ဝုန်း...။
နားစည်ကွဲလုမတတ် ဟည်းထွက်လာသော ပေါက်ကွဲသံကြီးနှင့်အတူ D01359 အခြေစိုက်စခန်းမှ မြေပြင်သို့ တက်ရာလမ်းမကြီးမှာ လုံးဝဥဿုံ ပျက်စီးသွားချေပြီ။
ပြိုကျလာသော ကျောက်တုံးကြီးများက ထွက်ပေါက်ကို တစ်စေ့တစ်စပ်တည်း ပိတ်ဆို့သွားလေသည်။
ထိုအခါမှသာ အခြေစိုက်စခန်းအတွင်းရှိ လူစုမှာ စိတ်အေးလက်အေး ရှိသွားကြတော့သည်။
ထိုထက် ပို၍အရေးကြီးသည်မှာ အိုင်းရွန်းတိုက်ဂါးနှင့် ဘားပိုင်ရှင်တို့ လက်ဝါးကြီးအုပ်ထားသော ရိက္ခာထောက်ပံ့မှုများမှာ ပြည်သူတို့၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာခြင်းပင်။
ရှေးလူတို့ ဆိုရိုးရှိသည်မဟုတ်လော... "လက်ထဲမှာ ဆန်အိုးရှိမှ စိတ်ထဲမှာ အေးမြနိုင်သည်" ဟူ၍။ ၎င်းမှာ အမှန်ကန်ဆုံးသော အချက်ပင် ဖြစ်ချေသည်။
အလုပ်ရှုပ်နေကြသော အချိန်အတန်ကြာပြီးနောက်တွင် လုကွီသည် လူတစ်စုကို ဦးဆောင်ကာ ဝမ်ချန်ထံ တစ်ဖန်ရောက်ရှိလာပြီး "ဆရာ.. ကျွန်တော်တို့ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးနိုင်မလား" ဟု မျှော်လင့်တကြီး မေးမြန်းလေသည်။
လူအုပ်ကြီးမှာလည်း ဝမ်ချန်ကို အားကိုးတကြီး ကြည့်နေကြပြီး စိုးရိမ်တကြီး တောင်းပန်တိုးလျှိုးနေကြ၏။
ရိက္ခာများ ရှိနေသော်ငြားလည်း နက်သာမျိုးနွယ်စုများ မည်သည့်အချိန်တွင် တစ်ဖန်ပြန်၍ တိုက်ခိုက်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
ဤ D01359 အခြေစိုက်စခန်းမှာ မည်သို့မျှ လုံခြုံမှုမရှိတော့ကြောင်း အားလုံးက ကောင်းစွာနားလည်ထားကြသည်။
"လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး"
ဝမ်ချန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်သည်။ "ငါ့မှာ ကိုယ်ပိုင်တာဝန်ရှိသေးတယ်၊ ငါ့ရဲ့ ကယ်ဆယ်ရေးသင်္ဘောက နောက်ထပ်တစ်လကြာမှ ရောက်လာမှာ၊ ရောက်လာခဲ့ရင်တောင် ဒီလောက်များတဲ့ လူတွေကို တစ်ခါတည်း တင်ခေါ်သွားဖို့ မဖြစ်နိုင်ဘူး"
လုကွီနှင့် အပေါင်းအပါများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ပျက်အားလျော့သွားကြသည်။ သူတို့သည် ဤအခြေစိုက်စခန်းတွင် အင်ပါယာသို့ ပြန်ရနိုးနိုးဖြင့် သုံးနှစ်တိုင်တိုင် ရုန်းကန်ခဲ့ကြရသည်မဟုတ်လော။
