'D01349' အခြေစိုက်စခန်း၏ ရိက္ခာများမှာ ထင်သလောက် ရှားပါးပုံမရချေ။
ဝမ်ချန်၏ ရှေ့မှောက်၌ရှိသော ထွားကျိုင်းသန်မာသည့် လူကြီးမှာ ဘီယာပုလင်းကို ကိုင်မြှောက်လျက် နီမြန်းစိုပြည်သော မျက်နှာထားရှိပေသည်။
အရက်ဘားခုံပေါ်၌လည်း အသားဘူးအချို့ကို တင်ထားသည်ဖြစ်ရာ ရိက္ခာပြတ်လပ်နေသည့် အငွေ့အသက်မျှပင် မတွေ့ရပေ။
သို့မဟုတ်... အချို့သော လူတန်းစားများအတွက်သာ ရိက္ခာများ ပေါကြွယ်နေခြင်းလည်း ဖြစ်တန်ရာ၏။
ဝမ်ချန်က ထိုသို့ တိတ်တဆိတ် တွေးတောရင်း တည်ငြိမ်သော အမူအရာဖြင့်ပင် "နှုတ်ဆက်ပါတယ်။ ခင်ဗျားကို တစ်ခုလောက် မေးပါရစေ" ဟု ဆိုလိုက်သည်။
"ဟက်..."
'အိုင်းရွန်းတိုက်ဂါး' ဟု အမည်ရသော ထိုလူက ဝမ်ချန်အား လှောင်ပြောင်သော မျက်လုံးများဖြင့် အကဲခတ်ရင်း "မင်းက ဘာကောင်မို့လို့ ငါက ဖြေရမှာလဲ" ဟု ရင့်ရင့်သီးသီး တုံ့ပြန်လေသည်။
ဝမ်ချန်က "ကျွန်တော် အခကြေးငွေ ပေးပါ့မယ်" ဟု အေးဆေးစွာ ပြောလိုက်၏။
ထို့နောက် ကျောပိုးအိတ်ထဲမှ စွမ်းအင်တောင့်အချို့ကို ထုတ်ယူကာ "ဒါဆိုရင်ကော ဖြစ်မလား" ဟု မေးမြန်းလိုက်သည်။
"မင်းက ဘယ်အခြေစိုက်စခန်းကလဲ"
အိုင်းရွန်းတိုက်ဂါးသည် လောဘဇောတက်လာသည့် မျက်လုံးများဖြင့် နှုတ်ခမ်းကို လျက်လိုက်ပြီး "ဒါလောက်နဲ့တော့ မလောက်သေးဘူး" ဟု ဆိုကာ ပို၍ တောင်းဆိုလေသည်။
စွမ်းအင်တောင့်များမှာ အဖိုးတန်လှသည် ဖြစ်သော်လည်း သူကမူ ထိုထက်မက ရလိုသေးပုံရ၏။
" A00023 ကပါ"
ဝမ်ချန်သည် ဘာမျှ ထွေထွေထူးထူး မပြောတော့ဘဲ ကျောပိုးအိတ်ကို ဖွင့်ကာ စွမ်းအင်တောင့်များကို ဘားခုံပေါ်သို့ ထပ်မံပုံချလိုက်ပြီး "ဒါဆိုရင်ကော လုံလောက်ပြီလား" ဟု တည်ငြိမ်စွာ မေးလိုက်ပြန်သည်။
"Aအဆင့် အခြေစိုက်စခန်းကလား"
အိုင်းရွန်းတိုက်ဂါးက လေချွန်လိုက်ရင်း "တို့လို နေရာသေးသေးလေးကို လူကုံထံတစ်ယောက် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူးဟေ့" ဟု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဘားအတွင်းရှိ လူများကလည်း တဝါးဝါး လိုက်လံရယ်မောကြပြီး အချို့မှာ ဝမ်ချန်၏ အနောက်သို့ တိတ်တဆိတ် ရွှေ့လျားလာကြလေ၏။
ဝမ်ချန်ကမူ ယင်းကို သတိမမူမိသယောင် ဆောင်နေခဲ့သည်။
အိုင်းရွန်းတိုက်ဂါးက ရယ်သံကို ဖြတ်လိုက်ပြီး မေးကို မော့လျက် "ကောင်လေး... မင်း ဘယ်ကလာလာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ ငါတို့ရဲ့ စည်းမျဉ်းကို လိုက်နာရမယ်။ မင်းမှာ ပါသမျှ အကုန်ထုတ်ပေးစမ်း... ပြီးတော့..."
