင့်ပြုပါဦး။" ဟု ဆိုလေသည်။
ထိုသို့ပြောဆိုပြီးသည်နှင့်၊ သူသည် လှည့်ထွက်သွားကာ ခရမ်းဖြူရောင်ရောယှက်နေသော သက်တံ့ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက်၊ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
"..."
နတ်သမီး ကျစ်လန်၏ မျက်နှာမှာ အနည်းငယ်အေးခဲသွားပြီး၊ နောက်ဆုံးတွင် သူမသည် ခြေဆောင့်မချဘဲ မနေနိုင်တော့ချေ။ စိတ်အနှောင့်အယှက်ဖြစ်မှုကြောင့် ရယ်ပင် ရယ်ချင်သွားကာ "ဒီလူထူးဆန်းကတော့လေ၊ သူ့ပါးစပ်က ထွက်သမျှ အမှန်တစ်ခွန်းမှမပါဘူး။ တစ်ယောက်ယောက်ကများ သူ့ကိုလိုက်ဖမ်းနေတဲ့ အတိုင်းပဲ။" ဟု ဆိုလေသည်။
"ထွက်သွားတာပဲ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါက သူ့ကို ဘယ်တုန်းကမှမယုံကြည်ခဲ့တာ။" ယွဲ့ထျန်းရှဲ့က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
တိမ်တိုက်များ အထက်တွင်မူ၊ လင်းယောင်၏ မျက်နှာအမူအရာမှာ ရုတ်တရက်များစွာ ပိုမို လေးနက်တည်ကြည်သွားလေသည်။
တောင်ပိုင်း ဟုန်ကျယ်ထံမှ စာနှင့်အတူ ဂိုဏ်းချုပ်ရှန်း၏ ပြတ်သားသော ထွက်ခွာသွားမှုတို့ကို ပေါင်းစပ် စဉ်းစားကြည့်လိုက်လျှင်၊ နေရပ်တွင် တစ်စုံတစ်ခုသော ကိစ္စရပ်များ ဖြစ်ပွားနေခဲ့ပြီလော။
ထိုစဉ်မှာပင်၊ လော့ချန်ချွန်း၏ အနည်းငယ် ထစ်ငေါ့နေသောအသံက သူမ၏ တွေးတောနေမှုများကို ဖြတ်တောက်လိုက်လေ၏။ "ခင်ဗျား အဲဒါကို ခံစားမိလိုက်လား..."
"ဘာကိုလဲ။" လင်းယောင်သည် သူမ၏ အကြည့်များကို သူ၏ဆီသို့ လှည့်လိုက်လေသည်။
လော့ချန်ချွန်းသည် ခြောက်ကပ်နေသော သူ၏ လည်ချောင်းကို မျိုချလိုက်၏။
သခင်မလေးလင်းသည် ထိုလူငယ်လေးအား စောင့်ကြည့်နေခဲ့သောကြောင့် သူ အနည်းငယ် မနာလို ဖြစ်နေခဲ့မိသည်။ ထို့ကြောင့်ပင် သူသည် ထိုလူငယ်လေးအပေါ်အနည်းငယ် ပို၍ အာရုံစိုက်ထားမိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း၊ ရှန်းယီ လှည့်ထွက်သွားချိန်တွင်၊ သူ၏ မျက်လုံးများအတွင်းရှိ အေးစက်မှုနှင့် ပြင်းထန်လှသောရင်းနှီးကျွမ်းဝင်မှု အငွေ့အသက်များကို ထုတ်လွှင့်နေသည့် အရပ်ရှည်ရှည်ပုံရိပ်ကြီးကို သူ သတိထားမိလိုက်လေသည်။
"ခုနက လူက နဂါးကြင်ယာတော်ရဲ့ မွေးနေ့ပွဲမှာ ငါတို့ တွေ့ခဲ့တဲ့သူနဲ့ မတူဘူးလား။"
လင်းယောင်သည် ကောင်းကင်ယံသို့ ငေးမောကြည့်နေမိ၏။ မည်သည့် အမှတ်အသားမျှ မပါရှိသော ထိုအနက်ရောင်ဝတ်ရုံများမှာ တွေ့ရများသော်လည်း၊ ဤမျှအစွမ်းထက်ပြီး လွတ်လပ်ပေါ့ပါးနေသူမျိုးမှာ... ထိုမျှလောက် များပြားပုံ မရချေ။
အထူးသဖြင့်၊ ထိုလူ ဝင်ရောက်စွက်ဖက်ခဲ့သော အချိန်မှာ၊ သူမသည် နှင်းကျားနှင့် ရင်ဆိုင်နေရချိန် အတိအကျပင် ဖြစ်နေခဲ့သောကြောင့်တည်း။
ဂိုဏ်းချုပ်ကြီးရှန်းသည် သူတို့ကို အချိန်တောက်လျှောက် လျှို့ဝှက်စွာ ကာကွယ်ပေးနေခဲ့သည်လော။
"တကယ်လို့ အဲဒါက အစစ်အမှန်သူသာဖြစ်ခဲ့မယ်ဆိုရင်၊ တာအိုပေါင်းစည်းအဆင့် နတ်ဆိုးကြီး တစ်ကောင်ရဲ့လက်သည်းတွေကြားကနေ သူ လွတ်မြောက်လာနိုင်တယ်ဆိုတာကို ကျုပ်ယုံကြည်ပါတယ်။"
လူတိုင်း ဤမျှရဲတင်းရဲမည် မဟုတ်ကြောင်းကို သိရှိထားသော လော့ချန်ချွန်းသည် ခါးသီးစွာ ရယ်မောလိုက်လေတော့သည်။
***