ယခုမှ မျှော်လင့်ချက် ရောင်ခြည်လေး မြင်ယောင်ခါရှိသေး၊ ထိုမျှော်လင့်ချက်မှာ ပြန်လည်ကွယ်ပျောက်သွားရချေပြီ။
ဝမ်ချန်က ဆက်လက်၍ ရှင်းပြသည်မှာ "မင်းတို့ သိထားသင့်တာက တန်ပါစ်ဂြိုဟ်ရဲ့ အခြေအနေက အခုအချိန်မှာ အရမ်းကို ထူးခြားနေတယ်၊ အင်ပါယာအနေနဲ့ အခုလောလောဆယ် အကြီးအကျယ် လေကြောင်းကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးဘူး၊ သေချာပြင်ဆင်မှုတွေ လုပ်ဖို့လိုသေးတယ်၊ ဒါကြောင့် မင်းတို့ ခေတ္တခဏလောက် သည်းခံပြီး စောင့်ဆိုင်းနေကြပါဦး" ဟူ၏
"အင်ပါယာက တန်ပါစ်ဂြိုဟ်ကို ပစ်ပယ်မထားဘူးဆိုတာ ယုံကြည်ကြပါ၊ တန်ပါစ်ကြယ်စုတန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက် အင်ပါယာဟာ အရင်းအနှီးတွေ အများကြီး ပေးဆပ်ခဲ့ရတယ်၊ အဓိက အာကာသတပ်ဖွဲ့ရဲ့ တစ်ဝက်လောက်တောင် ဆုံးရှုံးခဲ့ရတာ"
ဝမ်ချန်၏ စကားများကြောင့် လုကွီနှင့် လူစုမှာ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာကြသည်။ လုကွီက "ဆရာ... ကျွန်တော်တို့ ဘယ်လောက်အထိ ထပ်စောင့်ရဦးမလဲ" ဟု မေးမြန်းလိုက်သည်။
"မကြာတော့ပါဘူး"
ဝမ်ချန်က ဆိုသည်မှာ "တန်ပါစ်ဂြိုဟ်က ထွက်နေတဲ့ ထူးခြားတဲ့ စွမ်းအင်ဓာတ်ရောင်ခြည်ကို ခုခံနိုင်မယ့်နည်းလမ်း ရှာတွေ့တာနဲ့... ခေတ္တခဏပဲ ဖြစ်ဖြစ်ပေါ့... အဲဒီကျရင် လူတိုင်းကို ခေါ်ထုတ်သွားဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး၊ ငါပြန်ရောက်ရင်လည်း မင်းတို့ရဲ့ အခြေအနေကို အထက်လူကြီးတွေဆီ အစီရင်ခံပေးပါ့မယ်"
စင်စစ်အားဖြင့်မူ ဝမ်ချန်သည် တန်ပါစ်ဂြိုဟ်ပေါ်ရှိ စွမ်းအင်ဓာတ်ရောင်ခြည် ဖြစ်ပေါ်ရသည့် အရင်းအမြစ်ကို ကိုယ်တိုင်ကိုယ်ကျ ရှာဖွေလိုစိတ် ရှိနေပေသည်။
မူလစွမ်းအင်၏ တည်ရှိမှုကို မခံစားရသေးသော်လည်း၊ ယင်းအရင်းအမြစ်ကို ဖော်ထုတ်နိုင်ပါက ကြီးမားသော ဆုလာဘ်များ ရရှိလိမ့်မည်ဟု သူ၏ အာရုံက ညွှန်ပြနေသည်။
ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ဝမ်ချန်အနေဖြင့် စမ်းသပ်ကြည့်လိုသည်မှာ ဓမ္မတာပင်။ သို့သော် လုကွီတို့ လူစုကိုမူ ဤအကြောင်းများ ပြောပြနေရန် မလိုပေ။
