ထုန်ယောင်ရဲ့ နားလည်မှုအရဆိုရင် အကျိတ်ခွဲစိတ်မှုဆိုတာ လိပ်ခေါင်းခွဲသလိုမျိုး သာမန်ခွဲစိတ်မှု အသေးစားလေး မဟုတ်ဘူး။ ပြီးတော့ ဆစ်ချန်က အဓိက ခွဲစိတ်ဆရာဝန် (Chief Surgeon) ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးဘူးလေ။ အလွန်ဆုံး ဘေးကနေ လေ့လာကြည့်ရှုခွင့်ပဲ ရနိုင်တာ။ ဦးဆောင်ခွဲစိတ်ဆရာဝန် အဆင့်ကို ရောက်ဖို့ဆိုတာ အခုချိန်မှာ မဖြစ်နိုင်သေးဘူး။
လျိုချင်းက ခနဲ့တဲ့ အပြုံးနဲ့ ပြောတယ်။ "ယောင်ယောင်... နင့်ကို အပြစ်တင်တာတော့ မဟုတ်ဘူးနော်။ ဒါပေမဲ့ နင့်ယောကျ်ားကို နည်းနည်းပါးပါး ဂရုစိုက်သင့်တယ်။ တစ်နေ့ကုန် နို့လက်ဖက်ရည်ဆိုင်မှာချည်း အချိန်မကုန်ပါနဲ့။ ကိုယ့်ယောကျ်ား ဒီလောက် အရေးကြီးတဲ့ ခွဲစိတ်မှုကြီး လုပ်နေတာကိုတောင် နင်က မသိဘူးဆိုတော့ လူတွေက နင်တို့ တကယ် လင်မယားတွေရော ဟုတ်ရဲ့လားလို့ သံသယ ဝင်ကုန်ကြလိမ့်မယ်"
အဓိက ခွဲစိတ်ဆရာဝန် ဖြစ်တဲ့အကြောင်း ပြောရင်း လျိုချင်း ရင်ထဲမှာ မနာလိုစိတ်တွေ တောက်လောင်နေတယ်။ ဆေးရုံမှာ ဘယ်ဆရာဝန်မှ ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ဒီလို အရေးကြီးတဲ့ ခွဲစိတ်မှုကို လုပ်ခွင့်မရဖူးဘူးလေ။
သူ့ယောကျ်ားဆိုရင် ဒီနေရာရောက်ဖို့ ၄၊ ၅ နှစ်လောက် အချိန်ယူခဲ့ရတာ။
ပါမောက္ခချူ (Professor Qiu) ကတော့ ဆစ်ချန်ကို သူ့ရဲ့ အချစ်ဆုံး မြေးလေးတစ်ယောက်လို သဘောထားနေတော့တာပဲ။
လူတိုင်းက ဆစ်ချန်ကို မနာလိုဖြစ်နေကြပြီး သူ အရှက်ကွဲမယ့်အချိန်ကို စောင့်ကြည့်နေကြတာ။ တခြားတစ်ဖက်မှာလည်း သူ့ခွဲစိတ်မှု အောင်မြင်သွားမှာကို စိုးရိမ်နေကြတယ်။
တကယ်လို့ ဒီတစ်ခေါက် ဆစ်ချန်သာ အမှားတစ်ခုခု လုပ်မိသွားရင် နောက်ထပ် နှစ်အနည်းငယ်၊ ဒါမှမဟုတ် တစ်သက်လုံး ဒီလို အရေးကြီးတဲ့ ခွဲစိတ်မှုမျိုး လုပ်ခွင့်ရတော့မှာ မဟုတ်ဘူး။
သာမန် ဆရာဝန်တစ်ယောက်အနေနဲ့ဆိုရင်တော့ သူ ငတ်မှာမဟုတ်ပေမယ့် နာမည်ကြီး ဆရာဝန်တစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်တော့ဘူး။
ဒါပေမဲ့ ဆစ်ချန်ရဲ့ ခွဲစိတ်မှုသာ ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်သွားခဲ့ရင် ပါမောက္ခချူက သူ့ကို သေချာပေါက် ပိုပြီး မျက်နှာသာပေးတော့မှာ။ အဲဒီအခါ ဆေးရုံမှာ ဆစ်ချန်ရဲ့ အဆင့်အတန်းက သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်။
