“ကျုပ်တို့ အဖွဲ့ခေါင်းဆောင်တော့ ဒီတစ်ခေါက် အရိုးမာမာနဲ့ တိုးပြီပဲ ”
လင်းယွမ်သည် ဖန့်ချန်၏ ပြိုင်ဘက်မှာ ယွီထျန်းကော် ဖြစ်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး ကျန်သူများထံ အသံလွှင့်ကာ ပြောလိုက်သည်။
“မသေချာသေးပါဘူး၊ မင်း ဟိုနတ်ဆေးပင်အကြောင်းကို မေ့သွားပြီလား ”
ယွီဝူရှီးသည် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ယွီထျန်းကော်ကို တစ်ချက်ကြည့်ရင်း ရှုပ်ထွေးသော အမူအရာဖြင့် ဆိုသည်။
၎င်းတို့အားလုံးမှာ ယနေ့အထိ ဖန့်ချန်သည် ထိုနတ်ဆေးပင်ကို မည်သို့ထိန်းသိမ်းနိုင်ခဲ့သည်၊ ရွှမ်ဝမ်နယ်မြေချဲ့ထွင်ရေးအဖွဲ့မှ ရှောင်ချန်ဟယ် သည် မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကို မသိကြသေးချေ။
“စစ်ဆေးပွဲတုန်းက ဖန့်မိတ်ဆွေရဲ့ နည်းလမ်းတွေဟာ အမြဲတမ်း အေးအေးလူလူပဲရှိခဲ့တာ၊ အစွမ်းကုန် ထုတ်သုံးတာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ တကယ်လို့ သူသာ အစွမ်းကုန် ထုတ်သုံးမယ်ဆိုရင် ငွေဖြူရောင်ကျောက်စိမ်းပြားကို တကယ် ရသွားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လေ ”
ကြာနီနတ်မိမယ်ငယ်၏ အသံသည် သူတို့နားထဲတွင် ပေါ်ထွက်လာသည်။
သို့သော် ကျန်သူများမှာ ငွေဖြူရောင်ကျောက်စိမ်းပြားနှင့် ပတ်သက်လျှင် အစိုးရိမ်ကြီးနေဆဲပင်။
ကိုယ်တိုင်ကြုံဖူးမှသာ ငွေဖြူရောင်ကျောက်စိမ်းပြား ရရှိရန် မည်မျှ ခက်ခဲကြောင်း သိနိုင်မည်ဖြစ်သည်။
၎င်းမှာ လူအယောက် ဆယ်ဂဏန်း၊ ရာဂဏန်းရှိသည့် အုပ်စုငယ် ပွဲကြမ်းမျိုးမဟုတ်ဘဲ လူပေါင်းသန်းချီရှိသည့် တိုက်ပွဲကြီးဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် စစ်ပွဲကြီးတစ်ခုကဲ့သို့ပင်။
သူတို့သည် စစ်တပ်ကို ဦးဆောင်သည့် စစ်သူကြီးများ မဟုတ်ဘဲ တစ်ကိုယ်တော် လှုပ်ရှားရသည့် ဝံပုလွေအထီးများသာ ဖြစ်ကြသည်။
ထိုမျှကြီးမားသော စစ်ပွဲအတွင်း လူပေါင်းသောင်းချီကို တစ်ယောက်တည်းနှင့် ရင်ဆိုင်နိုင်သည်ဆိုခြင်းမှာ ကျင့်ကြံသူတစ်ဦးအတွက် ဒဏ္ဍာရီတစ်ခုနှင့်ပင် တူလှသည်။
“ယွီထျန်းကော်က ငွေဖြူရောင်ကျောက်စိမ်းပြား ရထားတဲ့သူလေ၊ ဒါဟာ ဘယ်လောက်ခက်ခဲသလဲဆိုတာ ငါတို့ သိပါတယ်။ ဒီပွဲမှာ အဖွဲ့ခေါင်းဆောင် နိုင်မယ်လို့တော့ ငါ သိပ်မထင်ဘူး။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်သာ သူ့လက်ထဲမှာ အချိန်အနည်းငယ်လောက် တောင့်ခံနိုင်မယ်ဆိုရင်တောင် ဒီရလဒ်က အတော်လေး မျက်နှာပွင့်စရာပဲ၊ အမာခံတပည့် နှစ်ယောက်ရဲ့ မှတ်သားမှုကို ခံရဖို့ လုံလောက်တယ် ”