"မင်း ဝတ်ထားတဲ့ အဝတ်အစားကလည်း မဆိုးဘူးပဲ၊ အဲဒါပါ ချွတ်ပေးခဲ့"
ပတ်ဝန်းကျင်မှ ရယ်သံများ ပိုမို ကျယ်လောင်လာပြီး ရိုင်းစိုင်းသော စကားလုံးများလည်း ရောပါလာခဲ့သည်။
ဝမ်ချန်ကမူ သက်ပြင်းတစ်ချက်ကိုသာ ခပ်တိုးတိုး ချလိုက်မိ၏။
သူ့အနေဖြင့် လက်ပါချင်စိတ် မရှိသော်လည်း အချို့သော လူစားများမှာမူ ကိုယ့်အတိုင်းအတာကိုယ် မသိကြပေ။
ထိုခဏ၌ပင် အိုင်းရွန်းတိုက်ဂါးက ဝမ်ချန်၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်သည်။ ထိုတိုက်ခိုက်မှုမှာ အကြောင်းပြချက် မရှိဘဲ ဝမ်ချန်အား ကြည့်မရသောကြောင့်သာ ပြုမူခြင်း ဖြစ်ပေသည်။
သို့ရာတွင် သူ၏ လက်သီးမှာ ပစ်မှတ်သို့ မရောက်မီမှာပင် ဝမ်ချန်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။ ဝမ်ချန်က သူ၏ လက်ချောင်းများဖြင့် အားထည့်၍ ညှစ်လိုက်သောအခါ...
"အား..."
ဝမ်ချန်ထက် ကိုယ်လုံးကိုယ်ထည် ပိုမိုကြီးမားသည့် အိုင်းရွန်းတိုက်ဂါးမှာ ကမ္ဘာပျက်မတတ် အော်ဟစ်လိုက်ရတော့သည်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး ခရမ်းရောင်သန်းသည့် အနီရောင်သို့ ပြောင်းလဲသွား၏။ လက်သီးမှာလည်း ပုံပျက်ရှုံ့တွသွားရလေပြီ။
"ငါတို့ ဆရာကြီးကို လွှတ်စမ်း"
အခြေအနေ မဟန်သည်ကို မြင်သောအခါ ဝမ်ချန်၏ နောက်မှ လူတစ်ယောက်က ဘီယာပုလင်းဖြင့် ဝမ်ချန်၏ ဦးခေါင်းနောက်သို့ အားကုန် ရိုက်နှက်လိုက်သည်။
သို့သော် ထိုသူမှာ ဝမ်ချန်၏ ဝမ်းဗိုက်သို့ ကန်ချက်တစ်ချက်ကိုသာ တုံ့ပြန် ခံစားလိုက်ရပြီး ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားကာ အနောက်ရှိ အခြားလူများကိုပါ တိုက်မိလျက်သား ဖြစ်သွား၏။
နာကျင်စွာ အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
နှစ်မိနစ်၊ သုံးမိနစ်ခန့်မျှသော အချိန်အတွင်းမှာပင် ဘားအတွင်းရှိ လူအားလုံးမှာ မြေပြင်ပေါ်၌ လူးလိမ့်နေကြရပြီ ဖြစ်ကာ ဝမ်ချန်နှင့် အရက်စပ်သူ တို့သာ မတ်တပ်ကျန်ရစ်တော့သည်။
မြေပြင်ပေါ်၌ ညည်းညူနေကြသူများကို ဂရုမစိုက်ဘဲ ဝမ်ချန်က ဘားခုံ၌ အေးဆေးစွာ ထိုင်လိုက်ရင်း လက်ချောင်းဖြင့် ခုံကို ခေါက်ကာ "သောက်စရာတစ်ခု ပေးပါ" ဟု ပြောလိုက်သည်။
အံ့အားသင့်နေသည့် အရက်စပ်သူမှာ သတိဝင်လာပြီး အတင်းအကြပ် ပြုံးပြရင်း "ဘာသောက်မလဲ " ဟု မေးလိုက်၏။
ဝမ်ချန်ကမူ "ဘာဖြစ်ဖြစ် ရတယ်" ဟုသာ ဆိုသည်။
"ကောင်းပါပြီ"
ထိုသူသည် အရက်ဗီရိုကို ဖွင့်ရန် လှည့်လိုက်သော်လည်း ပုလင်းကို ထုတ်ယူသည့် ဟန်ဖြင့် လက်နက်တစ်ခုကို ဆွဲထုတ်ကာ ချက်ချင်း ပြန်လှည့်လာခဲ့သည်။
သူ၏ လက်ဝဲဘက်၌ သေနတ်တစ်လက် ရှိနေပြီး မျက်နှာထားမှာလည်း ယုတ်မာကောက်ကျစ်သော အသွင်သို့ ပြောင်းလဲသွား၏။ "သွားတော့..."
