ဆစ်ဝေမင်း အိမ်ထဲမှာ သတင်းစာဖတ်နေတုန်း သူ့မိန်းမက ရုတ်တရက် ဧည့်သည်နှစ်ယောက် ခေါ်လာလို့ သူ အံ့သြသွားတယ်။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးကို မြင်လိုက်တာနဲ့ ရှင်းပြလို့မရတဲ့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရတယ်။ သူ့မိန်းမ မိတ်မဆက်ပေးရသေးခင်မှာပဲ ဒါ ဘယ်သူဖြစ်ရမယ်ဆိုတာကို သူ ခန့်မှန်းမိသွားပြီ။
ဆယ်စုနှစ်တစ်ခုကျော် ခွဲခွာနေခဲ့ရပြီးနောက် အတိတ်က ကောင်မလေးဟာ အခုတော့ လှပတင့်တယ်တဲ့ မိန်းမပျိုလေးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ဆစ်ဝေမင်း ဘယ်လို ခံစားရမှန်းကို သေချာ မသိတော့ဘူး။ ရိုးရိုးရှင်းရှင်း နှုတ်ဆက်ပြီးနောက် သူတို့ ဘာမှ မစားရသေးဘူးဆိုတာ သိလိုက်ရတော့ မိန်းမဖြစ်သူကို နောက်ထပ် နံနက်စာ တစ်ပွဲ အမြန်ပြင်ခိုင်းလိုက်တယ်။
သူက ဧည့်သည်နှစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံပေမယ့် မိသားစုဝင်တွေလို မဟုတ်ဘဲ ဧည့်သည်တွေလို အရာရာကို အလွန်အကျွံ ယဉ်ကျေးပျူငှာနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
ဆစ်ရှောင်ဟွေးက ရောက်ကတည်းက မျက်နှာထား တင်းနေပြီး စိတ်မကြည်မလင် ဖြစ်နေတယ်။ ဆစ်ဝေမင်းကတော့ ဒီနှစ်တွေတစ်လျှောက်လုံး သူ အိမ်မပြန်ခဲ့လို့ သူ့အပေါ် အငြိုးထားနေတယ်လို့ ထင်နေတာ။ အပြစ်ရှိသလို ခံစားနေရလို့ သူ ဘာဆက်ပြောရမှန်း မသိဖြစ်နေတယ်။
သူတို့နှစ်ယောက် ကျိုတိုကို အခုလေးတင် ရောက်လာပြီး တည်းစရာနေရာ မရှိဘူးဆိုတာ သိလိုက်ရတော့ ရှောင်ဟွေးနဲ့ ဆောင်ယုတို့ တည်းခိုဖို့အတွက် သားဖြစ်သူရဲ့ အခန်းကို ရှင်းလင်းပေးဖို့ သူ့မိန်းမကို ချက်ချင်း ခိုင်းလိုက်တယ်။
ဆစ်ရှောင်ဟွေးက သူနဲ့ ဆောင်ယုတို့ ခိုးပြေးလာတာလို့ မပြောရဲဘူး။ သူတို့ လက်ထပ်ပြီးပြီလို့ပဲ ပြောလိုက်ရာ ဆစ်ဝေမင်းကလည်း သံသယ မဝင်ပါဘူး။
တိတ်ဆိတ်မှု အတန်ကြာပြီးနောက်မှာတော့ သူ အမေးချင်ဆုံး မေးခွန်းကို ထပ်ပြီး မျိုသိပ်မထားနိုင်တော့ဘူး။
"မင်းအမေ ကျန်းမာရေးကော ဘယ်လိုနေလဲ"
"ကောင်းပါတယ်" ဆစ်ရှောင်ဟွေးက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်။
ဆစ်ရှောင်ဟွေးရဲ့ ရိုင်းပျမှုကို ရိပ်မိတဲ့ ဆောင်ယုက သူ့အင်္ကျီလက်ကို ခပ်ဖွဖွ ဆွဲပြီး သတိပေးပေမယ့် ရှောင်ဟွေးကတော့ လျစ်လျူရှုထားလိုက်တယ်။
