မားစီးယပ်စ် (Macias) ဦးဆောင်တဲ့ တပ်သားတွေ ရွာထဲ အတင်းဝင်ရောက်ပြီး ရွာသားတွေကို အစားအသောက် ပြင်ခိုင်းကြတယ်။
ဗိုက်ပြည့်အောင် မနည်း စားပြီးနောက် ပင်ပန်းနေတဲ့ တပ်သားတွေ အိပ်ပျော်သွားကြတယ်။ ဒါပေမဲ့ မားစီးယပ်စ် ကတော့ အိပ်မပျော်နိုင်ဘဲ လူးလှိမ့်နေတယ်။ ဆီရာကျု (Syracuse) မှာ ပုန်ကန်မှု ဖြစ်တယ် ဆိုတဲ့ သတင်းကြောင့် ဆီရာကျု အပြင်ဘက်က ကြေးစား ရွာတွေ အခြေအနေကို စိုးရိမ်နေတယ်။ ကာတာနီးယား (Catania) က ကြေးစား ရွာတွေရဲ့ အဖြစ်ဆိုးက သူ့ကို ပိုလန့်စေတယ်။ ရွာမှာ ချန်ခဲ့တဲ့ ကြေးစား ရာဂဏန်းလောက်က သူတို့အိမ်တွေကို ကာကွယ်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတယ်။
မနက်ဖြန်မှ တပ်တွေ ဦးဆောင်ပြီး ဆီရာကျု ပြန်နိုင်မှာ။ အဲဒီအချိန်ထိ ဆိုရင် ပုန်ကန်မှု စဖြစ်ပြီး တစ်ရက်ကျော် ကြာသွားပြီ။ ဘာမဆို ဖြစ်နိုင်တယ်။ ပုန်ကန်သူတွေ မြို့တစ်မြို့လုံး သိမ်းပိုက်လိုက်ရင် ဒိုင်ယွန်နီးစီးယပ်စ် (Dionysius) နဲ့ ရင်းနှီးတဲ့ ကြေးစားတွေကို မောင်းထုတ်ကြမှာ သေချာတယ်။ ဒါဆို သူတို့ နေစရာ မြေ မရှိတော့ဘူး။ ဒါကြောင့် ဖီလစ်တပ်စ် (Philistus) ပုန်ကန်မှုကို နှိမ်နင်းနိုင်ပါစေလို့ ဆုတောင်းတယ်။ မနှိမ်နင်းနိုင်ရင်တောင် မြို့ရဲ့ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားပြီး သူတို့ ရောက်လာတဲ့ အထိ တောင့်ခံထားနိုင်ပါစေ!
ဆီရာကျု အပြင် တပ်တွေကို ဘေးကင်းကင်း ဘယ်လို ပြန်ခေါ်မလဲ ဆိုတာလည်း စိုးရိမ်စရာပဲ။ မီဂါလော့စ် (Megalos) လာတုန်းက ကမ်းရိုးတန်း မြေပြန့် အတိုင်း မြောက်ဘက်ကို တက်လာခဲ့တာ။ တောနစ် (Taunis)၊ လီယွန်တီနွိုင်း (Leontinoi)၊ ကာတာနီးယား၊ နောက်ဆုံး စီကူရီ (Sikuri) ကို ဖြတ်ခဲ့တယ်။ ဒီမြို့တွေက မြို့စောင့်တပ်တွေကို သူ ခေါ်သွားလို့ ပုန်ကန်သူတွေ အကြီးအကျယ် ပုန်ကန်နိုင်ခဲ့တာ ဆိုရင်လည်း မမှားဘူး။