သူ၏ စကားမဆုံးမီမှာပင် သူ၏ နဖူးတည့်တည့်သို့ ပြောင်းဝကြီးမားသော သေနတ်တစ်လက်က ချိန်ရွယ်လျက်သား ရှိနေသည်ကို တွေ့လိုက်ရပေ၏..။
ဝမ်ချန်က ပြုံးလျက် "လောင်းကြေးထပ်ကြည့်မလား... မင်းရဲ့ လက်က ပိုမြန်မလား၊ ဒါမှမဟုတ် ငါ့သေနတ်က ပိုမြန်မလားဆိုတာ" ဟု မေးလိုက်၏။
အရက်စပ်သူ၏ နဖူး၌ ချွေးစေးများ ပျံတက်လာပြီး တွေဝေစွာ တုံ့ပြန်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် လက်နက်ကို အရှုံးပေးသည့်ဟန်ဖြင့် ချလိုက်ရတော့သည်။
"ခင်ဗျားနိုင်ပါတယ်"
ဝမ်ချန်က ထိုသေနတ်ကြီးကို မည်သည့်နေရာမှ ထုတ်ယူလိုက်သည်ကို သူ လုံးဝ စဉ်းစား၍ မရချေ။ မျက်လှည့်ပြသကဲ့သို့ပင်။
သို့သော် သူ၏ စိတ်အာရုံကမူ... အကယ်၍ သူသာ တစ်ခုခု လှုပ်ရှားလိုက်ပါက သေချာပေါက် အသက်ပျောက်သွားလိမ့်မည်ဟု သတိပေးနေခဲ့သည်။
"တကယ်တော့... ငါ့သေနတ်ထဲမှာ ကျည်ဆန် ရှိ၊ မရှိ ဆိုတာကိုလည်း လောင်းကြေး ထပ်လို့ရပါသေးတယ်" ဝမ်ချန်က သေနတ်ကို ဘားခုံပေါ်သို့ အသာအယာ တင်လိုက်ရင်း "မင်း နိုင်ကောင်း နိုင်နိုင်တာပဲလေ" ဟု ပြောလိုက်သည်။
"ကျွန်တော် မလောင်းရဲပါဘူး"
အရက်စပ်သူက ခါးသီးစွာ ပြုံးလိုက်ရင်း "ဧည့်သည်တော်ကြီး... ခင်ဗျား ဘာကို သိချင်သလဲသာ ပြောပါ၊ ကျွန်တော် အတတ်နိုင်ဆုံး ကူညီပါ့မယ်" ဟု ဝန်ခံလိုက်၏။
ဝမ်ချန်က နားလည်သွားသည့်ဟန်ဖြင့် "မင်းက ဒီနေရာရဲ့ ပိုင်ရှင်ပေါ့... ပြီးတော့ ဒီ ' D01359' အခြေစိုက်စခန်းရဲ့ လက်ရှိ ခေါင်းဆောင်လည်း ဖြစ်မှာပေါ့" ဟု မေးလိုက်သည်။
ဘားပိုင်ရှင်မှာ နှုတ်ဆိတ်နေခဲ့၏။
ဝမ်ချန်က ဓာတ်ပုံအချို့ကို ထုတ်ယူကာ ကမ်းပေးလိုက်ရင်း "ငါ လူတစ်ယောက်ကို လာရှာတာ။ ဒီလူတွေကို မြင်ဖူးလား ကြည့်ပေးပါဦး" ဟု ဆိုလိုက်သည်။
ဘားပိုင်ရှင်က ဓာတ်ပုံများကို တစ်ပုံချင်းစီ သေချာ ကြည့်ရှုပြီးနောက် ခေါင်းခါလျက် "ကျွန်တော် အာမခံနိုင်ပါတယ်။ ဒီလူတွေ ဒီကို တစ်ခါမှ မရောက်ဖူးပါဘူး" ဟု ဖြေကြားခဲ့သည်။
ဝမ်ချန်က မြေပြင်ပေါ်ရှိ အိုင်းရွန်းတိုက်ဂါးနှင့် အခြားလူများကိုလည်း မေးမြန်းခဲ့သော်လည်း အဖြေမှာ ထပ်တူပင် ဖြစ်သည်။
