ထုန်ယောင် နားမလည်နိုင်တာက ဆစ်ဝေမင်းကလည်း ဆစ်ရှောင်ဟွေးကို အဲဒီလိုပဲ အလိုလိုက်ထားတာကိုပဲ။
ထုန်ယောင် မျက်တောင်လေး ပုတ်ခတ်လုပ်ပြီး စပ်စုချင်စိတ်နဲ့ မေးလိုက်တယ်။ "ဆောင်ယုအပေါ် ဦးလေးလေးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ"
"ရှင့်ဦးလေးကတော့ ဆောင်ယုကို အားကိုးမရဘူး၊ ဆုံးဖြတ်ချက် မပြတ်သားဘူးလို့ မြင်တယ်။ ရှောင်ဟွေးနဲ့ မတန်ဘူးလို့ ထင်ပေမယ့် သူတို့က မှတ်ပုံတင်ပြီးသား ဖြစ်နေတော့ ဘာမှ ဆက်ပြောနေလို့လည်း အပိုပဲလေ။ ဆောင်ယုက ရှောင်ဟွေးအပေါ် ကောင်းနေသရွေ့ အန်တီတို့ သဘောကျကျ၊ မကျကျ အရေးမကြီးပါဘူး။ သူတို့ဘဝနဲ့ သူတို့ ရှင်သန်ရမှာပဲလေ၊ ရှောင်ဟွေး ပျော်နေဖို့က အဓိကပါပဲ"
ဆောင်ယုက ဆစ်မိသားစုဝင်မှ မဟုတ်တာ။ သူ့အကြောင်း ပြောရတာ ယွမ်ချိုင်ကျိန်းအတွက် ဘာစိတ်ဖိစီးမှုမှ မရှိဘူး၊ သူ့စိတ်ထဲရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောချလိုက်တယ်။
တကယ်တော့ သူ့ယောကျ်ားက ဆောင်ယုကို သဘောမကျတာတင် မကဘူး၊ သူကိုယ်တိုင်လည်း သဘောမကျဘူး။
ဆောင်ယုက နေထိုင်မှု အကျင့်စရိုက်တွေ တော်တော်ဆိုးတယ်။ မနက်မိုးလင်းရင် သွားတိုက်ရမှာ ပျင်းတယ်၊ ထမင်းမစားခင် လက်မဆေးဘူး၊ အိမ်သာတက်ပြီးရင် ရေဆွဲချဖို့ ခဏခဏ မေ့တတ်တယ်။ သန့်ရှင်းမှု လုံးဝ မရှိဘူး။
အားလုံးက အရွယ်ရောက်ပြီးသူတွေဆိုတော့ ယွမ်ချိုင်ကျိန်း အနေနဲ့ တဲ့တိုးပြောဖို့ ခက်တဲ့ကိစ္စတွေ ရှိတာပေါ့။ ဒါပေမဲ့ နေ့တိုင်း ဒီလိုပုံစံနဲ့ နေနေကြတာကို ကြည့်ရတာ သူ့အတွက်တော့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တစ်ခုပဲ။
ဆစ်ရှောင်ဟွေးသာ ဒီမှာ အပြီးနေသွားမယ်ဆိုရင် သူ ရူးသွားလိမ့်မယ်။
ယွမ်ချိုင်ကျိန်းရဲ့ ရှုံ့မဲ့နေတဲ့ မျက်နှာကို သတိထားမိတော့ ထုန်ယောင်ရဲ့ မျက်လုံးထဲမှာ အကြံအစည်တစ်ခု လက်ခနဲ ဖြစ်သွားပြီး မြေခွေးမလေး တစ်ကောင်လို ပြုံးလိုက်တယ်။
"ရှောင်ဟွေးက အလိုလိုက်လို့ မရဘူး အန်တီရဲ့၊ အမြဲတမ်း အလိုလိုက်နေစရာ မလိုဘူး။ အလိုလိုက်လေလေ ပိုဆိုးလေလေပဲ။ သူ့ကို ဘုရားတစ်ဆူလို ကိုးကွယ်ထားစရာလည်း မလိုဘူး၊ မဟုတ်ရင် သူ ပိုပြီး မောက်မာလာလိမ့်မယ်"
