ပိုက်ဆံချေးလို့ရမယ့် အခွင့်အရေးရှိမှန်း မြင်တော့ ဆစ်ရှောင်ဟွေးက ကမန်းကတန်း ပြောလိုက်တယ်။ "ကျွန်မတို့ နို့လက်ဖက်ရည်ဆိုင် ဖွင့်မလို့။ မရီးဆီကနေ နို့လက်ဖက်ရည် ဖျော်နည်း သင်ထားဖူးတယ်လေ။ ဘယ်လိုအရသာမျိုးမဆို ဖျော်တတ်တယ်။ သူတို့ဆိုင်လိုမျိုးပဲ ဖွင့်ပြီး သူတို့ဆိုင်နာမည်ကိုပဲ သုံးလိုက်မယ်။ တစ်ဆိုင်ကို တစ်လ ယွမ်တစ်ထောင်ကျော် မြတ်တယ်။ ဦးလေးလေးသာ ယွမ်ထောင်ဂဏန်းလောက် ချေးပေးရင် နှစ်ဝက်လောက်ဆို ပြန်ဆပ်နိုင်ပါပြီ"
ပိုက်ဆံချေးတဲ့ကိစ္စနဲ့ ပတ်သက်လာရင် ဆစ်ရှောင်ဟွေးက ယုံကြည်မှု အပြည့်ပဲ။ တခြားသူတွေကပဲ သူ့ကို အကြွေးတင်နေပြီး မဖြစ်မနေ ချေးပေးရမယ့် တာဝန်ရှိနေတဲ့အတိုင်းပဲ။
ဆစ်ဝေမင်းက ပိုက်ဆံချေးပေးဖို့ ကန့်ကွက်စရာ မရှိပေမယ့် ဆစ်ရှောင်ဟွေးရဲ့ နို့လက်ဖက်ရည်ဆိုင် ဖွင့်မယ့် အကြံအစည်အပေါ်မှာတော့ သံသယရှိနေတယ်။ "နို့လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ မင်းအစ်ကိုနဲ့ မရီးကို တိုင်ပင်ပြီးပြီလား။ သူတို့က ဆိုင်နာမည်ကို အမှတ်တံဆိပ်အဖြစ် မှတ်ပုံတင်ထားတာလေ။ သူတို့ဆိုင်နာမည်ကို သုံးချင်ရင် သူတို့ရဲ့ ခွင့်ပြုချက် လိုတယ်။ မဟုတ်ရင် မူပိုင်ခွင့် ချိုးဖောက်ရာ ကျလိမ့်မယ်"
ဆစ်ဝေမင်းက ကျောင်းနှစ်နှစ်ပဲ နေခဲ့ရပေမယ့် ကျိုတိုမှာ နေထိုင်ရင်း အများကြီး လေ့လာသင်ယူခဲ့တာမို့ ဒီလိုကိစ္စတွေကို ရင်းနှီးကျွမ်းဝင်နေပြီ။ ဆစ်ရှောင်ဟွေးက ဒီကိစ္စတွေကို ဘာမှ နားမလည်ဘဲ စီးပွားရေး စလုပ်ဖို့ပဲ လောနေတာကို မြင်တော့ သူ မနေနိုင်ဘဲ သတိပေးလိုက်တယ်။
"မူပိုင်ခွင့် ချိုးဖောက်တယ်ဆိုတာ ဘာကိုပြောတာလဲ" ဆစ်ရှောင်ဟွေးက ဂရုမစိုက်တဲ့ လေသံနဲ့ ပြန်ပြောတယ်။ "သူတို့က ကျွန်မရဲ့ အစ်ကိုအရင်းနဲ့ မရီးပဲလေ။ သူတို့ဆိုင်နာမည်ကို သုံးရုံလေးပါ။ သူတို့ ဖောက်သည်တွေကို လုမှာမှ မဟုတ်တာ။ သူတို့က ကျွန်မကို တရားစွဲမှာမို့လို့လား"
ဆစ်ဝေမင်းက လေးလေးနက်နက် ပြန်ပြောတယ်။ "မင်းရဲ့ အစ်ကိုနဲ့ မရီး ဖြစ်နေတိုင်း ဒီလိုမျိုး လုပ်လို့ရတယ်လို့ မဆိုလိုဘူးလေ"
သူ သက်ပြင်းချလိုက်ပြီး ဆက်ပြောတယ်။ "နို့လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ အရင်းအနှီးက အရမ်းများတယ်။ ရေခဲသေတ္တာ တစ်လုံးတည်းတင် ယွမ်တစ်ထောင်ကျော်တယ်။ နို့လက်ဖက်ရည်ဆိုင် မဖွင့်ဖို့ပဲ ဦးလေးလေး အကြံပေးချင်တယ်"