လူတိုင်းက ဆစ်ချန်ရဲ့ ရည်မှန်းချက်ကြီးမားမှုကို လှောင်ပြောင်နေကြပြီး သူ အောင်မြင်သွားမှာကို ကြောက်နေကြတာ။ အဲဒီအချိန်မှာ ဆစ်ချန်က လူနာရှင်ဆီကနေ စာအိတ်နီ လက်ခံတာကို လက်ပူးလက်ကြပ် မိသွားတယ်ဆိုတဲ့ သတင်း ထွက်လာတာပဲ။ သူက ခွဲစိတ်ခန်းထဲမှာ ရောက်နေတော့ အခြေအနေ ဘယ်လောက် ဆိုးရွားနေပြီလဲ ဆိုတာ မသိသေးဘူးလေ။ ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ မျှော်လင့်ရင်း ခွဲစိတ်မှုကို ကြိုးကြိုးစားစား လုပ်နေလောက်တယ်။
ခွဲစိတ်ခန်းတံခါး ပွင့်လာတာနဲ့ တစ်ပြိုင်နက် သူ့ကို အလုပ်ကနေ ဆိုင်းငံ့ပြီး စုံစမ်းစစ်ဆေးတော့မယ် ဆိုတာကို သူ မသိရှာဘူး။
ထုန်ယောင်တို့ လင်မယား လစာ သိပ်မများဘဲနဲ့ ပိုက်ဆံကို ရေလို သုံးနိုင်တာ မဆန်းပါဘူး။ ကြည့်လေ... လူနာရှင်ဆီက ရတဲ့ စာအိတ်နီက သူ့လစာထက်တောင် ပိုများနေသေးတယ်။ သူတို့မှာ ဘယ်လိုလုပ် သုံးစရာ ပိုက်ဆံ ပြတ်မှာလဲ။
"အာချန်က လူနာရှင်တွေဆီကနေ စာအိတ်နီကို တိတ်တိတ်လေး လက်ခံမယ့်သူ လုံးဝ မဟုတ်ဘူး။ အခြေအနေကို သေချာ မသိရသေးဘဲနဲ့ လျှောက်မပြောနဲ့"
ထုန်ယောင်ကတော့ ဆစ်ချန် ဒီလို မိုက်မဲတဲ့ အလုပ်မျိုး လုံးဝ မလုပ်ဘူးလို့ အခိုင်အမာ ယုံကြည်ထားတယ်။ ပြီးတော့ ဆစ်ချန်ရဲ့ ခွဲစိတ်မှု စွမ်းရည်အပေါ်မှာလည်း သူ အပြည့်အဝ ယုံကြည်မှု ရှိတယ်။ ဆစ်ချန်က တကယ်ပဲ ခွဲစိတ်မှု လုပ်နေတာလား။ ဒီလောက် ငယ်ရွယ်တဲ့သူက အကျိတ်ခွဲစိတ်မှုမှာ အဓိက ခွဲစိတ်ဆရာဝန် လုပ်ရတယ်ဆိုတော့ လျိုချင်း ဒီလောက်တောင် ဝမ်းသာအားရ ဖြစ်နေတာ မဆန်းပါဘူး။ သူ မနာလို ဖြစ်နေတာ သေချာတယ်။ ခွဲစိတ်မှု လုပ်ရတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အရမ်း ပင်ပန်းတာ။ ဒါကြောင့် ဒီည ဆစ်ချန် အားပြန်ပြည့်အောင် အရသာရှိတာ တစ်ခုခု ချက်ကျွေးဖို့ ထုန်ယောင် စဉ်းစားလိုက်တယ်။
လျိုချင်းက ထုန်ယောင်ရဲ့ ကျောပြင်ကို ကြည့်ပြီး တံတွေးထွေးချလိုက်ကာ ပွစိပွစိ ပြောတယ်။ "လူတိုင်း သိနေတဲ့ ကိစ္စကို ငြင်းပြီး ဒီမှာ လာအ တတ်ဟန်ဆောင်နေတယ်။ စောင့်သာကြည့်နေ... ဒီည နင် ငိုရလိမ့်မယ်။ လူနာရှင်တွေဆီက ပိုက်ဆံတွေ ယူသုံးနေပြီး ဝဋ်လည်မှာကို မကြောက်ဘူးလား မသိဘူး"
ဒီအိမ်ရာဝင်းထဲမှာ ထုန်ယောင်လောက် ပိုက်ဆံကို ဖြုန်းတီးတဲ့သူ မရှိဘူး။ နေ့တိုင်း ငါး ဒါမှမဟုတ် အသား ပါရတယ်။ သစ်သီးတွေဆိုရင်လည်း အလကားရနေသလိုပဲ အိမ်ထဲကို အမြဲတမ်း ဝင်နေတာ။
