ဘုန်း...။
ဝမ်ချန်အား ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် နက်သာမျိုးနွယ်စုဝင် ‘နက်သာ မုဆိုး’ မှာ ယင်း၏ အကြံမအောင်မြင်ဘဲ ဝမ်ချန်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရကာ ရုတ်ချည်းပင် အလင်းစက်များအဖြစ် ကြေမွပျက်စီးသွားလေတော့သည်။
ချပ်ဝတ်ဖောက် ကျည်ဆန်များစွာ၏ ဒဏ်ကို ခံလိုက်ရခြင်းကြောင့်ပေလော မသိ၊ ထိုသတ္တဝါသည် ဝမ်ချန်အတွက် ‘နက်သာ အမြူတေ’ တစ်ခုမျှပင် ချန်ရစ်မသွားခဲ့ချေ။
သို့သော်လည်း ဝမ်ချန်ကမူ ယင်းကို အရေးမထားဘဲ သူ၏ လက်နက်ကို အခြားသော ဂြိုဟ်သားမျိုးနွယ်စုများထံသို့သာ ပစ်မှတ်ပြောင်းလိုက်လေသည်။
ထိုစဉ်မှာပင် နက်သာ မုဆိုး ပေါင်းများစွာတို့သည် ဝမ်ချန်ရှိရာသို့ အုန်းအုန်းကျွက်ကျွက် ပြေးဝင်လာကြတော့သည်။ မိမိတို့၏ အဖော်ဖြစ်သူ သေဆုံးသွားရခြင်းက ထိုဂြိုဟ်သား သတ္တဝါတို့အား အမျက်ချောင်းချောင်း ထွက်စေခဲ့သည်မှာ ထင်ရှားလှပေသည်။
သို့ရာတွင် နောက်တစ်ခဏ၌မူ ထိုသတ္တဝါတို့သည် ရွှံ့ညွန်အိုင်အတွင်းသို့ သက်ဆင်းသွားရသကဲ့သို့ ခံစားလိုက်ရကာ လှုပ်ရှားမှုတိုင်းမှာ လေးလံထိုင်းမှိုင်းသွားပြီး မူလအရှိန်ထက် အဆတစ်ရာမက နှေးကွေးသွားရလေတော့သည်။
ဝမ်ချန်သည် ဂတ်တလင်း ခြောက်ပြောင်းယန္တရားသေနတ်ကို ထုတ်ယူလိုက်စဉ်မှာပင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ခိုင်မာလှသော ‘စိတ်အာရုံ အကာအကွယ်’တစ်ခုကိုလည်း တည်ဆောက်ထားခဲ့ကြောင်း ထိုသတ္တဝါတို့ မသိရှိကြပေ။
ဝမ်ချန်၏ စိတ်အာရုံစွမ်းအားမှာ အဆင့်၈ သို့ ရောက်ရှိပြီးဖြစ်ရာ စိတ်ဝိညာဉ်စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း အထွက်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။
ယစင်စစ် ဝမ်ချန်အနေဖြင့် သူ၏ စိတ်အာရုံစွမ်းအားကို တိုက်ရိုက်အသုံးပြု၍ ထိုနက်သာ မုဆိုးအားလုံးကို အမှုန့်ခြေပစ်နိုင်သော်လည်း ယင်းသို့ပြုလုပ်ပါက စွမ်းအင်ကုန်ဆုံးမှု များပြားပေလိမ့်မည်။
အကယ်၍ B00785 အခြေစိုက်စခန်း၌ ဂြိုဟ်သားရန်သူများစွာ ကျန်ရှိနေသေးပါက သူ၏ အခြေအနေမှာ အားနည်းသွားနိုင်ပေရာ ဝမ်ချန်သည် စွမ်းအင်ကို ချွေတာသည့်အနေဖြင့် ယခုကဲ့သို့ ‘မမြင်နိုင်သော သေမင်းထောင်ချောက်’ ကို ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။
စိတ်အာရုံ အကာအကွယ်အတွင်းသို့ ကျရောက်လာသော နက်သာ မုဆိုးတို့မှာ မမြင်ရသော စွမ်းအားဖြင့် ချည်နှောင်ခြင်း ခံလိုက်ရလေသည်။
ထိုအခါမှ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း သိရှိသွားကြပြီး ရုန်းကန်ကြတော့သည်။ ဝမ်ချန်မှာမူ အေးအေးလူလူပင် ကျည်ကပ်ကို လဲလှယ်လိုက်ကာ နက်သာ မုဆိုးတစ်ကောင်ကို ပစ်မှတ်ထား၍ မောင်းခလုတ်ကို ဆွဲညှစ်လိုက်လေတော့သည်။
