"ဘာကိစ္စလဲ" တိန့်ဝမ်ဝမ်က ခြေလှမ်းရပ်လိုက်ပြီး လျိုချင်းကို ဇဝေဇဝါနဲ့ ကြည့်လိုက်တယ်။
အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ် သွေးဆူလွယ်တဲ့ မိန်းကလေးပီပီ၊ သူက ထုန်ယောင်နဲ့ ရင်းနှီးလာပြီး လျိုချင်းက ထုန်ယောင်ကို ကွယ်ရာမှာ အတင်းပြောတတ်မှန်း သိထားတယ်။ ဒါက သူ့ရင်ထဲက သစ္စာစောင့်သိချင်စိတ်ကို နှိုးဆွပေးလိုက်သလိုပဲ။ လျိုချင်းကို မြင်တိုင်း သမက်ကို အကဲခတ်နေတဲ့ ယောက္ခထီးကြီးလိုမျိုး စိတ်အိုက်စရာ ကောင်းတယ်လို့ သူ ခံစားရတယ်။
လျိုချင်းက ပြဿနာတစ်ခုခု ထပ်ရှာတော့မယ်လို့ သူ ခံစားမိတယ်။
သူသာ ငယ်ရွယ်နုနယ်ပြီး လျိုချင်းရဲ့ ပုံကြီးချဲ့ထားတဲ့ ပုံပြင်တွေကို ယုံခဲ့မိတာ မဟုတ်ရင် ဆစ်ချန်ရှေ့မှာ အဲဒီလို ဇာတ်လမ်းဆင်ပြီး လုပ်ပြခဲ့မိမှာ မဟုတ်ဘူး။ အခုတော့ ဆစ်ချန်နဲ့ တွေ့ရင် သူ မျက်နှာပူရတယ်။
ပြန်စဉ်းစားကြည့်ရင် တော်တော်လေး ရှက်စရာကောင်းတဲ့ ကိစ္စပဲ။
လျိုချင်းက နောက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး ထုန်ယောင် ပါမလာတာ သေချာတော့မှ တိုးတိုးလေး မေးတယ်။ "နို့လက်ဖက်ရည်ဆိုင်က ထုန်ယောင်ပိုင်တာလို့ နင်ပြောတာ ကြားလိုက်တယ်။ အဲဒါ အမှန်ပဲလား။ သူက ငွေရှင်းကောင်တာမှာ အလုပ်လုပ်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူဌေး ဖြစ်သွားတာလဲ"
ငွေကိုင်တာကနေ ဘယ်လိုလုပ် ဆိုင်ကိုပါ ကိုင်သွားတာလဲ။
နို့လက်ဖက်ရည်ဆိုင်က သေးပေမယ့် တစ်လကို တော်တော်လေး မြတ်နိုင်တယ်။ ဆေးရုံက ဆရာဝန်တွေ ရတာထက် အများကြီး ပိုများတာပေါ့။
"သူက ငွေကိုင်လေ" တိန့်ဝမ်ဝမ်က ဒေါသထွက်စရာ လေသံနဲ့ အော်ပြောလိုက်တယ်။ "သူက ပိုက်ဆံသိမ်းတဲ့သူလေ။ ပြီးတော့ နို့လက်ဖက်ရည်ဆိုင်က သူ့ဟာ မဟုတ်ဘူးလို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး"
တိန့်ဝမ်ဝမ်ရဲ့ စရိုက်က ဆစ်ရှောင်ဟွေးနဲ့ မတူဘူး။ ဆစ်ရှောင်ဟွေးက ပျော့ညံ့ပေမယ့် တိန့်ဝမ်ဝမ်ကတော့ သူငယ်ချင်းတွေအပေါ် ခင်မင်တတ်ပြီး သူစိမ်းတွေဆိုရင်တော့ အဲဒီလို မဟုတ်ဘူး။ သူ့သူငယ်ချင်းတွေကို ဒုက္ခပေးရင် သူ့ကို ဒုက္ခပေးတာနဲ့ အတူတူပဲ။
