ဟုန်ကျယ်ကို တစ်ချိန်က စိုးမိုးခဲ့ဖူးသော အတိတ်ကမာနထောင်လွှားလှသည့် ပုဂ္ဂိုလ်သည် ယခုကဲ့သို့ ရယ်စရာကောင်းပြီးကိုးရိုးကားရားနိုင်လှသော အခြေအနေသို့ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ယွဲ့ထျန်းရှဲ့သည် သူ၏ ရယ်မောချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
ဤသည်မှာ အမှန်တကယ် ရှားပါးလှသော မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
တစ်ဖက်လူအနေဖြင့် သူ၏ အစ်ကိုဖြစ်သူ၏ ဒေါသကို အနည်းငယ်မျှပြေပျောက်စေနိုင်မည်ဆိုလျှင်ပင်၊ယင်းက သင့်လျော်သော အရာတစ်ခုဖြစ်လိမ့်မည်ဟု တွေးတောကာ သူ ခေါင်းခါလိုက်လေသည်။
သူ၏ အစ်ကိုက ထိုသူ၏ အသက်ကို ချမ်းသာပေးထားသရွေ့၊ ကျစ်လန်အား ရှင်းပြရန် သူ၏ အနေအထားက အဆင်ပြေချောမွေ့နေမည်သာ ဖြစ်ပေသည်။
ယင်းမတိုင်မီက၊ ယွဲ့ထျန်ရှဲ့တွင် ဝင်ရောက်စွက်ဖက်ရန် မည်သည့် ရည်ရွယ်ချက်မျှမရှိခဲ့ပေ။
ရွှမ်ချင်း၏ ကိစ္စကြောင့်၊ ယွဲ့မိသားစု၏ မျိုးဆက်တစ်ဆက်စာပါရမီရှင်တစ်ဦးသည် ရူးသွပ်သွားခဲ့ရပြီး ထိုနယ်ပယ်အဆင့်သို့ ရောက်ရှိနိုင်မည့် ဖြစ်နိုင်ခြေကိုပါ ဆုံးရှုံးခဲ့ရကြောင်း လူသိများလှပေသည်။
၎င်းသည် မျိုးနွယ်စုအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုပင်။
ယခုအချိန်အထိ ရွှမ်ချင်းကြောင့်ပေးဆပ်ခဲ့ရမှုများကို ထည့်သွင်းစဉ်းစားလျှင်ပင်၊ သူ့ကို လွယ်လွယ်ကူကူ လွှတ်ပေးထားသကဲ့သို့ ဖြစ်နေသေးပေသည်။
"ငါ့ရဲ့ ဆံပင်တစ်မျှင်ကလေးကိုတောင် မင်း ထိခိုက်အောင်လုပ်နိုင်တဲ့အချိန်ကြမှ သူ့ကို ငါလွှတ်ပေးမယ်။"
ထျန်းကျီသည် ရုတ်တရက် သစ်သားခန္ဓာကိုယ်ကို ဆွဲထူလိုက်ပြီး လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် တိုင်ဆီသို့ ပြန်လည်လွင့်စင်သွားစေကာ၊ သူ့ကို ဝိညာဉ်ကြိုးဖြင့် တစ်ဖန်ပြန်လည်ချည်နှောင်လိုက်၏။
မသေမျိုးဂူနှင့် ဝေးကွာသော ထောင့်တစ်နေရာတွင်
အကြီးအကဲ ရွှမ်ချင်း၏ ညွှန်ကြားချက်များအတိုင်းလိုက်နာရန်အတွက် လီချင်းဖုန်းသည် မှန်မှ အကြည့်လွှဲချင်နေသော စိတ်ဆန္ဒကို ခက်ခဲစွာ တွန်းလှန်နေခဲ့ရလေသည်။ သူသည် ထျန်းကျီ၏ ခါးရှိခေါင်းလောင်းကို အဆက်မပြတ် စောင့်ကြည့်နေရမည် ဖြစ်ပေသည်။
