"သွားကြစို့"
ဝမ်ချန်က ကျန်းကျိယီနှင့် အခြားသူများအား ပြောလိုက်၏။ "အရန်အခြေစိုက်စခန်းကို သွားမယ်"
"အခုချက်ချင်းလား"
ဝူရှောင်ထျန်မှာ ပထမဆုံးအံ့အားသင့်သွားရသူဖြစ်၏။
ယင်းက ဟော့ပေါ့အိုးထဲတွင် ကျန်ရှိနေသေးသော ဟင်းရည်များအား မခွာနိုင်မခွာရက်ကြည့်ကာ "ဒါတွေကိုကော ဘယ်လိုလုပ်မလဲ၊ ပြန်ယူသွားပြီး စားလို့မရဘူးလား" ဟု မေးရှာသည်။
သုံးနှစ်တိတိ... လွန်ခဲ့သော သုံးနှစ်တာကာလပတ်လုံး သူ မည်သို့ရှင်သန်ခဲ့ရသည်ကို ဘယ်သူမှ မသိနိုင်ချေ။ ပူပူနွေးနွေး အစားအစာတစ်လုတ် စားရဖို့ဆိုသည်မှာ သူ့အတွက် အလွန်ပင် ခဲယဉ်းလှပေသည်။
ကျန်းကျိယီမှာ ဝူရှောင်ထျန်၏ ဦးခေါင်းနောက်စေ့အား လက်ဝါးဖြင့် ရိုက်ပုတ်လိုက်ကာ "စားဖို့ပဲ သိတယ်၊ မင်းကတော့ စားဖို့ပဲ စဉ်းစားနေတော့တာပဲ။ တန်ပါစ်ဂြိုဟ်ကနေ မင်း ထွက်သွားချင်သေးရဲ့လား။
မသွားချင်ရင်လည်း ဒီမှာပဲ တစ်ယောက်တည်း ထိုင်စားနေခဲ့တော့" ဟု ငေါက်ငမ်းလေသည်။
ဝူရှောင်ထျန်မှာ ချက်ချင်းပင် မျက်နှာငယ်လေးဖြင့် ငြိမ်ကျသွားတော့၏။
B00785 အရန်အခြေစိုက်စခန်းမှာ ပင်မအခြေစိုက်စခန်းနှင့် ၁၀ ကီလိုမီတာခန့် ဝေးကွာပေသည်။
အကွာအဝေးမှာ မဝေးလှဟု ထင်ရသော်ငြား အမှန်စင်စစ်တွင်မူ ရှုပ်ထွေးလှသော မြေအောက်ကွန်ရက်များကို ဖြတ်သန်းသွားရခြင်းဖြစ်ရာ လမ်းကြောင်းကို ကျွမ်းကျင်မှုမရှိပါက လမ်းပျောက်ရန်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်တန်ရာ၏။
ကျန်းကျိယီမှာ ပင်မအခြေစိုက်စခန်းသို့ အကြိမ်ကြိမ်အခါခါ သွားလာဖူးသူဖြစ်သဖြင့် အပြန်ခရီးမှာ အနှောင့်အယှက်မရှိ ချောမွေ့နေခဲ့သည်။
ယင်းအရန်အခြေစိုက်စခန်းမှာ လုံလောက်စွာ ဖုံးကွယ်ထားနိုင်သည့်အပြင် ကာကွယ်ရေးတံခါးများစွာလည်း ရှိသဖြင့် နက်သာမျိုးနွယ်စု၏ ရှာဖွေမှုမှ လွတ်မြောက်ခဲ့ကာ အသက်ရှင်ကျန်ရစ်သူ ထောင်ပေါင်းများစွာအတွက် နောက်ဆုံးခိုလှုံရာ ဖြစ်လာခဲ့ပေသည်။
"လျှို့ဝှက်နံပါတ်"
"C569S34"
