ဟိုလီလိုက်အင်ပါယာအတွင်းရှိ အခြားသော မြို့ကြီးပြကြီးများနည်းတူ ဒဲလ်ရေးမြို့၌လည်း ကျယ်ပြောနက်နဲလှသော မြေအောက်လှိုဏ်ခေါင်းကွန်ရက်စနစ်တစ်ခု ရှိပေသည်။
စစ်မီးတောက်လောင်၍ မြို့ပျက်စီးသွားခဲ့သော်ငြား ထိုမြေအောက်ကွန်ရက်မှာမူ များစွာထိခိုက်ခြင်းမရှိဘဲ အမြောက်ဆံများ ကျရောက်ခဲ့ရာ အချို့သောနေရာများ၌သာ ပြိုကျပျက်စီးလျက် ရှိချေသည်။
ဝမ်ချန်သည် မှောင်မည်းတိတ်ဆိတ်လှသော ထိုမြေအောက်လမ်းကြောင်းများအတွင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်လာခဲ့၏။ လမ်းကြောင်းများမှာ လွန်စွာကျယ်ဝန်းလှသဖြင့် လူတစ်ကိုယ်စာသာမက ‘မက်ကာ’ စစ်စက်ရုပ်များပင် အတားအဆီးမရှိ သွားလာနိုင်တန်ရာသည်။
စစ်ပွဲမဖြစ်မီကဆိုလျှင် ဒဲလ်ရေးမြို့၏ မိလ္လာစနစ်သည် အညစ်အကြေးရေများဖြင့် ပြည့်နှက်နေမည် ဖြစ်သော်လည်း ယခုမူ စစ်ဘေးကြောင့် အရာအားလုံး ပျက်စီးသွားခဲ့ရလေပြီ။
ရေဆိုးထုတ်မြောင်းများမှာလည်း ခမ်းခြောက်နေသည်မှာ ကြာပြီဖြစ်ရာ အနံ့အသက်ဆိုးလှသော အမှိုက်သရိုက်များသာ ကျန်ရစ်တော့သည်။
ထိုအမှိုက်ပုံများကြားတွင် ပိုးမွှားမျိုးစုံနှင့်အတူ ကြွက်များ၊ ပိုးဟပ်များမှာလည်း အုပ်စုလိုက် သောင်းကျန်းလျက် ရှိကြ၏။
ဝမ်ချန်သည် မှောင်ရိပ်ထူထပ်သော လမ်းကြောင်းများအတွင်း နာရီဝက်ခန့် လှည့်လည်ရှာဖွေပြီးနောက် အဝေးတစ်နေရာမှ တရှဲရှဲအသံများကို ကြားလိုက်ရကာ များမကြာမီမှာပင် မိမိအား ဝိုင်းရံလာကြသော သရဲတစ္ဆေမျက်လုံးကဲ့သို့ တဖိတ်ဖိတ်တောက်ပနေသည့် အလင်းတန်းများကို မြင်တွေ့လိုက်ရပေသည်။
မြေအောက်လမ်းကြောင်းများမှာ ပိတ်မှောင်နေသော်လည်း ဝမ်ချန်၏ စိတ်အာရုံစွမ်းအားကိုမူ အဟန့်အတား မပြုနိုင်ချေ။ သာမန်လူထက် သာလွန်သော အမြင်အာရုံကြောင့် အမှောင်ထုအတွင်းရှိ ထိုအရာများမှာ မည်သည့်အရာဖြစ်ကြောင်း သူ ချက်ချင်းပင် သိမြင်လိုက်၏။
ယင်းတို့ကား ကြောင်ထက်ပင် ကြီးမားသော၊ အမွေးအမှင်များ ထောင်ထနေသည့် ကြွက်ကြီးများ ဖြစ်ကြပေသည်။ ထိုကြွက်ကြီးများ၏ မျက်လုံးများမှ နီမြန်းသော အလင်းတန်းများ ထွက်ပေါ်နေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသလို ငတ်မွတ်ခက်ထန်သော အသွင်လည်း ဆောင်နေ၏။
ကျူးကျော်သူ ဝမ်ချန်မှာ ထိုကြွက်အုပ်ကြီးအတွက် အစာအဖြစ် သတ်မှတ်ခြင်း ခံလိုက်ရပြီ ဖြစ်ချေသည်။
ထိုသတ္တဝါများသည် ထူးခြားသော ဆက်သွယ်ရေးနည်းလမ်းဖြင့် ၎င်းတို့၏ အပေါင်းအဖော်များကို အလျင်အမြန်ပင် အချက်ပြခေါ်ယူနေကြပြီး ဝမ်ချန်၏ နောက်ကွယ်၌လည်း အရိပ်မည်းများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။
ဝမ်ချန်သည် ခြေလှမ်းများကို တန့်လိုက်ပြီးနောက် ‘လက်စွပ်’ အတွင်းမှ အကြီးစား လက်နက်တစ်ခုကို ထုတ်ယူလိုက်၏။ ယင်းကား နည်းပညာမြင့် စစ်လက်နက်အစစ်အမှန်ပင် ဖြစ်ချေသည်။
ခဏချင်းမှာပင် ဝမ်ချန်သည် ရှေ့မှ ကြွက်အုပ်ကြီးထံ ဦးတည်ကာ ခလုတ်ကို ဆွဲညှစ်လိုက်လေတော့သည်။
“တပ်... တပ်... တပ်...”