စိတ်အာရုံ အကာအကွယ်သည် ကျည်ဆန်များကိုပါ တားဆီးနိုင်စွမ်းရှိရာ ဝမ်ချန်၏ ကျွမ်းကျင်လှသော ထိန်းချုပ်မှုအောက်တွင် ထိုနက်သာ မုဆိုးမှာ အကာအကွယ်မှ ခဏတာ လွတ်မြောက်ခွင့်ရလိုက်သော်လည်း ယင်းသည်ပင် သူ၏ သေမင်းတမန် ချပ်ဝတ်ဖောက် ကျည်ဆန်များနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်ရခြင်း ဖြစ်ပေတော့သည်။
ခဏချင်းမှာပင် ထိုသတ္တဝါမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရချေသည်။ အမှန်စင်စစ်အားဖြင့် လက်နက်အင်အားသာ တောင့်တင်းမည်ဆိုပါက မည်သည့် သက်ရှိသတ္တဝါမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဝမ်ချန်သည် နက်သာ မုဆိုးများကို တစ်ကောင်ပြီးတစ်ကောင် အေးအေးဆေးဆေးပင် အချက်ကျကျ အမဲလိုက်နေလေတော့သည်။
ထူးခြားသည်မှာ နက်သာ မုဆိုးအချို့သည် ရုန်းမထွက်နိုင်သည့်အဆုံး၌ ‘ပုံရိပ်ယောင် အသွင်ပြောင်းခြင်း’ အစွမ်းကို အသုံးပြုလာကြခြင်းပင် ဖြစ်သည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ကြည်လင်လာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်အောင် ဖုံးကွယ်ရန် ကြိုးပမ်းကြသည်။
ယင်းမှာ နက်သာမျိုးနွယ်စုတို့၏ ထူးခြားသော စွမ်းရည်ဖြစ်ပြီး အထူးကိရိယာများဖြင့်သာ ရှာဖွေတွေ့ရှိနိုင်သော ကိုယ်ပျောက်ခြင်းအတတ် ဖြစ်ပေသည်။
ထိုအခြေအနေတွင် ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာနှင့် စွမ်းအင်ဖြင့် တိုက်ခိုက်မှုများမှာ ထိရောက်မှု မရှိတော့ချေ။
သို့သော်လည်း ထိုစွမ်းရည်မှာ အချိန်အကန့်အသတ်ရှိသလို၊ ပုံရိပ်ယောင်အခြေအနေ၌ ၎င်းတို့ကိုယ်တိုင်လည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိချေ။
ဝမ်ချန်ကမူ ထိုအခြေအနေကို ကြိုတင်တွက်ဆထားပြီးဖြစ်ရာ ပိုမိုပြင်းထန်သော စိတ်အာရုံစွမ်းအားကို ရုတ်ချည်း ထုတ်လွှတ်လိုက်ပြီး ပုံရိပ်ယောင်အသွင် ပြောင်းထားသော သတ္တဝါများကို အတင်းအဓမ္မ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။
အင်ပါယာနှင့် နက်သာမျိုးနွယ်စုတို့၏ နှစ်ရှည်လများ စစ်ပွဲအတွင်း ထိုပုံရိပ်ယောင်စွမ်းရည်ကို တန်ပြန်သည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ရာ ယင်းမှာ ‘စွမ်းအင်စက်ကွင်း ကို အသုံးပြုခြင်းပင် ဖြစ်သည်။
ဝမ်ချန်တွင် ထိုသို့သော စက်ကွင်းထုတ် ကိရိယာများ မရှိသော်လည်း သူ၏ စိတ်အာရုံစွမ်းအားဖြင့် ‘စွမ်းအင်စက်ကွင်း’ ကို ပုံဖော်ဖန်တီးလိုက်ရာ ယင်းသည်ပင် အထူးထိရောက်သော နည်းလမ်းဖြစ်သွားရချေသည်။
ဖောက်... ဖောက်... ဖောက်...။
စိတ်အာရုံစွမ်းအား၏ ဖိအားကြောင့် ပုံရိပ်ယောင်အခြေအနေမှ ပြန်လည်ထွက်ပေါ်လာသော နက်သာ မုဆိုးတို့မှာ လေဖြည့်ထားသော မိုးပျံပူဖောင်းများ ပေါက်ထွက်သွားသကဲ့သို့ တဖြဖြ ကြွေလွင့်ပျက်စီးကုန်ကြကာ တောက်ပသော ‘နက်သာ အမြူတေ’ များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့်ပင် နက်သာ မုဆိုးပေါင်း ၃၀ ကျော်ကို သုတ်သင်နိုင်ခဲ့ရာ ဂတ်တလင်း သေနတ်ဖြင့် ပစ်ခတ်သည်ထက်ပင် ပိုမို ထိရောက်လှပေသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်ချန်သည် သူ၏ စိတ်အာရုံစွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