လုကွီက "ဆရာဘယ်အချိန်မှာ ထွက်ခွာမှာလဲ" ဟု ထပ်မံမေးမြန်းရာ ဝမ်ချန်က "မနက်ဖြန်မနက်ပဲ၊ ငါ B00785 အခြေစိုက်စခန်းကို သွားကြည့်ဖို့ လိုအပ်တယ်" ဟု ပြန်လည်မိန့်ကြားလေသည်။
တန်ပါစ်ဂြိုဟ်၏ ထူးခြားသော ပတ်ဝန်းကျင်တွင် ရှုချန်ကျစ်သာ အသက်ရှင်နေသေးပါက အဝေးကြီးသို့ ရောက်သွားနိုင်စရာ အကြောင်းမရှိပေ။
ကယ်ဆယ်ရေးဇုန်နှင့် အနီးဆုံးဖြစ်သော D01359 စခန်းတွင် မရှိလျှင် B00785 စခန်း၌ ရှိနေဖို့မှာ အလားအလာ အရှိဆုံးပင် ဖြစ်တန်ရာ၏။
ယင်းက အကောင်းဆုံးသော ရလဒ်ဖြစ်သော်လည်း ဝမ်ချန်သည် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
လုကွီက "လမ်းပြလိုအပ်လား" ဟု ကူညီလိုစိတ်ဖြင့် မေးမြန်းသော်လည်း ဝမ်ချန်က ပြုံးလျက် "မလိုပါဘူး၊ ငါ့မှာ ပတ်ဝန်းကျင်မြေပုံ ရှိပါတယ်၊ B00785 စခန်းကို ရှာရတာ မခက်ခဲပါဘူး၊ ကျေးဇူးတင်ပါတယ်" ဟု ငြင်းပယ်လိုက်သည်။
D01359 စခန်းကို အမှတ်အသားအဖြစ် ထားရှိပါက B00785 စခန်းကို ရှာဖွေရန်မှာ လွန်စွာလွယ်ကူသော ကိစ္စပင် ဖြစ်ချေသည်။ လုကွီလည်း "ကောင်းပါပြီ" ဟုသာ ခေါင်းငြိမ့်လိုက်ရတော့သည်။
သူသည် ဝမ်ချန်အတွက် တစ်ခုခု လုပ်ပေးလိုသော်လည်း ဝမ်ချန်သာ မရှိပါက တစ်စခန်းလုံး နက်သာမျိုးနွယ်စုများ၏ လက်ချက်ဖြင့် ပျက်စီးသွားပေလိမ့်မည်။
ထိုညတွင် အခြေစိုက်စခန်း၌ပင် အနားယူပြီးနောက် နံနက်မိုးသောက်တွင် ဝမ်ချန်သည် နှုတ်ဆက်ကာ ထွက်ခွာခဲ့လေသည်။ လုကွီကိုယ်တိုင်က အရေးပေါ်ထွက်ပေါက်မှတစ်ဆင့် မြေပြင်ပေါ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့၏။
ထိုထွက်ပေါက်မှာ သစ်တောနှင့် အပင်များ ဖုံးလွှမ်းနေသော လျှို့ဝှက်သည့် နေရာတစ်ခုတွင် ရှိနေပြီး ပျက်စီးနေသော မြို့ပျက်ကြီးမှာ ကီလိုမီတာ အနည်းငယ်မျှသာ ဝေးကွာပေသည်။
"ပြန်တော့လေ"
ဝမ်ချန်က လုကွီကို လက်ကမ်းနှုတ်ဆက်ရင်း "နောက်တစ်ကြိမ် ပြန်ဆုံကြဦးမယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုလိုက်ရာ လုကွီကလည်း လက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် "နှုတ်ဆက်ပါတယ်" ဟု ပြန်လည်ဆိုလေသည်။
ဝမ်ချန် ပြုံးလိုက်မိသည်။ လှည့်ထွက်သွားခါနီးတွင် ခေတ္တစဉ်းစားလိုက်ပြီး သူ၏ လက်စွပ်အတွင်းမှ အော်တိုရိုင်ဖယ်တစ်လက်နှင့် ကျည်အိမ်အချို့ကို ထုတ်ယူကာ လုကွီအား ပေးအပ်လိုက်သည်။