သွားကြိတ်သံကဲ့သို့သော ပွတ်တိုက်သံနှင့်အတူ လေးလံလှသော ပေါက်ကွဲမှုဒဏ်ခံ ဒိုင်းကာတံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာ၏။
ကျန်းကျိယီနှင့် အခြားသူများမှာ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။ ဒိုင်းကာတံခါးနောက်ကွယ်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည်တော်တစ်စုမှာ ကင်းစောင့်နေကြပြီး ၎င်းတို့ထဲမှ တစ်ဦးက ကျန်းကျိယီအား မြင်သောအခါ "ဗိုလ်ကြီးကျန်း၊ ဒီတစ်ခေါက် အခြေအနေ ဘယ်လိုလဲ" ဟု ရယ်မောကာ မေးလိုက်သည်။
ကျန်းကျိယီက ခေါင်းယမ်းလိုက်ကာ "မကောင်းပါဘူး" ဟု ပြန်ပြော၏။
ထိုသူက လူတစ်ဦးအား စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး "ဒါက ဘယ်သူလဲ" ဟု မေးမြန်းလေသည်။
"ဒါက D01359 အခြေစိုက်စခန်းက ဝမ်ချန်ပါ..."
ကျန်းကျိယီက ရှင်းပြလိုက်သည်။ "သူ့မှာ စစ်ဦးစီးဗိုလ်မှူး မုဟိုင်ထောင်းကို သတင်းပို့ရမယ့် အရေးကြီးတဲ့ အချက်အလက်တွေ ရှိနေလို့ပါ။ ဗိုလ်ကြီးလီ၊ ကျွန်တော်တို့ကို ဗိုလ်မှူးဆီ ခေါ်သွားပေးလို့ ရမလား"
ဗိုလ်ကြီးလီမှာ မျက်မှောင်ကြုတ်လျက် ဝမ်ချန်အား သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် "ကောင်းပြီ၊ မင်းတို့ နှစ်ယောက်ကို ခေါ်သွားပေးမယ်၊ ဒါပေမဲ့ တကယ် အရေးကြီးတဲ့ သတင်း ဖြစ်ဖို့တော့ လိုလိမ့်မယ်နော်" ဟု သတိပေးလိုက်လေသည်။
ဗိုလ်ကြီးလီ၏ အကြည့်မှာ သိသာထင်ရှားလှသော သတိပေးချက်တစ်ခု ဖြစ်ချေသည်။ ဝမ်ချန်က ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်၏။
အမှန်စင်စစ်တွင်မူ ဝမ်ချန်အနေဖြင့် ဤမြေအောက်စခန်းအတွင်း၌ 'စိတ်အာရုံစွမ်းအား' မုန်တိုင်းတစ်ခုကို တိုက်ရိုက်ဖန်တီးကာ အားလုံးကို တစ်ခဏချင်းအတွင်း နှိမ်နင်းနိုင်ပေသည်။
သို့သော် ထိုသို့ပြုလုပ်ပါက အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည့်အပြင် နောက်ဆက်တွဲကိစ္စများကို ရှင်းလင်းရသည်မှာလည်း လက်ဝင်လှပေသည်။
