ထိုနဂါးနက်လှေ၏ ပိုင်ရှင်မှာ ကျင့်ကြံမှုအဆင့်သည် လီရှမ်းဇီနှင့် လူငယ်လေးတို့ထက် များစွာ သာလွန်လှသည်။
သူသည် လူသားခန္ဓာကိုယ် ဖြစ်သော်လည်း ဦးခေါင်းတွင် နဂါးချိုများ ပေါက်နေပြီး သူ၏ အရှိန်အဝါမှာ ယခင်က တွေ့ခဲ့ဖူးသော လုံဝူနှင့် အတော်လေး ဆင်တူသည်။
၎င်းမှာ စစ်မှန်သော နဂါးတစ်ကောင် ဖြစ်နိုင်ခြေ အလွန်များသည်။
“အဆင့် ၅ မသေမျိုး... ဒီလို အစွမ်းမျိုးဆိုရင် အောက်နယ်မြေခြောက်ခုမှာဆို ရှေးဟောင်းမသေမျိုးတွေနဲ့ အဆင့် ၆ မသေမျိုးတွေ ထွက်မလာသရွေ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ သူ့ရဲ့ အဆင့်အတန်းကလည်း ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ဆိုတော့ ကြယ်မိုးမသေမျိုးထက်တောင် အဆပေါင်းများစွာ သာလွန်နေတာပဲ ”
ဖန့်ချန်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
“နန်မင် စီနီယာအစ်ကို”
လီရှမ်းဇီ၏ အမူအရာမှာ အလွန်ပင် ရိုသေကိုင်းရှိုင်းလှသည်။
လူငယ်လေး ကျိရှန့်ကမူ လက်အုပ်ချီ နှုတ်ဆက်ရင်း
“ပဉ္စမစီနီယာအစ်ကို... ဒီနေရာမှာ တတိယစီနီယာအစ်မကို တွေ့ခဲ့မိသေးလားဗျ ”
နန်မင်ရုယွဲ့က ကျိရှန့်ကို အေးစက်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“ကျိရှန့်... မင်း အမာခံတပည့် ဖြစ်လာတာ မကြာသေးဘူး၊ ဒီလို တားမြစ်နယ်မြေ လုပွဲမျိုးမှာ ပါဝင်ဖို့ မသင့်တော်သေးဘူး ”
ကျိရှန့်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့ဘေးရှိ ကျိထျန်းကျွင်းကို ရိုးသားစွာ ညွှန်ပြလိုက်သည်
“ဒါက ကျနော့်ရဲ့ မသေမျိုးလောကငယ်က ဆွေမျိုးနောင်တော် တစ်ယောက်ပါ၊ ကျနော်တို့ မိသားစုနှစ်စု အဆက်အသွယ် ပြတ်နေတာ ကြာပြီဆိုပေမဲ့ နောင်တော်ရဲ့ ပါရမီက မဆိုးလှပါဘူး။ အခု ကျနော့်ရဲ့ ရေနက်နယ်မြေချဲ့ထွင်ရေးအဖွဲ့ ထဲကို ဝင်ထားပါတယ်။ ဒီနေရာမှာ တောက်ပသောလောကမသေမျိုး လမ်းစဉ် ပေါ်ထွက်လာမယ်လို့ ကြားမိလို့ သူ့အတွက် ကြိုးစားပေးချင်လို့ပါ။”
“မင်းက မသေမျိုးလောကငယ်ကလာ နာမည်က ဘယ်လိုခေါ်လဲ ”
နန်မင်ရုယွဲ့က ကျိထျန်းကျွင်းကို ကြည့်ကာ စစ်ဆေးလိုသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
ကျိထျန်းကျွင်းက လက်အုပ်ချီကာ
“ကျနော့်နာမည်က ကျိထျန်းကျွင်း ပါ”