ဒီစကားကို ကြားတော့ ယွမ်ချိုင်ကျိန်းက ထုန်ယောင်လည်း ဆစ်ရှောင်ဟွေးနဲ့ ပြဿနာတက်ထားဖူးတယ်လို့ တွေးလိုက်တယ်။ မဟာမိတ် တစ်ယောက် ရသွားသလို ခံစားလိုက်ရပြီး သူလည်း ဟန်မဆောင်တော့ဘဲ ရင်ဖွင့်တော့တယ်။
"အန်တီက သူ့ကို ရင်ဆိုင်ရမှာ ကြောက်လို့ မဟုတ်ပါဘူး။ ရှင့်ဦးလေးက အန်တီ သူ့တူမကို နှိမ်တယ်လို့ ထင်သွားမှာစိုးလို့ပါ။ ဒါနဲ့... သမီးတို့နဲ့ ရှောင်ဟွေးက ဘာဖြစ်ထားကြလို့လဲ။ သူ ဒီရောက်ကတည်းက သမီးတို့ဆီ တစ်ခေါက်မှ လာမလည်ဘူးနော်"
"ရှောင်ဟွေးက အန်တီ့ကို မပြောပြဘူးလား။ သူနဲ့ ဆောင်ယုက ဒီကို ခိုးပြေးလာကြတာလေ။ အာချန်က အစက သူတို့ကို ရွာပြန်ပြီး မင်္ဂလာဆောင်ဖို့ ပြောမလို့ပဲ၊ ဒါပေမဲ့ သူတို့က တိတ်တိတ်လေး မှတ်ပုံတင်ပြီး လက်ထပ်စာချုပ် ယူလာကြတာ။ အာချန်က ဒေါသထွက်ပြီး သူတို့ကို အိမ်က နှင်ချလိုက်တာ။ အခု အမေရော၊ ဒုတိယအစ်ကိုရော ရှောင်ဟွေးကို စိတ်ဆိုးပြီး သူ့ကိစ္စ ဘာမှ ဝင်မပါချင်ကြတော့ဘူး..."
ဆစ်ရှောင်ဟွေးနဲ့ ဆောင်ယုတို့ ခိုးပြေးလာတဲ့ ကိစ္စကို ထုန်ယောင်က ဘာမှ ထိန်ချန်မထားဘဲ အကုန် ဖွင့်ပြောလိုက်တယ်။ ဆစ်ရှောင်ဟွေးတစ်ယောက် ဆစ်ဝေမင်းဆီမှာ သွားပြီး အကူအညီတောင်းရမယ့် အခြေအနေ ဆိုက်သွားတာ သေချာပေါက်ပဲလေ။
ဆစ်ချန်က ဆစ်ဝေမင်းနဲ့ အဆက်အသွယ် ဖြတ်ထားနိုင်ပေမယ့် ဆစ်ရှောင်ဟွေးကတော့ မဖြတ်နိုင်ဘူးလေ။ အခုတော့ ဆစ်ဝေမင်းကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ အသီးခါးကို သူကိုယ်တိုင် မြည်းစမ်းရမယ့် အချိန်ရောက်ပြီပေါ့။
ဆစ်ရှောင်ဟွေးကို ဆစ်ဝေမင်းဆီ သွားခိုင်းလိုက်တာက ဆစ်ချန်က ဆစ်ဝေမင်းအတွက် တွင်းတူးပေးလိုက်တာနဲ့ အတူတူပဲ။
ဒါကို တွေးမိတော့ ထုန်ယောင်က ဆစ်ချန်ကို ကွယ်ရာမှာ ကြိတ်ပြီး လေးစားသွားတယ်။ သူက အတိတ်က ကိစ္စတွေကို ဘယ်တုန်းကမှ ထုတ်မပြောပေမယ့် လက်တွေ့ လုပ်ဆောင်ရမယ့် အချိန်ရောက်တော့လည်း ဘာမှ တွန့်ဆုတ်မနေဘူးပဲ။
ယွမ်ချိုင်ကျိန်းအတွက်ကတော့ ဆစ်ဝေမင်းကြောင့် သူပါ ရောပြီး ဒုက္ခရောက်ရတာလို့ပဲ ဆိုရမှာပေါ့...