ဆစ်ရှောင်ဟွေး နှုတ်ခမ်းဆူသွားပြီး တင်းမာတဲ့ လေသံနဲ့ ပြောတယ်။ "ဦးလေးလေးက ကျွန်မ ပြန်မဆပ်နိုင်မှာ ကြောက်လို့ ပိုက်ဆံ မချေးချင်တာ မဟုတ်လား"
နို့လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ဆစ်ရှောင်ဟွေးက ဘာလို့ ဆစ်ချန်ဆီမှာ အကူအညီ မတောင်းတာလဲ ဆိုတာကို ဆစ်ဝေမင်း နားမလည်နိုင်ဘူး။ ဒါပေမဲ့ ဆစ်ချန်က တွန့်ဆုတ်နေတယ်ဆိုရင် အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်။
ဒါ့အပြင် သူ ထောက်ပြသလိုပဲ၊ နို့လက်ဖက်ရည်ဆိုင်မှာ ရင်းနှီးမြှုပ်နှံရတာက အရမ်းများတယ်။ ဆစ်ရှောင်ဟွေးကလည်း ကျိုတိုကို အခုမှ ရောက်လာတာ၊ စုဆောင်းငွေလည်း ဘာမှ မရှိဘူး။ ဒီလိုလုပ်ငန်းမျိုး စလုပ်ဖို့ဆိုတာ တကယ်ကို မသင့်တော်ပါဘူး။
သူတို့အတွက် ဘဝက အရမ်း လွယ်ကူနေတယ်။ အခက်အခဲတချို့ မကြုံရဘူးဆိုရင် အလွယ်တကူပဲ ဒုက္ခရောက်သွားနိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူတို့နှစ်ယောက်စလုံးမှာ ကျွမ်းကျင်တဲ့ ပညာရပ် မရှိဘူး၊ ကြုံရာကျပန်း အလုပ်တွေ လုပ်နေတာကလည်း ရေရှည်အတွက် အဖြေမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်း အသေးလေး တစ်ခု စလုပ်တာက သူတို့အတွက် ပိုကောင်းလိမ့်မယ်။
ခဏလောက် စဉ်းစားပြီးတဲ့နောက် ဆစ်ဝေမင်းက ပြောတယ်။ "ဒီလိုလုပ်ပါလား။ မင်းတို့က ဆိုင်ဖွင့်ချင်နေမှတော့ မနက်စာ လုပ်နည်း သွားသင်ပြီး မနက်စာရောင်းတဲ့ဆိုင် ဖွင့်ကြရင်ရော။ အရင်းအနှီးလည်း နည်းတယ်၊ တစ်လကို ဝင်ငွေလည်း အသင့်အတင့် ရနိုင်တယ်။ သူများဆီမှာ အလုပ်လုပ်တာထက်စာရင် ပိုကောင်းပါတယ်"
ပြောလေပြောလေ ဆစ်ဝေမင်းက သူ့အကြံကို ပိုသဘောကျလေပဲ။ လင်မယားနှစ်ယောက် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရုံသာမက ဘဝရဲ့ အခက်အခဲကိုပါ ကြုံတွေ့ခံစားရပြီး ပိုက်ဆံရှာရတာ မလွယ်ဘူးဆိုတာကို နားလည်သွားစေမယ်။ အနာဂတ်ဘဝမှာလည်း ပိုပြီး လက်တွေ့ကျကျ ရပ်တည်နိုင်ကြမှာပေါ့။
"မနက်စာရောင်းတဲ့ဆိုင် ဟုတ်လား" ဆစ်ရှောင်ဟွေးက မနက်စာ တစ်ခါမှ မလုပ်ဖူးဘူး။ ဒါပေမဲ့ ပေါက်စီဆိုင်ပိုင်ရှင်ကို သူ မြင်ဖူးသလောက်တော့ နို့လက်ဖက်ရည် ရောင်းသလိုပဲ သက်သောင့်သက်သာ ရှိပုံရတယ်။ အကြံကောင်းပဲ။ "ဒါဆိုလည်း မနက်စာဆိုင်ပဲ ဖွင့်ကြတာပေါ့"
ဆောင်ယု - "..."