ဒါပေမဲ့ နောင်တရနေရမယ့် အချိန် မဟုတ်ဘူး။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ရင် ပုန်ကန်သူတွေ ကာတာနီးယား ကို အပြည့်အဝ သိမ်းပိုက်ပြီးပြီ ဖြစ်မယ်။ မဟုတ်ရင် မြို့ပြင်ထွက်ပြီး သူတို့ကို လာတိုက်ဖို့ အင်အား ဘယ်ရှိမလဲ? စီကူရီ ကျတော့ အပြည့်အဝ မသိမ်းရသေးရင်တောင် သီအိုနီယာ (Theonians) တွေနဲ့ နီးလွန်းလို့ မကြာခင် ကျဆုံးမှာ သေချာတယ်။ လီယွန်တီနွိုင်း ကျတော့ ဒိုင်ယွန်နီးစီးယပ်စ် က လူဦးရေ ထက်ဝက်ကို အတင်းအကျပ် ပြောင်းရွှေ့ထားလို့ ကျန်ခဲ့သူတွေက ဆီရာကျု ကို မကျေနပ်ချက် ကြီးမားတယ်။ ဒါကြောင့် လွတ်လပ်သူ (Freemen) နဲ့ ကျွန်တွေ မပုန်ကန်ရင်တောင် နိုင်ငံသားတွေက ဒိုင်ယွန်နီးစီးယပ်စ် ထောက်ခံထားတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ အလိုလို ပုန်ကန်ကြလိမ့်မယ်။ ဆီရာကျု နဲ့ နီးတဲ့ လီယွန်တီနွိုင်း က ဒီလောက် ကြီးမားတဲ့ ပုန်ကန်မှုကြီးကို ခုခံနိုင်မယ် မထင်ဘူး။
တောနစ် ကိုတော့ မားစီးယပ်စ် နည်းနည်း ယုံကြည်မှု ရှိတယ်။ သူတို့က အမြဲတမ်း ဆီရာကျု ရဲ့ လက်အောက်ခံ မဟာမိတ် ဖြစ်ခဲ့ပြီး တစ်ခါမှ သစ္စာ မဖောက်ဖူးဘူး။ ဆီရာကျု ထောက်ခံတဲ့ အာဏာရှင်ကို မကျေနပ်ကြပေမယ့် ဆီရာကျု တပ်မတော်ကို ရမ်းသမ်း မတိုက်ရဲလောက်ဘူး။ ပြီးတော့ နက်ဆော့စ် (Naxos) ပင်လယ်အော် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဆီရာကျု ရေတပ်က တောနစ် ဆိပ်ကမ်းမှာ ရှိနေတာမို့ ပုန်ကန်မှု ဖြစ်ရင်တောင် အောင်မြင်ဖို့ မလွယ်ဘူး။
ဒါကြောင့် မားစီးယပ်စ် ဆုံးဖြတ်လိုက်တယ်။ မနက်ဖြန် ကာတာနီးယား ကို ကွေ့ရှောင်၊ လီယွန်တီနွိုင်း တိုက်ခိုက်လာနိုင်တာကို ရှောင်၊ ကမ်းရိုးတန်း အတိုင်း လျှောက်၊ တောနစ် ကို ဖြတ်ပြီး ဆီရာကျု ကို ပြန်မယ်... ခရီးရှည်ကြီး ဖြစ်ပြီး အန္တရာယ် များပေမယ့် ဆီရာကျု ကို အမြန်ဆုံး ရောက်ဖို့ ဒီလမ်းကို ရွေးရမယ်။ ပိုဘေးကင်းတဲ့ လမ်းကတော့ ကမ်းရိုးတန်းကို ရှောင်ပြီး လီယွန်တီနွိုင်း အနောက်ဘက်က လူသူကင်းမဲ့တဲ့ တောင်တန်း ဒေသကို ပတ်သွားတာ။ တောင် သိပ်မမြင့်ပေမယ့် လမ်းကြမ်းပြီး ရှုပ်ထွေးလို့ ခရီးကြန့်ကြာမှာ သေချာတယ်။ ရိက္ခာ ပြဿနာလည်း ရှိလာလိမ့်မယ်...
မားစီးယပ်စ် ဆက်စဉ်းစားနေပေမယ့် အိပ်ချင်စိတ်ကို မလွန်ဆန်နိုင်တော့ဘဲ နောက်ဆုံးတော့ အိပ်ပျော်သွားတယ်။
. . . . . . . . . . . . .