"ဘုရားရေ သူတို့ ခိုးပြေးရဲတယ်ဆိုတာ အန်တီ မယုံနိုင်ဘူး။ ဒါကြောင့် သူတို့ပြတဲ့ လက်ထပ်စာချုပ်က ကျိုတိုကို ရောက်တဲ့နေ့စွဲနဲ့ အသစ်စက်စက်လေး ဖြစ်နေတာကိုး။ အန်တီက ရှင့်ဦးလေးကို ဒါလေး ပြောပြသေးတယ်၊ ဒါပေမဲ့ သူက တောမှာ မင်္ဂလာအရင်ဆောင်ပြီးမှ မှတ်ပုံတင်တာ သာမန်ပါပဲဆိုလို့ အန်တီလည်း ဆက်မတွေးတော့တာ"
ယွမ်ချိုင်ကျိန်းကတော့ လုံးဝ အံ့သြမှင်သက်သွားတယ်။ သူက ရှေးရိုးဆန်တဲ့သူမို့ လမ်းမပေါ်မှာ ဆစ်ဝေမင်းနဲ့ လက်ချင်းတောင် မချိတ်ရဲဘူးလေ။ ဆစ်ရှောင်ဟွေးက ခိုးပြေးတဲ့အထိ ရဲတင်းလိမ့်မယ်လို့ သူ မယုံနိုင်ဘူး။ ပြီးတော့ ဆစ်ရှောင်ဟွေးက သူတို့အိမ်မှာ လဝက်ကျော် နေသွားတာတောင် ဒီကိစ္စကို လုံအောင် ဖုံးထားနိုင်သေးတယ်။
ထုန်ယောင်က သစ်သီးလက်ဖက်ရည်ကို တစ်ငုံမြိန်မြိန် သောက်လိုက်ပြီး အရိပ်အမြွက် ပြောလိုက်တယ်။ "ဦးလေးလေးက ရှောင်ဟွေးကို တော်တော် အလိုလိုက်တာပဲနော်"
ထုန်ယောင်စကားထဲက အရိပ်အမြွက်ကို ယွမ်ချိုင်ကျိန်း သတိမထားမိဘဲ ရယ်စရာလုပ်ပြီး ပြန်ပြောတယ်။ "ရှင့်ဦးလေးက ရှောင်ဟွေးကို တကယ် အလိုလိုက်တာ။ ရှောင်ဟွေးက သူ့တူမမို့လို့ တော်သေးတာပေါ့၊ မဟုတ်ရင် အန်တီတောင် သဝန်တိုမိမှာ"
သူ့ယောကျ်ားက ကလေးပညာရေးကို အလေးထားတယ်။ သားဖြစ်သူကို လိုအပ်ရင် အလိုလိုက်ပေမယ့် ဆုံးမဖို့လည်း တွန့်ဆုတ်မနေဘူး။ ဒါပေမဲ့ ဆစ်ရှောင်ဟွေးကိုကျတော့ အတော်လေး အလိုလိုက်ထားသလိုပဲ၊ ဒါက ကိုယ့်သားသမီးနဲ့ သူများသားသမီး ကွာခြားချက် ဖြစ်မှာပါ။
သူ့ကလေးမှ မဟုတ်တာ၊ သူက သွားဆုံးမလို့မှ မရတာလေ။
ထုန်ယောင်က မျက်တောင်လေး ပုတ်ခတ်လုပ်ပြီး တောက်ပစွာ ပြုံးလိုက်တယ်။ "အန်တီ... အန်တီက ရှောင်ဟွေးကို အမြဲတမ်း သည်းခံနေစရာ မလိုပါဘူး။ မကြိုက်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ အာချန်နဲ့ ကျွန်မက သူ့ကို လက်မခံရင် အန်တီတို့ကလွဲပြီး သူ သွားစရာ နေရာမှ မရှိတာ။ အန်တီသာ အပြတ်ပြောလိုက်ရင် သူ ကြောက်သွားမှာပါ"
ထုန်ယောင်က ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောပြီး ဆစ်ရှောင်ဟွေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာပါ အကြံပေးလိမ့်မယ်လို့ ယွမ်ချိုင်ကျိန်း မထင်ထားဘူး။ သူ မနေနိုင်ဘဲ ရယ်လိုက်မိတယ်။ "ရှောင်ဟွေးက ငယ်ပါသေးတယ်၊ အန်တီက လူကြီးဆိုတော့ ပိုပြီး သည်းခံလိုက်ပါလို့ သမီး ပြောမယ် ထင်နေတာ"