အဘယ်ကြောင့်ဆိုသော် ဤအခြေစိုက်စခန်းတွင် အသက်ရှင်ကျန်ရစ်သူ လေးထောင်ကျော် ခိုလှုံနေကြသောကြောင့် ဖြစ်၏။
ဗိုလ်ကြီးလီမှာ သတိကြီးစွာ ထားနေသော်လည်း ဝမ်ချန်မှာ လက်နက်မဲ့ဖြစ်နေသည့်အပြင် ကျန်းကျိယီနှင့်လည်း ပါလာသဖြင့် ၎င်းတို့နှစ်ဦးအား စခန်းကွပ်ကဲရေးရုံးဆီသို့ ခေါ်ဆောင်သွားတော့သည်။
လမ်းခရီးတွင် ကျန်းကျိယီက ဝမ်ချန်အား B00785 အရန်အခြေစိုက်စခန်း၏ အခြေအနေများကို အသေးစိတ် ရှင်းပြလေသည်။ ဤစခန်း၏ အခြေအနေမှာ ပင်မစခန်းနှင့် မနှိုင်းသာသော်ငြား လူအနည်းငယ်ကိုတော့ လက်ခံထားနိုင်ပေသည်။
စစ်ဦးစီးဗိုလ်မှူး မုဟိုင်ထောင်း၏ အဖွဲ့က သိမ်းပိုက်ပြီးနောက်တွင် အရန်ပစ္စည်းများနှင့် စက်ကိရိယာများကို အသုံးပြုကာ ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်ခဲ့ကြသည်။
လောလောဆယ်တွင် အရန်အခြေစိုက်စခန်းအား လူနေထိုင်ရာဇုန်၊ အပန်းဖြေဇုန်၊ စစ်ဘက်ဆိုင်ရာဇုန်နှင့် အရန်ပစ္စည်းသိုလှောင်ရာဇုန်ဟူ၍ ကဏ္ဍအသီးသီး ခွဲခြားထားပြီး အင်ဂျင်နီယာများ၏ ကြိုးပမ်းမှုကြောင့် လေဝင်လေထွက်နှင့် အလင်းရောင်စနစ်များကိုလည်း တပ်ဆင်ထားနိုင်ခဲ့သည်။
ဤအခြေအနေမှာ D01359 အခြေစိုက်စခန်းနှင့် အတော်ပင် တူညီလှပေသည်။
ဝမ်ချန်၏ ပထမဆုံးအမြင်တွင် B00785 အရန်အခြေစိုက်စခန်းမှာ လူဦးရေ ထူထပ်ကာ ဆူညံလျက် ရှိနေ၏။
လေထုမှာလည်း မသန့်ရှင်းလှပေ။ လူထောင်ပေါင်းများစွာ နေ့စဉ် စွန့်ပစ်ပစ္စည်းများ ထုတ်လုပ်နေကြသဖြင့် ပတ်ဝန်းကျင်မှာ ကောင်းမွန်နေလိမ့်မည် မဟုတ်ပေ။
သို့သော်ငြားလည်း စခန်းအတွင်း၌ စနစ်တကျ စီမံခန့်ခွဲထားပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း စိတ်ဓာတ် တည်ငြိမ်မှု ရှိကြပေသည်။
ဗိုလ်ကြီးလီက ဝမ်ချန်နှင့် ကျန်းကျိယီအား အတွင်းဘက်သို့ ခေါ်ဆောင်သွားစဉ် လူအများအပြားမှာ ဝမ်ချန်အား စူးစမ်းသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
"အို..."