လင်းယွမ်က ဆက်လက်သုံးသပ်ပြသည်
“အဖွဲ့ခေါင်းဆောင်ကိုသာ သူတို့ မှတ်မိသွားရင် ကျုပ်တို့ရဲ့ ကိုးဘုံနယ်မြေချဲ့ထွင်ရေးအဖွဲ့ ရဲ့ နာမည်ကလည်း ကျော်ကြားသွားမှာပဲ။ နောက်ပိုင်း ကိစ္စအဝဝမှာ အကျိုးကျေးဇူးတွေ အများကြီး ရလာနိုင်တယ်လေ ”
“ဒါလည်း ဟုတ်တာပဲ ”
နှစ်ဦးသားသည် အလယ်ဗဟိုရှိ သတ်မှတ်ထားသော တိုက်ပွဲနယ်မြေဆီသို့ လျှောက်လှမ်းသွားကြသည်။
ယွီထျန်းကော် ယာယီဖွဲ့စည်းထားသော အဖွဲ့မှ အဖွဲ့ခေါင်းဆောင်များမှာ တစ်ဦးကိုတစ်ဦး လှောင်ပြုံးပြုံးရင်း ကြည့်နေကြသလို တစ်ဖက်တွင်လည်း ကံကောင်းသည်ဟု မှတ်ယူနေကြသည်။
ပထမဆုံးအချီမှာတင် ယွီထျန်းကော်ကဲ့သို့ ပြိုင်ဘက်မျိုးနှင့် မဆုံရခြင်းကို ဝမ်းသာနေကြခြင်း ဖြစ်သည်။
သူတို့အားလုံးမှာ ကြေးနီရောင်ကျောက်စိမ်းပြား ပိုင်ရှင်များဖြစ်ကြရာ ယွီထျန်းကော် မည်မျှ လက်ရည်ပြင်းကြောင်း ကောင်းကောင်းသိကြသည်။
“နံပါတ် (၄၃၁) အစွန်အဖျားဂြိုဟ်၊ ထျန်းကော်နယ်မြေချဲ့ထွင်ရေးအဖွဲ့၊ ယွီထျန်းကော်ပါ ”
ယွီထျန်းကော်က လက်အုပ်ချီ နှုတ်ဆက်သည်။
“နံပါတ် (၄၃၂) အစွန်အဖျားဂြိုဟ်၊ ကိုးဘုံနယ်မြေချဲ့ထွင်ရေးအဖွဲ့၊ ဖန့်ချန်ပါ ”
ဖန့်ချန်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။
သူ၏ စိတ်ဝိညာဉ်သည် ခဏချင်းအတွင်း ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး ရှိနေသမျှ လူတိုင်း၏ အမူအရာနှင့် စိတ်ခံစားမှု ပြောင်းလဲမှုများကို အကုန်အစင် ကြည့်ရှုလိုက်သည်။
လီရှမ်းဇီနှင့် လူငယ်လေးမှာ ပြုံးနေကြသော်လည်း သူတို့နှစ်ဦးကို တကယ်တမ်း အာရုံစိုက်နေခြင်း မဟုတ်ဘဲ အခြားကိစ္စများကို တွေးတောနေပုံရသည်။
သူတို့ဘက်မှ လွတ်လပ်သောမသေမျိုး အနည်းငယ်သာလျှင် မျိုးဆက်သစ်များ၏ အားပြိုင်မှုကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ဖန့်ချန် အထူးအာရုံစိုက်နေသည့် ကျိထျန်းကျွင်း မှာလည်း အတွေးများ အခြားတစ်နေရာသို့ ရောက်နေပုံရသည်။
သူသည် ဖန့်ချန် ဆိုသည့် နာမည်အပေါ် မည်သည့်ခံစားချက်မျှ မရှိချေ။
တကယ်တမ်းတွင် သူသည် မြေဝက်ဝံဂြိုဟ် ပေါ်ရှိ သူ၏ အစီအစဉ်များ အမှန်တကယ် ပျက်စီးသွားရသည့် အကြောင်းရင်းကို ယနေ့အထိ မသိသေးချေ။
ပြိုင်ဘက်ကိုပင် မသိရှိထားသူတစ်ဦးကို ရင်ဆိုင်ရသည်မှာ အလွန်လွယ်ကူလွန်းလှသည်။
“ဖန့်မိတ်ဆွေ... ကျုပ်တို့ အထိအခိုက်မရှိ လက်ရည်စမ်းကြမလား"
ယွီထျန်းကော်က ပြုံးလျက် မေးလိုက်သည်။
“အထိအခိုက်မရှိ လက်ရည်စမ်းကြတာပေါ့ ”