ဤရလဒ်ကို ဝမ်ချန်အနေဖြင့် ခန့်မှန်းထားပြီးသား ဖြစ်ပေရာ ဓာတ်ပုံများကို ပြန်သိမ်းလိုက်ပြီး "ဒါဆိုရင် မင်းတို့..."
"ဒုန်း"
ဘားတံခါးမှာ ရုတ်တရက် ဝုန်းကနဲ ပွင့်သွားပြီး လူတစ်စု ပြေးဝင်လာခဲ့ကြသည်။
ဦးဆောင်လာသူမှာ အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲ၌ ဂလန်နာ ခေါ် မူလီဂွ အကြီးစားကို ကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး ဖြစ်ပေသည်။
သူ့နောက်မှ လူများမှာလည်း အလားတူပင်။
ထူးခြားသည်မှာ ထိုလူများထဲ၌ 'ကျန်းရှန်' လည်း ပါဝင်နေခြင်းပင် ဖြစ်၏။
ဘားအတွင်းရှိ မြင်ကွင်းကြောင့် ထိုလူစုမှာ အံ့အားသင့်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"ဆရာ"
ကျန်းရှန်က ဝမ်ချန်ရှိရာသို့ ပြေးဝင်လာရင်း "ဆရာဘာမှမဖြစ်ဘူး မဟုတ်လား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ထိုလူငယ်လေးမှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ဝမ်ချန်က ပြုံးလျက် "ဘာမှမဖြစ်ပါဘူး.." ဟု ဆိုလိုက်၏။
အမှန်စင်စစ် ဘားထဲသို့ မဝင်မီကပင် ကျန်းရှန်သည် ဤနေရာမှာ စိတ်မချရကြောင်း အရိပ်အမြွက် ပြောကြားခဲ့သော်လည်း သူ၏ စိုးရိမ်စိတ်ကြောင့် တိုက်ရိုက် မပြောဝံ့ခဲ့ချေ။
ယခုမူ ဝမ်ချန် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် အကူအညီများ သွားရောက် ခေါ်ယူလာခဲ့ပုံရသည်။
"ကျွန်တော်က 'လူကွီ' ပါ။ D01359 အခြေစိုက်စခန်းရဲ့ နည်းပညာ အင်ဂျင်နီယာ တစ်ယောက်ပါ"
ဂလန်နာကို ကိုင်ထားသည့် ထိုလူက ရှေ့သို့ လှမ်းလာပြီး ဝမ်ချန်အား လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ရင်း "ခင်ဗျားက A00023 ကလို့ ကြားတယ်" ဟု မေးလိုက်သည်။
"ဝမ်ချန်ပါ"
ဝမ်ချန်က လက်ဆွဲနှုတ်ဆက်လိုက်ရင်း "တကယ်တော့... ကျွန်တော်က A00023က မဟုတ်ပါဘူး" ဟု ပြန်လည် ဖြေကြားလိုက်၏။
လူကွီမှာ မှင်တက်သွားပြီး "ဒါဆိုရင် ခင်ဗျားက ဘယ်ကလဲ" ဟု မေးလိုက်သည်။
ဝမ်ချန်က အပေါ်သို့ လက်ညှိုးညွှန်ပြလျက် "ကျွန်တော် ဒီနေ့ပဲ လေထီးနဲ့ ဆင်းလာတာပါ" ဟု ဆိုလိုက်သည်။
ယခုအချိန်၌ ဝမ်ချန်အနေဖြင့် ဖုံးကွယ်ထားရန် အကြောင်းမရှိတော့သဖြင့် သူ၏ မူလ အမှတ်အသားကိုသာ ထုတ်ဖော်လိုက်တော့သည်။