သဘာဝကျကျပဲ ဆစ်ရှောင်ဟွေးရဲ့ စိတ်အခြေအနေကို ဆစ်ဝေမင်း သတိထားမိသွားပြီး သက်ပြင်းချလိုက်တယ်။ "ဒီနှစ်တွေအတွင်း မင်းတို့ တော်တော် ပင်ပန်းခဲ့မှာပဲ"
ဆစ်ရှောင်ဟွေးက ခနဲ့တဲ့ လေသံနဲ့ ပြန်ပြောတယ်။ "ဒါပေါ့... ကလေးသုံးယောက်ကို တစ်ကိုယ်တည်း ရှာကျွေးနေရတဲ့ ကျွန်မအမေက ဦးလေးလေးလောက် ဘယ် သက်တောင့်သက်သာ ရှိပါ့မလဲ"
ဦးလေးလေး သေသွားပြီမို့ သူတို့ဆီ ပြန်မလာတာလို့ သူ ထင်ထားခဲ့တာ။ တခြားမြို့မှာ လှပတဲ့ ဇနီး၊ ကလေးနဲ့အတူ မိသားစုဘဝသစ်တစ်ခု တည်ထောင်ထားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
ဦးလေးကြီးလိုပဲ ဦးလေးလေးကလည်း သူတို့ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ သဘောထားခဲ့တာကိုး။ ဒီနှစ်တွေတစ်လျှောက်လုံး သူ ဦးလေးလေးကို သတိရနေခဲ့ပေမယ့် တကယ်တမ်းတော့ ဦးလေးလေးက မြို့ကြီးပြကြီးမှာ ပူပင်သောကကင်းကင်းနဲ့ နေထိုင်နေခဲ့တာပဲ။
ဆစ်ဝေမင်း - "...."
"ဆန်ပြုတ် ရပါပြီ။ ကြက်ဥနှစ်လုံး ပြုတ်ပြီး အချိုပြားကြော် (Pancake) နည်းနည်း လုပ်ထားတယ်။ လောလောဆယ် ဒါလေးနဲ့ပဲ အဆာပြေ စားထားကြဦးနော်။ နေ့လယ်ကျမှ စားသောက်ဆိုင်သွားပြီး နေ့လယ်စာ စားကြတာပေါ့" ယွမ်ချိုင်ကျိန်းက အစားအသောက်တွေ ယူပြီး မီးဖိုချောင်ထဲက ထွက်လာတာမို့ နေရခက်နေတဲ့ အခြေအနေကြီး ပြိုကွဲသွားတယ်။
"ကျေးဇူးတင်ပါတယ် အန်တီ" ဆောင်ယုက အမြန်ထပြီး ကူညီပေးရင်း ပြန်ပြောတယ်။ ပါးစပ်မှာ ပျားရည်သုတ်ထားသလိုပဲ စကားတစ်ခွန်းပြောတိုင်း "အန်တီ... အန်တီ" နဲ့ တတွတ်တွတ် ခေါ်နေတော့တာ။
ဆစ်ရှောင်ဟွေး တကယ်ပဲ ဗိုက်ဆာနေပြီ။ သူက ကြက်ဥတစ်လုံးကို ယူ၊ စားပွဲထောင့်မှာ ခေါက်ခွဲပြီး စားတော့တယ်။ ယွမ်ချိုင်ကျိန်းက မစားခင် လက်အရင်ဆေးဖို့ သတိပေးချင်ပေမယ့် အထင်လွဲခံရမှာစိုးလို့ မပြောဘဲ ထားလိုက်တယ်။
သူ့စိတ်ထဲမှာတော့ ရှောင်ဟွေးရဲ့ အကျင့်က သူ့ယောကျ်ား ငယ်ငယ်တုန်းက လက်မဆေးဘဲ စားတတ်တဲ့ အကျင့်နဲ့ တူတယ်လို့ တွေးမိလိုက်တယ်။ ဒါပေမဲ့ သူ့ယောကျ်ားရဲ့ အကျင့်ကိုတော့ သူ ပြင်ပေးနိုင်ခဲ့တာပဲလေ။
တကယ်လည်း သူတို့နှစ်ယောက် အစားစားချင်စိတ် အပြည့်ပဲ။ အချိုပြားကြော် တစ်ပန်းကန်ကြီးရယ်၊ ကြက်ဥနှစ်လုံးရယ်၊ ဆန်ပြုတ်အိုးတစ်ဝက်လောက်ကို ပြောင်စင်အောင် စားပစ်လိုက်ကြတယ်။ ဗိုက်ဝသွားတော့မှ ဆစ်ရှောင်ဟွေးရဲ့ မျက်နှာထား နည်းနည်း ကြည့်ကောင်းလာတော့တယ်။
