သူ့မိန်းမရဲ့ ညည်းတွားသံကို ကြားရတော့ ဆစ်ဝေမင်းလည်း နည်းနည်းတော့ အားနာသွားပြီး နှစ်သိမ့်လိုက်တယ်။ "ဒီရက်ပိုင်း မင်း တော်တော် စိတ်ဆင်းရဲနေရမှာပဲ။ မနက်ဖြန်ကျရင် ငါ သူတို့ကို အလုပ်အကိုင် ကိစ္စ မေးကြည့်ပါ့မယ်။ မင်း စိတ်ခုစရာရှိရင်လည်း ငါ့ကိုပဲ ပြောပါ။ သူတို့ကို မျက်နှာမပျက်ပါနဲ့။ ရှောင်ဟွေးက နည်းနည်း ဆတ်ဆတ်ထိမခံ ဖြစ်တတ်တော့ မင်းက သူ့ကို မကြည်ဘူးလို့ ထင်သွားလိမ့်မယ်။ ငါ့မှာက ဆွေမျိုးဆိုလို့ မရီးရယ်၊ တူနှစ်ယောက်နဲ့ တူမတစ်ယောက်ပဲ ကျန်တော့တာလေ။ မင်း ငါ့ကို နားလည်ပေးပါ ချိုင်ကျိန်းရယ်"
သူ့ရဲ့ ညင်သာတဲ့ ချော့မော့မှုက အလုပ်ဖြစ်သွားတယ်။ ယွမ်ချိုင်ကျိန်းက အစက စိတ်ဆင်းရဲနေပေမယ့် အခုတော့ သူ့ယောကျ်ားအပေါ် သူ သီးခံနားလည်မှု မပေးနိုင်လွန်းဘူးလားလို့တောင် ပြန်တွေးမိသွားတယ်။
သူ့ယောကျ်ားမှာ ဆွေမျိုးမရှိတာကို သူ ကိုယ်ချင်းစာသလို၊ တူမဖြစ်သူကြောင့် သူ့ယောကျ်ားက သူ့အပေါ် စိတ်ခုသွားမှာကိုလည်း သူ ကြောက်တယ်။ တူမဖြစ်သူက ဒီမှာ ကြာကြာ နေလောက်မှာ မဟုတ်ဘူး၊ များသောအားဖြင့် တစ်နှစ်ထက် ပိုမနေလောက်ဘူး ဆိုတာကိုလည်း သူ သိတယ်။ ဒါကြောင့် ဒီကိစ္စလေးနဲ့ ယောကျ်ားဖြစ်သူနဲ့ အဆင်မပြေ ဖြစ်ရတာက မတန်ပါဘူးလေ။
"ကျွန်မက သူတို့ကို နှင်ထုတ်ချင်လို့ မဟုတ်ပါဘူး။ သူတို့ဘာသာ ရပ်တည်နိုင်အောင် အလုပ်ရှာသင့်တယ်လို့ ထင်လို့ပါ။ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်ရက်စာပဲ ဝမ်းဝမယ်၊ ငါးဖမ်းနည်း သင်ပေးလိုက်ရင် တစ်သက်စာ ဝမ်းဝမယ်လေ။ ဘာပဲဖြစ်ဖြစ် ရှင် ဆုံးဖြတ်ပြီးပြီ ဆိုမှတော့ ရှင့်နည်းရှင့်ဟန်နဲ့သာ ရှင်းလိုက်ပါ။ စိတ်ချပါ၊ ကျွန်မ သူတို့ကို မျက်နှာမပျက်ပါဘူး"
"ငါ့ကို နားလည်ပေးလို့ ကျေးဇူးပါပဲကွာ" ဆစ်ဝေမင်းက မိန်းမဖြစ်သူကို ဖက်လိုက်တယ်။
နည်းနည်း စိတ်ပေါ့သွားတော့ ယွမ်ချိုင်ကျိန်းက စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။ "ရှောင်ဟွေး ဒီကိုရောက်နေတာလည်း အတော်ကြာပြီ၊ ဘာလို့ ထုန်ယောင်နဲ့ ဆစ်ချန်တို့ဆီက ဘာသံမှ မကြားရတာလဲ"
ဆစ်ရှောင်ဟွေးနဲ့ ယှဉ်ရင် ယွမ်ချိုင်ကျိန်းက ထုန်ယောင်နဲ့ ဆစ်ချန်ကို ပိုသဘောကျတယ်။ ခဏတဖြုတ် ဆက်ဆံကြည့်ရုံနဲ့ ထုန်ယောင်က လူကောင်းတစ်ယောက်မှန်း သူ သိတယ်။ အိမ်ရာဝင်း တစ်ခုတည်းမှာ နေတာမို့ ထုန်ယောင်နဲ့ ပိုပြီးတောင် ခင်မင်ချင်သေးတယ်။
ဟူး...
