ဤသည်ကား ‘တန်ပါစ်’ ကြယ်စုတန်း၏ ‘တန်ပါစ်’ ဂြိုဟ်ပေါ်ရှိ D01359) အခြေစိုက်စခန်းအတွင်းရှိ အရက်ဆိုင်ငယ်တစ်ခု၏ မြင်ကွင်းပေတည်း။ ယင်းအရက်ဆိုင်အတွင်း၌ လူပေါင်းသုံးရာကျော်မျှ ပြည့်နှက်ကာ တိုးဝှေ့နေကြလေသည်။
စစ်ရှုံးဒုက္ခသည်များ ဖြစ်ကြကုန်သော ‘D01359’ အခြေစိုက်စခန်းရှိ လူအများသည် သတင်းစကားကြားရသည်နှင့်တစ်ပြိုင်နက် အပြေးအလွှား ရောက်ရှိလာကြခြင်းပင်။
လွန်ခဲ့သော သုံးနှစ်ခန့်က ‘တန်ပါစ်’ ဂြိုဟ်ကြီး ရန်သူ့လက်သို့ ကျဆုံးခဲ့ရသည်မှစ၍ ထိုသူတို့မှာ ဤအခြေစိုက်စခန်းငယ်လေးအတွင်း၌ ခိုအောင်းနေခဲ့ကြရရှာသည်။
အင်ပါယာအစိုးရမှ ဤဂြိုဟ်အား ပြန်လည်သိမ်းပိုက်မည့်ရက်ကိုသာ နေ့ညမပြတ် မျှော်လင့်တောင့်တနေခဲ့ကြရ၏။
သို့သော်လည်း ရက်စွဲများ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ လူတိုင်း၏ မျှော်လင့်ချက်မီးစမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး နောက်ဆုံး၌ အဆုံးစွန်သော စိတ်ပျက်အားငယ်မှုအတွင်းသို့ ကျရောက်လုနီးနီး ဖြစ်ခဲ့ရလေပြီ။
ထိုသို့သော အခြေအနေတွင် ဝေဟင်ယံမှ ‘ဝမ်ချန်’ ဆင်းသက်ရောက်ရှိလာခြင်းမှာ ဒုက္ခသည်များ၏ ရင်တွင်း၌ မျှော်လင့်ချက်မီးတောက်ကို တဖန်ပြန်လည် တောက်လောင်စေခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အင်ပါယာတပ်မတော်မှ ‘တန်ပါစ်’ ကြယ်စုတန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟူသော သတင်းနှင့် ‘တန်ပါစ်’ ဂြိုဟ်ပေါ်ရှိ စွမ်းအင်ရောင်ခြည်သင့်မှု ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းနေပြီဟူသော သတင်းကောင်းများကြောင့် လူတိုင်းပင် ဝမ်းသာမျက်ရည် ကျခဲ့ကြရလေသည်။
အချို့မှာမူ တစ်ဦးကိုတစ်ဦး ဖက်လဲတကင်း နှုတ်ဆက်ကြရင်း “အင်ပါယာ တည်တံ့ခိုင်မြဲပါစေ” ဟုပင် အားရပါးရ ကြွေးကြော်နေကြတော့သည်။
ဤသို့သော ပျော်ရွှင်စရာ အခိုက်အတန့်တွင် အရက်ဆိုင်ပိုင်ရှင်ဖြစ်သူသည်လည်း သူသိုလှောင်ထားသမျှသော အရက်အဖျော်ယမကာအားလုံးကို ထုတ်ယူကာ အခမဲ့ တိုက်ကျွေးလေသည်။
သို့သော်လည်း ကျေးဇူးတင်သူဟူ၍ မရှိသလောက်ပင် ရှားလှ၏။ လူအများစုမှာ သူ့အား ဒေါသတကြီး စိုက်ကြည့်နေကြပြီး အချို့မှာမူ ဆဲဆိုကြိမ်းမောင်းခြင်းပင် ပြုကြကုန်သည်။
အရက်ဆိုင်ပိုင်ရှင်မှာမူ အတုံ့အပြန် မပြောဝံ့ဘဲ အားနာဟန် အပြုံးတုလေးကိုသာ ဖန်တီးကာ သနားစဖွယ် အနေအထားဖြင့် ငြိမ်သက်နေရရှာသည်။
သို့သော်လည်း ‘ဝမ်ချန်’ ကမူ ထိုသူ့အပေါ်၌ အနည်းငယ်မျှပင် သနားစိတ် မရှိခဲ့ချေ။ အင်ဂျင်နီယာ ‘လူကွီ’ နှင့် စကားပြောကြည့်ရာမှ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကပင် ဤအခြေစိုက်စခန်း၌ ပြဿနာများ စတင်နေခဲ့ကြောင်း သူ သိရှိခဲ့ရသည်။