"ဒီသေနတ်က မင်းအတွက်ပဲ၊ နက်သာမျိုးနွယ်တွေကိုတော့ မယှဉ်နိုင်ပေမဲ့... လူတွေအတွက်တော့ ထိရောက်ပါတယ်"
လုကွီမှာ ဝမ်ချန်၏ ဆန်းကြယ်လှသော လက်လှည့်ပညာရပ်ကို မြင်တွေ့ရသဖြင့် မှင်သက်သွားရရှာသည်။
သူသည် လူအလည်း မဟုတ်သဖြင့် ဝမ်ချန် ပေးလိုသော သတိပေးချက်ကို ကောင်းစွာ နားလည်လိုက်ပေသည်။
ဝမ်ချန်သည် စခန်းအင်ဂျင်နီယာ၏ ပုခုံးကို ပုတ်ကာ အားပေးလိုက်ပြီးနောက် B00785 အခြေစိုက်စခန်းရှိရာ အရပ်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
လုကွီသည် ဝမ်ချန် ကွယ်ပျောက်သွားသည်အထိ သေနတ်ကို ကိုင်လျက် ငေးကြည့်ကျန်ရစ်ခဲ့သည်။ အတန်ကြာမှသာ လေဝင်ပေါက်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ဝမ်ချန်သည် နေမဝင်မီ B00785 အခြေစိုက်စခန်းရှိရာ မြို့သို့ ရောက်ရှိနိုင်ရန် ခြေလှမ်းကို သွက်သွက်လှမ်းခဲ့သည်။ တန်ပါစ်ဂြိုဟ်ပေါ်ရှိ အင်ပါယာ၏ မြေအောက်စခန်းအများစုမှာ သက်ဆိုင်ရာ မြို့ကြီးများနှင့် တစ်ဆက်တည်း တည်ရှိနေခြင်း ဖြစ်ပေသည်။
ဤသို့ဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းရန် လွယ်ကူစေသကဲ့သို့ မြို့ပျက်များအတွင်းမှလည်း အသက်ရှင်ကျန်ရစ်သူများအတွက် ရိက္ခာနှင့် အရင်းအမြစ်များစွာ ရရှိနိုင်ပေသည်။
သို့သော် နက်သာမျိုးနွယ်စုများက တူးဖော်ဖျက်ဆီးထားခြင်း မရှိမှသာ ဖြစ်ချေမည်။
တန်ပါစ်ဂြိုဟ်ပေါ်ရှိ နက်သာမျိုးနွယ်စု အဓိကတပ်ဖွဲ့များမှာ ဟိုးယခင်ကတည်းက ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သလို အချို့မှာလည်း အင်ပါယာ အာကာသတပ်ဖွဲ့၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ယခုအခါ ဤဂြိုဟ်ပေါ်တွင် ကျန်ရစ်နေသူများမှာ D01359 စခန်းမှ လူများကဲ့သို့ပင် ဖြစ်ကြ၏။ နက်သာမျိုးနွယ်စုများသည် အမှောင်ထုကို နှစ်သက်ကြသဖြင့် ဝမ်ချန်၏ ခရီးစဉ်အတွင်း ထိုသူစိမ်းတပ်ဖွဲ့များနှင့် မဆုံတွေ့ခဲ့ပေ။
သို့ရာတွင် မျိုးရိုးဗီဇပြောင်း သတ္တဝါများနှင့်မူ အကြိမ်ကြိမ် ဆုံတွေ့ခဲ့ရသည်။
ဤဂြိုဟ်ပေါ်ရှိ အမည်မသိ စွမ်းအင်ဓာတ်ရောင်ခြည်များ၏ ဒဏ်ကြောင့် သက်ရှိအများစုမှာ ပုံသဏ္ဌာန် ပျက်ယွင်းကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ပြောင်းလဲနေကြပြီ ဖြစ်သည်။