မနက်စာဆိုင် ဖွင့်မယ်ဆိုတာ ကြားတော့ သူ့မျက်နှာ စိမ်းသွားတယ်။
ဆစ်ရှောင်ဟွေး မသိပေမယ့် သူသိတယ်။ မနက်စာဆိုင် ဖွင့်တယ်ဆိုတာ မိုးမလင်းခင်ကတည်းက စောစောထပြီး ပေါက်စီတို့၊ ပေါင်မုန့်တို့ ပြင်ဆင်ရတာ။ အိပ်ချိန်၊ နားချိန်ဆိုတာ မရှိသလောက်ပဲ။ ပြီးတော့ နို့လက်ဖက်ရည်ဆိုင်လောက်လည်း အမြတ်မကျန်ဘူးလေ။
နှစ်ခုစလုံးက စီးပွားရေးလုပ်ငန်း ဆိုပေမယ့် အဆင့်အတန်းက လုံးဝ ကွာခြားတယ်။ ဒါက တကယ့်ကို သွေးထွက်အောင် ရုန်းကန်ရမယ့် ပိုက်ဆံရှာနည်းပဲ။
"မင်းရော ဘယ်လိုထင်လဲ" ဆစ်ဝေမင်းက ဆောင်ယုကို ကြည့်ပြီး မေးတယ်။
"အ... အရမ်းကောင်းပါတယ်" ဆောင်ယုက အတင်းပြုံးပြီး ဖြေလိုက်ပေမယ့် ရင်ထဲမှာတော့ ခါးသက်နေတယ်။
ဆစ်ဝေမင်းက ခေါင်းငြိမ့်လိုက်တယ်။ "မင်းတို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မနက်စာ လုပ်နည်း သင်လို့ရမယ့် နေရာကို ဒီနေ့ပဲ ငါ ရှာပေးမယ်"
"ကျေးဇူးပါပဲ ဦးလေးလေး။ ဦးလေးလေးက ကျွန်မကို အချစ်ဆုံးဆိုတာ သိသားပဲ"
ဒီအချိန်အထိ ဆစ်ရှောင်ဟွေးက မနက်စာဆိုင် ဖွင့်တာကို အလုပ်ကောင်းတစ်ခုလို့ ထင်နေတုန်းပဲ။ နောင်ကျရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီး ဆောင်ယုနဲ့အတူ ရွာကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်သွားမယ်၊ ရွာကလူတွေ အားလုံးကို သူ လူရွေးမှန်ကြောင်း ပြသမယ်လို့ စိတ်ကူးယဉ်နေတယ်။
အစ်ကိုနဲ့ မရီးက သူ့ကို အထင်သေးတာက ဆောင်ယုကို အထင်သေးလို့ မဟုတ်ဘူးလား။ ပိုက်ဆံရလာတဲ့အထိ စောင့်ကြည့်လိုက်ဦး။ အဲဒီကျရင် ဆောင်ယုကို အပြစ်ရှာနိုင်သေးလား ကြည့်ရသေးတာပေါ့။
ကလေးကို ကျောင်းပို့ပြီးတာနဲ့ ယွမ်ချိုင်ကျိန်းက ထုန်ယောင်ရဲ့ နို့လက်ဖက်ရည်ဆိုင်ကို တန်းလာခဲ့တယ်။ အဲဒီအချိန်မှာ သူ့ယောကျ်ားက ဆစ်ရှောင်ဟွေးကို မနက်စာဆိုင်ဖွင့်ဖို့ ကူညီပေးမယ်လို့ သဘောတူလိုက်တာကို သူ မသိသေးဘူး။
မနက်ခင်းဘက်ဆိုတော့ ဆိုင်မှာ လူသိပ်မရှုပ်ဘူး။ ဆိုင်ထဲမှာ ထုန်ယောင် တစ်ယောက်တည်း ငွေရှင်းကောင်တာမှာ ထိုင်ပြီး သတင်းစာ ဖတ်နေတယ်။ ချေးငွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို သူ သတိထားမိသွားပြီး ဆိုင်ခွဲအနည်းငယ် ထပ်ဖွင့်ဖို့ ချေးငွေယူရမလားဆိုတာကို စဉ်းစားနေတယ်။ ကျိုတိုရဲ့ စီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်နေပြီး စားသုံးသူတွေရဲ့ ဝယ်ယူနိုင်စွမ်းကလည်း အားကောင်းတယ်လေ။