သူ့အဖေက အငြိမ်းစား စက်ရုံမှူး ဖြစ်နေရင်တောင် ပိုက်ဆံကို ဒီလိုမျိုး သုံးလို့မှ မရတာ။
ပြီးတော့ ဘယ်မိဘကများ သမီးဖြစ်သူကို ဒီလောက် ပိုက်ဆံတွေ အများကြီး ထောက်ပံ့ပေးနေမှာလဲ။
သူ့အမြင်မှာတော့ ထုန်ယောင်တို့ လင်မယားက အဖေ စက်ရုံမှူး ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး လူနာရှင်တွေ ပေးတဲ့ စာအိတ်နီထဲက ငွေတွေကို ဇိမ်ကျကျ သုံးဖြုန်းနေကြတာ။ ရာထူးကသာ မကြီးတာ၊ ညစ်ပတ်တဲ့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ကြတာပဲ။ ဆစ်ချန်သာ အောင်မြင်သွားရင် အနာဂတ်မှာ ဆေးရုံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အကျင့်ပျက် ခြစားဆုံး ဆရာဝန် ဖြစ်လာမှာ သေချာတယ်။
သူတို့ကို သေချာ စုံစမ်းစစ်ဆေးရမယ်။ ဆရာဝန်လိုင်စင် ရုပ်သိမ်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ရဲစခန်းကို တိုက်ရိုက် ပို့လိုက်တာ အကောင်းဆုံးပဲ။
ပါမောက္ခချူလည်း အသက်ကြီးပြီး မျက်စိကွယ်သွားပြီ ထင်တယ်။ အရည်အချင်းရှိတဲ့ လူငယ်ဆရာဝန်တွေ အများကြီး ရှိလျက်နဲ့ တောကလာတဲ့ ဆရာဝန် တစ်ယောက်တည်းကိုပဲ မျက်နှာသာ ပေးနေတယ်။ ဘာရည်ရွယ်ချက် ရှိနေလဲ မသိဘူး။
ထုန်ယောင် အခန်းထဲ ပြန်ရောက်တော့ ကြောင်လေးက ပြတင်းပေါက်ကနေ ခုန်ဝင်လာပြီး တခြားသူတွေဆီက ကြားလာခဲ့တဲ့ သတင်းတွေကို ညောင်... ညောင် နဲ့ အသံပြုပြီး ပြောပြတယ်။ လူတိုင်းက ဆစ်ချန် စာအိတ်နီ လက်ခံတဲ့ အကြောင်းကို ပြောနေကြပြီး သူ အရှက်ကွဲမယ့်အချိန်ကို စောင့်ကြည့်နေကြတယ်တဲ့။
ကြောင်လေး ဇာတ်လမ်းပြောလို့ မပြီးသေးခင်မှာပဲ ရုတ်တရက် "ညောင်" ခနဲ အော်ပြီး ပြတင်းပေါက်ကနေ ပြန်ခုန်ထွက်သွားတယ်။ အဲဒီနောက် တံခါးခေါက်သံ ကြားလိုက်ရပြီး တံခါးဖွင့်ကြည့်တော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ တိန့်ဝမ်ဝမ် ဖြစ်နေတယ်။
တိန့်ဝမ်ဝမ်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို နှစ်ခါ ပြုတ်ပြီးကတည်းက စာဆက်မသင်တော့ဘဲ ဘတ်စ်ကား လက်မှတ်ရောင်းတဲ့ အလုပ်တစ်ခု ရှာလုပ်နေတာ။ ဆယ်ကျော်သက်အရွယ် ပုန်ကန်ချင်စိတ်တွေ ကုန်သွားတော့ အရင်ကထက် ပိုပြီး လိမ္မာလာသလို ထုန်ယောင်ကိုလည်း မမုန်းတော့ဘူး။ အလုပ်က ပြန်လာရင်း ဆစ်ချန်ရဲ့ အခြေအနေကို ကြားလိုက်ရတော့ သူက ထုန်ယောင်ကို သတင်းလာပေးတာ။