ကံမကောင်းတာက ထုန်ယောင်နဲ့ ဆစ်ချန်တို့က သူတို့နဲ့ ပတ်သက်ချင်ပုံ လုံးဝ မပေါ်ဘူး။ ကြည့်ရတာ သူ့ယောကျ်ားကို အပြစ်တင်နေတုန်းပဲ ထင်တယ်။
"သူတို့ ငါ့ကို မတွေ့ချင်ကြလို့ နေမှာပါ" ဆစ်ဝေမင်း သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိုးတိုးလေး ပြောတယ်။ "ငါက အရင်တုန်းက သူတို့ကို ပစ်ထားခဲ့ပြီး ဦးလေးတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ခဲ့ဘူးလေ။ သားအမိတွေကို ကူရာမဲ့စွာနဲ့ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တာ။ အခု သူတို့ အဆင်ပြေနေတဲ့ အချိန်ကျမှ ဆွေမျိုးပြန်ဆက်ချင်တယ် ဆိုတော့ သူတို့ ငါ့ကို အပြစ်တင်တာလည်း သဘာဝကျပါတယ်"
ယွမ်ချိုင်ကျိန်းက ဆစ်ဝေမင်းရဲ့ စကားတွေကို ထူးဆန်းတယ်လို့ ခံစားရတယ်။ "ရှင် အခုပြောလိုက်တဲ့ ပုံစံက ရှင်ကပဲ သားမယားကို အိမ်မှာ ပစ်ထားခဲ့တဲ့ သွေးအေးတဲ့ ယောက်ျားတစ်ယောက် ကျနေတာပဲ"
ဆစ်မောင်နှမတွေက သူ့ယောကျ်ား နှစ်ပေါင်းများစွာ အိမ်မပြန်ခဲ့တာကို အပြစ်တင်ကြတယ်။ ယွမ်ချိုင်ကျိန်းက သူတို့ရဲ့ နာကြည်းချက်ကို တစ်စိတ်တစ်ပိုင်း နားလည်ပေးနိုင်ပေမယ့် သူ့ယောကျ်ားမှာလည်း ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိခဲ့တယ်လို့ သူ ခံစားရတယ်။ သူ ကျိုတိုကို စရောက်တုန်းက ဘဝက တော်တော် ခက်ခဲခဲ့တာ။ သူ့မိသားစုကသာ ပံ့ပိုးပြီး သူ့ကို ပေးမစားခဲ့ရင် ဆစ်ဝေမင်းတစ်ယောက် ငတ်သေသွားလောက်ပြီ။
ဒါ့အပြင် သူ့ယောကျ်ားက ဦးလေးတော်တာလေ၊ ဆစ်မောင်နှမတွေရဲ့ အဖေမှ မဟုတ်တာ။ သူက စောင့်ရှောက်ဖို့ ရွေးချယ်ခဲ့ရင် ဒါက ကျေးဇူးတရားပဲ၊ မကူညီနိုင်ခဲ့ရင်လည်း ဒါက သဘာဝပါပဲ။
အရင်တုန်းက အားလုံးက ရုန်းကန်နေရတာချည်းပဲ၊ ဘယ်သူက သူများကို ကူညီနိုင်တဲ့ အင်အားရှိလို့လဲ။
"လျှောက်မပြောနဲ့" ဆစ်ဝေမင်းရဲ့ မျက်နှာ မည်းမှောင်သွားပြီး တင်းမာတဲ့ လေသံနဲ့ ပြောတယ်။ "မရီးက ကလေးတွေကို တစ်ယောက်တည်း ရှာကျွေးခဲ့ရတာ လွယ်တာမဟုတ်ဘူး။ စကားပုံတောင် ရှိတယ်မလား၊ မုဆိုးမအိမ်ရှေ့မှာ အတင်းအဖျင်းတွေ ပေါတယ်တဲ့။ အခု မင်းပြောလိုက်တဲ့ စကားတွေကို တခြားလူတွေ ကြားသွားရင် ဘယ်လိုထင်ကုန်မလဲ"