နို့လက်ဖက်ရည်ဆိုင် အနည်းငယ် ထပ်ဖွင့်တာက သူ့ရဲ့ စီးပွားရေးကို ထိခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုသေးငယ်တဲ့ လီစီးတီးမှာတော့ နို့လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှိရုံနဲ့ လုံလောက်နေပြီ။
ဒီခေတ်မှာ ရုပ်ရှင်လက်မှတ်က ပြားငါးဆယ်ပဲ ရှိတာ။ ဖျော်ဖြေရေးဆိုလို့ သိပ်မရှိတော့ ရုပ်ရှင်ဝါသနာရှင်တွေ အရမ်းများပြီး ရုပ်ရှင်ရုံတွေက အမြဲတမ်း လူပြည့်ကျပ်နေတတ်တယ်။ ဒါကြောင့် ထုန်ယောင်ရဲ့ ထိပ်တန်း ရွေးချယ်မှုက ရုပ်ရှင်ရုံအနီးမှာ နို့လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ပဲ။
ကျိုတို ဆေးတက္ကသိုလ်နားမှာ ဆိုင်ဖွင့်တာကလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပုံရတယ်။
ဒီနှစ်နေရာစလုံးက သူ စိတ်ဝင်စားတဲ့ နေရာတွေပဲ။ တခြားနေရာတွေအတွက်ကတော့ ဒီဆိုင်နှစ်ဆိုင် လည်ပတ်သွားတဲ့အထိ စောင့်ချင်သေးတယ်။ နို့လက်ဖက်ရည်ဆိုင်ဆိုတာ ငွေသားစီးဆင်းမှု ကောင်းတဲ့ လုပ်ငန်းမို့ အရင်းအနှီးကို ဖိနှိပ်ထားစရာ မလိုဘူး။ ဒီဆိုင်နှစ်ဆိုင်ကို တည်ထောင်လိုက်ရင် လစဉ် နောက်ထပ် ဆိုင်ခွဲတွေ ဖွင့်ဖို့ လုံလောက်တဲ့ အမြတ်အစွန်းတွေ ရလာမှာပဲ။
ထုန်ယောင် သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း စဉ်းစားခန်း ဝင်နေတုန်းမှာပဲ ကောင်တာနားကို ယွမ်ချိုင်ကျိန်း ဝင်လာတာကို သတိထားမိလိုက်တယ်။
"အန်တီ"
"အလုပ်ရှုပ်နေလား" လို့ ယွမ်ချိုင်ကျိန်းက အပြုံးနဲ့ မေးတယ်။
"မရှုပ်ပါဘူး။ မနက်ခင်းပိုင်းဆို ဆိုင်က လူပါးတယ်လေ"
ယွမ်ချိုင်ကျိန်းက ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်တယ်။ "စကားလေး နည်းနည်းလောက် ပြောဖို့ အချိန်ရမလား"
သူက ဆစ်ချန်ရဲ့ အန်တီတော်ပေမယ့် ဒါက နာမည်ခံသက်သက်ပဲလေ။ ဆစ်ချန်က သူ့အိမ်က ဆန်တစ်စေ့၊ ဆန်ပြုတ်တစ်ပန်းကန်တောင် စားခဲ့ရတာ မဟုတ်ဘူး။ ဒါကြောင့် ယွမ်ချိုင်ကျိန်းက ထုန်ယောင်ရှေ့မှာ လူကြီးတစ်ယောက်လို ဘယ်တော့မှ ဟန်မလုပ်ဘူး။
အပြေးအလွှား လာရလို့ ချွေးတလုံးလုံး ဖြစ်နေတဲ့ ယွမ်ချိုင်ကျိန်းကို ကြည့်ပြီး ထုန်ယောင်က အေးအေးဆေးဆေး ထိုင်ဖို့ ဖိတ်ခေါ်လိုက်တယ်။ ပြီးတော့ လန်းဆန်းသွားစေမယ့် သစ်သီးလက်ဖက်ရည် နှစ်ခွက် ဖျော်လာပေးတယ်။ ယွမ်ချိုင်ကျိန်းလည်း အားမနာတမ်းပဲ ချက်ချင်း တစ်ငုံသောက်လိုက်ရာ မျက်လုံးတွေတောင် အရောင်လင်းသွားတယ်။