သို့သော်လည်း၊ အခြားသူများက သူ၏ တာအိုနာမည်အားခေါ်ဝေါ်ခြင်းကို ရွှမ်းချင်းက မုန်းတီးတတ်သောကြောင့်၊ အပေါ်ယံတွင် ထင်ရသလောက် အကြီးအကဲရွှမ်ချင်း မျှော်လင့်ချက် မမဲ့သေးကြောင်းကို နန်ယန်ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းချုပ်ရှန်းမှလွဲ၍ သူတစ်ဦးတည်းသာ သိရှိနိုင်ပေလိမ့်မည်။
ယင်းက သစ်သားခန္ဓာကိုယ်အတွင်း၌ ဖုံးကွယ်ထားသောနှလုံးသားသည် မာနတရားကို ကိန်းအောင်းထားဆဲဖြစ်ကြောင်း ဆိုလိုနေပေ၏။
ယခုအခါတွင်မူ၊ အခြားသူများကို သူ၏ မျှော်လင့်ချက် အရိပ်အယောင်မျှမပြသလိုသဖြင့်၊ အကြီးအကဲ ရွှမ်ချင်းသည် ခွေးသေတစ်ကောင်ကဲ့သို့ခြေအောက်တွင် အနင်းခံရမည့်အဖြစ်ကို ပို၍ လိုလားကာ၊ ဤမာနတရား၏ သဲလွန်စကို ဖုံးကွယ်ထားရန် သူ၏ အကောင်းဆုံးကြိုးစားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ထျန်းကျီ မြင်တွေ့ချင်သောအရာမှာ ယင်းပင် ဖြစ်တန်ရာ၏။
"ရှီး။"
ထိုအချိန်မှာပင်၊ လီချင်းဖုန်းသည် ပုန်းအောင်းနေရခြင်းမှ ရှာဖွေတွေ့ရှိခံရနိုင်သည့် အန္တရာယ်ကို ယာယီမေ့လျော့သွားပြီး အသံတစ်သံကို မထိန်းချုပ်နိုင်ဘဲ ထုတ်လွှတ်မိသွားလေသည်။
သူသည် မျက်လုံးများကို မှန်ပေါ်သို့ စူးစိုက်ကြည့်လိုက်ရာ၊မြင်ကွင်းက တဖျတ်ဖျတ်လက်သွားပြီး မသေမျိုးဂူ၏ အပြင်ဘက်သို့ ရွေ့လျားသွားသည်ကို မြင်လိုက်ရ၏။
မှန်ထဲတွင် သူ မမြင်တွေ့ချင်ဆုံးဖြစ်သော အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ဂိုဏ်းချုပ်ရှန်းက ဤအချိန်ကြီးတွင် မည်သို့လုပ် ပြန်ရောက်လာရသနည်း၊ ထို့အပြင် သူ တစ်ယောက်တည်းသာ ဖြစ်နေလေ၏။
ချက်ချင်းဆိုသလိုပင် လီချင်းဖုန်းသည် သတိမေ့မြောလုမတတ် ဖြစ်သွားခဲ့ရ၏။ သူသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ၊ အကြီးအကဲ ရွှမ်ချင်း ကြိုတင်ပြင်ဆင်ပေးထားခဲ့သော တာအိုချပ်ပြားကို အသက်သွင်းလိုက်လေတော့သည်။
နန်ယန်ဂိုဏ်းတွင် ပြဿနာများကို လုံးဝရှောင်ရှားရန်လိုအပ်သူတစ်ဦးတစ်ယောက် ရှိခဲ့မည်ဆိုလျှင်၊ ယင်းမှာ ရှန်းယီ တစ်ဦးတည်းသာ ဖြစ်ပေသည်။
"ဆရာသခင်တို့ ကျွန်တော့်ကို ကယ်ကြပါဦး"
...