နောက်တစ်နေ့ မနက်ခင်း နှောင်းပိုင်းမှာ အစောင့်တွေ မားစီးယပ်စ် ကို နှိုးပြီး သတင်းပို့တယ်။ သူ အိပ်နေတုန်း တစ်ခုခု ဖြစ်သွားပြီ တဲ့။ မနက် တပ်သားတွေ နိုးလာတော့ မြင်း ဒါဇင်ပေါင်းများစွာ ပျောက်နေပြီး ရွာသား ထက်ဝက်ကျော် ပျောက်နေတာ တွေ့လိုက်ရတယ်။ တပ်သားတွေ ဒေါသထွက်ပြီး ရွာသား လက်ချက်ပဲ ဆိုကာ ကျန်တဲ့ ရွာသားတွေကို ဖမ်းဆီး စစ်ဆေးကြတယ်။ အဲဒီမှာတင် အားပြန်ပြည့်လာတဲ့ ကြေးစားဟောင်းတွေက လုယက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်... ဒိုင်ယွန်နီးစီးယပ်စ် နဲ့ စစ္စလီ ကို သိမ်းပိုက်တုန်းက လုပ်နေကျ ယုတ်မာမှုတွေ ရွာထဲမှာ ပြန်ပေါ်လာတယ်။
ဒီရွာက ကာတာနီးယား ကြေးစားတွေ ပိုင်တာမို့ ပါလာတဲ့ ကာတာနီးယား ကြေးစား အနည်းစု မကျေမနပ် ဖြစ်ကုန်တယ်။ နှစ်ဖက် ပဋိပက္ခ ဖြစ်ပြီးနောက် ဒေါသထွက်နေတဲ့ ကာတာနီးယား ကြေးစားတွေ အုပ်စုကနေ ခွဲထွက်သွားကြတယ်။ တပ်မတော် အင်အား ၃,၀၀၀ အထိ လျော့ကျသွားတယ်။
ဒီလို ခက်ခဲတဲ့ အခြေအနေမှာ မားစီးယပ်စ် ဘာမှ မလုပ်ဘူး။ ကာတာနီးယား တွေ မပါတော့ ခရီးပိုတွင်မယ်၊ ရိက္ခာ ပိုသက်သာမယ်၊ ပြဿနာ နည်းသွားမယ် လို့တောင် တွေးလိုက်သေးတယ်။ အရင်က ရဲဘော်ရဲဘက်တွေ ဖြစ်ခဲ့ပြီး ဒီနေ့ အထိ အတူတူ တိုက်ပွဲဝင်ခဲ့ကြပေမယ့်၊ အခက်အခဲ ကြီးကြီးမားမား ကြုံလာတဲ့ အခါ ကိုယ်လွတ်ရုန်းကြတာ သဘာဝပါပဲ။
မားစီးယပ်စ် က ရွာထဲက ရိက္ခာ အကုန်ယူပြီး ချက်ချင်း ထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။
မားစီးယပ်စ် တိုက်တွန်းမှုအောက်မှာ ကြေးစားဟောင်းတွေချည်း ပါဝင်တဲ့ လူ ၃,၀၀၀ ကျော် အဖွဲ့ကြီးက ဆီရာကျု ကို အမြန်ဆုံး ပြန်ရောက်ဖို့၊ ကိုယ့်မြေ ကိုယ်ကာကွယ်ဖို့ မျှော်လင့်ချက်နဲ့ အလျင်အမြန် ထွက်ခွာလာကြတယ်။
အရှေ့တောင်ဘက် ခရီးတစ်လျှောက်မှာ ပြန့်ကျဲနေတဲ့ တပ်ပျက်တွေကို တွေ့တော့ မားစီးယပ်စ် က သူ့တပ်ထဲ ပေါင်းထည့်လိုက်တယ်။