နို့လက်ဖက်ရည်ဆိုင်က ထုန်ယောင်ပိုင်တာ အမှန်ပဲလို့ သေချာသွားတော့ လျိုချင်းတစ်ယောက် မနာလိုဖြစ်ပြီး မျက်နှာပျက်သွားတယ်။ သူက ခနဲ့တဲ့ လေသံနဲ့ "ဒါကြောင့်ကိုး နင်က သူနဲ့ ဒီလောက် ရင်းနှီးနေတာ... ထုန်ယောင်က သူဌေးမှန်း သိသွားတာကိုး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူ့ကို ဖားရမယ်၊ ဘယ်သူ့ကို နင်းရမယ်ဆိုတာ နင် သိနေပြီပဲ"
အဲဒီလိုပြောပြီး သူက နှာမှုတ်ကာ လှည့်ထွက်သွားပြီး လှေကားပေါ် တက်သွားတယ်။ တိန့်ဝမ်ဝမ်က သူ့ကျောပြင်ကို ကြည့်ပြီး မျက်နှာမဲ့ပြလိုက်ကာ ဘယ်လိုလူမျိုးလဲလို့ တွေးနေမိတယ်။
ထုန်ယောင်က ဆစ်ချန် အကြိုက်ဆုံး ဟင်းနှစ်ခွက်ကို ချက်ထားပြီး ကြာစေ့ ကြာပန်း ဆန်ပြုတ် တစ်အိုးကိုတောင် အထူးတလည် ပြုတ်ထားသေးတယ်။ ဒါပေမဲ့ ည ခုနစ်နာရီ ထိုးတဲ့အထိ ဆစ်ချန် ပြန်မလာသေးဘူး။ လျိုချင်းရဲ့ စကားတွေကို သတိရပြီး ထုန်ယောင် စိတ်ပူလာတယ်။ ဒါနဲ့ ခါးစညောင်းကို ချွတ်ပြီး ဆေးရုံကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ညဘက် ဆေးရုံက တိတ်ဆိတ်နေတယ်။ တာဝန်ကျ ဆရာဝန်တွေနဲ့ သူနာပြုတွေကလွဲရင် လူနာ သိပ်မရှိဘူး။
အဲဒီခေတ်တုန်းကဆိုရင် သေခါနီး အခြေအနေ မရောက်မချင်း ဘယ်သူမှ ဆေးရုံ သိပ်မသွားကြဘူး။ မြို့ပေါ်နဲ့ ရွာတွေက ပုဂ္ဂလိက ဆေးခန်းလေးတွေကပဲ ပတ်ဝန်းကျင်က လူနာအများစုကို ကုသပေးကြတာ။ မိန်းမတွေ ကလေးမွေးရင်တောင် အိမ်မှာပဲ လက်သည်နဲ့ မွေးလေ့ရှိတယ်။ မြို့ပေါ်က လူတွေနဲ့ တောနယ်က ပြေလည်တဲ့ မိသားစု တချို့လောက်ပဲ ဆေးရုံမှာ ကလေးမွေးဖို့ ရွေးချယ်ကြတာ။
လမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တဲ့ ခေတ်ကြီးထဲမှာ အမျိုးသမီး အများအပြားဟာ ကလေးမွေးဖွားခြင်းဆိုတဲ့ အတားအဆီးကို မကျော်ဖြတ်နိုင်ဘဲ သေဆုံးခြင်း ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒါက ပုံကြီးချဲ့ပြောတာ မဟုတ်ပါဘူး။