မသေမျိုးဂူ၏ အပြင်ဘက်တွင်
နတ်သမီး ကျစ်လန်သည် စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင်၊ သူမ၏ အမူအရာက သိမသာ ပြောင်းလဲသွားပြီး နောက်သို့ကြည့်ရန် ရုတ်တရက် လှည့်လိုက်လေသည်။
ထို့နောက်၊ ရင်းနှီးနေသော မျက်နှာတစ်ခုသည် သူမ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။ ဤလူငယ်သည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းပြီးကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်နေပြီး၊ အနီရောင်မေပယ်တောင်ကြားရှိ သူ၏ ယခင် အမူအရာနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။
"တာအိုမိတ်ဆွေရှန်း၊ ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ။"
နတ်သမီး ကျစ်လန်သည် တောင်ပိုင်းဟုန်မှ အစောပိုင်းကရောက်လာသော စာကို ရုတ်တရက် သတိရသွားကာ သူမ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားလေသည်။
သူမစိတ်ထဲတွင် 'တကယ်ပဲ၊ ဒီလူငယ်က အခြေအနေကို သဘောပေါက်သွားတာပဲ။ မဟုတ်ရင် သူက တောင်ပိုင်းဟုန်ကနေ ဒီလောက်ခရီးဝေးကြီးလာခဲ့မှာ မဟုတ်ဘူး' ဟု တွေးလိုက်လေသည်။
သို့သော် သူမသည် အခြားကိစ္စများကို ဂရုစိုက်ရန် စိတ်အခြေအနေမရှိသဖြင့် ကမန်းကတန်း အကြံပေးလိုက်၏။
"တာအိုမိတ်ဆွေရှန်း၊ အခု ဝင်သွားဖို့ မသင့်တော်ဘူး၊ ကျေးဇူးပြုပြီး မြန်မြန်ထွက်သွားလိုက်ပါ။"
အခြေအနေက လုံလောက်စွာ ကမောက်ကမဖြစ်နေပြီဖြစ်ရာ၊ အနှောင့်အယှက်ပေးမည့်သူ နောက်ထပ်တစ်ယောက် မလိုအပ်တော့ပေ။
နတ်သမီး ကျစ်လန်၏ အံ့အားသင့်နေသော အကြည့်အောက်တွင်၊ ရှန်းယီသည် မည်သည့်အရာကိုမျှမကြားရသကဲ့သို့ မသေမျိုးဂူဆီသို့သာ စူးစိုက်၍ လျှောက်သွားလေသည်။
ယခင်က သူသည် အနည်းငယ် ခပ်ခွာခွာနေတတ်သော်လည်း၊ ဤအတိုင်းအတာအထိတော့ မဟုတ်ခဲ့ကြောင်းကို သူမ မှတ်မိနေလေ၏။
"တာအိုမိတ်ဆွေရှန်းက အတွင်းထဲက တစ်ယောက်ယောက်ကို သိနေလို့များလား။"
နတ်သမီး ကျစ်လန်သည် အခြားတစ်စုံတစ်ရာကို ရုတ်တရက်သတိရသွားပြီး ရှင်းပြလိုက်လေသည်။
"စိတ်ချပါ၊ သူက ကျွန်မကို အမွေးတိုင်တစ်ဝက်စာ အချိန်ပေးထားတယ်။ နောက်ထပ် တစ်ဝက် ကျန်သေးတယ်။ သူတို့ရဲ့အသက်တွေ လုံခြုံသွားပြီဆိုရင် ဒီအတွက် ရှင့်ကိုသေချာပေါက်ရှင်းပြပါ့မယ်။"
အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရပုံ ပေါ်လေ၏။
ယွဲ့ထျန်းရှဲ့သည် ဂူထဲမှဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး၊ ရှန်းယီကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏မူလအပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
သူသည် လက်ပိုက်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"မင်းက ဘာလို့ နေရာတိုင်းမှာ ရှိနေရတာလဲ။ ပြဿနာကြုံရတိုင်း အရှေ့နဂါးနန်းတော်က မင်းခေါ်ချင်တိုင်းခေါ်လို့ရတယ်လို့ တကယ် ထင်နေတာလား။"
"ကျစ်လန်ရှေ့မှာ ငါ ဒေါသမထွက်ချင်ဘူး၊ ဒါကြောင့် ငါ စိတ်ကြည်နေတုန်း ထွက်သွားတာ ကောင်းမယ်။"
"..."