"သမီးဆိုင် ရောင်းကောင်းတာ မဆန်းပါဘူး" သူက ရိုးရိုးသားသားပဲ ချီးကျူးလိုက်တယ်။ "ဒီသစ်သီးလက်ဖက်ရည်က တကယ် သောက်လို့ ကောင်းတာပဲ"
"ကျေးဇူးပါ" ထုန်ယောင်က နောက်ပြောင်တဲ့ အပြုံးလေးနဲ့ ပြောတယ်။ "အန်တီ... ရှောင်ဟွေးက အန်တီတို့ဆီမှာ တည်းနေတာလား။ တစ်ခုခု ဒုက္ခပေးသေးလား"
ယွမ်ချိုင်ကျိန်း လာတာက ဆစ်ရှောင်ဟွေး ကိစ္စအတွက်မှန်း သူ သေချာပေါက် သိနေတယ်။ အစောဖြစ်ဖြစ်၊ နောက်ကျမှဖြစ်ဖြစ် ပြောရမယ့်ကိစ္စကို မရီးတစ်ယောက်အနေနဲ့ သူက အရင်စမမေးရင် မသင့်တော်သလို ဖြစ်သွားမှာပေါ့။
လူမှုရေး ဆက်ဆံမှုတွေမှာ တစ်ခါတလေကျရင် ဟန်ဆောင်တာမျိုး၊ အပေါ်ယံ ယဉ်ကျေးပြတာမျိုးတွေက အကျိုးမယုတ်ပါဘူး။
ယွမ်ချိုင်ကျိန်းက ခပ်ဖွဖွ ပြုံးလိုက်တယ်။ "ဒုက္ခပေးတယ်လို့တော့ ပြောလို့ မရပါဘူး။ အန်တီတို့အိမ်က ကျဉ်းတော့ အခန်းမလောက်တာလေးတော့ ရှိတာပေါ့။ ရှောင်ဟွေးနဲ့ ဆောင်ယုက အလုပ်လည်း မရှာကြဘူး၊ ဒီရက်ပိုင်း သူတို့ ဘာတွေလုပ်နေလဲလည်း အန်တီ မသိဘူး။ ဦးလေးလေးကလည်း အန်တီ့ကို ဝင်မပါစေချင်တော့ အန်တီက နေ့တိုင်း သူတို့ စားဖို့သောက်ဖို့လောက်ပဲ စီစဉ်ပေးနေရတာ"
သူက ဆစ်ရှောင်ဟွေးကို ရွံရှာနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလင်မယားက တကယ်ကို အလိုက်ကမ်းဆိုး မသိတာ။ ယွမ်ချိုင်ကျိန်းက အိမ်မှာ အရမ်းကျပ်ပိတ်နေတယ်လို့ ခံစားရပြီး အိမ်တောင် မပြန်ချင်တော့ဘူး။ ဆစ်ရှောင်ဟွေးက ဧည့်ခန်းထဲမှာ တစ်နေ့ကုန် တီဗီထိုင်ကြည့်ပြီး ကြာစေ့ခွံတွေကို ကြမ်းပြင်ပေါ် ပစ်ချထားတယ်။ အခြေခံ နေထိုင်မှု အကျင့်စရိုက်တွေကို လုံးဝ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ယွမ်ချိုင်ကျိန်းက ဘာမှ ဝင်မပြောသာဘူး ဖြစ်နေတယ်။
သူ့ယောကျ်ားက ယောက်ျားသားဆိုတော့ သူခံစားနေရတဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေကို နားလည်နိုင်မှာ မဟုတ်ဘူး။
ထုန်ယောင်ကို ရင်ဖွင့်ချင်ပေမယ့် မရီးနဲ့ ယောင်းမ ဆက်ဆံရေး ဘယ်လောက်ကောင်းလဲဆိုတာ သေချာမသိတာကြောင့် ယွမ်ချိုင်ကျိန်းက တဲ့တိုးကြီး မပြောရဲဘဲ အခြေအနေကို ဝေဝါးဝါးလောက်ပဲ ပြောပြရတယ်။
ထုန်ယောင် မျက်နှာသေလေးနဲ့ အံ့သြသွားတယ်။ ဆစ်ရှောင်ဟွေးကို သိပ်အလိုလိုက်လို့ မရဘူးဆိုတာ သိပေမယ့် ဒီလောက်တောင် အချိုးဆိုးလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ဒါက တကယ်ကို အလိုလိုက်ခံထားရတဲ့ ကလေးဆိုးကြီးလို ပြုမူနေတာပဲ။
အပိုင်း (၂၈၄) ပြီးဆုံး
***