"လေထီးနဲ့ ဆင်းလာတာ"
လူကွီသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်ရင်း "ခင်ဗျားကို 'နက်သာ' စစ်တပ်က ကြားဖြတ် မတိုက်ခိုက်ဘူးလား" ဟု မေးလိုက်မိသည်။
"လွန်ခဲ့တဲ့ သုံးလကတည်းက အင်ပါယာဟာ 'တန်ပါစ်' ကြယ်စုတန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါပြီ"
ဝမ်ချန်က ဆက်လက်၍ "ပြီးတော့ ဒီဂြိုဟ်ပေါ်ကိုလည်း လူတွေ စေလွှတ်ခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့တစ်ခုလုံး ပျောက်ဆုံးသွားလို့ ကျွန်တော် လာရောက် စုံစမ်းတာပါ" ဟု ရှင်းပြလိုက်သည်။
ယခုမူ ထိုသူများသည် 'ရှုချန်ကျစ်' နှင့် အခြားလူများကို မမြင်တွေ့ခဲ့ရသည်မှာ ရာနှုန်းပြည့် သေချာသွားလေပြီ။
မဟုတ်ပါက ဤတန်ပါစ် ကြယ်စုတန်းမှာ နက်သာမျိုးနွယ်စုများ၏ လက်အောက်၌ ရှိနေသေးသည်ဟု ထင်မှတ်နေကြမည် မဟုတ်ပေ။
ဝမ်ချန်၏ စကားများသည် ရေကန်ထဲသို့ ကျောက်တုံးကြီး တစ်လုံးကို ပစ်ချလိုက်သကဲ့သို့ပင် ဘားတစ်ခုလုံးကို လှုပ်ခတ်သွားစေပြီး လူတိုင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။
"ဘာ..."
"အင်ပါယာက တန်ပါစ်ကို ပြန်သိမ်းပိုက်လိုက်ပြီ ဟုတ်လား"
"အဲဒါ တကယ်လား"
"ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ"
လူကွီသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် စကားပင် ကောင်းကောင်း မဆိုနိုင်တော့ဘဲ "ဆရာ... ခင်ဗျား ကျွန်တော်တို့ကို ညာနေတာတော့ မဟုတ်ပါဘူးနော်" ဟု မေးလိုက်သည်။
"ငါက ဘာလို့ မင်းတို့ကို ညာရမှာလဲ"
ဝမ်ချန်က ဘားခုံပေါ်မှ စွမ်းအင်တောင့်တစ်ခုကို ကောက်ယူလိုက်ပြီး "ဒီအပေါ်က ထုတ်လုပ်တဲ့ရက်စွဲကိုသာ ကြည့်လိုက်ပါဦး" ဟု ဆိုလိုက်သည်။
ထိုစွမ်းအင်တောင့်များမှာ ဝမ်ချန် မကြာသေးမီကမှ ဝယ်ယူထားခြင်း ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲမှာ လွန်ခဲ့သော တစ်လခန့်ကသာ ဖြစ်ပေသည်။
ထိုအခါမှသာ လူကွီသည် သံသယများ ကင်းစင်သွားပြီး နှုတ်ခမ်းများ တုန်ရီလျက် မျက်ဝန်းများ နီမြန်းလာရတော့သည်။ အခြားလူများမှာလည်း ထိုနည်းတူစွာပင်...။
***