တာဝန်ကျ သူနာပြုက ထုန်ယောင်ကို မှတ်မိသွားပြီး တိတ်ဆိတ်တဲ့ နေရာတစ်ထောင့်ကို ခေါ်သွားကာ တိုးတိုးလေး ပြောတယ်။ "ဒေါက်တာဆစ်ကို လာရှာတာ မဟုတ်လား။ သူက အခု ဆေးရုံအုပ်ကြီးနဲ့ အစည်းအဝေး လုပ်နေတယ်။ ပါမောက္ခချူလည်း အဲဒီမှာ ရှိတယ်။ အားလုံးကတော့ ဒေါက်တာဆစ် လာဘ်စားတယ်လို့ ပြောနေကြတာပဲ။ ဒါပေမဲ့ ကျွန်မကတော့ သူ အဲဒီလိုလူမျိုး မဟုတ်ဘူးလို့ ထင်တာပဲ။ သိပ်လည်း စိတ်မပူပါနဲ့။ သူ တကယ် ဘာအမှားမှ မလုပ်ထားဘူးဆိုရင် သေချာပေါက် အမှန်တရားက ပေါ်လာမှာပါ"
"ကျေးဇူးတင်ပါတယ်" ထုန်ယောင်က ခပ်တိုးတိုး မေးလိုက်တယ်။ "သူ အဲဒီထဲ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"
"ဒေါက်တာဆစ်က ခွဲစိတ်ခန်းထဲက ထွက်ထွက်ချင်း အခေါ်ခံရတာ။ နာရီဝက်ကျော်လောက် ရှိနေပြီ" သူနာပြုမလေးက ညည်းညူလိုက်တယ်။ "လူနာရှင်တွေက တကယ့်ကို တစ်မျိုးပဲ။ ဒေါက်တာဆစ်က သူတို့ကို သေချာ ဆေးကုပေးဖို့ အစွမ်းကုန် ကြိုးစားပေးတာ။ သူ့အပေါ် သူတို့ ဆက်ဆံရေးကလည်း အပြစ်ပြောစရာ မရှိလောက်အောင် ကောင်းတာနော်။ အဲဒါကို ကွယ်ရာကျမှ တိတ်တိတ်လေး တိုင်တောကြတယ်။ ရှေ့မှာတော့ ဖားယားပြီး ကွယ်ရာကျမှ ဓားနဲ့ ထိုးကြတာပဲ"
ထုန်ယောင် ခဏလောက် စဉ်းစားပြီးမှ မေးလိုက်တယ်။ "ခွဲစိတ်မှု အောင်မြင်ရဲ့လား။ လူနာရှင်တွေ အခု ဘယ်မှာလဲ"
"ခွဲစိတ်မှုက အရမ်း အောင်မြင်ပါတယ်။ လူနာက အခု အတွင်းလူနာဆောင် အခန်း ၃၀၄ မှာ ရှိတယ်" သူနာပြုမလေးက အခန်းနံပါတ် ပြောပြပြီးတာနဲ့ တစ်ခုခုကို သတိရသွားပြီး အလောတကြီး မေးလိုက်တယ်။ "သူတို့ကို သွားရှာမလို့တော့ မဟုတ်ဘူး မလား"
"လူနာကို သွားကြည့်မလို့ပါ" သူနာပြုမလေး စိုးရိမ်နေတာကို မြင်တော့ ထုန်ယောင်က စိတ်အေးအောင် ပြောပြလိုက်တယ်။ "စိတ်မပူပါနဲ့၊ ကျွန်မက လူနာကို သွားကြည့်ရုံ သက်သက်ပါ။ သူတို့နဲ့ ရန်မဖြစ်ပါဘူး"
ထုန်ယောင် တည်ငြိမ်နေတာကို မြင်တော့မှ သူနာပြုမလေးလည်း နည်းနည်း စိတ်အေးသွားတယ်။ သူက သတိပေးလိုက်တယ်။ "ဒေါသကို သေချာ ထိန်းရမယ်နော်။ လူနာရှင်တွေနဲ့ ပြဿနာ မတက်စေနဲ့။ မဟုတ်ရင် သူတို့က ဆေးရုံအုပ်ကြီးဆီ သွားတိုင်လိုက်ရင် ဒေါက်တာဆစ်အတွက် မကောင်းဘူး ဖြစ်သွားမယ်"
"သိပါပြီ... ကျေးဇူးပါနော်"
ထုန်ယောင်က သူနာပြုမလေးကို ချိုသာစွာ ပြုံးပြပြီး အတွင်းလူနာဆောင်ဘက်ကို ထွက်လာခဲ့တယ်။