တစ်ချိန်တည်းမှာ ရန်သူ့ ကင်းထောက်တွေ သူတို့ကို စောင့်ကြည့်နေတယ်။ မားစီးယပ်စ် က မြင်းတပ်လွှတ်ပြီး မောင်းထုတ်ခိုင်းရုံပဲ တတ်နိုင်တယ်။ တပ်သားတွေကိုတော့ ခရီးမြန်မြန် နှင်ခိုင်းတယ်။
သူ့နိမိတ် ဆိုးတာ မှန်သွားတယ်။ မကြာခင် အရှေ့မြောက်ဘက်ကနေ သံချပ်ကာ မပါ၊ လေးနဲ့ လှံတို ကိုင်ထားတဲ့ လူ ၇၀၀ ကျော် ရောက်လာပြီး မားစီးယပ်စ် တပ်ကို အဝေးကနေ တိုက်ခိုက်ကြတယ်။
ရန်သူတွေက ကာတာနီးယား က ဆိုတာ မားစီးယပ်စ် သေချာသလောက် ဖြစ်နေပြီ။ ဒါကြောင့် ပြန်တိုက်ဖို့ အမြန် အမိန့်ပေးလိုက်တယ်။
ဒါပေမဲ့ ဆီရာကျု တပ်သားတွေ တပ်ဖွဲ့ပြီး တိုက်မလို့ လုပ်တာနဲ့ ကာတာနီးယား အပေါ့စား ခြေလျင်တပ်တွေက ဆုတ်ပြေးကြတယ်။ တန်းပြန်စီပြီး ခရီးဆက်တော့ ရန်သူတွေ ပြန်ပေါ်လာတယ်။
အကြိမ်ကြိမ် ဖြစ်လာတော့ ကာတာနီးယား ပုန်ကန်သူတွေက နှောင့်ယှက်ချင်ရုံ သက်သက်ပဲ၊ ထိပ်တိုက် မတွေ့ချင်ဘူး ဆိုတာ မားစီးယပ်စ် သဘောပေါက်လိုက်တယ်။
လှံတိုတွေ၊ မြှားတွေက တပ်သားတွေရဲ့ အသက်ကို ယူနေပြီး နိမ့်ကျနေတဲ့ စိတ်ဓာတ်ကို ပိုဆိုးစေလို့ မားစီးယပ်စ် လစ်လျူရှုမထားနိုင်တော့ဘူး။ ဒါကြောင့် ကျန်ရှိတဲ့ မြင်းတပ် ၅၀ နဲ့ အပေါ့စား ခြေလျင်တပ် ၅၀၀ လောက်ကို နောက်တန်းမှာ ထားပြီး ရန်သူကို ခုခံခိုင်းတယ်။ ဒါပေမဲ့ ရန်သူနောက် လိုက်ခွင့် မပေးဘူး။ အားကုန်မယ်၊ လူကွဲသွားမယ်၊ ခြုံခိုတိုက်ခံရနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့။ အိမ်ပြန်ရောက်ဖို့က အဓိကပဲလေ။
မွန်းလွဲပိုင်းမှာ ဆီရာကျု တပ်မတော် ကာတာနီးယား လွင်ပြင်ကနေ ထွက်ခွာပြီး ရပ်နားလိုက်တယ်။ ရှေ့မှာ ကျဉ်းမြောင်းတဲ့ ကမ်းရိုးတန်း လမ်းလေး ပေါ်လာတယ်။ အရှေ့ဘက်မှာ ပင်လယ်၊ အနောက်ဘက်မှာ တောင်တန်းတွေ ရှိတယ်။
မားစီးယပ်စ် က လီယွန်တီနွိုင်း ပုန်ကန်သူတွေ ပေါ်လာမှာ စိုးရိမ်ပေမယ့် ကံကောင်းလို့ မပေါ်လာဘူး။ လမ်းကျဉ်းလို့ ကာတာနီးယား ပုန်ကန်သူတွေ လှုပ်ရှားရ ခက်သွားပုံ ရတယ်။ နောက်ကနေ မတိုက်တော့လို့ ဆီရာကျု တပ်သားတွေ သက်သာရာ ရသွားကြတယ်။