ရှန်းယီသည် သူ၏ အကြည့်ကို အနည်းငယ် ပင့်တင်လိုက်ပြီးနောက်၊ ယွဲ့ထျန်းရှဲ့၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်ချလိုက်လေတော့သည်။
မည်သည့် ကြိုတင်သတိပေးမှုမျှမရှိဘဲ၊ ကြီးမားလှသောအင်အားသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိအောင် ထွက်ပေါ်လာလေ၏။ ရုတ်တရက် အငိုက်မိသွားသဖြင့်၊ ယွဲ့ထျန်းရှဲ့သည် ဂူထဲသို့ ရိုက်ချခံလိုက်ရခြင်း သူ၏ မျက်နှာအမူအရာကိုပင် အချိန်မီပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
နတ်သမီး ကျစ်လန်၏ နှုတ်ခမ်းများ အနည်းငယ် ဟသွားပြီး၊ သူမ၏ မျက်ဆန်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားလေတော့သည်။
ထိုအခိုက်အတန့်တွင်၊ သူမသည် ထူးခြားသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်လေ၏။ ထိုသို့သောအရှိန်အဝါကို ပိုင်ဆိုင်ထားခြင်းက တာအိုပေါင်းစည်းခြင်းအဆင့်အောက်ရှိ ထိပ်တန်း နတ်ဆိုးကြီးများထက် ပိုမိုအားကောင်းသည်ဟု မဆိုနိုင်သော်လည်း၊ကျော်ကြားမှုအပိုင်းတွင်မူ တစ်ဦးထက်တစ်ဦး ပို၍ လူသိများလှပေသည်။
ထိုအုပ်စုတစ်ခုလုံးသည် တာအိုပေါင်းစည်းခြင်းအဆင့်ကို မလွဲမသွေရရှိကြမည်ဖြစ်ပြီး၊ ပုံမှန်အခြေအနေအောက်တွင် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ အစောပိုင်းအကျဆုံး အဆင့်များဆီသို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပေသည်။
သို့သော် ထိုသူများအနက်မှ ရှန်း ဟူသော မျိုးရိုးအမည်ရှိသူ တစ်ဦးတစ်ယောက်အကြောင်းကိုမျှ သူမ တစ်ခါမှ မကြားဖူးခဲ့ကြောင်းကို သူမ ကျိန်တွယ်ရဲပေသည်။
အထူးသဖြင့် အနောက်ပိုင်းဟုန် သို့မဟုတ် တောင်ပိုင်းဟုန်ကဲ့သို့ဆင်းရဲနွမ်းပါးသော ဒေသများမှ ဖြစ်လာရန်ဆိုသည်မှာပို၍ပင် မဖြစ်နိုင်ပေ။
နောက်တစ်ခဏတွင်တော့ ရှန်းယီသည် မသေမျိုးဂူထဲသို့ အပြည့်အဝ ဝင်ရောက်သွားလေပြီဖြစ်၏ယ
နတ်သမီး ကျစ်လန်သည် ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ လျင်မြန်စွာ လိုက်ပါသွားလေသည်။ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ သူမ၏ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူမ တုန်လှုပ်သွားခဲ့ရ၏။
ယွဲ့ထျန်းကျီသည် ခွေးရူးတစ်ကောင်ကဲ့သို့ ရွှမ်ချင်း၏ ခန္ဓာကိုယ်ကို ရက်စက်စွာကိုက်ခဲနေပြီး၊ တုတ်တစ်ချောင်းမျှသာ ကျန်တော့မည့်အထိ ဆွဲဖြဲလုမတတ်ဖြစ်နေသည်ကို သူမ မြင်လိုက်ရလေသည်။
ဤသည်မှာ ယွဲ့မိသားစု၏ သားအကြီးဆုံးတစ်ယောက် ကျူးလွန်နိုင်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်းယုံကြည်ရန် နတ်သမီး ကျစ်လန် အလွန်ခဲယဉ်းနေခဲ့ပေသည်။
ထိုအချိန်မှာပင်၊ ရှန်းယီသည် သူမကို နောက်ပြန်လှည့်ကြည့်နေသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်၏။ သူ၏ ဖြူဖျော့ပြီးချောမောသောမျက်နှာပေါ်တွင် ဖြော့တော့သောအပြုံးတစ်ခု ရှိနေပြီး ညင်သာပုံရသော်လည်း သူ၏ အသံတွင် လှောင်ပြောင်နေသည့် လေသံ ပါဝင်နေလေသည်။
"စိတ်အေးသွားပြီလား။"
"ကျွန်မပြောတာ နားထောင်ပါဦး"
အကြိမ်အနည်းငယ်မျှသာ တွေ့ဆုံဖူးသော ကျင့်ကြံသူတစ်ဦးကို အဘယ်ကြောင့် ဤမျှနှိမ့်ချစွာ စကားပြောရန်လိုအပ်သည်ဟု ခံစားနေရကြောင်း နတ်သမီး ကျစ်လန် မသိခဲ့ပေ။
ယင်းမှာ အစောပိုင်းက သူ ထုတ်ဖော်ပြသခဲ့သော ရောင်ဝါကြောင့် ဖြစ်နိုင်သလို၊ သူမက သူ့အပေါ် ကတိဖျက်ခဲ့မိသောကြောင့်လည်း ဖြစ်နိုင်၏။
***