ယွမ်ချိုင်ကျိန်း သူ စကားမှားသွားမှန်း သိပေမယ့် ဆစ်ဝေမင်း တုံ့ပြန်တာ လွန်တယ်လို့ ထင်တယ်။ "ကျွန်မက ဘာရည်ရွယ်ချက်မှ မပါဘဲ ဒီအတိုင်း ပြောလိုက်တာပါ။ ရှင့်မရီးက ရှင့်ထက် ဆယ်နှစ်လောက် ကြီးမှာပေါ့။ စကားပုံတောင် ရှိသေးတာပဲ... အစ်ကိုကြီး မိန်းမကို အမေလို ရိုသေပါတဲ့။ ကျွန်မက တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး"
"အစ်ကိုကြီး မိန်းမကို အမေလို ရိုသေပါ" ဆိုတဲ့ စကားကို ကြားတော့ ဆစ်ဝေမင်း မျက်မှောင်ကြုတ်သွားပြီး စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်တယ်။ "မိုးချုပ်နေပြီ၊ အိပ်ကြစို့။ မနက်ဖြန် ကလေးကို ကျောင်းစောစော ပို့ရဦးမယ်"
ယွမ်ချိုင်ကျိန်း လှဲအိပ်လိုက်ချိန်မှာပဲ ထူးဆန်းတဲ့ ကိစ္စတစ်ခုကို သတိရသွားတယ်။ "အော်... မနေ့က ကျွန်မ အခန်းရှင်းနေတုန်း ရှောင်ဟွေးရဲ့ လက်ထပ်စာချုပ်ကို တွေ့လိုက်တယ်။ သူတို့ မှတ်ပုံတင်ထားတဲ့ နေ့စွဲက ကျိုတိုကို ရောက်တဲ့နေ့ ဖြစ်နေတယ်။ နည်းနည်း ထူးဆန်းမနေဘူးလား။ မင်္ဂလာမဆောင်ခင် မှတ်ပုံတင်ရမှာ မဟုတ်ဘူးလား"
ဆစ်ဝေမင်းကတော့ သိပ်မစဉ်းစားပါဘူး။ "ဘာထူးဆန်းလို့လဲ။ တောမှာက မင်္ဂလာဆောင်ပြီးမှ မှတ်ပုံတင်လေ့ ရှိကြတာပဲ။ တချို့ဆို လက်ထပ်ပြီး နှစ်အတော်ကြာတဲ့အထိတောင် မှတ်ပုံမတင်ကြဘူး"
ဒါကို ကြားတော့ ယွမ်ချိုင်ကျိန်းလည်း ဆက်မတွေးတော့ဘူး။ "မနက်ဖြန် ကလေးကို ကျောင်းပို့ပြီးရင် ထုန်ယောင်နဲ့ သွားစကားပြောကြည့်ဦးမယ်" ထုန်ယောင်က ဆစ်ရှောင်ဟွေးကို လိပ်စာပေးလိုက်တယ် ဆိုကတည်းက သူတို့ကို သိပ်ပြီး ဆန့်ကျင်နေတာမျိုး မဟုတ်လောက်ဘူး။
"မင်းသဘောပဲ... အိပ်တော့ကွာ"
ဆစ်ဝေမင်းက ဆက်မပြောချင်တော့တာ သိသာတယ်။ သူ ကုတင်ပေါ် လှဲချလိုက်ပြီး ယွမ်ချိုင်ကျိန်းကို ကျောပေးကာ အိပ်ပျော်သွားတယ်။
နောက်တစ်နေ့မှာလည်း နေ့တိုင်းလိုပါပဲ၊ ယွမ်ချိုင်ကျိန်း နံနက်စာ ချက်ပြီးတဲ့အထိ ဆစ်ရှောင်ဟွေးတို့ လင်မယားက မထကြသေးဘူး။ သူတို့ မျက်နှာသစ်ပြီးချိန်မှာ ယွမ်ချိုင်ကျိန်းက ကလေးကို ကျောင်းပို့ဖို့ ထွက်သွားပြီ။