"ယောင်ယောင်မမ... အားလုံးက ပြောနေကြတယ်၊ ဒေါက်တာဆစ်က လူနာရှင်ဆီကနေ စာအိတ်နီ လက်ခံတယ်တဲ့။ ဆေးရုံကလည်း ဒီကိစ္စကို အတော်လေး အရေးကြီးတယ်လို့ ယူဆပြီး ဒေါက်တာဆစ်ကို အပြစ်ပေးချင်နေကြတယ်"
"အာချန်က လူနာရှင်ဆီကနေ စာအိတ်နီကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ဒီကိစ္စမှာ သေချာပေါက် နားလည်မှုလွဲတာ တစ်ခုခု ရှိရမယ်။ သူက အမှန်တရားဘက်မှာ ရှိနေသရွေ့ ဘာကိုမှ ကြောက်မှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်မပူပါနဲ့" ဒီလိုသာ ပြောလိုက်ရပေမယ့် ထုန်ယောင်ကတော့ နည်းနည်း စိတ်ပူသွားတယ်။
ဆစ်ချန် စာအိတ်နီ လက်ခံမှာ မဟုတ်ဘူးဆိုတာကို သူ ယုံကြည်ပေမယ့် တစ်ယောက်ယောက်က တမင်သက်သက် ထောင်ချောက်ဆင်မှာကိုတော့ ကြောက်နေမိတယ်။
"သမီးလည်း ဒေါက်တာဆစ်ကို ယုံပါတယ်။ မမတို့က နို့လက်ဖက်ရည်ဆိုင် ဖွင့်ထားတာ၊ လစဉ်ဝင်ငွေလည်း မနည်းဘူးလေ။ ဒေါက်တာဆစ်က ဒီလိုအလုပ်မျိုး လုပ်စရာ အကြောင်းမရှိဘူး။ သမီးထင်တာတော့ ဆေးရုံက တချို့လူတွေက ဒေါက်တာဆစ်ရဲ့ အရည်အချင်းကို မနာလိုဖြစ်ပြီး ကွယ်ရာမှာ တမင်သက်သက် ဒုက္ခပေးနေတာ ဖြစ်ရမယ်" ထုန်ယောင်နဲ့ ရင်းနှီးလာပြီး ဆက်ဆံရေး ပိုကောင်းလာတဲ့အခါ တိန့်ဝမ်ဝမ်က ထုန်ယောင်ဟာ နို့လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဖြစ်မှန်း သိသွားခဲ့တယ်။
အစကတော့ သူလည်း နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ သူ့အမေက သဘောမတူဘူး။ စားသောက်ဆိုင်မှာ အလုပ်လုပ်တာက အစေခံအလုပ်မျိုးပဲ ဆိုပြီး သူ့ကို လက်မှတ်ရောင်းတဲ့ အလုပ်ပဲ လုပ်ခိုင်းခဲ့တာ။
တိန့်ဝမ်ဝမ်လည်း အမေဖြစ်သူရဲ့ ကန့်ကွက်မှုကို မလွန်ဆန်နိုင်လို့ မတတ်သာဘဲ လက်မှတ်ရောင်းသူ ဖြစ်သွားရတာ။ ကံကောင်းတာက အလုပ်က သိပ်မပင်ပန်းတော့ သူ လုပ်နိုင်ပါတယ်။
ထုန်ယောင်က လျိုချင်းရဲ့ တံခါး အနည်းငယ် ဟနေတာကို မျက်လုံးထောင့်ကနေ သတိထားမိလိုက်တယ်။ သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျိန်ဆဲလိုက်တယ်။ "တချို့ အတင်းပြောတတ်တဲ့ ကောင်မတွေက သူများတွေကို ဒုက္ခပေးရတာ သဘောကျကြတယ်။ သူများတွေ ပိုက်ဆံသုံးတာကို မြင်ရင် သူတို့မှာ ယားယံလာတော့တာပဲ။ တကယ့်ကို အသားမစားရဘဲ သူများအသားစားတာကို ကြည့်ပြီး မနေနိုင်ဖြစ်နေတဲ့ သူတွေလိုပဲ။ သူတို့က သူများတွေရဲ့ ချမ်းသာကြွယ်ဝမှုကို သေးသိမ်ယုတ်မာတဲ့ အတွေးတွေနဲ့ ခန့်မှန်းကြတယ်၊ ကောလာဟလတွေ လွှင့်ကြတယ်။ တကယ်တော့ သူတို့က မနာလိုဖြစ်နေတာ သက်သက်ပဲ။ အဲဒီ အတင်းပြောတဲ့ ကောင်မတွေ ငါ့လက်တည့်တည့် မမိစေနဲ့၊ မိရင်တော့ သေချာပေါက် အသေအလဲ ဆဲပစ်မယ်"