အသက် လေး၊ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ရုတ်တရက် ပြေးထွက်လာပြီး ဝမ်ချန်၏ ခြေထောက်အား တိုက်မိကာ ဖင်ထိုင်လျက် လဲကျသွားရှာ၏။
ကလေးငယ်မှာ ကြောက်လန့်တကြားဖြင့် ဝမ်ချန်အား ငေးကြည့်နေပြီး နှာရည်များ ကျနေသည်ကိုပင် သတိမထားမိပေ။ ဝမ်ချန်က ပြုံးလျက် ထိုကလေးငယ်၏ ခေါင်းအား ပွတ်သပ်ပေးကာ သူ့အိတ်ကပ်ထဲမှ စွမ်းအင်ဘားတစ်ခုအား ထုတ်ပေးလိုက်သည်။
ကလေးငယ်မှာ ငေးငေးငိုင်ငိုင်ဖြင့် ယင်းကို ယူလိုက်၏။
ကျန်းကျိယီက "သူ့နာမည်က ဟူး တဲ့၊ မိဘတွေလည်း မရှိတော့ဘူး၊ တခြားဆွေမျိုးလည်း တစ်ယောက်မှ မရှိတော့ဘူး" ဟု တိုးတိုးလေး ပြောပြသည်။
ဝမ်ချန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွား၏။
ထိုအခိုက်တွင် တစ်စုံတစ်ဦးက သူ့အား စောင့်ကြည့်နေသည်ကို ခံစားလိုက်ရသဖြင့် ဝမ်ချန်က လှမ်းကြည့်လိုက်သည်။
မီတာရာပေါင်းများစွာ အကွာအဝေးရှိ ကွပ်ကဲရေးမျှော်စင်ပေါ်ရှိ ထူထဲလှသော မှန်နံရံနောက်ကွယ်တွင် အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် လူတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရ၏။
ဝမ်ချန်အား စိုက်ကြည့်နေသူမှာ ထိုလူပင် ဖြစ်ပေသည်။
မုဟိုင်ထောင်း။
ဤသူမှာ စခန်းတစ်ခုလုံးအား အမှန်တကယ် ထိန်းချုပ်ထားသည့် အင်ပါယာစစ်တပ်၏ စစ်ဦးစီးဗိုလ်မှူး မုဟိုင်ထောင်းပင် ဖြစ်ရမည်ဟု ဝမ်ချန်၏ အာရုံက သိလိုက်ပေသည်။
သို့သော် ထိုခေါင်းဆောင်နှင့် တွေ့ဆုံရန်မှာ မလွယ်ကူလှပေ။
စစ်ဘက်ဆိုင်ရာဇုန်မှာ စခန်း၏ ဗဟိုချက်တွင် တည်ရှိပြီး လုံခြုံရေး အလွန်တင်းကျပ်လှပေသည်။ ဝမ်ချန်မှာ စစ်ဆေးရေးဂိတ် နှစ်ခုကို ဖြတ်ကျော်ခဲ့ရပြီး လက်နက်မပါရှိစေရန် စေ့စေ့စပ်စပ် ရှာဖွေခြင်း ခံခဲ့ရသည်။
၁၀ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက်တွင်မူ ကွပ်ကဲရေးမျှော်စင်ထိပ်သို့ တက်ခွင့်ရရှိခဲ့ကာ အဓိကပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့် ရခဲ့ပေတော့သည်။
မုဟိုင်ထောင်းမှာ အသက် ၄၀ ကျော်ခန့် ရှိပြီဖြစ်ပြီး တည်ကြည်လှသော မျက်နှာပေးနှင့် စူးရှလှသော သိန်းငှက်မျက်လုံးများကို ပိုင်ဆိုင်ထား၏။
သူသည် ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များ ချနိုင်သူတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။
"ငါက မုဟိုင်ထောင်းပဲ၊ မင်းမှာ ငါ့ကို သတင်းပို့ရမယ့် ဘယ်လို အရေးကြီးသတင်းမျိုး ရှိလို့လဲ"
သူက ဝမ်ချန်အား မလိုအပ်သော စကားများကို ချန်လှပ်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
"ဗိုလ်မှူးမု၊ ကျွန်တော် လူတစ်ယောက်အတွက် လာတာပါ"
ဝမ်ချန်က အေးအေးဆေးဆေးပင် ပြောလိုက်၏။ "လွန်ခဲ့တဲ့ သုံးလက ဖမ်းဆီးထားတဲ့ အင်ပါယာ သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တွေကို ပြန်ခေါ်သွားဖို့ လာတာပါ"