ခြောက်လုံးပြူး ဂတ်တလင်း စက်သေနတ်ကြီးမှ မီးလျှံတန်းများ ပွင့်ထွက်လာပြီး ကျည်ဆန်မိုးများမှာ မုန်တိုင်းအလား ရန်သူများထံ ကျရောက်သွားတော့သည်။
ကျည်ထောင့်များအတွင်း မီးကျည်ဆံများ ထည့်သွင်းထားသဖြင့် ဝမ်ချန်သည် ပစ်မှတ်များကို အလွယ်တကူပင် သိမ်းကျုံးချေမှုန်းနိုင်ခဲ့၏။ မီတာတစ်ရာခန့်အကွာရှိ ကြွက်အုပ်ကြီးမှာ နည်းပညာမြင့် လက်နက်၏ ဒဏ်ကို မခံနိုင်ဘဲ ၇.၆၂ မီလီမီတာ ကျည်ဆန်များကြောင့် ခန္ဓာကိုယ်များမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရလေတော့သည်။
ဝမ်ချန်သည် တန်ပါစ်ဂြိုဟ်ပေါ်သို့ ကယ်ဆယ်ရေးတာဝန်ဖြင့် မလာရောက်မီကပင် မိမိစိတ်ကြိုက် မှာယူပြုလုပ်ထားသော ရှေးဟောင်းစတိုင် စစ်လက်နက်အမြောက်အမြားကို ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပေသည်။
အင်ပါယာ၏ အင်အားကြီးမားလှသော စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစုအတွက်မူ ဤမျှလောက်မှာ ကလေးကစားစရာမျှသာ ဖြစ်၏။
ကျည်ကတ်တစ်ခု ကုန်သွားသောအခါ ရှေ့တွင် အသက်ရှင်ကျန်ရစ်သည့် ကြွက်တစ်ကောင်မျှ မရှိတော့ချေ။
ဝမ်ချန်သည် ဂတ်တလင်း သေနတ်ကြီးကို လက်တစ်ဖက်ဖြင့် မကာ ‘လက်စွပ်’ ထဲမှ ကျည်ကတ်အသစ်တစ်ခုကို ထုတ်ယူ၍ ကျည်ဖြည့်လိုက်ပြီးနောက် မိမိနောက်ဘက်ရှိ ကြွက်များကို အသာအယာပင် ချိန်ရွယ်လိုက်ပြန်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့၏။ ဝမ်ချန်သည် လက်နက်ကို ပြန်လည်သိမ်းဆည်းကာ ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့ပေသည်။
သူသည် ကံကိုယုံ၍ လမ်းလျှောက်နေခြင်းမျိုး မဟုတ်ဘဲ မိမိ၏ စိတ်အာရုံစွမ်းအားကို ဖြန့်ကျက်၍ ‘အခြေစိုက်စခန်း (B00785)’ ၏ အဝင်ဝကို စေ့စေ့စပ်စပ် ရှာဖွေနေခြင်း ဖြစ်၏။
ဝမ်ချန်၏ စိတ်အာရုံစွမ်းအားမှာ မြေအောက်အနက်ပိုင်းအထိ ထိုးဖောက်နိုင်စွမ်း ရှိပေသည်။ တန်ပါစ်ဂြိုဟ်ပေါ်ရှိ အမည်မသိ စွမ်းအင်လှိုင်းများကြောင့် အနည်းငယ် အားနည်းသွားသော်လည်း အနက်နှင့် အကွာအဝေးကို ထိန်းချုပ်နိုင်လျှင်မူ လွန်စွာပင် ထိရောက်လှပေသည်။
ထို့နောက်တွင်မူ ကြွက်များသာမက ပိုးဟပ်တစ်ကောင်မျှပင် သူ့အနီးသို့ မကပ်ရဲကြတော့ချေ။ မြေအောက်သတ္တဝါများသည် ဝမ်ချန်၏ အန္တရာယ်ရှိမှုကို သိရှိသွားကြသဖြင့် ဝေးဝေးမှ ရှောင်ကြဉ်သွားကြလေသည်။
ရှုပ်ထွေးလှသော မြေအောက်ကွန်ရက်အတွင်း နာရီဝက်ခန့် ရှာဖွေပြီးနောက်တွင်မူ ဝမ်ချန်သည် ‘အခြေစိုက်စခန်း (B00785)’ သို့ ဦးတည်သော လျှို့ဝှက်အဝင်ပေါက်ကို ရှာတွေ့ခဲ့ပေသည်။