ချည်နှောင်မှုမှ လွတ်မြောက်သွားသော ကျန်ရှိသည့် နက်သာ မုဆိုးတို့မှာ ထိတ်လန့်တကြားဖြစ်ကုန်ကြပြီး ရန်သူ၏ ရက်စက်လှသော သတ်ဖြတ်မှုကို ကြောက်ရွံ့ကာ အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
နက်သာမျိုးနွယ်စုတို့သည်လည်း နာကျင်မှုနှင့် ကြောက်ရွံ့မှုကို ခံစားနိုင်ကြသည်ဖြစ်ရာ ဝမ်ချန်၏ စွမ်းအားကို မြင်တွေ့ရသောအခါ သဘာဝအလျောက် ထွက်ပြေးရန်သာ ကြိုးစားကြလေတော့သည်။
သို့သော် ဝမ်ချန်ကမူ ၎င်းတို့ကို လွှတ်ပေးရန် အစီအစဉ်မရှိချေ။ စိတ်အာရုံစွမ်းအားဖြင့် ဖန်တီးထားသော ‘မမြင်နိုင်သော ဓားသွား’ တို့သည် လေထုကို ဖြတ်သန်းကာ ထွက်ပြေးနေသော သတ္တဝါများကို ထိုးဖောက်သွားလေသည်။
ယင်းမှာ ဝမ်ချန် ကိုယ်တိုင် တီထွင်ထားသော စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်ပြီး ယခုမှာ ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခြင်း ဖြစ်ပေရာ ထိုနက်သာ မုဆိုးတို့မှာ သူ၏ ပညာရပ်အတွက် စတေးခံများ ဖြစ်သွားကြရလေတော့သည်။
တိုက်ပွဲအဆုံးသတ်သွားသောအခါ ဝမ်ချန်သည် ရရှိလာသော နက်သာ အမြူတေများကို လိုက်လံသိမ်းဆည်းလိုက်သည်။
ထို့နောက် လက်စွပ် အတွင်းမှ ရဲတဲ၊ ဂက်စ်မီးဖိုနှင့် စားသောက်ဖွယ်ရာများကို ထုတ်ယူကာ B00785 အခြေစိုက်စခန်း၏ ကွင်းပြင်အလယ်တွင် စခန်းချ၍ ကော်ဖီသောက်ရင်း ဟော့ပေါ့ချက်စားနေလေတော့သည်။
အကယ်၍ အခြားသူသာ ဖြစ်ပါက ယခုကဲ့သို့ အန္တရာယ်များသော ဂြိုဟ်ပေါ်၌ ဤသို့ပြုမူရန် မည်သူမျှ ဝံ့မည်မဟုတ်ချေ။
ဝမ်ချန်မှာမူ နက်သာမျိုးနွယ်စုဝင်များ ထပ်မံထွက်ပေါ်လာမည်ကိုသာ မျှော်လင့်နေသော်လည်း ‘တန်ပါစ်ဂြိုဟ်’ ပေါ်ရှိ ထိုမျိုးနွယ်စုဝင်များမှာ အမှန်တကယ်ပင် လက်ကျန်အဖွဲ့ငယ်များသာ ဖြစ်ပုံရပေသည်။
သူသည် စားသောက်နေစဉ်မှာပင် တစ်နေရာမှ လူသံကို ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်လေသည်။
ပိုက်လိုင်းတစ်ခုအတွင်းမှ ချောင်းမြောင်းဝင်ရောက်လာသော လူငါးဦးကို ဝမ်ချန်၏ စိတ်အာရုံက အတိုင်းသား တွေ့မြင်နေရသည်။
ထိုသူတို့သည် ဝမ်ချန်က ဤကဲ့သို့ အန္တရာယ်ကြား၌ ဝိုင်နှင့် ဟော့ပေါ့ကို ဇိမ်ခံစားသောက်နေသည်ကို မြင်တွေ့ရသောအခါ အံ့အားသင့်လွန်းသဖြင့် မိမိတို့မျက်စိကိုပင် မယုံနိုင်အောင် ဖြစ်နေကြလေသည်။
ထိုသူတို့သည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး လက်နက်ခဲယမ်းများဖြင့် အသင့်ပြင်ထားကြသော်လည်း ဝမ်ချန်မှာမူ တစ်ယောက်တည်းဖြစ်ပြီး လက်နက်ပင် မရှိချေ။
သို့သော်လည်း ၎င်းတို့မှာ ဝမ်ချန်ကို မည်သူမည်ဝါမှန်း မသိသဖြင့် သတိကြီးစွာဖြင့် အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး ဝမ်ချန်အား သေနတ်ဖြင့် ချိန်ရွယ်ကာ မေးမြန်းလိုက်လေတော့သည်။
“မင်းက ဘယ်သူလဲ... ဘယ်ကနေ ရောက်လာတာလဲ...”
***