“မင်း အခုထိ မသေမျိုးလမ်းစဉ်ကို မရွေးချယ်ရသေးဘူးဆိုတော့ ရည်မှန်းချက် မသေးဘူးပဲ။ ဒါပေမဲ့ မင်းက မသေမျိုးလောကငယ်က ဖြစ်ပါလျက်နဲ့ စစ်မှန်သော မသေမျိုး လမ်းစဉ်ကို မရွေးချယ်ခဲ့ဘူးဆိုတာ ဒီလမ်းစဉ်ကို ထိတွေ့နိုင်ခွင့် မရှိသေးလို့ ဖြစ်ရမယ်။ ဒါကြောင့် တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို ရွေးချယ်တာကလည်း မဆိုးပါဘူး ”
နန်မင်ရုယွဲ့က သာသာယာယာ ခေါင်းညိတ်ပြသည်။
ကျိထျန်းကျွင်းက ခေါင်းကို ရိုသေစွာ ငုံ့ထားလိုက်သည်။
ကျွယ်မင်နန်းတော်၏ အဆင့် ၅ ဖြစ်သော အမာခံတပည့် ရှေ့မှောက်တွင် သူ၏ မသေမျိုးလောကငယ်သား ဆိုသည့် ဂုဏ်ပုဒ်မှာ ထိုက်သင့်သော အသာစီးရမှုကို ဆုံးရှုံးသွားပုံရသည်။
“ပဉ္စမစီနီယာအစ်ကို... တတိယစီနီယာအစ်မက နံပါတ် (၁၅၇) တားမြစ်နယ်မြေထဲမှာ အခု တကယ်ရှိနေတာလား ”
ကျိရှန့်က မနေနိုင်ဘဲ ထပ်မံ မေးမြန်းပြန်သည်။
နန်မင်ရုယွဲ့က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး
“ငါတို့ ကျွယ်မင်နန်းတော်က တားမြစ်နယ်မြေ ၂၃ ခုကို ထိန်းချုပ်ထားရတာဆိုတော့ အရမ်းအလုပ်များတယ်။ တတိယစီနီယာအစ်မက ဒီကိုလာဖို့ လောလောဆယ် အချိန်မအားဘူး၊ လာမှာလည်း မဟုတ်ဘူး။ ဒီက ကိစ္စတွေကို စီနီယာအစ်မကြီးကိုပဲ ဆုံးဖြတ်ဖို့ လွှဲထားပြီးပြီ။ ငါတို့ လုပ်ရမှာက စီနီယာအစ်မကြီးနဲ့ ပူးပေါင်းပြီး ရန်သူအားလုံးကို နှိမ်နင်းဖို့ပဲ။ အကြီးအကဲတွေရဲ့ ခန့်မှန်းချက်အရ ဒီ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေကနေ အစီရင်ဗဟိုချက် ၂၀ ကျော်လောက် ထွက်လာနိုင်ခြေ ရှိတယ် ”
“ဟူး”
အစီရင်ဗဟိုချက် ၂၀ ကျော်
လီရှမ်းဇီနှင့် ကျိရှန့်တို့တစ်စုမှာ သိသိသာသာပင် အသက်ရှူမှားသွားကြပြီး ဖန့်ချန်သည်လည်း သူတို့အနီးရှိ အခြားသော လွတ်လပ်သောမသေမျိုး များ၏ မျက်နှာတွင် အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
သူတို့၏ တိုတောင်းလှသော စကားဝိုင်းမှတစ်ဆင့် ဖန့်ချန်သည် အလွန်ထူးခြားသော သတင်းအချက်အလက် အချို့ကို ရရှိခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ထိုနန်မင်စီနီယာမှာ လီရှမ်းဇီ ပြောခဲ့ဖူးသော ပဉ္စမစီနီယာအစ်ကိုပင် ဖြစ်သည်။
ထိုစဉ်က ကျိရှန့်သည် တတိယစီနီယာအစ်မနောက်သို့ လိုက်ပြီး သူကိုယ်တိုင်မှာမူ ပဉ္စမစီနီယာအစ်ကိုနောက်သို့ လိုက်သည်ဟု ပြောခဲ့ဖူးသည်။
ဆိုလိုသည်မှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့်များကြားတွင်ပင် တင်းကျပ်လှသော အဆင့်အတန်း ခွဲခြားမှုများ ရှိနေဆဲ ဖြစ်သည်။