မုဟိုင်ထောင်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားကာ "ငါတို့ အင်ပါယာတပ်ဖွဲ့ဝင်တွေကို ဖမ်းထားတယ်လို့ မင်းကို ဘယ်သူပြောလဲ" ဟု ခက်ထန်စွာ မေးလိုက်လေသည်။
သူ၏ ရုတ်တရက် ထွက်ပေါ်လာသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ဝမ်ချန်၏နောက်တွင် ရပ်နေသော ကျန်းကျိယီမှာပင် ကြောက်လန့်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွား၏။
"ဒါ မင်းပဲကိုး"
မုဟိုင်ထောင်း၏ အကြည့်မှာ ကျန်းကျိယီထံသို့ ကျရောက်သွားကာ "သူ့ကို ဖမ်းလိုက်စမ်း" ဟု အမိန့်ပေးလိုက်လေသည်။
အမိန့်သံအဆုံးတွင် တံခါးဝရှိ စစ်သည်နှစ်ဦးမှာ ကျန်းကျိယီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။ ယင်းမျှမက ဝမ်ချန်အား ခေါ်ဆောင်လာသည့် ဗိုလ်ကြီးလီကလည်း ဟိန်းဟောက်လျက် ဝမ်ချန်၏ လည်ပင်းအား အတင်းအကျပ် ဖမ်းဆုပ်ရန် ကြိုးပမ်းလေသည်။
သို့သော် ၎င်းတို့၏ တိုက်ခိုက်မှု စတင်သည်နှင့်တစ်ပြိုင်နက် မမြင်ရသော စွမ်းအားတစ်ခုက ၎င်းတို့အား ရိုက်ခတ်သွားပြီး သတ္တုနံရံနှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားစေကာ အားလုံးပင် သတိလစ်သွားကြပေတော့သည်။
မုဟိုင်ထောင်းမှာ လျင်မြန်စွာပင် တုံ့ပြန်လိုက်ပြီး ရှေ့သို့ တိုးကာ ဝမ်ချန်၏ ဦးခေါင်းအား လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ခြေကန်ချက်ဖြင့် ကန်လိုက်၏။
ထိုကန်ချက်မှာ အနည်းဆုံး တန်ချိန် သုံးတန်ခန့်ရှိသော စွမ်းအား ပါဝင်ပေသည်။
သို့သော် နောက်တစ်ခဏတွင် ဝမ်ချန်က လက်ကိုမြှောက်ကာ သူ၏ ခြေကျင်းဝတ်အား ဖမ်းဆုပ်လိုက်လေသည်။
မုဟိုင်ထောင်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုမှာ ရုတ်ခြည်း ရပ်တန့်သွား၏။ A-အဆင့် စစ်သည်တော်တစ်ဦး၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မှုမှာ ဝမ်ချန်အား အနည်းငယ်မျှပင် မလှုပ်ခတ်နိုင်ခဲ့ပေ။
သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပေတော့သည်။ အင်ပါယာ စစ်ဦးစီးဗိုလ်မှူးမှာ ဝမ်ချန်သည် တစ်ခါမျှ မကြုံဖူးသေးသော ကြောက်မက်ဖွယ် ရန်သူတစ်ဦးဖြစ်ကြောင်း သဘောပေါက်သွား၏။
သူသည် ခါးကြားမှ ပစ္စတိုကို ချက်ချင်းဆွဲထုတ်ကာ ဝမ်ချန်အား အကြိမ်ကြိမ် ပစ်ခတ်တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
သေနတ်သံများမှာ ကွပ်ကဲရေးမျှော်စင်အတွင်း ဟိန်းထွက်သွား၏။
သို့သော် မုဟိုင်ထောင်း အံ့အားသင့်သွားရသည်မှာ သူပစ်လိုက်သော ကျည်ဆန်များမှာ ဝမ်ချန်၏ ရှေ့မှောက်တွင် မမြင်ရသော အတားအဆီးတစ်ခုနှင့် တိုက်မိသကဲ့သို့ လေထဲတွင် ရပ်တန့်နေပြီး ရှေ့သို့ တစ်လက်မမျှပင် တိုးမရ ဖြစ်နေခြင်းပင် ဖြစ်ပေတော့သည်။
***