အတွင်းလူနာဆောင်က ညဘက်မှာ ပိုပြီး တိတ်ဆိတ်နေသလိုပဲ။ နွေရာသီ အလယ်လောက် ဖြစ်နေပေမယ့် စင်္ကြံလမ်းမှာ အေးစိမ့်စိမ့်လေတွေ တိုက်ခတ်နေလို့ ကြက်သီးတွေတောင် ထလာတယ်။ ခြေသံတွေက ပဲ့တင်ထပ်နေပြီး ပိုပြီးတောင် ကျယ်လောင်နေသလိုပဲ။
ပုံမှန်ဆို ကြောက်တတ်တဲ့သူ မဟုတ်ပေမယ့် အခုတော့ ထုန်ယောင်တစ်ယောက် ရင်ထဲမှာ စိုးရိမ်ထိတ်လန့်မှုတွေ ပြည့်နှက်နေတယ်။
အခန်း ၃၀၄ မှာ မီးလင်းနေတုန်းပဲ။ အထဲကနေ ကျိုတို လေယူလေသိမ်းနဲ့ တီးတိုး စကားပြောသံတွေကို ကြားနေရတယ်။ အထဲက လူတွေ မအိပ်ကြသေးဘူးဆိုတာ သေချာသွားတော့ ထုန်ယောင်က တံခါးကို ဖွဖွလေး ခေါက်လိုက်တယ်။ ခဏနေတော့ အသက် လေးဆယ်အရွယ် အမျိုးသားတစ်ယောက်က တံခါးလာဖွင့်ပေးတယ်။
အဲဒီအမျိုးသားက ကျုံးဆန်း (Zhongshan) ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာသွင်ပြင်က ကြင်နာတတ်ပေမယ့် ခန့်ညားတဲ့ ဟန်ပန်ရှိတယ်။ ဉာဏ်များပြီး ယုတ်မာမယ့်သူမျိုးနဲ့ မတူဘူး။
တံခါးဝမှာ မိန်းမပျိုလေး တစ်ယောက်ကို မြင်လိုက်ရတော့ အဲဒီလူက ခေတ္တမျှ ကြောင်အသွားပြီး စပ်စုချင်တဲ့ လေသံနဲ့ မေးလိုက်တယ်။ "ဘယ်သူ့ကို ရှာနေတာလဲ"
လူနာခန်းထဲမှာ သူ့သားတစ်ယောက်တည်း ရှိပြီး တခြားဘယ်သူမှ မရှိဘူး။ ပြီးတော့ သူ့ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးကို သူ မသိတာ သေချာတယ်။
"မင်္ဂလာပါရှင်... ကျွန်မက ရှင့်သားကို ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာဆစ်ရဲ့ ဇနီး ထုန်ယောင် ပါ" ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ထုန်ယောင်က တည်ငြိမ်ပြီး ဖော်ရွေတဲ့ အပြုံးလေးနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။
"ဒေါက်တာဆစ်ရဲ့ ဇနီး ဟုတ်လား" တစ်ခုခုကို သတိရသွားပုံနဲ့ အဲဒီလူရဲ့ မျက်နှာထားက ထူးဆန်းသွားပြီး နေရခက်သွားတဲ့ ပုံစံမျိုးတောင် ဖြစ်သွားတယ်။
"ဟုတ်ပါတယ်" ထုန်ယောင်က ခေါင်းငြိမ့်ပြပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။ "ရိုးရိုးသားသား ပြောရရင် ကျွန်မ ဒီကိုလာတာ သူ ရှင့်ဆီကနေ စာအိတ်နီ လက်ခံခဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးချင်လို့ပါ"
"စင်္ကြံလမ်းမှာ ပြောကြတာပေါ့"