ဒုတိယအချက်မှာ ကျွယ်မင်နန်းတော်တွင် အကြီးအကဲ ဟု ခေါ်သော ပုဂ္ဂိုလ်များ ရှိနေခြင်းဖြစ်သည်။
သူတို့သည် ရှေးဟောင်းမသေမျိုးများ ဖြစ်နေနိုင်မလား ဖြစ်နိုင်ခြေ အလွန်များသည်။
တတိယအချက်မှာ ဤပဉ္စမစီနီယာအစ်ကို၏ မသေမျိုးလောကငယ်အပေါ် ထားရှိသော သဘောထားမှာ... ယခင်က ချင်းယွီမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများက သူ့အပေါ် ထားရှိခဲ့သော သဘောထားနှင့် အတော်လေး ဆင်တူနေသည်။
၎င်းမှာ အထက်စီးဆန်သော သဘောထားဖြစ်ပြီး မိမိကိုယ်တိုင်ပင် သတိမထားမိသည့် အထင်သေးမှု အနည်းငယ် ပါဝင်နေသည်။
တကယ်တမ်းဆိုလျှင် မသေမျိုးလောကငယ်သည် နတ်ဘုရားလောက မဟုတ်သော်လည်း နတ်ဘုရားလောက မှ ခွဲထွက်လာခြင်း ဖြစ်ရာ ထိုနေရာမှ ပုဂ္ဂိုလ်များမှာ ရှေးခေတ်လူများ၏ အယူအဆအရ စစ်မှန်သော မသေမျိုး များ ဖြစ်ကြသည်။
ထိုခေတ်က လူ့လောကကိုးခု တွင် မသေမျိုးဖြစ်လိုသူတိုင်း နတ်ဘုရားလောက သို့ သွားကြရသည်ချည်းပင်။
နန်မင်ရုယွဲ့၏ ထိုအထင်သေးမှုသည် ကျွယ်မင်နန်းတော်ကြောင့်လော သို့မဟုတ် အထက်နယ်မြေသုံးခုကြောင့်လော သူ၏ မာနတရားမှာ အဘယ်က ဆင်းသက်လာသနည်း
နောက်ဆုံးအချက်မှာ...
“အစီရင်ဗဟိုချက် ဒါက ဘာကြီးလဲ အစီရင်... အစီရင်...”
ဖန့်ချန်၏ ဉာဏ်ထဲတွင် လီရှမ်းဇီတို့နှင့် နဂါးမင်းကျောင်းတော်တို့ တိုက်ခိုက်ခဲ့စဉ်က မြင်ကွင်းများကို ရုတ်တရက် ပြန်လည် မြင်ယောင်လာသည်။
မသေမျိုးလှေများစွာသည် ဗဟိုချက်တစ်ခုမှတစ်ဆင့် ပေါင်းစည်းကာ နဂါးနက်ကြီး ဖြစ်လာခဲ့သည်။
မသေမျိုးလှေများစွာသည် ဗဟိုချက်တစ်ခုမှတစ်ဆင့် ပေါင်းစည်းကာ လက်တစ်ထောင်ဘုရားကြီး ဖြစ်လာခဲ့သည်။
ထိုပဉ္စမစီနီယာအစ်ကို ပြောနေသော အစီရင်ဗဟိုချက် ဆိုသည်မှာ ၎င်းတို့နှင့် ပတ်သက်နေသလား
ဖန့်ချန်အနေဖြင့် ထိုအရာကို လောလောဆယ်တွင် အသေအချာ နားမလည်သေးသော်လည်း အစီရင်ဗဟိုချက် သည် အလွန်အရေးကြီးကြောင်း၊ ရှေးဟောင်းတားမြစ်နယ်မြေ၏ စစ်မှန်သော တန်ဖိုးမှာ ထိုအရာပင် ဖြစ်နိုင်ကြောင်း သူ အသေအချာ သိလိုက်သည်။
သို့မဟုတ်ပါက လီရှမ်းဇီတို့နှင့် လိုက်ပါလာသော အဆင့် ၅ မသေမျိုးများသည် အစီရင်ဗဟိုချက် ဆိုသည့် စကားကို ကြားလိုက်ရုံဖြင့် အဘယ်ကြောင့် အသက်ရှူသံများ ပြင်းထန်လာရသနည်း။
“တတိယစီနီယာအစ်မသာ မလာဘူးဆိုရင်...”