ဦးလေးနဲ့ နှစ်ယောက်တည်း ကျန်ခဲ့ချိန်မှာ ဆစ်ရှောင်ဟွေးက ဧည့်သည်လို လုံးဝ မနေတော့ဘူး။ သူက ချက်ချင်းပဲ ညည်းတွားတော့တယ်။ "ဦးလေးလေး... အန်တီက လွန်လွန်းတယ်။ ကျွန်မတို့ကို နေ့တိုင်း သူစားကြွင်းစားကျန်တွေပဲ ကျွေးပြီး စိတ်တိုတာတွေကိုလည်း ကျွန်မတို့အပေါ် ပုံချတယ်။ သူ့သားအတွက်ပဲ ကြက်ဥပြုတ်ပေးပြီး ဆောင်ယုနဲ့ ကျွန်မကိုကျတော့ မပြုတ်ပေးဘူး။ ဦးလေးလေးသာ ရွာကနေ မထွက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲဒီက ဘဝက အများကြီး ပိုကောင်းတယ်၊ လူတွေကလည်း ဖော်ရွေတယ်။ ကျိုတိုက လူတွေလို ကျွန်မတို့ကို အထင်သေးတာမျိုး မရှိဘူး"
ဆစ်ရှောင်ဟွေးက သူ သူများအပေါ် မှီခိုနေရတယ်လို့ မတွေးသလို၊ သူ နောက်ကျမှ ထတာကိုလည်း မှားတယ်လို့ မထင်ဘူး။ ပြောင်းပြန်အနေနဲ့ သူတို့ ထမင်းစားဖို့ မစောင့်တဲ့ ယွမ်ချိုင်ကျိန်းကသာ မှားတယ်လို့ ခံစားနေတာ။
ဘယ်အိမ်မှာမဆို လူစုံမှ ထမင်းစားကြတာ မဟုတ်ဘူးလား။
ယွမ်ချိုင်ကျိန်းက သူ့ကို အထင်သေးနေတာ သိသာတယ်။
ဆစ်ဝေမင်းကတော့ သူ ကလေးဆန်နေတယ်လို့ပဲ တွေးပြီး ရယ်လိုက်တယ်။ "မင်း ကြက်ဥပြုတ် စားချင်လို့ မဟုတ်လား။ မနက်ဖြန် အန်တီ့ကို နောက်ထပ် နည်းနည်းပိုပြုတ်ဖို့ ငါ ပြောလိုက်မယ်လေ"
"ဦးလေးလေး... ဦးလေးလေး ကျွန်မကို အချစ်ဆုံးဆိုတာ သိသားပဲ" ဆစ်ဝေမင်းက သူ့ဘက်က ရပ်တည်ပေးတာ မြင်တော့ ဆစ်ရှောင်ဟွေး ချက်ချင်း စိတ်အေးသွားပြီး ပေါက်စီကို ပျော်ပျော်ရွှင်ရွှင် စားတော့တယ်။
ဆောင်ယုကတော့ ဆစ်ရှောင်ဟွေးနဲ့ ဆစ်ဝေမင်းကို သံသယတွေနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတယ်။ အတူနေလာတဲ့ ကာလတစ်လျှောက် သူ သတိထားမိတာက ဆစ်ဝေမင်းက ရှောင်ဟွေးကို အရမ်းဂရုစိုက်ပြီး အတော်လေး အလိုလိုက်တယ် ဆိုတာပဲ။ သူ သည်းခံနိုင်စွမ်းက ဦးလေးနဲ့ တူမ ဆက်ဆံရေးထက် ပိုနေသလိုပဲ။
ဒါပေမဲ့ သူတို့က တကယ့် ဦးလေးနဲ့ တူမ အရင်းတွေလေ။ အကြောင်းရင်းကို နားမလည်နိုင်လို့ သူ ဆက်မတွေးတော့ဘူး။ ဦးလေးက ရှောင်ဟွေးအပေါ် ကောင်းနေသရွေ့ အားလုံး အဆင်ပြေပါတယ်။ အခု သူတို့မှာ နေစရာ ရှိတယ်၊ စားစရာ ရှိတယ်၊ အလုပ်အကျွေးပြုမယ့်သူ ရှိတယ်၊ ဘုရင်တွေလို ဇိမ်ကျနေတော့ သူ မထွက်သွားချင်ဘူး။