တောနစ် မြို့နဲ့ ၅ ကီလိုမီတာလောက်ပဲ ဝေးတော့လို့ ဆီရာကျု တပ်မတော် ခရီး အရှိန်မြှင့်လိုက်တယ်။
ဒါပေမဲ့ ကပ်ဘေးကြီးက လွတ်ပြီ ထင်နေတဲ့ ဆီရာကျု တပ်ပျက်တွေ တောနစ် မြို့ကို လှမ်းမြင်လိုက်ရတဲ့ အချိန်မှာပဲ အံ့သြသွားကြတယ်။ တောနစ် မြို့ မြောက်ဘက် မလှမ်းမကမ်း ကမ်းရိုးတန်း လမ်းမပေါ်မှာ လူ ၄,၀၀၀ ကျော် ဖာလင့် (Phalanx) ပုံစံ သေသေသပ်သပ် တပ်စီပြီး ပိတ်ဆို့ထားတာ တွေ့လိုက်ရလို့။ အမည်းရောင် သံချပ်ကာ ဝတ်ထားတဲ့ တပ်သား အများစုကို မြင်တော့ သူတို့ မျှော်လင့်ချက်တွေ အောက်ဆုံးထိ ထိုးကျသွားတယ်။
'သီအိုနီယာ တွေ! သီအိုနီယာ လီဂျင် တွေ! ဘယ်လိုလုပ် ငါတို့ ရှေ့ ရောက်နေတာလဲ?!!...'
မနေ့က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဆီရာကျု တပ်မတော် ရှုံးနိမ့်သွားခဲ့တယ်။
သီအိုနီယာ ပထမ လီဂျင်တပ်မ ရန်သူနောက် လိုက်တိုက်နေတုန်း၊ အန်တိုနီးယော့စ် (Antonios) က အန်ထရာပိုလစ် (Antrapolis) ရဲ့ သံတမန်နဲ့ တွေ့ပြီး ကာတာနီးယား သိမ်းပိုက်နိုင်ကြောင်း၊ ဆီရာကျု ပုန်ကန်မှု အောင်မြင်ကြောင်း သတင်းရလိုက်တယ်။ ပေးဆပ်မှု ကြီးမားခဲ့ပေမယ့် စစ္စလီ မှာ ခြေကုပ် ရသွားပြီမို့ အန်တိုနီးယော့စ် စိတ်အေးသွားတယ်။
ဒါပေမဲ့ စိတ်မလျှော့နိုင်သေးဘူး။ အန်ထရာပိုလစ် က ပထမ လီဂျင်တပ်မ ကို ဆီရာကျု တပ်မတော် အပြန်လမ်းကနေ ဖြတ်တိုက်စေချင်နေတယ်။ ဆီရာကျု ပြန်ရောက်သွားရင် ပြဿနာတွေ ဖြစ်လာမှာ စိုးလို့။
အန်တိုနီးယော့စ် ကတော့ သူ့အကြံကို လက်မခံချင်ဘူး။ ပထမ လီဂျင်တပ်မ နိုင်ခဲ့ပေမယ့် အသေအပျောက် ၁,၀၀၀ နီးပါး ရှိတယ်။ အရာရှိကြီး တချို့ သေဆုံးပြီး သူ့ရဲဘော် ဆစ်ဒ် (Cid) တောင် သတိမရသေးဘူး။ စစ်မဖြစ်ခင်က (အရန်တပ် မပါ) လူ ၈,၀၀၀ ရှိရာကနေ အခု ၄,၀၀၀ လောက်ပဲ ကျန်တော့တယ်။ ထက်ဝက်လောက် ကျိုးသွားပြီမို့ နားပြီး အင်အား ပြန်ဖြည့်သင့်တဲ့ အချိန်ပဲ။ ကံဆိုးတာက လက်ရှိ အခြေအနေက ခွင့်မပြုသလို၊ အန္တရာယ်ကလည်း မကုန်သေးဘူး။