ကျိရှန့်က မျက်ခုံးများကို အနည်းငယ် တွန့်လိုက်ရင်း
“အခြေအနေက သိပ်မလွယ်တော့ဘူးပဲ။ စီနီယာအစ်မကြီးက စကားပြောရ သိပ်လွယ်တဲ့သူ မဟုတ်ဘူး၊ သူက တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို အလွယ်တကူ ပေးချင်မှာ မဟုတ်ဘူး ”
“ပထမအချက်အနေနဲ့ တောက်ပသောလောကမသေမျိုး လမ်းစဉ်က ငါတို့လက်ထဲကို ရောက်လာမယ်လို့ အသေအချာ မပြောနိုင်သေးဘူး။ ဒုတိယအချက်က တားမြစ်နယ်မြေ လုပွဲမှာ ငါတို့ အနိုင်ရနိုင်ခြေက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မင်းရောက်လာပြီဆိုမှတော့ ငါတို့နဲ့အတူ လိုက်ခဲ့ပြီး စီနီယာအစ်မကြီးကို အရင်သွားရှာပြီး လူစုရမယ်"
"ဒီတစ်ခေါက်မှာ အသွေးအသားနန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော်၊ နဂါးမင်းကျောင်းတော်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း၊ ဝိညာဉ်သုတ်သင်ခြင်းဌာန က အမာခံတပည့်တွေ အများကြီး ရောက်နေကြတယ်။ သူတို့ထဲက တချို့က တော်တော်လေး လက်ပေါက်ကပ်တယ်၊ စီနီယာအစ်မကြီးတောင် သူတို့လက်ထဲမှာ အရှုံးပေးခဲ့ရတာမျိုး ရှိတယ်"
"အဲဒါအပြင် အခြားလူတချို့ကလည်း ဒီထဲကနေ အကျိုးအမြတ် လာခွဲယူချင်နေကြသေးတယ်။ သူတို့ရဲ့ အစီရင်ဗဟိုချက်တွေက အားမကောင်းသလို အစီရင်မသေမျိုးအတတ် ကို သုံးနိုင်တဲ့သူလည်း သိပ်မရှိဘူးဆိုပေမဲ့ တိုက်ပွဲအခြေအနေကိုတော့ သက်ရောက်မှု ရှိနိုင်တာမို့လို့ လျှော့တွက်လို့ မရဘူး”
ထိုသို့ ပြောပြီးနောက် နန်မင်ရုယွဲ့က ကျိထျန်းကျွင်းဘက်သို့ လှည့်ကြည့်ကာ
“မင်းတို့ မသေမျိုးလောကငယ်ကလူတွေက ငါတို့ အထက်နယ်မြေသုံးခုရဲ့ အစီရင်ပညာရပ်ကို အမြဲတမ်း နှိမ်ချတတ်ကြတယ်။ အကယ်၍ မင်းက ကျိရှန့်ရဲ့ အဖွဲ့ထဲကို တောက်ပသောလောက မသေမျိုး လမ်းစဉ် တစ်ခုတည်းအတွက် ဝင်လာတာဆိုရင်၊ အဲဒီလမ်းစဉ်ကို ရခဲ့ရင်တောင် ကျိရှန့်က မင်းအတွက် အဲဒါကို သိမ်းပိုက်ပေးဖို့ ငါ ကူညီမှာမဟုတ်ဘူး ”
ကျိထျန်းကျွင်းက ပြုံးလိုက်ပြီး
“တကယ်တော့ ကျနော်လည်း မသေမျိုးလောကငယ်က လူကြီးတွေရဲ့ ရှေးရိုးစွဲဝါဒဟာ မဟာတာအိုလမ်းစဉ်အတွက် ဘာမှ အကျိုးမရှိဘူးလို့ ထင်ပါတယ်။ အခု ကျနော် မသေမျိုးလောကငယ်ကနေ ထွက်လာပြီး ကျိရှန့်ရဲ့အဖွဲ့ထဲ ဝင်လာတာဟာ လောကကြီး ဘယ်လောက်ကျယ်သလဲဆိုတာကို သိချင်လို့ပါ။ ဖြစ်နိုင်ရင် ကျနော်လည်း ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်အောင် ကြိုးစားပြီး ဒီ အစီရင်လမ်းစဉ် ကို လျှောက်လှမ်းကြည့်ချင်ပါတယ် ”