သူ့ယောကျ်ားနဲ့ တူမဖြစ်သူကြားက တင်းမာမှုကို လျှော့ချချင်လို့ ယွမ်ချိုင်ကျိန်းက ပြုံးပြီး ပြောတယ်။ "ရှောင်ဟွေး... သမီးနဲ့ ဆောင်ယုက ဒီမှာ အလုပ်ရှာဖို့ စီစဉ်ထားတာ မဟုတ်လား။ အခုမှ ရောက်တုန်းဆိုတော့ မလောပါနဲ့။ ဒီမှာ အရင်တည်းပြီး အလုပ်နဲ့ နေစရာကို အေးအေးဆေးဆေးမှ ရှာကြတာပေါ့"
ယွမ်ချိုင်ကျိန်းက စေတနာနဲ့ ပြောတာပါ။ ဆစ်ရှောင်ဟွေးကို ဒီမှာ ခဏနေလို့ရတယ်ဆိုပြီး စိတ်အေးစေချင်တာ။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးက တခြားလို နားလည်သွားတယ်။ နည်းနည်း ကြည်လင်လာတဲ့ ရှောင်ဟွေးရဲ့ မျက်နှာက ချက်ချင်း ပြန်တည်သွားတယ်။ သူက ယွမ်ချိုင်ကျိန်းကို အဖက်မလုပ်ဘဲ ဆစ်ဝေမင်းဘက် လှည့်ကာ ရန်လိုတဲ့ဟန်နဲ့ ပြောလိုက်တယ်။
"ဦးလေးလေးက ကျွန်မတို့ကို ဝန်ထုပ်ဝန်ပိုးလို့ သဘောထားနေတာလား။ ဦးလေးလေးက လိုချင်ရင် ဆောင်ယုနဲ့ ကျွန်မ အခုချက်ချင်း ထွက်သွားပေးလို့ ရတယ်။ ကျွန်မတို့က နှစ်ပေါင်းများစွာ ဒုက္ခပေါင်းစုံ ခံလာခဲ့ပြီးပြီမို့ အခုမှ ဦးလေးလေးကို မမှီခိုပါဘူး"
ဒီစကားကို ကြားတော့ ဆစ်ရှောင်ဟွေး သူ့စေတနာကို အထင်လွဲသွားပြီမှန်း ယွမ်ချိုင်ကျိန်း ချက်ချင်း သဘောပေါက်လိုက်တယ်။ သူက အမြန် ရှင်းပြတယ်။ "ရှောင်ဟွေး... အထင်မလွဲပါနဲ့ကွယ်။ အန်တီက နှင်ထုတ်တာ မဟုတ်ပါဘူး။ ဒီမှာနေရတာ အားနာနေမှာစိုးလို့ သမီးကို စိတ်အေးအောင် ပြောပြတာပါ"
ဆစ်ရှောင်ဟွေးက အိမ်ထောင်ကျပြီးသားလေ။ အလုပ်ရရင် လင်မယားနှစ်ယောက် သီးသန့်ခွဲနေတာက သာမန်ပါပဲ၊ တစ်သက်လုံး သူတို့နဲ့ လာနေဖို့မှ မဟုတ်တာ။ ယွမ်ချိုင်ကျိန်းက ဆစ်ရှောင်ဟွေးတို့ ယာယီနေတာကို သူတို့က ကန့်ကွက်စရာ မရှိဘူးလို့ ပြောချင်ရုံပါ၊ ထွက်သွားဖို့ ပြောတာ မဟုတ်ရပါဘူး။
သူ့ယောကျ်ားရဲ့ တူမကို မြင်ရလို့ သူ တကယ် ဝမ်းသာနေတာပါ။
ဆစ်ရှောင်ဟွေးက မကျေမနပ် ဟန်ပန်နဲ့ ပြန်ပက်တယ်။ "ဒါက ကျွန်မ ဦးလေးလေးအိမ်ပဲလေ။ ကျွန်မက ဘာကိစ္စ အားနာရမှာလဲ"
"ရှောင်ဟွေး" ဆစ်ရှောင်ဟွေးရဲ့ စကားတွေက တဖြည်းဖြည်း နားထောင်လို့ မကောင်းတော့တာမို့ ဆောင်ယုက ခပ်တိုးတိုး ဟန့်တားလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ဒါက သူတို့အိမ်မှ မဟုတ်တာ။ သူများအမိုးအောက်မှာ ခိုကပ်နေရတာလေ။ ဆစ်ရှောင်ဟွေးက ဘယ်လိုလုပ် ဒီလောက်တောင် အလိုက်ကမ်းဆိုး မသိရတာလဲ။