အဲဒီအမျိုးသားက အခန်းထဲ ပြန်ဝင်ပြီး သူ့ဇနီးကို အသိပေးလိုက်တယ်။ ပြီးမှ လူနာခန်းတံခါးကို ပိတ်ပြီး ထုန်ယောင်ဆီ ပြန်လာခဲ့တယ်။ ထုန်ယောင် ဘာမှ မပြောရသေးခင်မှာပဲ သူက အပြစ်ရှိသလို မျက်နှာနဲ့ စပြောလာတယ်။
"ဒေါက်တာဆစ်ကို တိုင်တောခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်။ ကျွန်တော့်သားကို ခွဲစိတ်တာ ဒေါက်တာဆစ်အတွက် ပထမဆုံးအကြိမ်ဆိုတာ သိလိုက်ရတော့ ဆေးရုံက ကျွန်တော့်သားကို စမ်းသပ်ခံ သတ္တဝါလေးလို အသုံးချတယ်လို့ ထင်ပြီး ကျွန်တော် ဒေါသထွက်သွားတာ။ အဲဒီလို ဒေါသထွက်သွားလို့ တိုင်လိုက်မိတာပါ။ အဲဒီစာအိတ်နီက ကျွန်တော့်သဘောနဲ့ ကျွန်တော် ပေးခဲ့တာမို့ ပြန်ပေးဖို့ မလိုဘူးလို့ ဆေးရုံအုပ်ကြီးကို ကျွန်တော် ပြောပြီးပါပြီ"
အဲဒီလူက နောင်တရပြီး ရှက်ရွံ့နေပုံရတယ်။ ခွဲစိတ်မှု အောင်မြင်ရေးအတွက် သေချာလေး လုပ်ပေးဖို့ မျှော်လင့်ချက်နဲ့ ဆစ်ချန်ကို စာအိတ်နီ ပေးခဲ့တာ။ ဒါပေမဲ့ သူ့သားကို ခွဲစိတ်ခန်းထဲ သွင်းပြီးမှ ဒါက ဆစ်ချန်အတွက် ပထမဆုံး ခွဲစိတ်မှုမှန်း သူ သိခဲ့ရတာလေ။
ဒါဆို သူ့သားက ဆစ်ချန် လက်တွေ့လေ့ကျင့်ဖို့ စမ်းသပ်ခံ သတ္တဝါလေး ဖြစ်မသွားဘူးလား။
သားအတွက် စိုးရိမ်စိတ်တွေ လွှမ်းမိုးသွားတော့ အဲဒီလူက ဆစ်ချန် လာဘ်စားပါတယ်ဆိုပြီး ဆေးရုံအုပ်ကြီးဆီကို အလောတကြီး တိုင်လိုက်မိတော့တာပဲ။ ခွဲစိတ်မှု အောင်မြင်သွားပြီး သူ့သားကို နောက်နေ့မှာ သာမန်လူနာဆောင်ကို ရွှေ့လို့ရပြီလို့ သိလိုက်ရတော့မှ သူ့ဒေါသတွေ ပြေသွားတာ။
အရင်ကလည်း ဆစ်ချန်က ခွဲစိတ်မှုတွေ အများကြီးမှာ ပါဝင်ခဲ့ဖူးကြောင်းနဲ့ ဒီခွဲစိတ်မှုမှာ သူ့ကို ကူညီပေးမယ့် ပါမောက္ခတွေ ရှိကြောင်း ဆေးရုံအုပ်ကြီးဆီကနေ သိလိုက်ရတယ်။ သူ့သားက စမ်းသပ်ခံ သတ္တဝါလေး လုံးဝ မဟုတ်ခဲ့ပါဘူး။
သူ အရမ်း နောင်တရသွားတယ်။ စာအိတ်နီ ကိစ္စကို ဆက်ပြီး အရေးမယူတော့ဘူးလို့ သူ ဆေးရုံအုပ်ကြီးကို ပြောခဲ့တယ်။ အဲဒီငွေက ဆစ်ချန်ကို သူ့သဘောဆန္ဒအရ ပေးခဲ့တာမို့ ကိစ္စပြီးသွားပြီလို့ သူ ထင်ထားခဲ့တာ။ ထုန်ယောင် ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
အပိုင်း (၂၈၇) ပြီးဆုံး
***