သူသည် လှေကားထစ်များအတိုင်း မြေအောက်အနက်ပိုင်းသို့ ဆင်းသက်လာခဲ့ပြီး ယိုစိမ့်ပျက်စီးနေသော လမ်းကြောင်းတစ်ခုကို ဖြတ်ကျော်ကာ အခြေစိုက်စခန်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့၏။
ဝမ်ချန် အံ့အားသင့်သွားရသည်မှာ အဝင်ဝရှိ အလွန်ခိုင်ခံ့သော ကာကွယ်ရေးတံခါးကြီးမှာ အတင်းအဓမ္မ ဖျက်ဆီးခံထားရပြီး မြေပြင်ပေါ်၌ တွန့်လိမ်လျက် ရှိနေခြင်းပင် ဖြစ်သည်။
တံခါးချပ်ပေါ်တွင် နက်ရှိုင်းသော လက်သည်းရာများမှာ ထင်ကျန်နေပြီး အချိန်အတော်ကြာ တိုက်ခိုက်ဖျက်ဆီးထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
ဤမြင်ကွင်းကြောင့် ဝမ်ချန်၏ စိတ်အစဉ်မှာ လေးလံသွားရ၏။
‘အခြေစိုက်စခန်း (D01359)’ နှင့် မတူဘဲ ဤစခန်း၌ ကာကွယ်ရေးတံခါး သုံးထပ်တိုင်တိုင် ရှိသော်လည်း ယခုမူ အားလုံးမှာ ပျက်စီးသွားခဲ့လေပြီ။
နောက်ဆုံးတံခါးကို ဖြတ်ကျော်လိုက်သောအခါ ဝမ်ချန်သည် ‘B-အဆင့်’ မြေအောက်အခြေစိုက်စခန်းအတွင်းသို့ ရောက်ရှိသွားပေသည်။
ဤစခန်းမှာ လူပေါင်းတစ်သိန်းခန့် နေထိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သဖြင့် အလွန်တရာ ကျယ်ဝန်းလှပြီး စစ်သင်္ဘောကြီးတစ်စင်း၏ အတွင်းပိုင်းအလား စက်ကိရိယာမျိုးစုံဖြင့် ပြည့်နှက်နေ၏။
သို့သော်ငြားလည်း လူသူတစ်ဦးတစ်ယောက်မျှ မရှိဘဲ စက်သံများလည်း တိတ်ဆိတ်နေသည်မှာ ကမ္ဘာပျက်ကိန်း ဆိုက်နေသည့်အလားပင်။ နံရံများအပါအဝင် နေရာအနှံ့အပြား၌ ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေသော အရည်များမှာ ပေကျံလျက် ရှိနေသည်ကို ဝမ်ချန် တွေ့လိုက်ရပေသည်။
ဝမ်ချန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိ၏။ သူသည် ဤစခန်း၌ ရှုချန်ကျစ်ကို တွေ့ရနိုးနိုးဖြင့် မျှော်လင့်ချက်ကြီးစွာ ထားခဲ့သော်လည်း ယခုမူ ‘နက်သာမျိုးနွယ်စု’ ၏ တိုက်ခိုက်ခြင်းကို ခံရကာ လူသူကင်းမဲ့သော တစ္ဆေမြို့ပျက်ကြီး ဖြစ်နေလေပြီ။
ထူးခြားသည်မှာ ဝမ်ချန်သည် လူသေအလောင်းများကိုပင် မတွေ့ရခြင်း ဖြစ်၏။ အရိုးတစ်စမျှပင် မကျန်ခဲ့ခြင်းမှာ လွန်စွာပင် ထူးဆန်းလှပေသည်။
သူသည် အခြေစိုက်စခန်းတစ်ခုလုံးကို ပတ်၍ ရှာဖွေခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် အမှတ်အသားများသာ တွေ့ရပြီး အသက်ရှင်ကျန်ရစ်သူများအကြောင်း မည်သည့်သဲလွန်စမျှ မတွေ့ရချေ။
ဝမ်ချန်သည် ဘာမျှမတွေ့သော်လည်း စခန်းမှ ချက်ချင်းမထွက်သေးဘဲ ဤနေရာ၌သာ တစ်ညအိပ်နားခိုရန် ဆုံးဖြတ်လိုက်၏။