သူ သေချာ ရှင်းပြတာတောင် ဆစ်ရှောင်ဟွေးက ဒီလို သဘောထားမျိုးနဲ့ ဆက်ဆံနေတုန်းပဲလို့ ယွမ်ချိုင်ကျိန်း မထင်ထားခဲ့ဘူး။ သူ နည်းနည်း စိတ်ခုသွားတယ်။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးက ပထမဆုံးအကြိမ် လာလည်တဲ့သူ ဖြစ်နေတော့ သူနဲ့ ပြဿနာမတက်ချင်တာနဲ့ ဘာမှ ဆက်မပြောတော့ဘူး။ ဒါပေမဲ့ သူ့မျက်နှာထားကတော့ ခုနကလောက် မတက်ကြွတော့ဘူး။
ဆစ်ရှောင်ဟွေး သူ့ကို အပြစ်တင်နေမှန်း ဆစ်ဝေမင်း သိတယ်။ အပြစ်ရှိသလို ခံစားရတာရယ်၊ ရှောင်ဟွေးက ဒီကို အခုမှ ရောက်လာတာရယ်ကြောင့် သူ့ရဲ့ ရိုင်းပျတဲ့ အပြုအမူကို အလိုလိုက်ပြီး ညင်ညင်သာသာပဲ ပြောလိုက်တယ်။ "ဒီအိမ်ကို မင်းအိမ်လို့ သဘောထားပါ။ နေချင်သလောက် နေလို့ရတယ်"
ဒီစကားကို ကြားတော့ ဆစ်ရှောင်ဟွေးရဲ့ စိတ်အခြေအနေ သိသိသာသာ ပြန်ကောင်းသွားတယ်။ ယွမ်ချိုင်ကျိန်းကိုတောင် နိုင်စားချင်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်သေးတယ်။
ဆစ်ရှောင်ဟွေးရဲ့ အချိုးကို ယွမ်ချိုင်ကျိန်းက သည်းခံဖို့ ရွေးချယ်လိုက်တယ်။ ရက်အနည်းငယ်လောက်ဆို သူတို့ ထွက်သွားကြမှာပဲလို့ မျှော်လင့်ထားတာလေ။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးက လဝက်လောက်အထိ နေသွားပြီး ဒီနေရာကို သူ့အိမ်လို သဘောထားကာ အလုပ်ရှာဖို့ကိုတောင် ဂရုမစိုက်တော့ဘူး။
အကြာကြီး နေတာတင် မကဘူး၊ သူတို့ရဲ့ အလိုက်ကမ်းဆိုး မသိမှုက ယွမ်ချိုင်ကျိန်းကို စိတ်ပျက်စေတာ။ သူတို့ကို နေ့တိုင်း ထမင်းချက်ကျွေးရတာကို သူ ဝန်မလေးပါဘူး။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးက သူချက်တဲ့ ဟင်းတွေကို ဟိုဟာ မကောင်းဘူး ဒီဟာ မကောင်းဘူးနဲ့ အပြစ်တင်တယ်၊ သူ့ကိုလည်း ရိုသေမှု မရှိဘူး၊ ပြီးတော့ ထမင်းစားပွဲမှာ သူ့သားနဲ့တောင် တမင်သက်သက် ဟင်းလုစားသေးတယ်။
ဆစ်ဝေမင်းက အလုပ်ကိစ္စတွေနဲ့ မိုးလင်းကနေ မိုးချုပ် အပြင်မှာပဲ နေတာ။ ညဘက် အိမ်ပြန်လာရင် တစ်ယောက်ယောက်က "ဦးလေးလေး" ဆိုပြီး ဆီးကြိုနှုတ်ဆက်နေတော့ သူက ပျော်နေတာပေါ့။ ဒါပေမဲ့ ယွမ်ချိုင်ကျိန်းကတော့ ပိုပိုပြီး စိတ်ဆင်းရဲလာရတယ်။
ဆစ်ဝေမင်းရဲ့ ဆွေမျိုးတွေက ထုန်ယောင်နဲ့ ဆစ်ချန်တို့လိုပဲ ယဉ်ကျေးသိမ်မွေ့ပြီး လေးစားတတ်မယ်လို့ သူ ထင်ခဲ့တာ။ ဒါကြောင့်လည်း ဆစ်ဝေမင်း သူ့မိသားစုနဲ့ ပြန်အဆက်အသွယ်ရအောင် သူက တမင်တကာ ကူညီပေးခဲ့တာလေ။ သူ့အိမ်ထဲကို ဒီလောက် ဆိုးရွားတဲ့ ဘေးဒုက္ခကြီး ဖိတ်ခေါ်မိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။