အမည်မသိ စွမ်းအင်များ၏ သက်ရောက်မှုကြောင့် စက်ပစ္စည်းကိရိယာများမှာ တဖြည်းဖြည်း ပျက်စီးလာခဲ့ရ၏။ ‘လူကွီ’ နှင့် သူ၏အဖွဲ့မှာ တတ်နိုင်သမျှသော နည်းလမ်းများ၊ ပစ္စည်းကိရိယာများကို အသုံးပြုကာ မြေအောက်စခန်းအတွင်း အခြေခံလေဝင်လေထွက်နှင့် အလင်းရောင် ရရှိစေရန် ခက်ခဲစွာ ဖန်တီးခဲ့ကြရရှာသည်။
ယင်းကို အခွင့်ကောင်းယူကာ အရက်ဆိုင်ပိုင်ရှင်နှင့် ‘အိုင်းရွန်းတိုက်ဂါး’ ဦးဆောင်သော အုပ်စုသည် စစ်သည်တော်အချို့၏ အကူအညီဖြင့် အခြေစိုက်စခန်းကို အဓမ္မ သိမ်းပိုက်ခဲ့ကြလေသည်။
၎င်းတို့သည် သိုလှောင်ထားသော ရိက္ခာများကို သိမ်းကျုံးယူငင်ကာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခဲ့ကြ၏။
ထိုသူတို့၏ ဖိနှိပ်မှုအောက်တွင် လူအများမှာ ငတ်မွတ်ခေါင်းပါးကာ အစားအစာနှင့် ရေ ရရှိရန်အတွက် အသက်အန္တရာယ်ရှိသော ဂြိုဟ်မျက်နှာပြင်သို့ပင် တက်ရောက်ကာ ပစ္စည်းများ ရှာဖွေပေးခဲ့ကြရသည်။
အပြင်သို့ ထွက်သွားသူအများစုမှာလည်း မည်သည့်အခါမျှ ပြန်မလာနိုင်ခဲ့ကြတော့ချေ။
အရက်ဆိုင်ပိုင်ရှင်မှာမူ မျက်နှာငယ်လေးဖြင့် “ကျွန်တော်လည်း အားလုံးကို မကျွေးချင်လို့ မဟုတ်ပါဘူး၊ ဒီစခန်းက ရိက္ခာက ပုံမှန်ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာလေ။ ချွေတာမသုံးရင် ဘယ်နှစ်တွေအထိ ခံမှာလဲ” ဟု ဆင်ခြေပေးလေသည်။
ထိုအခါ ‘လူကွီ’ က “တောက်” ဟု အသံမြည်အောင် တောက်ခေါက်ကာ “မင်းတို့ကျတော့ နေ့တိုင်း ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ငါတို့ကျတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့ အပြင်ထွက်ပြီး အသက်စွန့်ခိုင်းရတာ မရှက်ဘူးလား” ဟု ပြန်လည် တုံ့ပြန်လိုက်ရာ အရက်ဆိုင်ပိုင်ရှင်မှာ ဘာမျှပင် ပြန်မပြောဝံ့တော့ချေ။
‘ဝမ်ချန်’ သည် မျက်မှောင်ကြုတ်လျက် “ရိက္ခာက တကယ်ပဲ ဆယ်ပုံတစ်ပုံပဲ ရှိတာလား” ဟု မေးမြန်းလိုက်ရာ ‘လူကွီ’ မှာ သက်ပြင်းချရင်း “ဟုတ်ပါတယ်၊ တခြားစခန်းတွေမှာဆို ဒီထက်တောင် ဆိုးပါသေးတယ်” ဟု ဖြေကြားလေသည်။
အင်ပါယာ၏ နည်းပညာနှင့် အင်အားအရ ဤမျှလောက်သော အခြေစိုက်စခန်းများ တည်ဆောက်ခဲ့ပါက ရိက္ခာမလောက်ငခြင်းမှာ ဖြစ်နိုင်ခြေ အလွန်နည်းလှပေသည်။ ‘ဝမ်ချန်’ မှာ ယင်းကိစ္စတွင် တစ်စုံတစ်ခု လွဲချော်နေကြောင်း ချက်ချင်းပင် ရိပ်စားမိလိုက်၏။
ထိုစဉ် အနီးရှိ လူတစ်ဦးက “ဘာဆန်းလို့လဲဗျာ၊ ဒီ ‘တန်ပါစ်’ ဂြိုဟ်ရဲ့ ရိက္ခာထောက်ပံ့မှုကို ‘ဝမ်ဟိုင်’ အုပ်စုက တာဝန်ယူထားတာလေ၊ သူတို့တွေပဲ ခိုးဝှက်ထားကြတာပေါ့” ဟု လှောင်ပြောင်သလို ပြောဆိုလိုက်သည်။