မနက်ဖြန်ကျမှသာ ‘အခြေစိုက်စခန်း (D01359)’ သို့ ပြန်၍ ရှေ့ဆက်ရမည့် အစီအစဉ်များကို စဉ်းစားရပေမည်။
သို့သော် များမကြာမီမှာပင် ဝမ်ချန်သည် သူ၏လက်နက်ကို အသင့်အနေအထားဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရပြန်သည်။ သူ၏ အာရုံခံစားမှုအတွင်း အလွန်အန္တရာယ်ရှိသော အရှိန်အဝါများ ပေါ်ထွက်လာခြင်းကြောင့် ဖြစ်၏။
ယင်းတို့ကား ‘နက်သာမျိုးနွယ်စု’ ပင် ဖြစ်ချေသည်။
ဝမ်ချန် ရောက်ရှိလာခြင်းသည် အမှောင်ထုအတွင်း ပုန်းကွယ်နေသော ထိုသတ္တဝါများကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားပြီး အရပ်မျက်နှာအနှံ့မှ သူ့အား ဝိုင်းရံလာကြပေသည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ဝမ်ချန်သည် အနည်းဆုံး ‘နက်သာမုဆိုး’ အကောင်ငါးဆယ်ကျော် မိမိအား ဝိုင်းထားသည်ကို အာရုံခံမိလိုက်၏။
သူသည် မမျှော်လင့်ဘဲ ထိုဂြိုဟ်သားတို့၏ အသိုက်အမြုံအတွင်းသို့ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။ ဝမ်ချန်မှာမူ ကြောက်ရွံ့ခြင်း မရှိဘဲ ဂတ်တလင်း စက်သေနတ်ကြီးကို ကိုင်စွဲလျက် အေးစက်သော သံမဏိနံရံကို ကျောမှီကာ မိမိရှေ့တွင် ကျည်ကတ်များကို တည်ငြိမ်စွာပင် စီထားလိုက်၏။
‘နက်သာမုဆိုး’ များသည် ဝမ်ချန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။ ထိုဂြိုဟ်သားများအတွက်မူ ဝမ်ချန်မှာ ပင့်ကူအိမ်၌ မိနေသော ပိုးကောင်ကလေးအလား လွတ်လမ်းမရှိတော့ဟု ထင်မြင်နေကြပြီး အစာရှာဖွေရခြင်းကို သဘောကျလျက် ရှိကြ၏။
များမကြာမီမှာပင် ‘နက်သာမုဆိုး’ တစ်ကောင်သည် စိတ်မရှည်တော့ဘဲ ဝမ်ချန်၏ အပေါ်ဘက်မှနေ၍ ၎င်း၏ ခြေတံရှစ်ချောင်းလုံးဖြင့် ဝိုင်းအုံတိုက်ခိုက်လာခဲ့ပေသည်။
သို့သော်လည်း ၎င်းအား ဆီးကြိုနေသည်မှာ ကျည်ဆန်မိုးများပင် ဖြစ်ချေသည်။
မိနစ်လျှင် ကျည်ဆန် ၂၀၀၀ ခန့် ထွက်ပေါ်သော ဂတ်တလင်း စက်သေနတ်ကြီးကြောင့် စက္ကန့် ၃၀ အတွင်း ကျည်ကတ်တစ်ခု ကုန်သွားရသလို မီးအားလည်း လွန်စွာပြင်းထန်လှပေသည်။
ထို့အပြင် ဝမ်ချန် အသုံးပြုနေသော ကျည်ဆန်များမှာ အထူးပြုလုပ်ထားသော သံချပ်ကာဖောက် ကျည်ဆန်များ ဖြစ်၏။
ရှေ့ဆုံးမှ တိုက်ခိုက်လာသော ‘နက်သာမုဆိုး’ မှာ ဂတ်တလင်း၏ ဒဏ်ကို တည့်တည့်မတ်မတ် ခံလိုက်ရပြီး ခန္ဓာကိုယ်မှ သွေးစက်များ ပွင့်ထွက်ကာ အကြေးခွံများနှင့် အသားစများမှာလည်း နေရာအနှံ့ လွင့်စင်သွားရလေတော့သည်။
၎င်း၏ ခြေတံများမှာလည်း ချက်ချင်းပင် အမြစ်မှ ပြတ်ထွက်သွားပြီး ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်သွားရလေသတည်း။
***