ဆစ်ရှောင်ဟွေး စိတ်ကြည်နေတာကို အခွင့်ကောင်းယူပြီး ဆစ်ဝေမင်းက အလုပ်ကိစ္စကို စကားစလိုက်တယ်။ "ရှောင်ဟွေး၊ ဆောင်ယု... မင်းတို့ ကျိုတိုမှာ နေတာလည်း အတန်အသင့် ကြာပြီ။ နောင်ကျရင် ဘယ်လိုအလုပ်မျိုး လုပ်ချင်လဲ စဉ်းစားထားပြီးပြီလား"
ဦးလေးအိမ်ကို ရောက်ကတည်းက စားဝတ်နေရေး ပြေလည်သွားလို့ ဆောင်ယုက အလုပ်ရှာမယ့်ကိစ္စကို ဘေးဖယ်ထားလိုက်တာ။ အခု ဆစ်ဝေမင်းက ရုတ်တရက် မေးလာတော့ ဆောင်ယု လန့်သွားပြီး ဘယ်လို ဖြေရမလဲ မသိဘူး ဖြစ်သွားတယ်။ အတန်ကြာမှ သူ ရယ်ပြီး ပြောလိုက်တယ်။ "ဦးလေး... အလုပ်ကိစ္စကတော့ ရှောင်ဟွေး သဘောပါပဲ"
သူ့အဖြေက ပြီးပြည့်စုံတယ်လို့ သူ ထင်တယ်။ ရှောင်ဟွေးကို ဆုံးဖြတ်ခိုင်းလိုက်ရင် ဦးလေးလည်း ကန့်ကွက်စရာ မရှိလောက်ဘူး မဟုတ်လား။
ဆစ်ဝေမင်း မျက်မှောင်ကြုတ်သွားတယ်။ ဆစ်ရှောင်ဟွေးကို သူ သည်းခံတာက သွေးသားတော်စပ်နေလို့၊ ဆောင်ယုကို သည်းခံတာကတော့ ရှောင်ဟွေး မျက်နှာကြောင့် သက်သက်ပဲ။
ဒီလဝက်အတွင်း ဆောင်ယုနဲ့ သိပ်စကားမပြောဖြစ်ပေမယ့် သူ့တူမက်အသစ်ကို သူ သိပ်သဘောမကျဘူး။ ဆောင်ယုက ဆုံးဖြတ်ချက် မပြတ်သားဘူး၊ နည်းနည်းလည်း အပျင်းကြီးတယ်လို့ သူ ခံစားရတယ်။
ဒီမှာနေတာ လဝက်ကျော်ပြီ၊ ရှောင်ဟွေးရော ဆောင်ယုပါ အလုပ်ရှာဖို့ စိတ်မဝင်စားကြဘူး။ တာဝန်ယူစိတ် လုံးဝ မရှိကြဘူး။ ပင်ပန်းဆင်းရဲတာကို မခံနိုင်တဲ့ ယောက်ျားတစ်ယောက်က မိသားစုကို ဘယ်လို ရှာဖွေကျွေးမွေးမလဲ။
"ဦးလေးလေး... ကျွန်မတို့ ဆိုင်ဖွင့်ချင်တာ၊ အခု ပိုက်ဆံမရှိလို့။ ဦးလေးလေး ကျွန်မတို့ကို ယွမ် ထောင်ဂဏန်းလောက် ချေးပေးလို့ ရမလားဟင်" ရှောင်ဟွေး ဒီမှာနေလာတာ လဝက်ရှိပြီဆိုတော့ ဆစ်ဝေမင်းရဲ့ အခြေအနေကို နည်းနည်း နားလည်နေပြီ။ သူ့ဦးလေးက စီးပွားရေးသမားလေ။ လုပ်ငန်းကြီး မဟုတ်ပေမယ့် လက်သုံးငွေလောက်ကတော့ ပြတ်မှာ မဟုတ်ဘူး။
စီးပွားရေးစဖို့ ယွမ် ထောင်ဂဏန်းလောက် ချေးပေးတာက ပြဿနာ မရှိလောက်ဘူး မဟုတ်လား။ ပြီးတော့ သူတို့က ပြန်မဆပ်ဘူးလို့မှ မပြောတာ။
ထူးဆန်းတာက ဆစ်ဝေမင်းက ချက်ချင်း မငြင်းဘဲ မေးလိုက်တယ်။ "မင်းတို့ ဘယ်လိုဆိုင်မျိုး ဖွင့်ချင်တာလဲ"
အပိုင်း (၂၈၃) ပြီးဆုံး
***