ထုန်ယောင်က ချက်ချင်း ပြန်ပြောတယ်။ "ကျွန်မ နေရာကနေ ဝင်တွေးကြည့်ပါလား အန်တီ။ ကျွန်မသာဆိုလည်း သည်းခံနိုင်မှာ မဟုတ်ဘူး။ ကိုယ်တိုင်တောင် သည်းမခံနိုင်တဲ့ ကိစ္စကို တခြားသူတွေကို သဘောထားကြီးပါလို့ ဘာကိစ္စ သွားတိုက်တွန်းရမှာလဲ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ပါ၊ သူများတွေကို သွားပြီး ချုပ်နှောင်ဖို့ မဟုတ်ဘူးလေ"
ဘယ်အိမ်ရဲ့ မီးဖိုချောင်က အခိုးအငွေ့ မထွက်ဘဲ နေမှာလဲ ဟုတ်တယ်မလား။
ဘယ်သူမှ သူတော်စင် မဟုတ်ကြတော့ တခြားသူတွေကိုလည်း ဘုရားလောင်း လုပ်ဖို့ သွားတိုက်တွန်းနေစရာ မလိုပါဘူး။
ထုန်ယောင်ရဲ့ စကားတွေကြောင့် ယွမ်ချိုင်ကျိန်း ရင်ထဲ ထိသွားတယ်။ သူတို့ နှစ်ယောက်စလုံးက သာမန်မိသားစုကနေ ဆစ်မိသားစုကို ချွေးမအဖြစ် ဝင်လာကြသူတွေလေ။ အသက်အရွယ်အရ ဆယ်စုနှစ်တစ်ခုကျော် ကွာခြားပေမယ့် သူတို့နှစ်ယောက် တော်တော် အဆင်ပြေပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသလိုတောင် ခံစားရတယ်။
ဆစ်ရှောင်ဟွေးရဲ့ အမြင်တွေကသာ ထုန်ယောင်လို မှန်ကန်မယ်ဆိုရင် ယွမ်ချိုင်ကျိန်း ဒီလောက် စိတ်ဆင်းရဲနေရမှာ မဟုတ်ဘူး။
ထုန်ယောင်နဲ့ စကားပြောပြီးနောက် သူ့ရဲ့ စိတ်ဖိစီးမှုတွေ တော်တော်လေး လျော့ကျသွားတယ်။ နေ့လယ်ဘက် အိမ်ပြန်ပြီး ထမင်းမချက်တော့ဘဲ ထုန်ယောင်ကို စားသောက်ဆိုင် တစ်ဆိုင်မှာ နေ့လယ်စာ လိုက်ကျွေးတယ်။
ထုန်ယောင်ကလည်း ဂျီးများတဲ့သူ မဟုတ်တော့ မငြင်းပါဘူး။ ယွမ်ချိုင်ကျိန်းရဲ့ အကျင့်စရိုက်ကို သူ တော်တော် သဘောကျတယ်။ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်မွေ့ပေမယ့် သူ့ကိုယ်ပိုင် ရပ်တည်ချက် ရှိတယ်။
ယောက္ခမတွေကို အမြဲ ညည်းတွားတတ်ပေမယ့် ပြန်မပြောရဲတဲ့ ဟယ်ဖန်နဲ့ မတူဘဲ၊ ယွမ်ချိုင်ကျိန်းက ထုန်ယောင် ပြောတာကို တကယ် နားထောင်ပြီး ဆစ်ရှောင်ဟွေးရဲ့ အပြုအမူတွေကို ဆက်ပြီး သည်းမခံတော့ဘူးလို့ တိတ်တဆိတ် ဆုံးဖြတ်လိုက်တယ်။
ဒါတင် မကသေးဘူး၊ အိမ်ပြန်ရောက်ရင် ဆစ်ရှောင်ဟွေးကို မြန်မြန် အိမ်ခွဲနေဖို့ စီစဉ်ပေးဖို့ ယောကျ်ားဖြစ်သူကို ဖိအားပေးဦးမယ်လို့ သူ စဉ်းစားထားတယ်။ အသက် နှစ်ဆယ်ကျော် အရွယ် မိန်းမတစ်ယောက်က အလုပ်မလုပ်ဘဲ တစ်နေကုန် အိမ်ထဲမှာ ထိုင်နေတာက မသင့်တော်ဘူးလေ။