အတန်ကြာ သည်းခံပြီးတဲ့နောက် ယွမ်ချိုင်ကျိန်း မနေနိုင်တော့ဘဲ တစ်ည ကလေးအိပ်သွားချိန်မှာ သွယ်ဝိုက်ပြီး ညည်းတွားလိုက်တယ်။ "ရှောင်ဟွေးနဲ့ ဆောင်ယု ဒီမှာနေတာ လဝက်တောင် ကျော်နေပြီ။ သူတို့လည်း ဒီက ပတ်ဝန်းကျင်နဲ့ အသားကျလောက်ပါပြီ။ သူတို့ အလုပ်ရှာမယ့်ပုံလည်း မပေါ်ဘူး။ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ဘူး။ သူတို့ ဘယ်လိုအလုပ်မျိုး လုပ်ချင်လဲဆိုတာ သွားမေးကြည့်ပါလား။ ရှင် သူတို့ကို ကူညီပေးလို့ ရနိုင်တာပဲ"
ဆစ်ဝေမင်းက ပြဿနာကို မမြင်ဘဲ အချိန်ဆွဲလိုက်တယ်။ "မနက်ဖြန်မှ ပြောကြတာပေါ့ကွာ"
သူ့သဘောထားကို မြင်တော့ ယွမ်ချိုင်ကျိန်း နည်းနည်း ဒေါသထွက်သွားတယ်။ "တို့ကလေးလည်း ကြီးလာပြီလေ။ တို့နဲ့အတူ တစ်ခန်းတည်း အမြဲတမ်း လာအိပ်နေလို့မှ မဖြစ်တာ"
ဆစ်ဝေမင်းက အိပ်ပျော်နေတဲ့ ကလေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ "ငါက သူတို့ကို အလုပ်ရှာပေးရင်၊ ရှောင်ဟွေးက ငါတို့ နှင်ထုတ်တယ်လို့ ထင်သွားလိမ့်မယ်။ ရှောင်ဟွေးက နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတာ။ ဦးလေးတစ်ယောက်အနေနဲ့ သူတို့ကို ခဏလောက် ကျွေးမွေးထားတာ မဖြစ်ဘူးလားကွာ"
သူ့စကားကို ကြားလိုက်ရတော့ ယွမ်ချိုင်ကျိန်း ရင်ထဲမှာ အသက်ရှူကြပ်လောက်အောင် မွန်းကျပ်သွားပြီး အရမ်းကို နေရခက်သွားတယ်။ "ဟုတ်ပါတယ်... ခဏလောက် ကျွေးမွေးထားတာ ဖြစ်ပါတယ်။ ကျွန်မကလည်း ထမင်းလေး ကျွေးရမှာကို နှမြောနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မက နေ့တိုင်း မိသားစုကြီး တစ်ခုလုံးအတွက် ဟင်းချက်ပြီး အိမ်စေတစ်ယောက်လို ပြုစုပေးနေရတာ။ အဲဒါကိုတောင် ဟင်းက သူတို့အကြိုက် မတွေ့ဘူး ဆိုပြီး အပြစ်တင်တာကို ခံရသေးတယ်။ ကျွန်မသားကရော သူ့အိမ်မှာ သူနေတာကို ဘာလို့ ဒါတွေကို သည်းခံနေရမှာလဲ"
"ရှင်က တစ်နေကုန် အပြင်ထွက်နေတော့ ဘာမှ မသိဘူးလေ။ ပြန်လာရင် 'ဦးလေးလေး' လို့ ခေါ်မယ့်သူ ရှိတော့ ရှင်က နေသာထိုင်သာ ရှိတာပေါ့။ ဒါပေမဲ့ ရှင့်မိန်းမနဲ့ သားဖြစ်တဲ့ ကျွန်မတို့ကိုကော ရှင် ဘယ်တော့များ ထည့်တွေးပေးဖူးလို့လဲ"
ဆစ်ရှောင်ဟွေးသာ ပန်းကန်လေး ဝိုင်းဆေးပေးမယ်၊ ဆက်ဆံရေးလေး နည်းနည်း ပိုကောင်းမယ်ဆိုရင် ယွမ်ချိုင်ကျိန်း ဒီလောက်အထိ စိတ်ဆိုးမှာ မဟုတ်ဘူး။
အပိုင်း (၂၈၂) ပြီးဆုံး
***