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် မိုးကြိုးသံများ ဟိန်းထွက်လာသကဲ့သို့ ယွီထျန်းကော်၏ ခန္ဓာကိုယ်မှ တောက်ပသော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
လူတိုင်း၏ မျက်ဝန်းထဲတွင် စစ်မှန်သော မိုးကြိုးများဖြင့် တည်ဆောက်ထားသည့် ပုံရိပ်တစ်ခု ထင်ဟပ်သွားတော့သည်။
“ဒါ ဘာနည်းလမ်းလဲ ”
“သူက ဘာလို့ ဒီလိုပုံစံ ဖြစ်သွားတာလဲ ”
လူအများအပြားမှာ မှင်တက်သွားကြသည်။
အဆင့် ၁ မသေမျိုး အချို့ပင်လျှင် ယွီထျန်းကော် အသုံးပြုလိုက်သည့် နည်းလမ်းကို ချက်ချင်း မမှတ်မိကြချေ။
ယွီထျန်းကော်၏ အရှိန်အဝါသည် ယခုအခါ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အနှောင်းပိုင်း သို့ တိုက်ရိုက် ရောက်ရှိသွားပြီး သာမန် အလယ်အလတ်အဆင့် ကျင့်ကြံသူများ၏ စံနှုန်းထက် များစွာ ကျော်လွန်သွားသည်ကိုသာ သိကြသည်။
သူ၏ ကိုယ်ပေါ်ရှိ မိုးကြိုးအရှိန်အဝါသည် ဖျက်ဆီးခြင်းတရားများ ပါဝင်နေပြီး အရာအားလုံးကို ချေမှုန်းပစ်တော့မည့်အတိုင်းပင်။
“ကိုးပါးသောဘေးဒုက္ခ မိုးကြိုးခန္ဓာ ပဲ ”
လီရှမ်းဇီ၏ အာရုံသည် ယွီထျန်းကော်ပေါ်သို့ ရောက်ရှိသွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်
“ဒီကျင့်စဉ်က ကျင့်ရခက်တယ်။ ဒီအခြေအနေအရဆိုရင်တော့ သုံးပါးသော ဘေးဒုက္ခ အဆင့်ကို ရောက်နေပြီပဲ။ တာအိုပေါင်းစည်းခြင်းအဆင့်မှာ သုံးပါးဘေးဒုက္ခအဆင့်ရှိတဲ့ မိုးကြိုးခန္ဓာသာ ရှိမယ်ဆိုရင် ကိုယ့်အဆင့်တူသူတွေကို နှိမ်နင်းဖို့က အရမ်းလွယ်ကူသွားပြီ၊ အလွယ်တကူ ချေပနိုင်တဲ့ နည်းလမ်းဆိုတာ မရှိသလောက်ပဲ ”
“ဒါက မိုးကြိုးပညာရပ် ပဲ၊ မိုးကြိုးပညာရပ်ကို ချေပနိုင်တာက မိုးကြိုးပညာရပ်ပဲ ရှိတယ် ”
လူငယ်လေးကလည်း ခေါင်းညိတ်ထောက်ခံသည်
“ငါမှတ်မိသလောက်တော့ ဒီ ကိုးပါးသောဘေးဒုက္ခ မိုးကြိုးခန္ဓာ ကျင့်စဉ်ဟာ မိုးကြိုးကန်ကြယ်တာရာ က ယွီမျိုးနွယ်စုရဲ့ သီးသန့်ကျင့်စဉ်ပဲ။ ကြည့်ရတာ သူက ယွီမျိုးနွယ်စုဝင် ဖြစ်ပုံရတယ် ”
သူတို့အနီးရှိ လွတ်လပ်သောမသေမျိုးများကလည်း ယွီထျန်းကော်၏ မိုးကြိုးခန္ဓာကို ချီးကျူးနေကြပြီး ဤကျင့်စဉ်အပေါ် အတော်လေး အလေးထားပုံရသည်။
“ဒါကြောင့်လည်း ငွေဖြူရောင်ကျောက်စိမ်းပြား ရတာကိုး၊ သူ ငါ့ကို တိုက်ခိုက်မယ်ဆိုရင် တစ်ကွက်တည်းနဲ့ လုံလောက်မှာပဲ ”
လင်းယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သူတို့နှင့် တစ်သုတ်တည်းဖြစ်သော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အားကျခြင်းနှင့် မနာလိုခြင်းများဖြင့် ယွီထျန်းကော်ကို စိုက်ကြည့်နေကြသည်။