ထိုသို့ ပြောင်းလဲခြင်းမှာလည်း အစဉ်တစိုက် ဖြစ်ပေါ်နေသဖြင့် နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ပို၍ပင် ဆိုးရွားလာဖွယ် ရှိချေသည်။
သို့သော် ၎င်းတို့သည် မည်မျှပင် အစွမ်းထက်လာပါစေဦးတော့... ဝမ်ချန်၏ လက်နက်များအောက်တွင်မူ ကြာရှည်မခံနိုင်ကြပေ။ ဝမ်ချန်သည် သူ၏ စွမ်းအားကြီးသော လက်နက်များဖြင့် ထိုသတ္တဝါများကို အလွယ်တကူပင် ရှင်းလင်းနိုင်ခဲ့သည်။
နေဝင်ရိုးရီ အချိန်တွင် ခန့်ညားထည်ဝါလှသော မြို့ကြီးတစ်မြို့မှာ ဝမ်ချန်၏ အမြင်အာရုံထဲသို့ ရောက်ရှိလာလေသည်။ ထိုမြို့ကို မြေပုံတွင် 'ဒဲလ်ရေး' ဟု အမည်တပ်ထားပေသည်။
ဤမြို့သည် တစ်ချိန်က အလွန်တရာ စည်ကားခဲ့ဟန် တူပေသည်။ မိုးမျှော်တိုက်ကြီးများနှင့် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများမှာ မြို့အနှံ့ နေရာယူထားကြသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုအဆောက်အအုံ အများစုမှာ ပျက်စီးယိုယွင်းကာ နွယ်ပင်များ ဖုံးလွှမ်းနေပြီး တိုက်အကြွင်းအကျန် အချို့သာလျှင် အတိတ်က ကပ်ဘေးဆိုးကြီးကို သက်သေထူလျက် ငြိမ်သက်စွာ တည်ရှိနေကြတော့သည်။
ဒဲလ်ရေးမြို့၏ အစွန်အဖျားတွင် ပျက်ကျနေသော လေယာဉ်ပျံများနှင့် အာကာသယာဉ် အကြွင်းအကျန်များကို ဝမ်ချန် တွေ့ရှိခဲ့ရသည်။ မြက်တောများအကြားတွင်လည်း အရိုးဖြူများ ပြန့်ကျဲနေသည်မှာ ထိုစဉ်က တိုက်ပွဲများ မည်မျှ ပြင်းထန်ခဲ့ကြောင်းကို ဖော်ပြနေပေသည်။
ဝမ်ချန်သည် မြေပုံကိုထုတ်ကာ ပထဝီအနေအထားကို နှိုင်းယှဉ်ကြည့်လိုက်သည်။ B00785 အခြေစိုက်စခန်းမှာ ဒဲလ်ရေးမြို့ နယ်မြေအတွင်းတွင် ရှိနေသော်လည်း ဝင်ပေါက်ကိုမူ တိတိကျကျ မဖော်ပြထားပေ။
ထို့ကြောင့် ဝမ်ချန်ကိုယ်တိုင်ပင် ရှာဖွေရဦးမည် ဖြစ်ချေသည်။
သို့သော် D01359 စခန်းကို နမူနာထားကာ ဝမ်ချန်သည် အကြမ်းဖျင်း အစီအစဉ်တစ်ခု ဆွဲထားပြီး ဖြစ်သည်။
မြို့အတွင်းသို့ ဝင်ရောက်လာသောအခါ မိလ္လာပေါက်တစ်ခုကို တွေ့ရှိခဲ့ပြီး ထိုမှတစ်ဆင့် မြေအောက်ဥမင်များအတွင်းသို့ ဆင်းသက်ကာ ရှာဖွေရေးကို စတင်လိုက်လေတော့သတည်း။
***