ယွမ်ချိုင်ကျိန်းက တမင်သက်သက်ကို အိမ်ပြန် ထမင်းမချက်တာ။ သူ့ကလေး ကျောင်းဆင်းတဲ့အချိန်အထိ ထုန်ယောင်ရဲ့ ဆိုင်မှာပဲ နေလိုက်တယ်။ ထုန်ယောင်က သူ့ရည်ရွယ်ချက်ကို သဘောပေါက်ပေမယ့် ဖွင့်မပြောပါဘူး။ အဲဒီအစား ကလေးအတွက် နို့လက်ဖက်ရည် တစ်ခွက် ဖျော်ပြီး ယွမ်ချိုင်ကျိန်းကို ထည့်ပေးလိုက်တယ်။
ပုံမှန်အတိုင်း ညနေ ၅ နာရီ အလုပ်ဆင်းတော့ ထုန်ယောင်က ဆေးရုံနားက ဈေးမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတချို့ ဝယ်ပြီး အိမ်ပြန်လာတယ်။
အိမ်ရာဝင်းထဲ ရောက်တော့ အောက်ထပ်မှာ စကားပြောနေတဲ့ အမျိုးသမီး တစ်သိုက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံတယ်။ ထုန်ယောင်ကို မြင်တာနဲ့ အားလုံးက ပါးစပ်ပိတ်သွားပြီး ထုန်ယောင် လှေကားတက်သွားတာကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြတယ်။
အဲဒီအထဲမှာ လျိုချင်းလည်း ပါတယ်။ သူက အိပ်ပျော်နေတဲ့ ကလေးကို ချီထားရင်း လှေကားတက်နေတဲ့ ထုန်ယောင်နောက်ကို အမြန်လိုက်သွားပြီး ထေ့ငေါ့တဲ့ လေသံနဲ့ ပြောတယ်။ "သစ်သီးတွေ အများကြီး ဝယ်လာပြန်ပြီလား။ နင့်စိတ်က တော်တော် ခိုင်တာပဲနော်။ ဒေါက်တာဆစ်ဆီမှာ ဒီလောက်ကြီးမားတဲ့ ပြဿနာကြီး ဖြစ်နေတာတောင် နင်က ဈေးဝယ်ထွက်နိုင်သေးတယ်"
ထုန်ယောင်က အစက လျိုချင်းကို အဖက်မလုပ်ချင်ပေမယ့် ဆစ်ချန် နာမည် ပါလာတော့ ခြေလှမ်းရပ်လိုက်ပြီး မေးလိုက်တယ်။ "အာချန် ဘာဖြစ်လို့လဲ"
"နင် မသိသေးဘူးလား" လျိုချင်းက အံ့သြသလို မေးတယ်။
"ဘာကို သိရမှာလဲ" ထုန်ယောင် မျက်မှောင်ကြုတ်သွားတယ်။
လျိုချင်းက မနာလိုဝန်တိုတဲ့ အပြုံးနဲ့ ပြောတယ်။ "ဒီနေ့ အကျိတ်ခွဲစိတ်မှု လုပ်တဲ့ ဆရာဝန်တစ်ယောက်က လူနာရှင်ဆီကနေ ယွမ်တစ်ရာပါတဲ့ စာအိတ်နီကို လက်ခံတယ်လို့ ဆေးရုံမှာ တစ်ယောက်ယောက်က တိုင်တောထားတယ်လေ"
ထုန်ယောင် ရင်ပူသွားပြီး လျိုချင်းကို မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။ "အဲဒါ အာချန်နဲ့ ဘာဆိုင်လို့လဲ"
ဆစ်ချန် တစ်ခုခုများ ဖြစ်နေပြီလားလို့ သူ စိတ်ပူနေခဲ့တာ၊ တကယ်တမ်းကျတော့ ဆရာဝန်တစ်ယောက် လာဘ်စားတဲ့ ကိစ္စ ဖြစ်နေတယ်။ ဆစ်ချန်က ဒီလိုအလုပ်မျိုး လုံးဝ လုပ်မှာမဟုတ်ဘူးလို့ သူ ယုံကြည်တယ်။
ဒါပေမဲ့ ဆစ်ချန်က ဘယ်တုန်းက အကျိတ်ခွဲစိတ်မှုတွေ စလုပ်နေတာလဲ။
အပိုင်း (၂၈၅) ပြီးဆုံး
***