ဆီရာကျု တပ်ပျက်တွေ ပြန်ရောက်သွားလို့ ပထမ လီဂျင်တပ်မ ရဲ့ စစ်ဆင်ရေး ကျရှုံးသွားမှာကိုတော့ အန်တိုနီးယော့စ် မလိုလားဘူး။ "သီအိုနီယာ လီဂျင် ဟာ အောင်ပွဲရရင် အဆုံးထိ လိုက်လံ တိုက်ခိုက်လေ့ ရှိတယ်" ဆိုတဲ့ အစဉ်အလာ အရ၊ ကာတာနီးယား တွေနဲ့ ပေါင်းပြီး ဆီရာကျု တပ်တွေကို ချေမှုန်းဖို့ အန်ထရာပိုလစ် အဆိုပြုချက်ကို မလိုလားဘဲ သဘောတူလိုက်ရတယ်။
သံတမန် ပြန်သွားပြီးနောက်၊ အန်တိုနီးယော့စ် အတွေးလွန်နေရင်း ဆိပ်ကမ်း ရောက်လာတယ်။ သီအိုနီယာ ရေတပ်သားတွေက ပြည်နှင်ဒဏ်သင့်သူ မိသားစုတွေကို ကမ်းပေါ် ပြန်ပို့ပေးနေကြတယ်။
မကြာခင် ဆက်ကလီးယန်း (Seclian) ကိုယ်စား ရေတပ် ကွပ်ကဲနေတဲ့ ဖူလာလီယော့စ် (Fulalios) နဲ့ တွေ့ဆုံ ဆွေးနွေးတယ်။ ဖူလာလီယော့စ် သဘောတူလိုက်လို့ ရေတပ်က ရက်ဂျီယမ် (Rhegium) ကို မပြန်တော့ဘူး။ မီဂါလော့စ် မှာ ညအိပ်ပြီး နောက်တစ်နေ့ စစ်ဆင်ရေးမှာ ပါဝင်ကူညီကြမယ်။
ဒါပေမဲ့ မီဂါလော့စ် ဆိပ်ကမ်းမှာ စစ်သင်္ဘောတွေ ဆိုက်ကပ်ဖို့ သင်္ဘောကျင်း (Dry dock) မရှိဘူး။ ဒါကြောင့် သီအိုနီယာ သင်္ဘောတွေကို သဲသောင်ပြင်ပေါ် တွန်းတင်ပြီး အန္တရာယ် ယူရတော့မယ်*။ (အေဂိုစပိုတမ်မီ တိုက်ပွဲ (Battle of the Aegospotami) မှာ လိုင်ဆန်ဒါ (Lysander) က အေသင် (Athenian) ရေတပ်ကို အပြတ်ရှင်းနိုင်ခဲ့တာ အေသင် တွေက သင်္ဘောတွေကို ကမ်းစပ်မှာ တင်ထားလို့ပဲ။ ရုတ်တရက် တိုက်ခိုက်ခံရတော့ ပင်လယ်ထဲ ထွက်ပြေးဖို့ အချိန်မရလိုက်ဘူး...)
ဒါကြောင့် ဖူလာလီယော့စ် က ရေတပ်သားတွေကို ဦးဆောင်ပြီး၊ ပြည်နှင်ဒဏ်သင့်သူတွေ အကူအညီနဲ့ သင်္ဘောတွေကို တစ်စီးချင်း သဲသောင်ပြင်ပေါ် ဆွဲတင်ကြတယ်။ ကင်းစောင့်တွေ သေချာ ချထား၊ မီးပြတိုက် ကင်းသမားကို ပင်လယ်ပြင် သေချာ ကြည့်ခိုင်းပြီး၊ လှေငယ်လေးတွေနဲ့ ပင်လယ်အော်ထဲ တစ်ညလုံး လှည့်ကင်း ပတ်ခိုင်းထားလိုက်တယ်။
အပိုင်း (၅၆၀) ပြီးဆုံး
***