“ဒီလို အတွေးရှိတာ ကောင်းပါတယ်။ အကြီးအကဲတွေကလည်း မင်းတို့ မသေမျိုးလောကငယ်သားတွေကို အဲဒီနေရာကျဉ်းကျဉ်းလေးထဲကနေ ထွက်လာပြီး လောကကြီး ဘယ်လောက် ကျယ်ပြောသလဲဆိုတာကို မြင်စေချင်နေတာ။ အခုခေတ်က အရင်လို မဟုတ်တော့ဘူး၊ ခေတ်ကာလတွေ တိုးတက်လာပြီ။ ငါတို့ ကျင့်ကြံသူတွေဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ဒီအဆင့်အထိ ရောက်လာကြတာဆိုတော့ ပြောင်းလဲမှုကို လက်ခံရမယ်။ အထက်နယ်မြေသုံးခုက ဖော်ထုတ်ထားတဲ့ ဒီ အစီရင်လမ်းစဉ် ဟာ နောင်အနာဂတ် မဟာတာအိုရဲ့ ဗဟိုချက်မပဲ ”
နန်မင်ရုယွဲ့က အသာအယာ ခေါင်းညိတ်လိုက်သည်
“ကဲ... ငါတို့ အတူတူ ဆက်သွားကြမယ်၊ တားမြစ်နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီး စီနီယာအစ်မကြီးကို စောစောရှာတွေ့အောင် လုပ်ရမယ်။ ဒီတစ်ခေါက် တားမြစ်နယ်မြေ လုပွဲက နှစ်အတော်ကြာ တိုက်ရနိုင်ခြေ ရှိတယ်၊ မင်းတို့ စိတ်ဓာတ် ပြင်ဆင်ထားကြ ”
ကြီးမားလှသော အဖွဲ့အစည်းကြီးများသည် ကြယ်တာရာဟင်းလင်းပြင်ထဲတွင် စတင် ချီတက်ကြတော့သည်။
ရန်သူနှင့် တွေ့လျှင် စုပေါင်း တိုက်ခိုက်ကြပြီး မိမိတို့လူနှင့် တွေ့လျှင် အဖွဲ့ထဲသို့ ဆွဲသွင်းကာ အင်အား တောင့်တင်းအောင် ပြုလုပ်ကြသည်။
ဖန့်ချန်၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်ပေါက်လာသည်။
အစီရင်လမ်းစဉ်
ဆိုလိုသည်မှာ ထိုတိုက်ခိုက်ရေး နည်းစနစ်မျိုးသည် ယခင်က မရှိခဲ့ဘဲ ယခုခေတ် အထက်နယ်မြေသုံးခုမှ အစဉ်တစိုက် ပြောင်းလဲကြိုးစားရင်း ပေါ်ထွက်လာခြင်းလော
အကယ်၍ ဤအတိုင်းသာ မှန်ကန်ပါက အထက်နယ်မြေသုံးခုသည် အောက်နယ်မြေခြောက်ခုနှင့် လုံးဝ ကွဲပြားခြားနားနေပြီဟုသာ ဆိုရပေလိမ့်မည်။
သူတို့သည် မသေမျိုးလမ်းစဉ်၏ ရှေ့တန်းမျက်နှာစာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
သို့သော် ထိုအရာအားလုံး၏ အနှစ်သာရမှာ ထိုသူတို့ ပြောနေသော အစီရင်ဗဟိုချက် နှင့် ကင်းကွာ၍ ရနိုင်မည်မဟုတ်ချေ။
ယခုအချိန်တွင် လူအများက သူ့ကို စောင့်ကြည့်နေသဖြင့် မှန်လေး ကို အစီရင်ဗဟိုချက် အကြောင်း မေးမြန်းရန် အဆင်မပြေသေးပေ။
သို့သော် သူ၏ ထိုအဖွဲ့ကြီးထဲတွင် ဆရာတစ်ယောက် ရှိနေသည် မဟုတ်ပါလား။
***