ယင်းစကားကြောင့် ‘လူကွီ’ မှာ မျက်နှာပျက်သွားကာ “ပါးစပ်ပိတ်ထားစမ်း” ဟု ဟန့်တားလိုက်ရ၏။ ‘ဝမ်ဟိုင်’ အုပ်စုကဲ့သို့သော ထရီလီယံနှင့်ချီ၍ ချမ်းသာသည့် ကုမ္ပဏီကြီးများအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမှာ သေမင်းအား ဖိတ်ခေါ်နေခြင်းနှင့် မခြားပေ။
‘ဝမ်ချန်’ ကမူ ထိုအကြောင်းကို ခေတ္တဘေးဖယ်ထားကာ “အင်ဂျင်နီယာ ‘လူကွီ’၊ ဒီကနေ အနီးဆုံး အခြေစိုက်စခန်းကို သွားတဲ့လမ်းကို သိလား” ဟု မေးမြန်းလေသည်။
‘လူကွီ’ မှာ အနီးဆုံးရှိ (B00785) အခြေစိုက်စခန်းမှာ မိုင်တစ်ရာခန့် ဝေးကွာကြောင်းနှင့် ယခင်က မြေအောက်လမ်းရှိခဲ့သော်လည်း ပျက်စီးသွားခဲ့ကြောင်း ရှင်းပြရှာသည်။
ယင်းစခန်းမှာ လူပေါင်း သောင်းချီ ခိုလှုံနိုင်သော စခန်းကြီးဖြစ်သော်လည်း မြေပြင်ပေါ်မှ ဖြတ်သန်းသွားလာရန်မှာ ‘နက်သာ’မျိုးနွယ်စုနှင့် သန္ဓေပြောင်း သတ္တဝါများကြောင့် အလွန်အန္တရာယ်များလှပေသည်။
ထိုသို့ စကားလက်ဆုံ ကျနေစဉ်အတွင်း လူတစ်ဦးမှာ အရက်ဆိုင်အတွင်းသို့ အလန့်တကြား ပြေးဝင်လာကာ “ဒုက္ခပါပဲ၊ ငါတို့တံခါးကို ‘နက်သာ’ မျိုးနွယ်စုရဲ့ လူသတ်သမားတွေ တိုက်ခိုက်နေပြီ” ဟု အော်ဟစ်လိုက်လေတော့သည်။
‘နက်သာ’ မျိုးနွယ်စု၏ လူသတ်သမား ဟူသော အမည်ကို ကြားသည်နှင့် အရက်ဆိုင်အတွင်းရှိ လူအများသည် ကြောက်လန့်တကြား တိုးဝှေ့ထွက်ပြေးကြကုန်သည်။
အချို့မှာမူ ဤအန္တရာယ်မှာ သူစိမ်းဖြစ်သူ ‘ဝမ်ချန်’ ကြောင့် ရောက်လာခြင်းဖြစ်သည်ဟု ယူဆကာ မကျေမနပ် ကြည့်နေကြလေသည်။
‘ဝမ်ချန်’ မှာမူ မည်သို့မျှ တုံ့ပြန်ခြင်းမပြုဘဲ သူ၏ သေနတ်ကို ‘လူကွီ’ ထံသို့ ကမ်းပေးရင်း “ဒီကောင်တွေကို စောင့်ကြည့်ထားပါ၊ ဘယ်သူပဲဖြစ်ဖြစ် ပြဿနာရှာရင် မညှာနဲ့ ပစ်သတ်လိုက်၊ အပြင်က ကောင်တွေကို ငါ သွားရှင်းလိုက်မယ်” ဟု ပြောကာ အပြင်သို့ ထွက်ခွာခဲ့လေပြီ။
အခြေစိုက်စခန်း၏ သံမဏိတံခါးကြီးဆီသို့ သူ ရောက်ရှိသွားချိန်တွင် တံခါးကြီးမှာ အပြင်ဘက်မှ အပြင်းအထန် တိုက်ခိုက်ခံနေရသည်ကို တွေ့လိုက်ရ၏။ တံခါး၏ မျက်နှာပြင်မှာ ဖောင်းကြွကာ ပျက်စီးလုနီးနီး ဖြစ်နေလေပြီ။
ခေတ္တမျှ ငြိမ်သက်သွားသော်လည်း နောက်တစ်ကြိမ်တွင်မူ ပြင်းထန်သော အရှိန်ဖြင့် တံခါးကြီးကို ချိုးဖျက်ကာ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးတစ်ကောင် ပြေးဝင်လာလေတော့သည်။
ယင်းကား လူသားတို့၏ ရန်သူတော်ကြီးဖြစ်သော ‘နက်သာ’ မျိုးနွယ်စုပင် ဖြစ်ချေသည်။ ယုတ်မာညစ်ထေးသော အရှိန်အဝါများမှာ ‘ဝမ်ချန်’ ထံသို့ လှိုင်းတံပိုးကဲ့သို့ တိုးဝင်လာသော်လည်း သူ၏ မျက်ဝန်းများမှာမူ ပိုမိုစူးရှလာခဲ့၏။
သူသည် လက်ထဲရှိ ပြောင်းဝကျယ် သေနတ်ကြီးကို မြှောက်ကာ တရစပ် ပစ်ခတ်လိုက်လေတော့သတည်း။
***