သူ့တံခါးနောက်ကနေ နားထောင်နေတဲ့ လျိုချင်းတစ်ယောက် ရင်ထဲ စူးခနဲ ဖြစ်သွားတယ်။ ထုန်ယောင်က သူ့ကို ကျိန်ဆဲနေသလိုပဲ။
ထုန်ယောင်ရဲ့ အရိပ်အမြွက်ပြမှုကြောင့် တိန့်ဝမ်ဝမ်လည်း လျိုချင်းတံခါး ဟနေတာကို သတိထားမိသွားပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်တယ်။ "ယောင်ယောင်မမ... သမီး လာတုန်းက မမတို့အိမ်ကနေ ကြောင်ကွက်လေး ပြေးထွက်သွားတာ တွေ့လိုက်တယ်။ သူက မမတို့အိမ်ကို ခဏခဏ လာပုံရတယ်၊ မမကိုလည်း တော်တော် သဘောကျပုံရတယ်။ အဲဒီကြောင်လေးကို မမပဲ မွေးထားလိုက်တော့လေ"
"ရတာပေါ့" ထုန်ယောင်က ကန့်ကွက်စရာ မရှိပါဘူး။ "မမလည်း ကြောင်လေးတွေကို သိပ်သဘောကျတာ။ သူတို့က ကြွက်လည်း ဖမ်းပေးနိုင်တယ်လေ။ ဒီရက်ပိုင်း မမတို့ဆီမှာ ကြွက်တွေ တော်တော်ပေါနေတယ်။ ပစ္စည်းတွေကို ကိုက်ဖျက်ရုံတင် မကဘူး၊ သူများပြောတာတွေကို ခိုးနားထောင်ရတာလည်း သဘောကျသေးတယ်"
"ဒါဆိုလည်း သဘောတူပြီနော်" တိန့်ဝမ်ဝမ်က ရယ်လိုက်တယ်။ "မမ လုပ်စရာရှိတာ ဆက်လုပ်ပါ၊ သမီး အရင် ပြန်တော့မယ်"
ပြန်တော့မယ်လို့သာ ပြောတာ၊ သူ့ခြေလှမ်းတွေက လုံးဝ မရွေ့ဘူး။ တစ်ခုခု မေးချင်နေပေမယ့် ဘယ်လို စပြောရမှန်း မသိဖြစ်နေတဲ့ ပုံစံမျိုးနဲ့ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေပြီး ပြန်ချင်တဲ့ပုံ မပေါ်ဘူး။
ထုန်ယောင်က သူ့ရဲ့ စိတ်ထဲက အတွေးလေးကို တစ်ချက်ကြည့်ရုံနဲ့ သိလိုက်တယ်။ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး တိုးတိုးလေး ရယ်ကာ ပြောလိုက်တယ်။ "မနေ့က ကျိုးလေက ညီမလေး ဆိုင်ကို မလာတာ ကြာပြီလို့ ပြောနေသေးတယ်။ နားရက်ရရင် ဆိုင်ကို လာလည်လေ၊ မမ နို့လက်ဖက်ရည် တိုက်မယ်"
တိန့်ဝမ်ဝမ်ရဲ့ မျက်နှာလေး ချက်ချင်း နီရဲသွားပြီး မျက်နှာပေါ်က အပြုံးကို ဖုံးကွယ်လို့ မရတော့ဘူး။ "နောက်ရက်နည်းနည်းနေရင် သမီး နားရက်ရတယ်၊ အဲဒီကျရင် လာခဲ့မယ်နော်"
ပြောပြီးတာနဲ့ သူ လှေကားပေါ်ကနေ ပြေးဆင်းသွားတယ်။ သူ့ရဲ့ စိတ်အခြေအနေက ကောင်းကင်ယံမှာ လွင့်ပျံနေတဲ့ စွန်လေးတစ်ကောင်လိုပဲ။ လှေကားထောင့်ချိုးကို ရောက်ရောက်ချင်းမှာပဲ သူ့နောက်ကို လိုက်လာတဲ့ လျိုချင်းက သူ့ကို တားလိုက်တယ်။
"ဝမ်ဝမ်... ခဏနေဦး၊ အစ်မ နင့်ကို မေးစရာ ရှိလို့"
အပိုင်း (၂၈၆) ပြီးဆုံး
***