ဤကဲ့သို့ စံနှုန်းထက်ကျော်လွန်သော နည်းစနစ်မျိုးသည် နောက်ခံအင်အား မရှိဘဲနှင့် လုံးဝ မထိတွေ့နိုင်သလို ကျင့်ကြံရာတွင်လည်း ကန့်သတ်ချက်များစွာ ရှိပေလိမ့်မည်။
ဤသည်မှာ ယွီထျန်းကော်သည် ကျွယ်မင်နန်းတော်၏ အပြင်စည်းကျင့်ကြံသူ မဖြစ်လာလျှင်တောင် သူ၏ ကိုယ်ပိုင်နောက်ခံမှာတင် လူအများအပေါ် အပေါ်စီးက ကြည့်နိုင်သည်ဟု သက်သေပြနေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း ယွီထျန်းကော်၏ ပြိုင်ဘက်ကို ကြည့်ကာ လူတိုင်းက ခေါင်းခါနေကြသည်။
ကြေးနီရောင်ကျောက်စိမ်းပြား ပိုင်ရှင်ဖြစ်သော်လည်း ယွီထျန်းကော်ရှေ့တွင် မည်သည့်နည်းလမ်းမျှ အသုံးဝင်တော့မည် မဟုတ်ပေ။
အဆင့်အတန်းမြင့်မားသော ကျင့်ကြံခြင်းဖြင့်သာ ဖိနှိပ်နိုင်ပေလိမ့်မည်။
သို့သော် နှစ်ဦးစလုံးမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ်ချင်း ဖြစ်နေရာ အဆင့်အတန်းမြင့်မားသော ကျင့်ကြံခြင်းဆိုသည်မှာ အဘယ်မှာရှိမည်နည်း
“ဖန့်မိတ်ဆွေ... ကျုပ်ကျင့်ထားတဲ့ ကိုးပါးသောဘေးဒုက္ခ မိုးကြိုးခန္ဓာ က ဘယ်လိုမှော်အတတ်ကိုမဆို အခြေခံအားဖြင့် ခုခံနိုင်စွမ်းရှိတယ်။ ကျုပ်တို့ အချိန်ကုန်သက်သာအောင် ခင်ဗျား တိုက်ရိုက် အရှုံးပေးလိုက်ရင်ကော ဘယ်လိုလဲ ”
ယွီထျန်းကော်က ဆိုသည်။
သူသည် မိမိ၏ ယာယီအဖွဲ့ဝင်ဖြစ်သူ ဖန့်ချန်အား လူပုံအလယ်တွင် အရှက်မကွဲစေချင်ပေ။
“မင်းတို့ကို လက်ရည်စမ်းခိုင်းတာက စကားနာထိုးခိုင်းဖို့ မဟုတ်ဘူး ”
လူငယ်လေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်
“တကယ်လို့ မတိုက်ချင်ကြဘူးဆိုရင်လည်း ဆင်းသွားကြ၊ တခြားလူတွေကို အလှည့်ပေးလိုက် ”
ယွီထျန်းကော် ခဏမျှ မှင်တက်သွားပြီးနောက် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ချက်ချင်းပင် မိုးကြိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ ဖန့်ချန်ဆီသို့ တည့်တည့် တိုးဝင်သွားတော့သည်။
ထိုအခြေအနေတွင် ပြိုင်ဘက်က မည်သည့်မှော်အတတ်ကို သုံးသည်ဖြစ်စေ သူ၏ မိုးကြိုးခန္ဓာကို ဖောက်ထွက်နိုင်မည်မဟုတ်ဘဲ မိုးကြိုးစွမ်းအားဖြင့်သာ ချက်ချင်း ချေဖျက်ခြင်း ခံရပေလိမ့်မည်။
အကယ်၍ ပြိုင်ဘက်က အဆင့်အတန်းမြင့်မားသော ကျင့်ကြံခြင်းဖြင့် ဖိနှိပ်နိုင်မှသာလျှင် ဖြစ်နိုင်သည်။
ယွီထျန်းကော်သည် ဖန့်ချန်၏ မျက်ဝန်းထဲတွင် သူ၏ မိုးကြိုးနဂါးပုံရိပ် ထင်ဟပ်နေသည်ကို မြင်လိုက်ရသည်။
စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်၊ အမာခံတပည့် နှစ်ဦးရှေ့တွင် မျက်နှာပြနိုင်ရန်အတွက် ယခုတစ်ကြိမ်တော့ လက်နည်းနည်း ပြင်းပြင်းသုံးလိုက်မှ ရတော့မည်။
သို့သော် နောက်တစ်ခဏတွင် သူ ရုတ်တရက် သတိပြုလိုက်မိသည်မှာ ဖန့်ချန်၏ မွဲပြာရောင် မျက်ဝန်းများထဲတွင် ထူးဆန်းသော အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာခြင်းဖြစ်သည်။
ချက်ချင်းဆိုသလိုပင် အထပ်ထပ် အလွှာလွှာသော မြေဓာတ်စွမ်းအား များသည် ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယွီထျန်းကော်ကို အလုံပိတ်ကာ ရစ်ပတ်လိုက်တော့သည်။
“တောက်ပသော နတ်ဘုရားမျက်လုံး ပဲ ”
ယွီဝူရှီး၏ မျက်ဝန်းများ လက်သွားသည်။
သူ ထင်ခဲ့သည့်အတိုင်းပင်၊ ဤအခြေအနေမျိုးတွင် ယွီထျန်းကော်ကို ရင်ဆိုင်ရန်အတွက် တောက်ပသော နတ်ဘုရားမျက်လုံး မှလွဲ၍ အခြား အောင်နိုင်ခြေရှိသော နည်းလမ်းမရှိဟု သူလည်း ယူဆထားခဲ့ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော မြေဓာတ်စွမ်းအားများသည် ဟုန်ဟုန်တောက် ပေါ်ထွက်လာသည်။
အဆပေါင်း ရာနှင့်ချီ၍ အားမြှင့်ထားသော မြေဓာတ်စွမ်းအားမှ ထွက်ပေါ်လာသည့် အစွမ်းသည် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ်၏ သာမန်နည်းလမ်းများထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။
“ဒီဝိညာဉ်စွမ်းအားက တော်တော်လေး များတာပဲ၊ သူ ဘယ်လို ရတနာမျိုးကို သုံးလိုက်တာလဲ ”
“မဟုတ်ဘူး... ဒါက လင်းကွေ့ကြယ်တာရာနယ်မြေက ယန်ကွမ်တာအိုဂိုဏ်း ရဲ့ နည်းလမ်းနဲ့ ပိုတူတယ်”
“တောက်ပသော နတ်ဘုရားမျက်လုံးဘလား ဒီအတတ်က ဝိညာဉ်စွမ်းအားကို မဖြစ်နိုင်တဲ့ အရှိန်အဟုန်အထိ ပေါက်ကွဲစေနိုင်တယ်လို့ ကြားဖူးတယ် ”
ယခုအချိန်တွင် မိုးကြိုးနဂါးသည် မြေနဂါးအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သို့သော် ယွီထျန်းကော်သည် ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေပြီး မြေဓာတ်စွမ်းအားများကြားမှ မိုးကြိုးအလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို လူတိုင်း ခပ်ဝါးဝါး မြင်နေရသည်။
“ဘယ်သူက ပိုပြီး တောင့်ခံနိုင်မလဲဆိုတာပဲ ကြည့်ရတော့မယ်။ ဒါပေမဲ့... ဒီလိုမျိုး တောက်ပသောနတ်ဘုရားမျက်လုံး ကို သုံးနေရင် ဝိညာဉ်စွမ်းအားက ခဏချင်း ကုန်သွားမှာပဲ...”
ယွီဝူရှီးက စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
တောက်ပသော နတ်ဘုရားမျက်လုံး ကို အသုံးပြုရာတွင် လိုအပ်သော ဝိညာဉ်စွမ်းအားသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ချေ။
ဤသည်မှာ ထိုအတတ်၏ တစ်ခုတည်းသော အားနည်းချက်ပင် ဖြစ်တော့သည်။
***